← Chapters

အခန်း ၄၇၇

Vol. 41 Ch. 477

အခန်း ၄၇၇

Vol. 41 Ch. 477

အခန်း (၄၇၇)

ဘီ... ဘီ...

[ရဲချီယန်... မင်းက ထာဝရ ညဉ့်ယံ မြို့တော်မှာ ရှိနေတာမလား။ ငါလည်း ဒီကို ရောက်နေပြီ]

သူငယ်ချင်းစာရင်း မျက်နှာပြင်တွင် သီးသန့်စကားပြောဆိုရန် တောင်းဆိုမှုအသစ်တစ်ခု ပေါ်ထွက်လာလေ၏။

ထိုအပေါ်ရှိ အမည်မှာ ရဲချီယန်နှင့် သိပ်ရင်းနှီးလှသူ တစ်ယောက်တော့ မဟုတ်ပေ။

အမှန်တော့ ထိုသူကား

[အာချွမ်း]

တစ္ဆေဝိညာဉ် ကတ်ပြားကို ပိုင်ဆိုင်ထားသော ထိုစိတ်ပျက်လက်ပျက် လူငယ်လေးပင်။

[စီနီယာ အာချွမ်းက ဒီပွဲစဉ်မှာ ပါဝင်ဖို့ လာတာလား]

[အင်း... အစ်မကြီး ကျူရှင်းထူက အစီအစဉ်တစ်ခုကို ပြီးမြောက်အောင် လုပ်ဖို့ ငါ့ကို ဒီလာခိုင်းတာလေ။ ရဲချီယန်... မင်းကရော အဲဒီအတွက် လာတာ မဟုတ်ဘူးလား]

[ကျွန်တော် မဟုတ်ပါဘူး။ ဒီတိုင်း လျှောက်လည်ဖို့ လာတာပါ]

[အို... အို... ရပါတယ်။ ငါတစ်ယောက်တည်းလည်း အဲဒီအစီအစဉ်ကို ပြီးမြောက်အောင် လုပ်နိုင်ပါတယ်]

[တစ်ယောက်တည်းလား။ စီနီယာ တစ်ယောက်တည်းပဲ လာတာလား]

[လင်းယို့နဲ့ စီနီယာ စတေစီယာတို့လည်း ရောက်နေကြတယ်။ ငါတို့ကိုပါ ထည့်တွက်မယ်ဆိုရင် ဒီမှာ အဖော်လေးယောက် ရှိတာပေါ့။ ဒါနဲ့... မင်း အခု ဘယ်မှာလဲ]

ရဲချီယန်က မျက်လုံးများကို ပင့်ကာ အရှေ့ဘက်သို့ လှမ်းကြည့်လိုက်လေ၏။

သောင်းနှင့်ချီသော သွေးစုပ်ဖုတ်ကောင်များက ဦးတည်ချက် တစ်ခုတည်းဆီသို့ ရွေ့လျားနေကြပေသည်။

သူတို့၏ ခရီးပန်းတိုင်မှာ ကြက်သွေးရောင် ပင်လယ်ပြင်အတွင်း၌ တည်ရှိနေသော ဤကျွန်း၏ အလယ်ဗဟိုတည့်တည့်ပင်။

နှလုံးသားတစ်ခုနှင့် ဆင်တူသော ဧရာမ အဆောက်အအုံကြီးတစ်ခု။

ထိုနေရာကား သွေးနတ်ဘုရား မဏ္ဍပ် ဖြစ်ပေ၏။

သွေးအနုပညာ ပွဲတော် စတင်မည့် နေရာလည်း ဖြစ်လေသည်။

ရဲချီယန်နှင့် လီဆက်တို့က သွေးစုပ်ဖုတ်ကောင်များအဖြစ် အသွင်ယူထားဆဲပင်။ နေရာအနှံ့တွင် ကိုယ်ရေးအချက်အလက်များကို စစ်ဆေးနေကြသော ထိုသွေးစုပ်ဖုတ်ကောင်များမှာ သူတို့ ရှာဖွေနေသည့် ဖျက်ဆီးရေးသမားများက လူအုပ်ကြီးထဲတွင် ရှိနေမှန်း အနည်းငယ်မျှပင် သိရှိမနေခဲ့ကြချေ။

