← Chapters

အခန်း ၃၃၉

Vol. 34 Ch. 339

အခန်း ၃၃၉

Vol. 34 Ch. 339

အခန်း ၃၃၉ ဝိညာဉ် တံခွန် အဆင့်တက်လှမ်းခြင်း

သေချာပေါက် ကျိုးဟန်သည် မိမိ၏ အဓိကဝိညာဉ် အရည်အသွေးများ ပိုမိုမြင့်မားလာစေရန် မျှော်လင့်ထားလေသည်။ သို့သော် နတ်ဘုရားအဆင့် အစွမ်းထက်သူများနှင့် တွေ့ဆုံရန်မှာ ထိုမျှမလွယ်ကူလှပေ။

ရွှမ်ယွမ် နန်းတော် အတွင်း၌ နတ်ဘုရားအဆင့် အစွမ်းထက်သူများနှင့် ကြုံတွေ့နိုင်သော်လည်း ၎င်းတို့ အားလုံးမှာ ရုပ်သေးရုပ် အခြေအနေ၌သာ ရှိနေပြီး ဝိညာဉ် မရှိကြချေ။ ထို့ကြောင့် ဝိညာဉ် တံခွန် အတွင်းသို့ စုပ်ယူ၍ မရနိုင်ပေ။

ထိုသို့သာ မဟုတ်ပါက ကျိုးဟန်၏ အဓိကဝိညာဉ် နေရာဆယ်ခုမှာ စောစောစီးစီး ကတည်းက ပြည့်နှက်နေမည်ဖြစ်ပြီး ယခုအချိန်အထိ စောင့်ဆိုင်းနေရမည် မဟုတ်ချေ။ ထို့ကြောင့် တစ္ဆေနယ်မြေမှ ဤနတ်ဘုရားအဆင့် အစွမ်းထက်သူ အနည်းငယ်ကို ကျိုးဟန်က အထင်မသေးခဲ့ချေ။

"မောက်မာလှတဲ့ ကောင်လေးပဲ..."

"ကြည့်ရတာ ပူးပေါင်းဖို့ ဆန္ဒမရှိဘူး ထင်တယ်... ဒါဆိုလည်း ဒီအဘိုးကြီးရဲ့ အစွမ်းကို မြည်းစမ်းကြည့်လိုက်စမ်း..."

"နတ်ဘုရားအဆင့် အစွမ်းထက်သူ လက်ထဲမှာ သေရတာဆိုတော့ မင်းလည်း မြေအောက်ကမ္ဘာကို ပြုံးပြုံးကြီး သွားလို့ရပြီပေါ့..."

ကျိုးဟန်၏ စကားများက သွေးတစ္ဆေ ဂိုဏ်းမှ လူများ၏ ဒေါသကို အောင်မြင်စွာ ဆွပေးလိုက်လေသည်။ ၎င်းတို့သည် အချိန်ဆွဲမနေတော့ဘဲ ရူးသွပ်ကြမ်းတမ်းသော တိုက်ခိုက်မှုများကို တိုက်ရိုက် စတင်လိုက်ကြလေသည်။

မျက်စိတစ်မှိတ်အတွင်း အေးစက် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများက လှိုင်းလုံးကြီးများအလား ရိုက်ခတ်လာလေသည်။ နတ်ဘုရားအဆင့် စွမ်းအား ရှစ်ခုက သွေးစိမ်းရှင်ရှင် စွမ်းအင်လေဆင်နှာမောင်း အဖြစ် ပြောင်းလဲသွားပြီး ဤလေဟာနယ် တစ်ခုလုံးကို အနီရောင်အဖြစ် ဆိုးဆေးချယ်လိုက်လေသည်။

သွေးလှိုင်းတံပိုးများက လိမ့်တက်လာပြီး သွေးရောင် သမုဒ္ဒရာကြီး တစ်ခုအလား ရူးသွပ်ကြမ်းတမ်းစွာ ရိုက်ခတ်နေလေသည်။ ဤလေဟာနယ်ကြီးမှာ ထိုကြောက်မက်ဖွယ် ရိုက်ခတ်မှုအောက်တွင် "ဂျွတ် ဂျွတ် ဂျွတ်" ဟု မြည်ဟည်းသွားပြီး ဤသွေးရောင် စွမ်းအင်များကို တောင့်ခံနိုင်စွမ်း မရှိတော့သည့်အလား ထင်မှတ်ရလေသည်။

"ဟားဟားဟား... သေစမ်း... သူ့ကို သတ်ပစ်လိုက်ကြစမ်း..."

