ရှစ်ခုမြောက်စိတ်ဝိညာဉ် ပေါ်လာခြင်း
Vol. 93 Ch. 1271
ထာဆန်၏မျက်လုံးက လက်ခနဲဖြစ်သွား၏။ သူက လျှပ်စီးများ ထွေးပတ်ခြင်း ခံထားရစဥ် သူ့ညာလက်ကို ကောင်းကင်ထက်တွင် ဝေ့ယမ်းသည်။ ကျယ်လောင်စွာ မြည်ဟိန်း၍ ဧရာမအက်ကြောင်းကြီး ပေါ်လာကာ နတ်ဘုရားသတ်ဖြတ်ခြင်းလှံ ထွက်ပေါ်လာတော့သည်။
သူက ထိုနတ်ဘုရားသတ်ဖြတ်ခြင်းလှံကို ဖမ်းဆုပ်၍ မာန်သွင်းပြီး ဝေ့ယမ်းသည်။ လောကကို တုန်လှုပ်သွားစေမည့် အော်ရာတစ်ခု ပေါ်လာသည်။ ၎င်းအော်ရာက အပြာရောင်ဓါးတိုဖြင့် ထိပ်တိုက်တွေ့သည်။
တစီစီအသံများ အရူးအမူး ပဲ့တင်ထပ်၏။ အပြာရောင်ဓါးတိုသည် ရုတ်တရက် အစိတ်စိတ်ပျက်စီးသည်။ သို့သော် ၎င်းက ပျောက်ကွယ်သွားခြင်း မရှိဘဲ ထာဆန်ထံ တန်းတန်းမတ်မတ် တိုးဝင်လာသည်။
တစ်ချိန်တည်းမှာ အစီအရင်အတွင်း၌ ပိုများပြားသော အလင်းများ ပေါ်လာ၏။ သည်တစ်ကြိမ်၌ မတူညီသည့် အလင်းသုံးမျိုး တောက်ပလာသည်။ အလင်းတစ်ခုက ရွှေရောင်ရှိကာ ဧရာမရွှေရောင်ဓါးကြီးအဖြစ် သိပ်သည်းသွားသည်။ ထိုဓါးက ပေတစ်ထောင်ကျော်ရှည်၍ ထာဆန်ထံ ချက်ခြင်း ပျံသန်းဝင်လာသည်။
ဒုတိယအလင်းက ခရမ်းရောင်ရှိပြီး ပေတစ်သောင်းလောက် ရှည်လျားသည့် ခရမ်းရောင်ကျာပွတ်အဖြစ် ပြောင်းလဲ၏။ ထိုကျာပွတ်ပေါ်တွင် မရေမတွက်နိုင်သောစာလုံးများ ရေးထွင်းထားသည်။ ၎င်းပေါ်လာသည်နှင့် အစီအရင်မှာ တွန့်လိမ်လာသည်။
ကျာပွတ်က မြွေကြီးတစ်ကောင်အလား ထာဆန်ထံ ဝေ့ယမ်းလွှဲရိုက်ချသည်။ တတိယမြောက်အလင်းက အနီရောင် ဖြစ်၏။ သည်အလင်းက အစီအရင်တစ်ခုလုံးကို သွေးနီရောင် ထင်းသွားစေသည်။ ၎င်းအနီရောင်အလင်းထံမှ ငြီးတွားအော်မြည်သံများ ချက်ခြင်းထွက်ပေါ်လာသည်။
ယင်းအနီရောင်အလင်းက ဦးခေါင်းကိုးလုံးကျိုင်းကောင် အဖြစ် သိပ်သည်းလေ၏။ ၎င်းက ထာဆန်ထံ တိုးဝင်လာတော့သည်။
