အခန်း ၄၇၈
Vol. 41 Ch. 478
အခန်း (၄၇၈) လူသားများနှင့် သွေးစုပ်ဖုတ်ကောင်များ
[မြေအောက်ကမ္ဘာ ဘာသာစကား · အမည်းရောင် မြေအောက်ကမ္ဘာ သစ်သီး]
[စားသုံးပြီးနောက် - စိတ်စွမ်းအား ပြန်လည်ပြည့်ဖြိုးမှု အရှိန်နှင့် ပမာဏကို ထာဝစဉ် လျော့ကျသွားစေပြီး မြေအောက်ကမ္ဘာ၏ ကျိန်စာကို သက်ရောက်စေမည်။ အတုအယောင် ကမ္ဘာများသို့ ဝင်ရောက်သည့်အခါ ခံနိုင်ရည်ကို လျော့ကျစေသည့်အပြင် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ခုခံနိုင်စွမ်းကိုလည်း ကျဆင်းစေမည်ဖြစ်သည်]
အမည်းရောင် သစ်သီးလေးက ဆွဲဆောင်မှုရှိလှသော မွှေးရနံ့များကို ထုတ်လွှတ်နေပေ၏။
ထိုနေရာ၌ တိတ်တဆိတ် ရှိနေရုံမျှဖြင့် လူများကို စားသုံးချင်စိတ် ပေါက်လာစေရန် ဆွဲဆောင်နိုင်စွမ်း ရှိလေသည်။
၎င်းမှာ အဆိပ်တစ်မျိုးပင်။
လွင်တီးခေါင်ပြင်အတွင်းရှိ သက်ရှိအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေနိုင်သော အဆိပ်တစ်မျိုး ဖြစ်ပေသည်။
ကြိတ်ခြေပြီး ထိုးသွင်းလိုက်သည်။
ရဲချီယန်က သူ၏ ညာဘက်လက်ညှိုးတွင် လက်စွပ်တစ်ကွင်းကို ဝတ်ဆင်ထားလေ၏။ ထိုအရာက တစ်ချိန်က မွန်ရိုးဂျီနာ သူ့အတွက် ဖန်တီးပေးထားခဲ့သော လက်နက်ကိရိယာတစ်ခု ဖြစ်ပေသည်။
[စက်ယန္တရား အမိန့်ပေးကွပ်ကဲခြင်း]
သူက သိုလှောင်ခန်းထဲမှ သတ္တုများနှင့် အစိတ်အပိုင်းများကို ထုတ်ယူလိုက်ကာ အမိန့်ပေးကွပ်ကဲမှုကို အသုံးပြုလိုက်ရာ ထိုအရာများက အရည်ညှစ်ရန်အတွက် အသုံးပြုသော အရုပ်ဆိုးဆိုး စက်ယန္တရားကြီးတစ်ခုအဖြစ် ချက်ချင်း ပေါင်းစပ်ဖွဲ့စည်းသွားလေတော့သည်။
"စဉ်းစားကြည့်ရရင်... အရင်တုန်းက သူ့ရဲ့အဆင့်က အရမ်းမြင့်နေလို့ အဆင့်မြင့် အသွင်ကူးပြောင်းခြင်းကို မလုပ်နိုင်ခဲ့ပေမယ့် အခုတော့..."