[ကျွန်တော့်အတွက် စိတ်မပူပါနဲ့။ စီနီယာ အာချွမ်း လုပ်စရာရှိတာကိုသာ ဆက်လုပ်ပါ]

[အေးပါ... ဂရုစိုက်ဦး]

စကားပြောဆိုခြင်း အဆုံးသတ်သွားလေ၏။

ရဲချီယန်နှင့် ဂေါသစ်စတိုင် ဂါဝန်ကို လဲလှယ်ဝတ်ဆင်ထားသော လီဆက်တို့က ကိုယ်ရေးအချက်အလက် စစ်ဆေးနေသည့် သွေးစုပ်ဖုတ်ကောင်များထံသို့ ချဉ်းကပ်သွားကြသည်။

"နာမည်ပြောပါ။ အကယ်၍ မင်းက ရထားမောင်းနှင်သူဆိုရင် မင်းရဲ့ ရထားအဆင့် အချက်အလက်ကိုပါ မှတ်ပုံတင်ရမယ်"

"နာမည်ဆိုရင်တော့..."

အော်တိုစ် ဟူသော အမည်မှာ သေချာပေါက် မဖြစ်နိုင်တော့ချေ။

မည်သို့ပင်ဆိုစေ ဤကိုယ်ရေးအချက်အလက် အတုမှာ အလွန် နာမည်ကြီးနေပြီ မဟုတ်ပါလား။

ထို့ကြောင့် ရဲချီယန်က အခြား အမည်တစ်ခုကို စဉ်းစားလိုက်လေ၏။

"လီရှောင်ရှန်း... ငါက မားကွစ် တစ်ပါးပဲ"

[နတ်ဆိုး ကတ်ပြား · ဖြားယောင်းသွေးဆောင်ခြင်း × နတ်ဆိုး ကတ်ပြား · မာနတရား]

နတ်ဆိုးက တိုးတိုးလေး ရေရွတ်လိုက်လေ၏။

စစ်ဆေးရေး တာဝန်ခံ သွေးစုပ်ဖုတ်ကောင်၏ မျက်လုံးများထဲတွင် ရှုပ်ထွေးမှု တစ်ရိပ် ဖြတ်ပြေးသွားသည်။ သူ သတိပြန်လည်လာချိန်တွင်တော့ ရဲချီယန်နှင့် လီဆက်တို့ အတွင်းသို့ ဝင်ရောက်သွားကြပြီ ဖြစ်ပေ၏။

"လီ... လီရှောင်ရှန်း"

"သခင်ကြီး... ကျွန်တော့်ကို ခေါ်နေတာလား"

မလှမ်းမကမ်းမှ တချွင်ချွင်မြည်သံတစ်ခု ထွက်ပေါ်လာလေသည်။

စစ်ဆေးရေး သွေးစုပ်ဖုတ်ကောင်က စကားပြောလာသူကို လှမ်းကြည့်လိုက်၏။

"မင်း ကံကောင်းတာပဲ။ သွေးစုပ်ဖုတ်ကောင် မားကွစ် တစ်ပါးက မင်းနဲ့ နာမည်တူနေတယ်။ မင်း တကယ်ကို ဂုဏ်ယူသင့်တယ်"

စကားပြောလာသူ အစစ်အမှန် လီရှောင်ရှန်းမှာ မျက်မှောင်ကြုတ်သွားတော့သည်။

"ကျွန်တော့်နာမည်နဲ့ တူနေတယ်"

"အေး... ဟိုဘက်မှာ။ ကဲ... ငါ့အလုပ်ကို လာမရှုပ်နဲ့တော့"

"ဟုတ်ကဲ့ပါ..."