ဤအစီအရင်တွင် စုစုပေါင်း စိတ်ဝိညာဥ်ကိုးခု ရှိသည်။ အခုချိန်တွင် စိတ်ဝိညာဥ်ငါးခုက ထာဆန်ကို တိုက်ခိုက်ဖို့ ထွက်ပေါ်လာကြပေပြီ။
ထာဆန်က သူ့နတ်ဘုရားသတ်ဖြတ်ခြင်းလှံကို ဝေ့ယမ်းလျက် အလေးအနက်ဟန်ပန် ဖြစ်လာသည်။ သူ့ဘယ်လက်ဖြင့် လေဟာနယ်အတွင်း ဝေ့ယမ်းရာ လရောင်များ စတင်စုဝေးလာပြီးနောက် လခြမ်းကွေးဓါးသွား ဖြစ်ပေါ်သည်။
တော်လဲသံများ တုန်ဟည်းနေခြင်းက သည်လေဟာနယ်နေရာ ပျက်စီးသွားတော့မလား ခံစားရစေသည်။ သို့သော် ဤအစီအရင်က ပျက်စီးမည့်အရိပ်အယောင် လုံးဝ မပြသေးပေ။ ထာဆန်က မာန်သွင်းအော်ဟစ်ပြီး အစီအရင်စိတ်ဝိညာဥ်ငါးခုနှင့် တိုက်ပွဲစတင်သည်။
ဤအခိုက်အတန့်၌ အစီအရင်ထံမှ မည်သည့်အလင်းမျှ ထွက်ပေါ်မလာသော်လည်း အပူလှိုင်းတစ်ခု ပေါ်လာ၏။ အပူလှိုင်းပေါ်လာသည်နှင့် အစီအရင်အတွင်း ပေထောင်သောင်းချီကြီးမားသည့် ဧရာမလောက်လေးခွပေါ်လာ၏။ ၎င်းထံမှ ရှေးဟောင်းအော်ရာတစ်ခုကို ပေးစွမ်းနေသည်။ ယင်းလောက်လေးခွကြီးမှာ အချိန်ဖြတ်သန်းမှု ထင်းပေါ်လှ၏။၎င်းကို ကြည့်မိသူတိုင်း၏စိတ်ကိုလည်း တုန်လှုပ်စေနိုင်သည်။
၎င်းလောက်လေးခွကြား၌ ထုထည်ကြီးမားသည့် မီးလုံးကြီးတစ်လုံး ရှိသည်။ထိုမီးလုံးမှာ အရောင်မရှိ၊မမြင်ရ၊သို့သော် လူတစ်ယောက်သည် ၎င်းထံမှ အံ့မခန်းအပူဓါတ်ကို ခံစားမိနိုင်၏။
ဘန်းခနဲ ပေါက်ကွဲသံနှင့်အတူ အနှီလောက်လေးခွကြီးက မီးလုံးကို ထာဆန်ထံသို့ ပစ်သွင်းလာသည်။ မီးလုံးတစ်လုံးတည်း ဆိုပါက ကိစ္စမရှိပေ။ သို့ရာတွင် မီးလုံးတစ်လုံးကို ပစ်သွင်းပြီးနောက် အစီအရင်ကြောင့် နောက်ထပ်မီးလုံးတစ်လုံး ချက်ခြင်းလိုလို ထပ်ဖွဲ့စည်းသည်။ သည့်နောက် လောက်လေးခွက မီးလုံးများကို ဆက်တိုက်ပစ်လွှတ်သည်။