မြေအောက် ကမ္ဘာ တစ္ဆေ ဧကရာဇ်က ဘေးမှနေ၍ ရူးသွပ်နေသူ တစ်ယောက်အလား ဟိန်းဟောက် အော်ဟစ်နေလေသည်။ သူ၏ အမုန်းတရားများ မည်မျှ ပြင်းထန်ကြောင်းကို မြင်တွေ့နိုင်ပေသည်။

"ကောင်းကင်လွှမ်း သွေးအလင်း..."

"ကောင်းကင်မျိုချ သွေးလှိုင်း..."

"သွေးသမုဒ္ဒရာ မုန်တိုင်း..."

လူရှစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်ကြပြီး တစ်ယောက်ပြီး တစ်ယောက် အစွမ်းထက်ဆုံးသော သိုင်းကွက်များကို ထုတ်ဖော်ကာ ကျိုးဟန်ထံသို့ သတ်ဖြတ်ရန် ဝင်ရောက်လာကြလေသည်။

"ဟွန့်... လှုပ်တောင် မလှုပ်ရဲပါလား..."

"ကြောက်လွန်းလို့ ကြောင်အသွားပြီ ထင်တယ်ကွာ..."

မြေအောက် ကမ္ဘာ တစ္ဆေ ဧကရာဇ်၏ မျက်နှာပေါ်တွင် ရူးသွပ်သော ဝမ်းသာမှုများ ထွက်ပေါ်လာလေသည်။ ကြောက်မက်ဖွယ်ကောင်းသော သွေးအလင်းတန်းများ ရိုက်ခတ်လာချိန်တွင် ကျိုးဟန် ထံမှ မည်သည့် လှုပ်ရှားမှုမျှ မရှိသည်ကို မြင်တွေ့လိုက်ရသဖြင့် တစ်ဖက်လူမှာ ဤကြောက်မက်ဖွယ် အရှိန်အဝါကြောင့် ကြောက်လန့်သွားသည်ဟု သဘာဝကျကျပင် ထင်မှတ်လိုက်လေသည်။ သူ၏ ရင်ထဲတွင် ယခင်က မကြုံစဖူးသော သာယာ ကြည်နူးမှုကြီးကို ခံစားနေရလေသည်။

ပြောရန်နှေးသော်လည်း အဖြစ်အပျက်က မြန်ဆန်လွန်းလှပေသည်။ စွမ်းအင် ရှစ်ခုမှာ အနီးကပ်သို့ ရောက်ရှိလာခဲ့လေပြီ။

"စိမ်းပြာရောင် မြေမှုန် အာဏာရှင် သွေး... ငါ့အတွက် ပြန်ဟပ်ပေးစမ်း..."

ကျိုးဟန်က ခပ်တိုးတိုး အော်ဟစ်လိုက်လေသည်။

သူ၏ ခန္ဓာကိုယ် အတွင်းမှ သွေးချီ စွမ်းအင်များ ပေါက်ကွဲ ထွက်ပေါ်လာပြီး မျက်စိဖြင့် မမြင်နိုင်သော ချီစွမ်းအင် အကာအကွယ် တစ်ခုက ခန္ဓာကိုယ် အပြင်ဘက်တွင် ဖုံးလွှမ်းသွားကာ သွေးတစ္ဆေ ဂိုဏ်းမှ လူများ၏ တိုက်ခိုက်မှု အားလုံးကို တားဆီးပိတ်ဆို့ လိုက်လေသည်။

အကယ်၍ အမှတ်တမဲ့ဖြင့် သူတို့ကို သတ်မိသွားပြီး ဝိညာဉ် တံခွန် အတွင်းသို့ သိမ်းဆည်း၍ မရနိုင်မည်ကို စိုးရိမ်ခြင်းသာ မရှိပါက ကျိုးဟန် အနေဖြင့် ဤမျှ အချိန်ဆွဲနေမည် မဟုတ်ဘဲ စိမ်းပြာရောင် မြေမှုန် အာဏာရှင် သွေး ၏ ပြန်ဟပ်ခြင်း အကျိုးသက်ရောက်မှုကိုသာ ဖွင့်လှစ်ထားမည် ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ ပြင်းထန်စွာ ဒဏ်ရာရရှိနေသော အခြေအနေမျိုးတွင် ဝိညာဉ် တံခွန် ၏ အဓိကဝိညာဉ် အဖြစ် သိမ်းသွင်းနိုင်ခြေ ပိုမို ကြီးမားသောကြောင့် ပင်ဖြစ်သည်။ ထို့ကြောင့် အောင်မြင်မှု ရာခိုင်နှုန်း သေချာစေရန် ကျိုးဟန် အနေဖြင့် ဤနည်းလမ်းကိုသာ အသုံးပြုရခြင်း ဖြစ်လေသည်။