လီရှောင်ရှန်းက ထိုအရပ်ဆီသို့ လှမ်းကြည့်လိုက်လေ၏။

ထိုပုံရိပ်ကို သူ မြင်တွေ့လိုက်ရသည်။ ချောမောခန့်ညားသော အမျိုးသားတစ်ဦးပင်။

အကြောင်းရင်း တစ်စုံတစ်ရာကြောင့်... သူ၏ ဒဏ်ရာများကို ပူလောင်နေသကဲ့သို့ ခံစားလာရစေသော အမျိုးသားတစ်ဦး။

လီရှောင်ရှန်း၏ ခန္ဓာကိုယ် သုံးပုံနှစ်ပုံမှာ ရေနွေးငွေ့စွမ်းအင်သုံး စက်ယန္တရား အစိတ်အပိုင်းများအဖြစ် အသွင်ပြောင်းလဲထားပြီး ဖြစ်လေသည်။

"ငါနဲ့ နာမည်တူတဲ့ အစွမ်းထက် သွေးစုပ်ဖုတ်ကောင် တစ်ကောင်တဲ့လား..."

သူက အံကို တင်းတင်းကြိတ်ကာ ခြေလှမ်းများကို အရှိန်မြှင့်ပြီး နောက်မှ လိုက်သွားလေတော့၏။

ဂျုံး... ဂျုံး...

မြေပြင်ပေါ်သို့ သတ္တုများ နင်းချလိုက်သံက ရေနွေးငွေ့များ ပန်းထွက်သံနှင့်အတူ ပိုမို နီးကပ်လာပေသည်။

"သခင်... သခင်ကြီး"

လီရှောင်ရှန်းက အပြေးအလွှား ရှေ့သို့ တိုးလာပြီး ရဲချီယန်၏ အရှေ့တည့်တည့်သို့ ပြေးထွက်လာလေ၏။

လီဆက်၏ အချိန်စက်ယန္တရား လက်နက်ကိရိယာက အနည်းငယ် တလက်လက် တောက်ပသွားပြီး ဦးခေါင်းခွံကို ဖောက်ထွင်းနိုင်သော သံချွန်တစ်ခုက လီရှောင်ရှန်း၏ ဦးခေါင်းထက်သို့ တိုက်ရိုက် ဖိကပ်သွားတော့သည်။

ဒီလူက ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ။

ရဲချီယန်က သူ၏ ရှေ့မှောက်ရှိ ဖြူဖျော့ပြီး အရုပ်ဆိုးလှသော မျက်နှာကို သေချာစွာ အကဲခတ်ကြည့်လိုက်ရာ ဤလူကို တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ခံစားလိုက်ရပေသည်။

သူ၏ မှတ်ဉာဏ်မှာ အလွန် ကောင်းမွန်လှ၏။ ယေဘုယျအားဖြင့် ဆိုရလျှင် သူ တစ်ကြိမ် တွေ့ဖူးသူ မည်သူ့ကိုမျှ မေ့လျော့သွားလေ့ မရှိချေ။

ဤလူက သူ၏ ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲထားခြင်း မရှိခဲ့လျှင်ပေါ့လေ။

သူ မြင်ဖူးခဲ့သော်လည်း ရုပ်ရည်သွင်ပြင် ပြောင်းလဲသွားသော တစ်စုံတစ်ယောက်...