[စက်ယန္တရား အမိန့်ပေးကွပ်ကဲခြင်း (အဆင့် ၉)]
ဤပစ္စည်းက အလွန် အစွမ်းထက်သည်မှာ သံသယဖြစ်ဖွယ် မရှိချေ။
စွန့်ပစ်ထားသော စက်ယန္တရားများနှင့် ပျက်စီးနေသော ယန္တရားများ အားလုံးကို ဤအရာမှတစ်ဆင့် အချိန်အတိုင်းအတာ တစ်ခုအထိ ပြန်လည် ဖွဲ့စည်းတည်ဆောက်နိုင်ပြီး ပြန်လည် အသက်ဝင်လာစေနိုင်ပေသည်။
"အခွင့်အရေးရရင်တော့ အဆင့်မြင့် အသွင်ကူးပြောင်းခြင်း လုပ်လိုက်တာ အကောင်းဆုံးပဲ"
အီဗ်၏ ကုသရေး ဇယားကွက်ထဲမှ အမည်းရောင် မြေအောက်ကမ္ဘာ သစ်သီးများ အားလုံးကို သူက တစ်လုံးချင်းစီ ထုတ်ယူလိုက်လေ၏။
ထို့နောက် အရည်ညှစ်စက်ထဲသို့ ပစ်ထည့်လိုက်ရာ မင်ရည်ကဲ့သို့ မည်းနက်နေသော အရည်များက ယဇ်ပလ္လင်အတွင်းသို့ စီးဆင်းသွားတော့သည်။
၎င်း၏ အောက်ဘက်ရှိ ယဇ်ပူဇော်ရာ လမ်းကြောင်းအတိုင်း လိုက်ပါသွားပြီး ထိုနှလုံးသားကြီးထဲသို့ တဖြည်းဖြည်းချင်း စိမ့်ဝင်သွားလေ၏။
ဤနှလုံးသား၏ ပိုင်ရှင်က မည်သူဖြစ်နိုင်မည်နည်း။
စဉ်းစားကြည့်ရုံဖြင့်... ဤမျှများပြားလှသော [ယဇ်ပူဇော်မှုများ] ကို တစ်ပြိုင်နက်တည်း ရုတ်တရက် လက်ခံရရှိသွားသောအခါ ထိုသူက အလွန် ပျော်ရွှင်နေလောက်မည်မှာ အသေအချာပင်။
— — — — ဆော်လမွန် မြို့တော်၏ အပြင်ဘက်။ လေဟာနယ်အတွင်း၌။
[အမှတ်စဉ် — A-11 — သွေးစုပ်ဖုတ်ကောင်]
ထာဝရ ညဉ့်ယံ မြို့တော်က ယုံကြည်ကိုးကွယ်သော နတ်ဘုရား... အစီအစဉ် A-အဆင့်သို့ ရောက်ရှိနေသော အစွမ်းထက် သက်ရှိတစ်ပါး။
ဤအခိုက်အတန့်တွင် သူက သွေးစုပ်ဖုတ်ကောင်တို့၏ အစစ်အမှန် ဘိုးဘေးဖြစ်သော ကာစတိန်း၏ ရထားအတွင်း၌ ရှိနေလေ၏။
ဒုတိယမြောက် ရထားတွဲအတွင်း၌ သူ ထိုင်နေပြီး မြေပြင်ပေါ်တွင် ဝပ်တွားနေကြသော ထိပ်သီး သွေးစုပ်ဖုတ်ကောင် စွမ်းအားရှင်များက သူ့ကို ဝန်းရံထားကြပေသည်။
သွေးနတ်ဘုရား... ပိုမို တိကျစွာ ဆိုရလျှင် သွေးစုပ်ဖုတ်ကောင် နတ်ဘုရားက ဝိုင်နီနှင့်တူသော လတ်ဆတ်သည့် သွေးများ ပါဝင်သည့် သူ၏ ဝိုင်ခွက်ကို လှည့်လည် ဝှေ့ယမ်းလိုက်လေ၏။
"ကျွန်ုပ်၏ ဘုရားသခင်... ကျွန်တော်တို့ ဆော်လမွန် မြို့တော်ကို ရောက်ရှိတော့မှာမို့ ကျေးဇူးပြုပြီး အမိန့်ပေးတော်မူပါ"
သွေးနတ်ဘုရား၏ ခြေရင်း၌ ဒူးထောက်နေသော ကာစတိန်းက ရိုသေလေးစားစွာ လျှောက်တင်လိုက်သည်။
"ကာစတိန်း... သွေးအနုပညာ ပွဲတော် စတင်နေပြီ မဟုတ်လား"
"မှန်လှပါ ဘုရားသခင်။ ထာဝရ ညဉ့်ယံ မြို့တော်မှာ ကျန်ရစ်နေတဲ့ သွေးစုပ်ဖုတ်ကောင်တွေ အားလုံးက ကိုယ်တော့်အတွက် ယုံကြည်ကိုးကွယ်မှုတွေကို ဆက်သကြပြီး ကိုယ်တော့်ရဲ့ ဒုတိယ နှလုံးသားအတွက် စွမ်းအားတွေကို ထောက်ပံ့ပေးကြပါလိမ့်မယ်"
ခွက်ထဲရှိ သွေးများကို တစ်ကျိုက်တည်းဖြင့် မော့သောက်လိုက်လေ၏။
သွေးနတ်ဘုရားက နှုတ်ခမ်းထောင့်ကို တွန့်ကွေးလိုက်ပြီး တစ်စုံတစ်ရာ ပြောဆိုရန် ပြင်လိုက်သော်လည်း ရုတ်တရက် မျက်မှောင်ကြုတ်သွားတော့သည်။
"ဟင်"
"ကျွန်ုပ်၏ ဘုရားသခင်... ဘာများ ဖြစ်လို့ပါလဲ"
"...ဘာ... ဘာမှမဟုတ်ပါဘူး..."