ထိုသို့သာ မဟုတ်ပါက ကျိုးဟန် ၏ မူလပါရှိသော အစစ်အမှန် ထိခိုက်မှု အကျိုးသက်ရောက်မှု နှင့် မုန်တိုင်း နဂါးဘုရင် ၏ အစွမ်းထက်သော သွေးမျိုးဆက် စွမ်းအားများကြောင့် သာမန် တိုက်ခိုက်မှု တစ်ချက်တည်းဖြင့်ပင် ဤကောင်များကို ချက်ချင်း သတ်ဖြတ်မိသွားမည်ကို သူ စိုးရိမ်နေမိလေသည်။ ထိုသို့ဆိုလျှင် လူရည်ချွန်များကို အလဟဿ ဖြုန်းတီးပစ်ရာ ကျသွားပေလိမ့်မည်။

* ၈၀,၀၀၀,၀၀၀

* ၇၇,၀၀၀,၀၀၀

* ၇၈,၀၀၀,၀၀၀

* ၇၉,၀၀၀,၀၀၀

ဧရာမ ထိခိုက်မှု ကိန်းဂဏန်းများက သွေးတစ္ဆေ ဂိုဏ်းမှ လူများ၏ ခေါင်းပေါ်တွင် လွင့်ပျံ ထွက်ပေါ်လာလေသည်။

"ဟင်... ငါတောင် ပြင်းထန်တဲ့ ဒဏ်ရာ ရသွားပါလား... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

"ဒီတစ်ခါတော့ နည်းနည်း ထူးဆန်းနေပြီ... ဒီအတိုင်း ခံစစ်အနေအထားနဲ့ ရပ်နေတာတောင် ငါတို့ကို ဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာတွေ ရသွားစေတာလား..."

"ဒါက တကယ်ကို ဘယ်လို ထူးဆန်းတဲ့ သိုင်းကျင့်စဉ်လဲ... ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ..."

"တော်တော် တတ်နိုင်တဲ့ ကောင်လေးပဲ... နည်းနည်းတော့ ခက်ခဲသွားပြီ... ဂိုဏ်းချုပ်ကြီး... ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ..."

သွေးတစ္ဆေ ဂိုဏ်းမှ လူများမှာ ရုတ်တရက် ရင်တထိတ်ထိတ် ဖြစ်သွားကြလေသည်။ သူတို့ ရှစ်ယောက်၏ ရူးသွပ်ကြမ်းတမ်းသော တိုက်ခိုက်မှုကြီးကို တစ်ဖက်လူက ဤမျှ လွယ်ကူ ရိုးရှင်းစွာ ဖြေရှင်းသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြချေ။ တကယ်ကို မယုံနိုင်စရာပင် ဖြစ်သည်။ ပို၍ ထူးဆန်းသည်မှာ သူတို့ အားလုံး ပြင်းထန်သော ဒဏ်ရာများကို ရရှိသွားကြခြင်း ပင်ဖြစ်သည်။

သွေးတစ္ဆေ ဂိုဏ်းချုပ်၏ မျက်နှာထား တုန်လှုပ်သွားလေသည်။

'မင်းတို့ကောင်တွေ အကုန်လုံးက ငါ့ကို လာမေးနေတော့ ငါက ဘယ်သူ့ကို သွားမေးရမှာလဲကွ...'

ဤလှုပ်ရှားမှု တစ်ချက်တည်းဖြင့်ပင် တစ်ဖက်လူ၏ နက်နဲ ခန့်မှန်း၍ မရနိုင်သော ခွန်အားကို သိရှိနိုင်လေသည်။ သူတို့သည် ကျိုးဟန်နှင့် ယှဉ်လိုက်ပါက လုံးဝ တူညီသော အဆင့်အတန်း တစ်ခုတည်းတွင် မရှိကြချေ။

ဤလူငယ်လေးမှာ အသက်အရွယ် ငယ်ရွယ်သော်လည်း ဤမျှ အစွမ်းထက်သော ခွန်အားများ ရှိနေလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ကြချေ။ ဤတစ်ကြိမ်တွင်မူ သူတို့ လှေနံဓားထစ် မှားယွင်းသွားပြီ ဖြစ်ကြောင်း စိုးရိမ်နေကြလေသည်။ လူတိုင်း၏ မျက်နှာများမှာ မှောင်မိုက်သွားပြီး ရင်ထဲတွင် ဗြောင်းဆန်အောင် စိုးရိမ် ပူပန်နေကြလေသည်။

"ဘာ... ဒါက..."