ဤလူကား မည်သူနည်းဆိုသည်ကို ရဲချီယန် အကြမ်းဖျင်း မှတ်မိသွားချေပြီ။

"သခင်... သခင်ကြီး။ ကျွန်တော့်မှာ ဘာအငြိုးအတေးမှ မရှိပါဘူး။ ကျွန်တော်က လီရှောင်ရှန်းပါ။ ကျွန်တော့်နာမည်က သခင်ကြီးနဲ့ တူနေလို့ တော်တော်လေး တိုက်ဆိုင်တယ်လို့ တွေးမိလို့ပါ"

သူနှင့် တစ်သုတ်တည်း လွင်တီးခေါင်ပြင်သို့ ဝင်ရောက်လာခဲ့သော ရထားမောင်းနှင်သူ လီရှောင်ရှန်းပင်။

ထို့ပြင် ရဲချီယန်၏ အမည်ပျက်စာရင်း သွင်းခြင်း ခံထားရသော တစ်ဦးတည်းသော သူလည်း ဖြစ်ပေ၏။

ရဲချီယန်က လီဆက်၏ ပခုံးကို ပွတ်သပ်ပေးလိုက်ရာ ဦးခေါင်းခွံ ဖောက်ထွင်းနိုင်သော သံချွန်မှာ ပျောက်ကွယ်သွားလေတော့သည်။

"တကယ်ကို တိုက်ဆိုင်တာပဲ။ ဒါပေမဲ့ နာမည်တူရုံလေးပါပဲ... ဒီအတွက်နဲ့ ပြဿနာလုပ်စရာ မလိုပါဘူး။ မဟုတ်ဘူးလား... လီရှောင်ရှန်း။ မင်း ဘာပြောချင်လို့လဲ"

လီရှောင်ရှန်း၏ ရင်ထဲတွင် ဝမ်းမြောက်မှုလှိုင်းလုံးတစ်ခု တိုးဝှေ့လာလေ၏။

"သခင်ကြီး... ကျွန်တော်က ဒီက ဧည့်ခံရေးအလုပ်ကို တာဝန်ယူထားတာပါ။ ကျွန်တော်... သခင်ကြီးကို သွေးနတ်ဘုရား မဏ္ဍပ်ထဲ ခေါ်သွားပေးရမလား"

"ကောင်းပြီလေ"

လီရှောင်ရှန်း၏ လမ်းညွှန်မှုအောက်တွင် သူတို့က သွေးနတ်ဘုရား မဏ္ဍပ်အတွင်းသို့ မကြာမီ ဝင်ရောက်သွားကြပေသည်။

ဤနေရာ၌။

နေရာအနှံ့တွင် မြေပြင်ပေါ်၌ ဒူးထောက်ကာ အဆက်မပြတ် ဆုတောင်းနေကြသော သွေးနတ်ဘုရား ယုံကြည်သူများကို မြင်တွေ့နိုင်သလို သွေးအိတ်များအဖြစ် အသုံးချခံနေရသော လူသားများကိုလည်း မြင်တွေ့နိုင်ပေသည်။ ထို့ထက်ပို၍ သွေးစုပ်ဖုတ်ကောင် အထက်တန်းလွှာများက "အနုပညာ" တစ်ရပ်ကို ဖျော်ဖြေနေကြသည်ကိုပါ မြင်တွေ့နိုင်သေး၏။

လူသားများအတွက် ဤနေရာကား ငရဲဘုံပင်။

သွေးစုပ်ဖုတ်ကောင်များအတွက်မူ ဤနေရာက ကောင်းကင်ဘုံ ဖြစ်ပေသည်။

လီရှောင်ရှန်းက ရဲချီယန်ကို သွေးစုပ်ဖုတ်ကောင် မားကွစ်များအတွက် သီးသန့်ထားရှိသော နားနေခန်းတစ်ခုအတွင်းသို့ ဦးဆောင်ခေါ်သွားလေ၏။

ဤနေရာမှ မြင်ကွင်းမှာ အလွန် ကျယ်ပြန့်လှသည်။ ဧရာမ ပြတင်းပေါက်ကြီးများမှတစ်ဆင့် သွေးနတ်ဘုရား မဏ္ဍပ်၏ အလယ်ဗဟိုတည့်တည့်ရှိ နှလုံးသားတစ်ခုကို တိုက်ရိုက် မြင်တွေ့နိုင်ပြီး ထိုအရာက အဆက်မပြတ် ခုန်လှုပ်ကာ သွေးများကို အဆုံးအစမရှိ စုပ်ယူနေပေ၏။