ခဏလေးသာ ဖြစ်သော်လည်း သူ၏ နှလုံးသားထဲတွင် မသက်မသာ ဖြစ်မှုအချို့ကို ဝေဝါးစွာ ခံစားလိုက်ရသည်။ သို့သော် မိမိကိုယ်ကိုယ် ပြန်လည် စစ်ဆေးကြည့်ပြီးနောက် မည်သည့် ထူးဆန်းမှုမျှ ရှာမတွေ့ခဲ့ချေ။
သွေးနတ်ဘုရားက ၎င်းမှာ အတုအယောင် ဖြစ်သည်ဟု မထင်မှတ်သလို မိမိကိုယ်ကိုယ် ခြောက်လှန့်နေခြင်း ဖြစ်သည်ဟုလည်း မတွေးခဲ့ပေ။
သို့သော် လောလောဆယ်တွင်မူ ထိုအကြောင်းရင်းကို သူ အမှန်တကယ် ရှာမတွေ့နိုင်ခဲ့ချေ။
သွေးနတ်ဘုရားက မတ်တပ်ရပ်လိုက်ပြီး သွေးမြူခိုးများအဖြစ် ပြောင်းလဲကာ ရထားခေါင်မိုးထက်သို့ ရောက်ရှိသွားလေ၏။
သူ၏ လက်ဝါးကို မြှောက်လိုက်ရာ လေဟာနယ်ကြီးက တဖြည်းဖြည်းချင်း အက်ကွဲသွားတော့သည်။
ဤအက်ကွဲနေသော လေဟာနယ်အတွင်း၌ ဆော်လမွန် မြို့တော်က ပေါ်ထွက်နေချေပြီ။
ရထားများ... သိပ္ပသည်းထပ်စွာ စုရုံးနေကြသော ရထားများ။ သောင်းနှင့်ချီသော ရထားများက ထိုနေရာသို့ ထိုးဖောက် ဝင်ရောက်သွားကြလေ၏။
ဆော်လမွန် မြို့တော်၏ အထက်ကောင်းကင်ယံ၌ ကြက်သွေးရောင် သွေးကန့်လန့်ကာကြီးက အရာအားလုံးကို ဖုံးလွှမ်းသွားပေသည်။
"သူတို့ ရောက်လာကြပြီ"
စစ်ကြောရေးခုံရုံး၏ ကျောက်စိမ်းပလ္လင် ခန်းမဆောင်အတွင်း၌ မွန်ရိုးဂျီနာက သူမ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး သူမဘေးတွင် မျက်လုံးမှိတ်ထားသော ကျူရှင်းထူထံမှ အပြုံးတစ်ခု ပေါ်ထွက်လာလေ၏။
"ဟီးဟီး... သွေးစုပ်ဖုတ်ကောင် နတ်ဘုရားကလည်း ပြေးလာလိမ့်မယ်လို့ ငါ ပြောသားပဲ မဟုတ်လား"
မွန်ရိုးဂျီနာက သူမကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ယဇ်ပူဇော်ခြင်း အလင်းရောင်များကြားတွင် သူမ၏ တုတ်ဓားကို ဝှေ့ယမ်းလိုက်သည်။
"ငါတို့ ဒီမှာ သေရလိမ့်မယ်လို့လည်း နင် ပြောခဲ့တယ်လေ"
သူမ၏ နောက်ကျောဘက်တွင် ယဇ်ပူဇော်ခြင်း ကတ်ပြား ရှစ်ကတ် ပေါ်ထွက်လာပြီး ယဇ်ပူဇော်ခြင်း အလင်းကွင်း တစ်ခုအဖြစ် ပေါင်းစည်းသွားလေ၏။
"ကံကြမ္မာဆိုတာ အမြဲတမ်း ပြောင်းလဲလို့ရနိုင်ပါတယ်။ အဲဒါကို ပြောင်းလဲဖို့ ဘာတွေ အတိအကျ လုပ်ရမလဲဆိုတာတော့ ငါ မသိပေမယ့်လေ"
ကျူရှင်းထူ၏ အပြုံးက တောက်ပဝေဆာနေပေသည်။