"တိုက်လေကွာ... ဆက်တိုက်လေ... လခွမ်း... မြန်မြန် တိုက်ကြစမ်းပါ..."

"ကျိုးဟန်ကို သတ်ပစ်ကြ... မြန်မြန် သတ်ပစ်လိုက်ကြစမ်း..."

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ မြေအောက် ကမ္ဘာ တစ္ဆေ ဧကရာဇ် ၏ ရင်ထဲတွင် အလွန် ဆိုးရွားသော ကြိုတင် ခံစားမှုကြီး တစ်ခု ဖြစ်ပေါ်လာလေသည်။ သို့သော် သူသည် အမှန်တရားကို လုံးဝ မယုံကြည်လိုဘဲ ထိုနေရာတွင် ရူးသွပ်စွာ ဟိန်းဟောက် အော်ဟစ်နေလေသည်။ သူ တစ်ကိုယ်လုံးမှာ ရူးသွပ်လုမတတ် ဖြစ်နေလေပြီ။

သွေးတစ္ဆေ ဂိုဏ်းမှ လူများ၏ မျက်နှာပေါ်တွင် ခါးသီးသော အမူအရာများ ထွက်ပေါ်လာလေသည်။

'တိုက်ရမှာက မင်း အမေ လားကွ...'

သူတို့သည်လည်း တိုက်ပွဲကို လျင်မြန်စွာ အဆုံးသတ်ချင်ကြသည်မှာ သေချာလှသည်။ သို့သော် ကျိုးဟန်၏ အစွမ်းထက်သော ခွန်အားကို သူတို့ အနေဖြင့် အနည်းငယ်မျှပင် လှုပ်ခတ်နိုင်စွမ်း မရှိကြချေ။ တစ်ဖက်လူသည် ဝိညာဉ် တံခွန် ကိုပင် အသုံးမပြုရသေးဘဲ ဤမျှ အစွမ်းထက်သော စွမ်းအားများကို ထုတ်ဖော်နိုင်နေပြီ ဖြစ်လေသည်။

"ဝိညာဉ် တံခွန်... အကုန်လုံးကို သိမ်းလိုက်စမ်း..."

ကျိုးဟန်က အေးစက်စွာ ပြောလိုက်လေသည်။ စိမ်းပြာရောင် မြေမှုန် အာဏာရှင် သွေး ၏ ပြန်ဟပ်ခြင်း အကျိုးသက်ရောက်မှု အပေါ် သူ အလွန် ကျေနပ်နေမိလေသည်။

သွေးတစ္ဆေ ဂိုဏ်းမှ လူများ၏ တိုက်ခိုက်မှု စွမ်းအားမှာ သိပ်မမြင့်မားလှသဖြင့် တော်သေးသည်ဟု ဆိုရပေမည်။ အကယ်၍ ဤထက် အနည်းငယ်မျှ ပိုမို မြင့်မားနေမည် ဆိုပါက ပြန်ဟပ်သော စွမ်းအားဖြင့်ပင် တိုက်ရိုက် သေဆုံးသွားနိုင်ပေသည်။ မည်သို့ပင်ဆိုစေ သူတို့၏ သွေးပမာဏ မှာ သန်းတစ်ရာကျော်ခန့်သာ ရှိရာ ယခု လျော့ကျသွားသော သွေးပမာဏမှာ သန်းခုနစ်ဆယ် ရှစ်ဆယ်ခန့် ရှိနေပြီ ဖြစ်သဖြင့် ပြင်းထန်သော ဒဏ်ရာရရှိမှု အခြေအနေသို့ ရောက်ရှိသွားကြပြီ ဖြစ်လေသည်။