နှစ်ပေါင်းမရေမတွက်နိုင်သော အချိန်များအတွင်း သည်ချိပ်ပိတ်အစီအရင်ကို ချိုးဖြတ်ဖို့ ကြိုးစားခဲ့ကြသော လူများစွာမှာ ဤလောက်လေးခွကြောင့် သေဆုံးခဲ့ရပြီး ဖြစ်သည်။
ခြောက်ခုမြောက်စိတ်ဝိညာဥ် ထွက်ပေါ်လာသည့်အခါ ထာဆန်သည်ပင် အခြေအနေဆိုးလာ၏။ အစီအရင်စိတ်ဝိညာဥ်ခြောက်ခု တိုက်ခိုက်လာချိန်တွင် ပထမဆုံးအကြိမ်အဖြစ် ထာဆန် နောက်ဆုတ်လိုက်ရသည်။
သူနောက်ဆုတ်ရ၏။ သူ့အမူအရာက မယုံကြည်နိုင်ဟန်ဖြင့် အလေးအနက်ဖြစ်လာသည်။ သို့ရာတွင် သူ့ကြမ်းကြုတ်မှုက ပိုအားကောင်းလာ၏။
"အစွမ်းထက်လိုက်တဲ့ အစီအရင်...။ ငါ ဝမ်လင်းကို ဝါးမြိုပြီး အစစ်အမှန်ရှေးဟောင်းနတ်ဘုရား ဖြစ်လာတဲ့အခါမှ ဒီအစီအရင်ကို ချိုးဖြတ်ဖို့ အခွင့်အရေး ရှိနိုင်မယ်။ ဒါပေမဲ့ ဒီနေရာမှာ ဝမ်လင်းရဲ့အော်ရာ အရိပ်အမြွက်ကို ငါ ခပ်ရေးရေး ခံစားမိတယ်။ ဆိုလိုတာက ဝမ်လင်းဟာ ချိပ်ပိတ်နယ်မြေရဲ့ အပြင်ဘက် ရှေးဟောင်းကြယ်အဖွဲ့အစည်းမှာ ရှိနေတာပဲ။ ဒီတော့ ဘာပဲလုပ်ရလုပ်ရ ငါ ဒီအစီအရင်ကို ချိုးဖျက်ရမယ်..."
ထာဆန်၏မျက်လုံးတို့က အနီရောင်တောက်လာ၏။ သူ နောက်ဆုတ်နေရင်းဖြင့် သူ့ညာလက်ကို သူ့မျက်ခုံးနှစ်ခုကြား ညွှန်သည်။ သူ့မျက်ခုံးကြားရှိ တတိယမြောက်ကြယ်သည် လွန်စွာ တောက်ပလာ၏။ တတိယအဆင့်ကျင့်ကြံသူတစ်ယောင်၏ မူလရင်းမြစ်အော်ရာ တရကြမ်း ထိုးထွက်လာသည်။
"ဒီကနေ ထိုးထွက်နိုင်အောင် ငါ့စွမ်းအားအပြည့် အသုံးပြုရလောက်တယ်။ ဒါပေမဲ့ ဆိုလိုတာက ငါ ဒီချိပ်ပိတ်နယ်မြေကို ပြန်လာနိုင်တဲ့အစွမ်း မရှိလောက်တော့ဘူး။ ဒါဟာ ပြဿနာတော့ မဟုတ်ဘူး။ ဝမ်လင်း ချိပ်ပိတ်နယ်မြေရဲ့ အပြင်ဘက် ရှေးဟောင်းကြယ်အဖွဲ့အစည်းအတွင်းမှာ ရှိနေခဲ့တယ်ဆိုရင် ဒီချိပ်ပိတ်နယ်မြေမှာ နေနေတာဟာ ငါ့အတွက် ဘာမှ အသုံးမဝင်တော့ဘူး။ ငါ ထွက်ခွာပြီး သူ့ကို ဝါးမြိုနိုင်သရွှေ့ ငါ ဘယ်လောက်ပဲ စတေးရပါစေ ထိုက်တန်လိမ့်မယ်..