"ဂျီနာက တကယ် လူချစ်လူခင် ပေါတာပဲ။ အားလုံးပဲ... လူတွေ အများကြီး ရောက်လာကြတယ်"
သူမကဲ့သို့ပင် ကံကြမ္မာကတ်ပြား ဆယ့်နှစ်ကတ်က ကျူရှင်းထူအား ဝန်းရံသွားပြီး ၎င်းတို့၏ အလယ်ဗဟို၌ ဗေဒင်ဆရာမ ဟု အမည်ရသော ဘုရားစူး ကတ်ပြားက လွင့်မျောနေလေ၏။
ယဇ်ပူဇော်ခြင်းနှင့် ကံကြမ္မာ။
ကောင်းကင်ယံထက်ရှိ အက်ကွဲနေသော လေဟာနယ်ကြီးက လျှို့ဝှက်ဆန်းကြယ်မှုကို ကိုယ်စားပြုသော စွမ်းအားအောက်တွင် အဆက်မပြတ် ကျုံ့ဝင်ကာ ဖိသိပ်ခံလိုက်ရပေသည်။
သွေးစုပ်ဖုတ်ကောင်များက ဤကမ္ဘာကြီးအတွင်းသို့ ထိုးဖောက် ဝင်ရောက်လာကြပြီး ဤအခိုက်အတန့်၌ ဤကမ္ဘာကြီးမှာ သေရေးရှင်ရေး တိုက်ပွဲဝင်ရမည့် နေရာတစ်ခုအဖြစ် ပြောင်းလဲသွားချေပြီ။
[ဤကမ္ဘာကြီးအား ချိတ်ပိတ်လိုက်ပါပြီ — ထွက်ခွာ၍ မရနိုင်ပါ]
ထိုသွေးစုပ်ဖုတ်ကောင်များနှင့် သွေးစုပ်ဖုတ်ကောင် နတ်ဘုရား အပါအဝင် လူတိုင်းက ဤအသံကို ကြားလိုက်ရလေ၏။
"အို... ထွက်မပြေးချင်တဲ့အပြင် ကမ္ဘာကြီးကိုပါ ကိုယ်တိုင်ကိုယ်ကျ ချိတ်ပိတ်လိုက်တယ်ပေါ့လေ။ စိတ်ဝင်စားစရာကောင်းပြီး မိုက်မဲလှတဲ့ လူသားတွေပဲ"
သွေးစုပ်ဖုတ်ကောင် နတ်ဘုရားက ကမ္ဘာကြီးနှင့် ရထားစနစ်ထံမှ ဖိအားများကို ခံစားလိုက်ရသည်။
သူ၏ အကြည့်များက အေးစက်သွားပြီး လက်ထဲတွင် ကြက်သွေးရောင် ဒြပ်ထုတစ်ခု ပွင့်အာလာလေ၏။
"ဒီကမ္ဘာကြီးကို ပြန်လည် ပြင်ဆင်ရမယ့် ငါ့ရဲ့ ဒုက္ခတွေကို သက်သာသွားစေတာပေါ့"
[အချိန်စီးဆင်းမှုကို နှောင့်ယှက်နေပါသည် —]
[ချို့ယွင်းချက် — A-11 — သွေးစုပ်ဖုတ်ကောင်က ကမ္ဘာကြီးအား နှောင့်ယှက်နေပါသည်။ ခွင့်ပြုချက် ပြန်လည် ပြုပြင်နေပါသည်... ခွင့်ပြုချက် ချို့ယွင်းနေပါသည် —]
[လေဟာနယ် သဘောတူညီချက်ကို အသက်သွင်းလိုက်ပါပြီ]
[ကမ္ဘာကြီး၏ စည်းမျဉ်းများ အဆင့်မြှင့်တင်ပြီးပါပြီ]
[လူသားများ / သွေးစုပ်ဖုတ်ကောင်များ]
[မျိုးနွယ်စု နှစ်ခုလုံးမှ နောက်ဆုံး သက်ရှိတစ်ဦး မရှုံးနိမ့်မချင်း သင် ထွက်ပြေး၍မရပါ... ဆုတ်ခွာ၍မရပါ... ရှုံးနိမ့်၍မရပါ]
[လူသား ကာကွယ်ရေး သဘောတူညီချက်ကို အသက်သွင်းလိုက်ပါပြီ]