အရေးအကြီးဆုံးမှာ ဤနေရာ၌ အခြားသော သွေးစုပ်ဖုတ်ကောင်များ ဝင်ရောက်လာပြီး သူတို့ကို အနှောင့်အယှက်ပေးမည် မဟုတ်ချေ။ အကယ်၍ ထိုသွေးနတ်ဘုရားထံ တစ်စုံတစ်ရာ ယဇ်ပူဇော်လိုပါက သီးသန့် ယဇ်ပလ္လင်ငယ်တစ်ခုလည်း ရှိနေပေသည်။

[သွေးအနုပညာ ယဇ်ပလ္လင် (အသေး)]

[ဤယဇ်ပလ္လင်မှတစ်ဆင့် သွေးနတ်ဘုရားထံ ယဇ်ပူဇော်မှုများ ပြုလုပ်ရန် အသုံးပြုနိုင်ပါသည်]

ရဲချီယန်က ဤယဇ်ပလ္လင်ကို ကြည့်ကာ နက်ရှိုင်းသော အတွေးတစ်ခုထဲသို့ နစ်မြောသွားလေ၏။

"သခင်ကြီး... တစ်ခုခု မှားနေလို့လား"

"ဘာမှမဖြစ်ပါဘူး။ စိတ်ဝင်စားစရာကောင်းတာ တစ်ခုကို တွေးမိသွားလို့ပါ။ ဒါနဲ့... လီရှောင်ရှန်း။ မင်းက လွင်တီးခေါင်ပြင်ကို ရောက်လာတဲ့ အသုတ်သစ်က ရထားမောင်းနှင်သူ တစ်ယောက်မလား။ သွေးစုပ်ဖုတ်ကောင်တစ်ကောင် ဖြစ်သွားရတဲ့ ခံစားချက်က ဘယ်လိုနေလဲ"

[နတ်ဆိုး ကတ်ပြား · ဖြားယောင်းသွေးဆောင်ခြင်း]

လီရှောင်ရှန်းက ပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း သူ ပြောဆိုသင့်သော မြှောက်ပင့်စကားများက မည်သို့မျှ ထွက်ပေါ်မလာနိုင်တော့ချေ။

"ခံစားချက်ကတော့... အရမ်းကို နေရခက်ပါတယ်။ ကျွန်တော် သာမန် လူသားတွေရဲ့ အစားအစာကို ဆက်ပြီး မစားနိုင်တော့ဘူး။ သွေးသောက်တာနဲ့ အသားစိမ်းစားတာကနေပဲ ကျွန်တော့်ရဲ့ စွမ်းအင်ကို ထိန်းသိမ်းထားနိုင်တော့တယ်။ ပြီးတော့ နေရောင်ထဲမှာ အချိန်အကြာကြီး နေရင်လည်း နေမကောင်းဖြစ်တတ်တယ်..."

"ဒါပေမဲ့..."

စိတ်လှုပ်ရှားနေသော အပြုံးတစ်ခုက လီရှောင်ရှန်း၏ မျက်နှာထက်၌ အလိုအလျောက် ပေါ်ထွက်လာလေ၏။

"ဒါပေမဲ့ တစ်ချိန်က ကျွန်တော်နဲ့ တူညီခဲ့တဲ့ လူသားတွေ ကျွန်တော့်ရဲ့ ခြေဖဝါးအောက်မှာ အနင်းခံနေရတာကို မြင်ရတာ၊ ကျွန်တော်နဲ့ တစ်သုတ်တည်း ပါလာတဲ့ ရထားမောင်းနှင်သူတွေ အားလုံးက ကျွန်တော့်ထက် အားနည်းနေမှန်း သိရတာ၊ ပြီးတော့ အဲဒီလူသားတွေကို ကျွန်တွေလို စိတ်ကြိုက် ဆက်ဆံနိုင်တဲ့ ခံစားချက်က... တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်"

သူ၏ အဖြေက အဆုံးသတ်သွားလေ၏။

ရဲချီယန်က သူ့ကို အပြုံးတစ်ပွင့်ဖြင့်သာ စိုက်ကြည့်နေလိုက်သည်။

"မင်း သွားလို့ရပြီ"

"သခင်ကြီး... ကျွန်တော်"

"ထွက်သွားစမ်း... ငါ ယဇ်ပူဇော်မှု စတင်တော့မယ်"

"ဟုတ်ကဲ့ပါ..."