ထာဆန်သည် သူ့စိတ်ကိုယ်သူ ပြင်ဆင်၏။ သူ့တတိယမြောက်ကြယ်မှ မူလစွမ်းအင်ရင်းမြစ်သည် ပို၍ သိပ်သည်းလာကာ မထင်မှတ်စွာဖြင့် အစီအရင်တစ်ခုလုံးကို ထွေးခြုံသွားသည်ဟု ထင်မှတ်ရသည်။ လူတစ်ယောက်သည် ထာဆန်၏တတိယမြောက်ကြယ်ထံမှ သေလုမြောပါးအော်သံ ခပ်ဖျော့ဖျော့ကို ကြားရနိုင်၏။ သို့ရာတွင် ဤအခိုက်အတန့်၌ ပြင်းထန်သောမူလစွမ်းအင်တို့ မြင့်တက်လေ၏။တတိယကြယ် ပျံသန်းထွက်လာကာ ကြယ်ပျံတစ်စင်းအလား ချိပ်ပိတ်ခြင်းအစီအရင်ကို ထိမှန်သည်။
ထာဆန်သည် ရှေ့လှမ်း၏။ သူက ကြယ်ပျံတစ်စင်း အရွယ်အစားထိ ကြုံ့သွားပြီးနောက် တရကြမ်း ထိုးထွက်လာသည်။
သူက အစီအရင်ထံ တိုးဝင်လာသည်။
တတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏ မူလရင်းမြစ် ပါဝင်သည့်ကြယ်ပျံက လမ်းကြောင်း ရှင်းပေးသည်။ ထာဆန်က နတ်ဘုရားသတ်ဖြတ်ခြင်းလှံနှင့် လခြမ်းကွေးဓါးသွားတို့ကို သူ့ဘေးပတ်လည်တွင် ဝန်းရံစေလျက် ပြင်းထန်သောအားတစ်ခုက သူ့ပတ်လည်တွင် စုဝေးသည်။ သူသည် အစီအရင် ရှိရာနေရာသို့ မြန်သထက်မြန်မြန် ရွှေ့လျားလာ၏။
အစီအရင်၏စိတ်ဝိညာဥ်ခြောက်ခုက သူ့ကို ဟန့်တားရန် အရူးအမူး တိုက်ခိုက်ကြသည်။ လောက်လေးခွက မီးလုံးများစွာကို အဆတ်မပြတ် ပစ်လွှတ်ရာ တုနွဟည်းသံများ ပဲ့တင်ထပ်နေသည်။ ထာဆန်ကလည်း ပိုမြန်လာ၏။
ထိုအခိုက်အတန့်၌ အစီအရင်ထံမှ နောက်ထပ်အလင်းတစ်ခု ထွက်ပေါ်လာသည်။ သည်အလင်းမှာ အနက်ရောင်ရှိ၍ ၎င်းကိုယ်တိုင် လေဟာနယ် ဖြစ်ကာ အစီအရင်သည်ပင် ပျောက်ကွယ်သွားသကဲ့သို့ ထင်မှတ်ရ၏။ ထိုအနက်ရောင်အလင်းက ဧရာမတုတ်ကြီး အဖြစ် သိပ်သည်းလေ၏။
ထိုတုတ်က ပေါ်လာသည်နှင့် ထာဆန်ထံ လွှဲရိုက်ချလာသည်။
တုန်ဟီးသံများ ဆက်တိုက်ဖြစ်ပေါ်ကာ စိတ်ဝိညာဥ်ခုနစ်ခုသည် တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်ပြီး ထာဆန်ကို ဟန့်တားသည်။ ထာဆန်၏မျက်နှာက ဖြူရောသွား၏။ သူ့ပါးစပ်ထောင့်မှ သွေးစီးကျလာဟန် ထင်ရသည်။
"ဒါက ဘယ်လို အစီအရင်မျိုးလဲ။ ဘယ်လိုအရူးကများ ဒီအစီအရင်ကို နေရာချခဲ့တာလဲ။ ဒီနေရာမှာ ငါ့အပြင် နောက်ထပ်ပုန်းကွယ်နေတဲ့ တည်ရှိမှုတစ်ခု ရှိနေတာများလား။ မဟုတ်ရင် ဒီလောက်အစွမ်းထက်တဲ့ အစီအရင် တည်ရှိနေစရာ နည်းလမ်း မရှိဘူး..."