[ဒင် ဒင် ဒင်... အကန့်အသတ်မဲ့ တာဝန်များကို ထုတ်ပြန်နေပါသည် —]
[သွေးနတ်ဘုရားအား အဆုံးသတ်မည့်သူ / တရားစီရင်ရေးမြေ၏ နေဝင်ချိန်]
[သွေးစုပ်ဖုတ်ကောင် မဟုတ်သူများနှင့် သွေးစုပ်ဖုတ်ကောင် ရထားမောင်းနှင်သူများထံသို့ တာဝန်နှစ်ခုကို သီးခြားစီ ထုတ်ပြန်ထားပါသည်]
[ရထားစနစ်က ရထားမောင်းနှင်သူတိုင်းအပေါ် တရားမျှတစွာ ဆက်ဆံမည် ဖြစ်ပါသည်]
[တစ်ဖက်ဖက်မှ အသက်ရှင် ကျန်ရစ်နိုင်ပါစေဟု ဆုတောင်းပေးလိုက်ပါသည်]
"ဟက်ဟက်... ရွံရှာဖွယ်ကောင်းပြီး မိုက်မဲလှတဲ့ ရထားစနစ်။ ဒီခေတ်ရဲ့ ရထားမောင်းနှင်သူ အသစ်တွေကြောင့် နှောင့်ယှက်ရတာ တကယ်ပဲ ပိုခက်ခဲလာတာလား"
"ကြီးမြတ်လှတဲ့ အမြင့်မြတ်ဆုံး သက်ရှိက ပေးသနားထားတဲ့ ပစ္စည်းကို ငါ အသုံးပြုခဲ့ရင်တောင် ဒီလောက်ပဲ လုပ်နိုင်တာပဲ"
"ဒါပေမဲ့"
"ဘာမှ ကိစ္စမရှိပါဘူး"
"အနိုင်ရမယ့်သူက ငါပဲ ဖြစ်ရမယ်"
ထာဝရ ညဉ့်ယံ မြို့တော်၏ တပ်မတော်ကြီးက ကောင်းကင်ယံကို ဖုံးလွှမ်းသွားလေ၏။
အမြင့်ဆုံးနေရာရှိ စစ်ကြောရေးခုံရုံးမှာမူ။
ကျူရှင်းထူနှင့် မွန်ရိုးဂျီနာတို့က အနည်းငယ်မျှပင် ကြောက်ရွံ့နေခြင်း မရှိကြချေ။
အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် သူတို့ နှစ်ဦးတည်းသာ ရှိနေခြင်း မဟုတ်သောကြောင့်ပင်။
"ဝိုး... အများကြီးပါလား။ ဒီတစ်ခါ ခေါင်းဆောင်ကြီးက မခေါ်ဘဲ အစ်မကြီး ဂျီနာက ဘာလို့ လူတွေကို ခေါ်နေတာလဲလို့ ငါ စဉ်းစားနေတာ။ အကယ်၍ မင်းသာ ခေါ်ခဲ့ရင် ငါ လာချင်မှာတောင် မဟုတ်ဘူး"
နဂါးများက ဟိန်းဟောက်နေကြပေသည်။
နဂါးကတ်ပြား ပိုင်ရှင်ဖြစ်သော လင်းယို့က နဂါးဖြူကြီး တစ်ကောင်၏ ကျောထက်၌ ရပ်နေပြီး သူ၏ဘေးတွင် နဂါး ခြောက်ကောင်က နားကန်းလုမတတ် ဟိန်းဟောက်နေကြလေ၏။
နဂါးများကို ကိုယ်စားပြုသော ကတ်ပြား အစီအစဉ် ဆယ့်တစ်ကတ်က သူ့ပတ်လည်၌ တဖြည်းဖြည်း လှည့်ပတ်နေသည်။
ဆော်လမွန် မြို့တော်၏ တတိယမြောက် အလွှာ။
ဖန်ဟော့က ဆေးပြင်းလိပ်ကို ဖွာရှိုက်နေပြီး သူ့ပတ်လည်တွင် ဆော်လမွန် မြို့တော်၌ သူ ရွေးချယ်ထားသော တပ်မှူးများ ရှိနေကြပေ၏။