ဤသည်မှာ သိမ်းသွင်းရန် အကောင်းဆုံး အချိန်ပင် ဖြစ်လေသည်။ ဝိညာဉ် တံခွန် မှာ လေနှင့်အတူ ကြီးထွားလာပြီး လူရှစ်ယောက်လုံးကို လွှမ်းခြုံသွားလေသည်။ ဝိညာဉ်များ အပေါ် အလွန် အစွမ်းထက်သော ဖိနှိပ်နိုင်စွမ်း ရှိနေပြီး ပြင်းထန်စွာ ဒဏ်ရာရရှိနေချိန် ဖြစ်သဖြင့် သူတို့ အနေဖြင့် အနည်းငယ်မျှပင် ခုခံနိုင်စွမ်း မရှိတော့ဘဲ အတွင်းသို့ တိုက်ရိုက် ဆွဲသွင်းခံလိုက်ရလေတော့သည်။

[စနစ် အသိပေးချက် - ဂုဏ်ယူပါသည်... သင်၏ ဝိညာဉ် တံခွန် သည် ကြယ်ငါးပွင့် နတ်ဘုရားအဆင့် အရည်အသွေးရှိသော 'သွေးတစ္ဆေ ဂိုဏ်း မှ သွေးဆာ' အား အောင်မြင်စွာ သိမ်းသွင်းနိုင်ခဲ့ပြီး တတိယမြောက် အဓိကဝိညာဉ် အဖြစ် ပြောင်းလဲသွားပါသည်]

[သက်ဆိုင်ရာ ဝိသေသလက္ခဏာများ ထွက်ပေါ်လာပြီ ဖြစ်သဖြင့် ကျေးဇူးပြု၍ စစ်ဆေးကြည့်ရှုပါ]

[စနစ် အသိပေးချက် - ဂုဏ်ယူပါသည်... သင်၏ ဝိညာဉ် တံခွန် သည် ကြယ်ခြောက်ပွင့် နတ်ဘုရားအဆင့် အရည်အသွေးရှိသော 'သွေးတစ္ဆေ ဂိုဏ်းချုပ်' အား အောင်မြင်စွာ သိမ်းသွင်းနိုင်ခဲ့ပြီး စတုတ္ထမြောက် အဓိကဝိညာဉ် အဖြစ် ပြောင်းလဲသွားပါသည်]

[သက်ဆိုင်ရာ ဝိသေသလက္ခဏာများ ထွက်ပေါ်လာပြီ ဖြစ်သဖြင့် ကျေးဇူးပြု၍ စစ်ဆေးကြည့်ရှုပါ]

[စနစ် အသိပေးချက် - စိတ်မကောင်းစရာပါပဲ... သင်၏ ဝိညာဉ် တံခွန် သည် အဓိကဝိညာဉ် ကို သိမ်းသွင်းသည့် လုပ်ငန်းစဉ် အတွင်း ကျရှုံးသွားခဲ့ပါသည်]

[ထိုဝိညာဉ် မှာ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်ပြီး သင်သည် အတွေ့အကြုံရမှတ် များ ရရှိပါသည်]

[စနစ် အသိပေးချက် - သင်၏ ဝိညာဉ် တံခွန် သည် ကြယ်လေးပွင့် နတ်ဘုရားအဆင့် အရည်အသွေးရှိသော 'သွေးတစ္ဆေ ဂိုဏ်း မှ သွေးရူး' အား အောင်မြင်စွာ သိမ်းသွင်းနိုင်ခဲ့ပြီး ပဉ္စမမြောက် အဓိကဝိညာဉ် အဖြစ် ပြောင်းလဲသွားပါသည်]

[သက်ဆိုင်ရာ ဝိသေသလက္ခဏာများ ထွက်ပေါ်လာပြီ ဖြစ်သဖြင့် ကျေးဇူးပြု၍ စစ်ဆေးကြည့်ရှုပါ]

မကြာမီ ဝိညာဉ် တံခွန် သည် ကျိုးဟန်၏ အမိန့်အောက်တွင် မျိုချခြင်းကို စတင်လိုက်လေသည်။ အချက်အလက် မျက်နှာပြင် ပေါ်တွင်လည်း အချက်အလက်များ အဆက်မပြတ် လည်ပတ်နေပြီး သက်ဆိုင်ရာ ရလဒ်များကို ပြသနေလေသည်။

[စနစ် အသိပေးချက် - မျိုချခြင်း ပြီးဆုံးသွားပါပြီ]

[ဂုဏ်ယူပါသည်... သင်၏ ဝိညာဉ် တံခွန် တွင် လက်ရှိ၌ စုစုပေါင်း အဓိကဝိညာဉ် ခြောက်ခု ရှိနေပြီ ဖြစ်ပြီး အရည်အသွေးမှာ ကြယ်ခုနစ်ပွင့် နတ်ဘုရားအဆင့် သို့ တက်လှမ်းသွားပါသည်]