သူသည် ဆက်တိုးလာ၏။ သူ့မျက်လုံးထဲတွင် ရူးသွပ်မှုနှင့် ပြည့်နှက်နေသော်လည်း သူ့စိတ်ကမူ တည်ငြိမ်ပေသည်။ သူ့ဘဝတွင် ထူစီကလွဲ၍ မည်စူ့ကိုမျှ မကြောက်ပေ။ သူက အစီအရင်ကို စူးစိုက်ကြည့်လျက် သူ့မျက်လုံးထဲရှိ ရူးသွပ်မှုသည် ပိုအားကောင်းလာတော့သည်။
"ငါ့စွမ်းအား တိုးတက်ဖို့ နောက်ဆုတ်သွားခဲ့တဲ့ တတိယအဆင့်ကျင့်ကြံသူကို ချိပ်ပိတ်နိုင်ဖို့အတွက် ရှာဖွေမယ့်အစား...ငါ ခုချက်ခြင်း ဒီအစီအရင်ထဲကနေ ထိုးထွက််မယ်၊ပြီးမှ ရှေးဟောင်းကြယ်အဖွဲ့အစည်းက တတိယအဆင့်ကျင့်ကြံသူတွေကို ရှာရမယ်။ ဒါဟာ ဒီနေရာမှာ အခုလိုမျိုး အစီအရင်ကို ချခင်းခဲ့တဲ့အတွက် မင်းတို့အပေါ် ပြစ်ဒဏ်ပဲ..."
ထာဆန်သည် သူ့ညာလက်ကို မြှောက်သည်။ အေးစက်စက်နှာခေါင်းရှုံ့၍ သူ့ဒုတိယမြောက်ကြယ်ထံ လက်ညွှန်သည်။
ဒုတိယမြောက်ကြယ်က ပိုအစွမ်းထက်သည့် မူလရင်းမြစ်စွမ်းအင်ကို ပေးစွမ်းကာ ဒုတိယမြောက်ကြယ်ပျံအဖြစ် ပျံသန်းထွက်လာသည်။ ၎င်းက ပထမကြယ်ပျံထက် ပိုပြင်းထန်သောအားအဟုန်ဖြင့် အစီအရင်ထံ ဦးတည်ပျံသန်းလေ၏။
"ဒီနတ်ဘုရားအတွက် ပျက်စီးလိုက်စမ်း..." ထာဆန်သည် ကြယ်ပျံနှစ်စင်းနောက်ကနေ ကပ်လိုက်လာသည်။
သည်အစီအရင်မှာ စဖွဲ့စည်းပြီးကတည်းက လုံးဝပျက်စီးခြင်း မရှိခဲ့ပေ။ လောကကို ဖျက်စီးပစ်နိုင်သည့်အော်ရာ ပါဝင်သော ထာဆန်၏တိုက်ခိုက်မှုက ချက်ခြင်း နီးကပ်လာပေပြီ။
အစီအရင်စိတ်ဝိညာဥ်ခုနစ်ခုက သူ့ကို ရပ်တန်ရန် ဆက်တိုက်ကြိုးစားလာသည်။ သို့ရာတွင် ထာဆန်က ဒုတိယကြယ်စွမ်းအား၊နတ်ဘုရားသတ်ဖြတ်ခြင်းလှံနှင့် လခြမ်းကွေးဓါးသွားတို့၏ စွမ်းအားကြောင့် အစီအရင်နား ရောက်လာသည်။ သည်အခိုက်အတန့်တွင် အစီအရင်ထံမှ နောက်ထပ်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ထိုအလင်းတန်းကို တွေ့မြင်သည့်အခါ ထာဆန်ကဲ့သို့ အစွမ်းထက်သူပင် မင်သက်သွားမိ၏။ သူသည် ပိုမြန်ဆန်စွာ တိုးဝင်လာသည်။
ချက်ခြင်းလိုလို ထိုအလင်းတန်းက ဧရာမပုဆိန်ကြီး အဖြစ် ပြောင်းသည်။
ရှေးကျသော ရှေးဟောင်းနတ်ဘုရားအော်ရာတစ်ခုသည် ချက်ခြင်း ပြန့်နှံ့လေ၏။ ထိုပုဆိန်ပေါ်လာသည်နှင့် ထာဆန် လုံးဝမင်သက်သွားသည်။ သူသည် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီး အရာများစွာတွေ့မြင်ခဲ့ဖူးသော်လည်း ခုချိန်ကဲ့သို့ တုန်လှုပ်မှုမျိုး လုံးဝ မဖြစ်ပေါ်ခဲ့ပေ။
"ဒါ...ဒါ မဖြစ်နိုင်ဘူး။ ဒါက ဘယ်လိုလုပ် အစီအရင်ရဲ့ စိတ်ဝိညာဥ်ဖြစ်နေရတာလဲ..."