[စစ်ပွဲ ကတ်ပြား · စစ်မြေပြင် ခွဲခြမ်းစိတ်ဖြာခြင်း] နှင့် [စစ်ပွဲ ကတ်ပြား · အကြွင်းမဲ့ အမိန့်ပေးကွပ်ကဲခြင်း] တို့မှတစ်ဆင့် ဆော်လမွန် မြို့တော်၏ မည်သည့် နေရာသို့မဆို ပို့လွှတ်နိုင်သော အချက်အလက် အမျိုးမျိုးက သူ၏ မျက်လုံးများထဲတွင် အဆက်မပြတ် တလက်လက် တောက်ပနေလေသည်။
သူ့ပတ်လည်ရှိ စစ်ပွဲ ကတ်ပြား ရှစ်ကတ်က အလင်းကွင်း တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
"လင်းယို့ ပြောတာ မှန်တယ်။ ခေါင်းဆောင်ကြီး... မင်းက သိုးကျောင်းသားနဲ့ ဝံပုလွေ ပုံပြင်ကို ခဏခဏ နားထောင်ပြီး လူချစ်လူခင် ပေါအောင် လုပ်ထားသင့်တယ်။ နောက်တစ်ခါ ဒီလိုမျိုး ဖြစ်လာရင် မင်း စကားတစ်ခွန်း ပြောလိုက်တာနဲ့ ငါတို့လည်း လာချင် လာကြမှာပေါ့"
သူတို့သာမက ပြန်လည် တည်ဆောက်ထားသော ဆော်လမွန် မြို့တော်၏ စတုတ္ထမြောက် အလွှာ အထွတ်အထိပ် နေရာတွင်လည်း။
ဤနေရာ၌ ဘုရားကျောင်း တစ်ကျောင်း တည်ရှိနေပေသည်။
ရှာယာက နားကြပ်ထဲမှ ဖန်ဟော့၏ အသံကို နားထောင်ရင်း သူမ၏ မျက်လုံးများကို တဖြည်းဖြည်း ဖွင့်လိုက်လေ၏။
ကောင်းကင်တမန် ကတ်ပြား ဆယ့်နှစ်ကတ်မှ ဆင့်ခေါ်ထားသော ကောင်းကင်တမန် ကိုးပါးက သူမ၏ နောက်ကျောဘက်၌ ရပ်နေကြသည်။
တီနာလေးက စစ်ဝတ်စုံ တစ်စုံကို လဲလှယ်ဝတ်ဆင်ထားပြီး ကုလားထိုင်ပေါ်တွင် ထိုင်ကာ သူမ၏ ခြေထောက် သေးသေးလေးများကို လွှဲယမ်းနေပေ၏။
"သီလရှင်အစ်မ... အစ်မက အစ်ကိုချီယန်ကို အရမ်း တွေ့ချင်နေပေမယ့် သူ မလာတာ တကယ် နှမြောစရာကောင်းတာပဲ"
"ပါးစပ်ဖွာတဲ့ ကောင်မလေး"
"ဟီးဟီး... ဒါဆို... သီလရှင်အစ်မ။ ငါတို့ သွားလုကြမလား။ ဟိုတရားသူကြီးချုပ်ဆီကနေ အဲဒီသွေးနတ်ဘုရားရဲ့ အသက်ကို လုယူကြမလား"
ရှာယာက တီနာလေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး မျက်နှာပေါ်တွင် ယုံကြည်မှု အပြည့်ရှိသော အပြုံးတစ်ခု ပေါ်ထွက်လာလေ၏။
"ဒါက ပြောစရာတောင် မလိုပါဘူး။ ငါက ဘာသာတရား ကိုင်းရှိုင်းတဲ့ ယုံကြည်သူ တစ်ယောက်ပဲ... နတ်ဘုရားတွေကို သွားမတွေ့ဘဲ ဘယ်နေနိုင်ပါ့မလဲ။ ဒါပေမဲ့..."
သူမက အနည်းငယ် တုံ့ဆိုင်းသွားသည်။
"ပြဿနာတချို့ကတော့ သေချာပေါက် ဖြစ်လာဦးမယ်လို့ ငါ အမြဲ ခံစားနေရတယ်"