လီရှောင်ရှန်းက သူ၏ ရင်ထဲတွင် အရူးတစ်ယောက်လို ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲလိုက်မိ၏။ သွေးစုပ်ဖုတ်ကောင်များ၏ အားနည်းချက်များကို ထည့်သွင်းပြောဆိုမိလိုက်သောကြောင့် သူနှင့် နာမည်တူသော ဤမားကွစ်ကို မကျေမနပ်ဖြစ်စေခဲ့သည်ဟု သူ ထင်မှတ်သွားခဲ့သည်။

သူက သီးသန့် နားနေခန်းထဲမှ လျှောက်ထွက်သွားပြီး တံခါးကို ရိုသေလေးစားစွာ ပိတ်လိုက်လေတော့သည်။

"သူ့ကို သတ်လိုက်ရမလား"

စက္ကန့်လက်တံ ပျံသန်းရေးမြား တစ်စင်းက လီရှောင်ရှန်း၏ နောက်ကျောဘက်မှ တိတ်တဆိတ် လိုက်ပါသွားလေ၏။ ထိုကောင်၏ အသက်ကို နုတ်ယူရန် ရဲချီယန်ထံမှ အမိန့်တစ်ခုသာ လိုအပ်ပေသည်။

"အလျင်စလို လုပ်စရာမလိုသေးပါဘူး"

ရဲချီယန်၏ လက်ခုံပေါ်တွင် တိတ်တဆိတ် အိပ်စက်နေသော [အတုအယောင် စက်ယန္တရားမြွေငယ်] လေးက တဖြည်းဖြည်းချင်း ထွက်ပေါ်လာလေ၏။ အနက်ရောင် မြွေငယ်လေးက အမည်မသိ အတုအယောင် လေဟာနယ်ထဲသို့ လျှောတိုက် ဝင်ရောက်သွားပြီး အမိန့်ပေးမည့်အချိန်ကိုသာ စောင့်ဆိုင်းနေတော့သည်။

"အနည်းဆုံးတော့ သူ့ကို သတ်သွားတဲ့သူက သူနဲ့ တစ်သုတ်တည်း ပါလာတဲ့ ရထားမောင်းနှင်သူ တစ်ယောက်ဆိုတာကို သူ့ကို သိခွင့်ပေးလိုက်ပါ။ အဲဒီလိုဆိုရင် သူ စိတ်အေးချမ်းသာစွာ သေနိုင်မှာပေါ့"

"ဒါ့အပြင် တော်တော်လေး ပျော်စရာကောင်းတဲ့ ကိစ္စတစ်ခုကို ငါ တွေးမိသွားလို့"

"ဒီလိုလူမျိုးရဲ့ အသက်နဲ့ ငါ့ရဲ့ အစီအစဉ်ကို ဖျက်ဆီးမခံနိုင်ဘူး"

ရဲချီယန်၏ လက်ထဲတွင် သစ်သီးတစ်လုံး ပေါ်ထွက်လာလေ၏။

ထိုအရာက ဗိုက်စင်သီး မဟုတ်ချေ။

သို့သော် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသော အရာသာ ဖြစ်ပေသည်။

အမည်းရောင် မြေအောက်ကမ္ဘာ သစ်သီး။

"နောက်ဆုံးတော့ ဒုတိယမြောက် လောဘတကြီး စားသောက်သူနဲ့ တွေ့ရပြီပေါ့"

All Chapters