ရှေးဟောင်းနတ်ဘုရားစွမ်းအားအပြည့်ဖြင့် သည်ပုဆိန်ပေါ်လာပြီးနောက် ၎င်းသည် ကောင်းကင်ထက်သို့ မြောက်တာကာ ထာဆန်ပေါ်သို့ ခုတ်ပိုင်းချလာ၏။
ထိုခုတ်ပိုင်းချက်အောက်တွင် မည်သည့်သက်ရှိမျှ မလွတ်မြောက်နိုင်၊ မခုခံနိုင်ဟု ထင်မှားရလောက်သည်။
"ဒါက ဘိုးဘေးတော်ဝင်လက်နက် ဖြစ်တော့ရော ဘာဖြစ်သေးလဲ။ ဒီအစီအရင်ချိုးဖျက်ပစ်မှာကို ဘယ်အရာကမှ ငါ့ကို မတားနိုင်ဘူး..."
သူ့မျက်လုံးမှာ နီရဲလာ၍ သူက သူ့မျက်ခုံးနှစ်ခုကြားရှိ ပထမကြယ်ကို လက်ညွှန်သည်။ ထို့နောက် နောက်ထပ်မူလစွမ်းအင်ရင်းမြစ် ပေါက်ကွဲထွက်လာလေ၏။ တတိယမြောက်ကြယ်ပျံက အရင်နှစ်ခုနှင့်ပေါင်းစည်း၍ တစ်ခုတည်း ဖြစ်လာသည်။
ထာဆန်သည် ထိုးထွက်လာကာ ၎င်းကြယ်ပျံနှင့် ပေါင်းစပ်၏။ ထိုအခါ တတိယအဆင့်ကျင့်ကြံသူသုံးယောက်၏မူလရင်းမြစ်ပေါက်ကွဲမှု၊ ရှေးဟောင်းနတ်ဘုရားကြယ်သုံးလုံးစွမ်းအား၊နတ်ဘုရားသတ်ဖြတ်ခြင်းလှံနှင့် လခြမ်းကွေးဓါးသွားတို့သည် အစီအရင်၏အခြားစိတ်ဝိညာဥ်များနှင့် ပုဆိန်၏ တိုက်ခိုက်မှုများကြားကနေ ရှေ့တိုးဝင်လာကြသည်။
ချက်ခြင်းပင် စိတ်ဝိညာဥ်ခုနစ်ခု၏ တိုက်ခိုက်မှုများသည် ကြယ်ပျံပေါ်သို့ ကျရောက်လာ၏။ ဧရာမပုဆိန်ခုတ်ပိုင်းချက်သည်လည်း ကြယ်ပျံပေါ်သို့ တိုက်ရိုက် ကျရောက်လာသည်။
ကြယ်ပျံက ရုတ်တရက် ပျက်စီးသွား၏။ အတွင်းမှ ထာဆန်သည် သွေးအန်ရသည်။ သို့သော် သူက ပိုမြန်ဆန်စွာ ရွှေ့လျားသည်။
ပုဆိန်ခုတ်ပိုင်းချက် ဒုတိယကြိမ် ရောက်လာချိန်တွင် သူသည် အစီအရင်နှင့် ဝင်ဆောင့်၏။
ထိုထိပ်တိုက်တွေ့မှုက ကောင်းကင်တုန်လှုပ်စေနိုင်သည်။ ၎င်းက ကောင်းကင်ဘုံနယ်မြေလေးခုကိုလည်း လှုပ်ခတ်စေသည်။ ပြင်ပနယ်မြေကနေ အစီအရင်ကို စောင့်ကြပ်နေကြသူများအားလုံးကိုလည်း မင်သက်သွားစေသည်။