အသိပေးချက် အသံနှင့်အတူ အဖြူရောင် အလင်းတန်း အချို့က ဝိညာဉ် တံခွန် ၏ အပေါ်တွင် အဆက်မပြတ် တောက်ပသွားလေသည်။ အရည်အသွေး မြင့်တက်သွားပြီးနောက် ဝိညာဉ် တံခွန် မှ ထွက်ပေါ်လာသော စွမ်းအားများမှာ ပိုမို ကြီးမား ခမ်းနားလာလေသည်။

ပုန်းအောင်းနေသော ရှေးဟောင်း သားရဲကြီး တစ်ကောင် ဖြည်းညှင်းစွာ နိုးထလာသည့်အလား ပင်ဖြစ်သည်။ မူလက တစ်ကိုယ်လုံး အနက်ရောင် အရှိန်အဝါများ လွှမ်းခြုံနေသော်လည်း ယခုအခါ ၎င်းအတွင်း၌ ရွှေရောင် အရိပ်အယောင် အချို့ ရောယှက် ပါဝင်နေလေသည်။ ထိုမှိန်ဖျော့သော ရွှေရောင် အရှိန်အဝါလေးများမှာ အလွန် ရူးသွပ်ကြမ်းတမ်းလှပေသည်။

"အဲဒါက အထွတ်အထိပ် အဆင့် ရဲ့ စွမ်းအားပဲ ဖြစ်ရမယ်..."

ကျိုးဟန် သည်လည်း သတိပြုမိသွားပြီး ရင်ထဲတွင် ခန့်မှန်းချက် တစ်ခု ထွက်ပေါ်လာလေသည်။

အကယ်၍သာ အဓိကဝိညာဉ် ကိုးခု နှင့် ဝိညာဉ် တစ်သန်း ကို စုဆောင်းမိသွားပါက ဝိညာဉ် တံခွန် မှာ ကြယ်တစ်ပွင့် အထွတ်အထိပ် အဆင့် အရည်အသွေးသို့ တက်လှမ်းသွားမည် ဖြစ်လေသည်။ ယခင်က ဝိညာဉ် တံခွန် တွင် ဤကဲ့သို့သော အကျိုးသက်ရောက်မှု မျိုး သေချာပေါက် ရှိမနေခဲ့ချေ။ သို့သော် ကျိုးဟန် ၏ အဆင့်မြှင့်တင်မှု အောက်တွင် ဝိညာဉ် တံခွန် အဆင့်တက်လှမ်းရန်မှာ ပိုမို လွယ်ကူသွားခဲ့ပြီ ဖြစ်လေသည်။

နတ်ဘုရားအဆင့် အစွမ်းထက်သူ ရှစ်ယောက် အနက် နောက်ဆုံးတွင် လေးယောက်သာ အဓိကဝိညာဉ် အဖြစ်သို့ အောင်မြင်စွာ ပြောင်းလဲသွားခဲ့လေသည်။ ၎င်းတို့ အထဲတွင် ကြယ်ခြောက်ပွင့် နတ်ဘုရားအဆင့် တစ်ယောက်၊ ကြယ်ငါးပွင့် နတ်ဘုရားအဆင့် တစ်ယောက် နှင့် ကြယ်လေးပွင့် နတ်ဘုရားအဆင့် နှစ်ယောက် တို့ ပါဝင်လေသည်။

ကျရှုံးသွားသော ကောင်များမှာ လူရှစ်ယောက် အနက် အညံ့ဆုံးများသာ ဖြစ်ကြလေသည်။ ဝိညာဉ် တံခွန် တွင် ၎င်း၏ ကိုယ်ပိုင် ရွေးချယ်မှု စနစ် ရှိနေခြင်းလား ဆိုသည်ကိုတော့ မသိရချေ။ ဤရလဒ်အပေါ် ကျိုးဟန် အနေဖြင့် အလွန် ကျေနပ်နေမိလေသည်။

ထို့နောက် သူသည် အဓိကဝိညာဉ် များ၏ အချက်အလက် မျက်နှာပြင် ကို ဖွင့်ကြည့်လိုက်ပြီး အဓိကဝိညာဉ် အသစ်များ တွင် အစွမ်းထက်သော အထူး ဝိသေသလက္ခဏာ များ ပါဝင်နေခြင်း ရှိမရှိကို စစ်ဆေးကြည့်လိုက်လေသည်။

All Chapters