ဘယ်တုန်းကမှ မပျက်စီးခဲ့သော အစီအရင်သည် ပျက်စီးတော့မည့်အလား အပြင်းအထန် တုန်ခါလာသည်။ သို့သော်အဆုံးသပ်၌ ၎င်းမှာ ပျက်စီးမသွားပေ။ ထာဆန်သည် ယင်းအစီအရင်ကို အရူးအမူး ဆက်တိုက် ဝင်ဆောင့်သည့်အတွက်ကြောင့် ၎င်းမှာ ပို၍ ပြင်းထန်စွာ လှုပ်ခါလေတော့သည်။
"စီးဆင်းမင်ပြောင်းလဲခြင်း နတ်ဘုရားနည်းစနစ်..."
ပုဆိန်ကလည်း ဆင့်ကာဆင့်ကာ ခုတ်ပိုင်းနေ၏။ တိုက်ခိုက်မှုတစ်ခုစီတိုင်းသည် ထာဆန်ကို သွေးအန်စေပေသည်။သူက ရူးသွပ်နေဆဲပင်။ ထူစီပင် အပြည့်အစုံ မအောင်မြင်ခဲ့သည့် စီးဆင်းမင်ပြောင်းလဲခြင်း နတ်ဘုရင်နည်းစနစ်ကိုပါ အသုံးပြုလိုက်သည်။
ထိုအခိုက်အတန့်၌ အနက်ရောင်မြူက ထာဆန်ကို ဝန်းရံပြီး ပုဆိန်သည်လည်း တုံးနှေးကာ ရပ်တန့်သွားသည်။ ယင်းအခိုက်အတန့်ကို အသုံးချ၍ အနက်ရောင်မြူများသည် အစီအရင်အတွင်း ကျူးကျော်ဝင်ရောက်ကုန်သည်။
"ပေါက်ကွဲစမ်း၊ပေါက်ကွဲစမ်း၊ပေါက်ကွဲစမ်း..."
ထာဆန်၏အသံက လောကကို တုန်ခါစေ၏။ သူ့ဘေးရှိ ကြယ်ပျံများဟာ ပေါက်ကွဲသည်။ အံ့မခန်းအဖျက်အစီးအားတစ်ခုက အစီအရင်ကို ထိမှန်၏။ ပထမဆုံးအကြိမ်အဖြစ် အစီအရင်ပေါ်တွင် အက်ကြောင်းတစ်ခု ပေါ်လာသည်။
ထိုအက်ကြောင်းပေါ်လာသည်နှင့် ထာဆန်က တိုးဝင်လိုက်သည်။
ထာဆန်က သွေးအန်လျက်ဖြင့်ပင် ရူးသွပ်စွာ ရယ်မောသည်။ မှိန်ဖျော့သွားသည့် ကြယ်သုံးလုံးက သူ့ထံ ပြန်ရောက်ရှိလာ၏။ သို့သော် ထိုကြယ်သုံးလုံးထဲမှ တစ်လုံးသည် ရုတ်တရက် ပျက်စီးသွားလေ၏။
"ဝမ်လင်း...ဒီနတ်ဘုရား လာနေပြီ...မင်း ဘယ်နေရာ ထွက်ပြေးမလဲ ငါ ကြည့်ချင်တယ်..."
***