← Chapters

အခန်း ၄

Vol. 1 Ch. 4

အခန်း ၄

Vol. 1 Ch. 4

အခန်း ၄ - နတ်ဆိုးနှိမ်နင်းရေး တံဆိပ်။

“ဘယ်သူ... ဘယ်သူလဲ။”

ယဲ့ချန် တစ်ကိုယ်လုံး အားအင်ကုန်ခမ်းသွားသလို ခံစားလိုက်ရပြီး ကျောရိုးကနေ ခေါင်းထိပ်အထိ အေးစက်စက် လေတိုးသံတစ်ခုကို ခံစားလိုက်ရသည်။ သူသည် မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် မိုးမိထားသူတစ်ယောက်လိုသို့မဟုတ် ရောဂါဝေဒနာ ခံစားနေရသူတစ်ယောက်လို အားအင်ကုန်ခမ်းနေသည်။

သူ့စိတ်ထဲတွင် မျှော်လင့်ချက် အနည်းငယ် ရှိနေသေးသည်။

ဟိုတယ်ဝန်ထမ်း တစ်ယောက်ယောက်က သူ့ကို လန့်အောင်လုပ်ဖို့ သရဲတစ္ဆေလို ဟန်ဆောင်ပြီး အခန်းထဲ ခိုးဝင်လာတာများလား။

သို့သော် ယဲ့ချန် ထိုအတွေးကို ချက်ချင်း ဖျောက်ပစ်လိုက်သည်။ အခန်းထဲတွင် မြင်နေရသည်မှာ မရေမတွက်နိုင်သော အမှတ်အသားများ ဖြစ်သည်။ ၎င်းမှာ လူ၏ ခြေရာများနှင့် ဆင်တူသော်လည်း သွေးစက်များဖြင့် ရောထွေးနေပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။ အဆိုပါ အမှတ်အသားများသည် အိပ်ရာအောက်အထိ တိုးဝင်သွားသည်။

ထိုစဉ် အိပ်ရာအောက်မှ သီချင်းသံ ထွက်ပေါ်လာသည်။

“မြူခိုးတွေထဲကနေ ပန်းတွေကို ကြည့်သလို ရေထဲက လကို ငေးကြည့်သလို ဒီပြောင်းလဲနေတဲ့ လောကကြီးကို မင်း ခွဲခြားနိုင်ပါ့မလား...”

ဒါဟာ ကလေးမလေးတစ်ယောက်ရဲ့ အသံ ဖြစ်ပေမဲ့ သီချင်းသံက ထူးဆန်းပြီး ဝေးကွာနေသလို အသံဩဇာ ပြတ်တောက်ကာ ကြောက်မက်ဖွယ် ကောင်းလှသည်။ DVD ခွေဟောင်းတွေ ပျက်စီးသွားရင် အသံတွေ ပြတ်တောက်ပြီး သတ္တုတွေကို ဆွဲဖြဲလိုက်သလို ကြောက်စရာကောင်းတဲ့ အသံမျိုး ဖြစ်သည်။

‘သောက်ကျိုးနည် ဒီတစ်ခါတော့ ငါ တကယ်ကို ဒုက္ခရောက်ပြီ ထင်တယ်...’

ယဲ့ချန်၏ ဆံပင်များပင် ထောင်မတတ် ဖြစ်သွားသည်။ တစ်ချိန်တည်းမှာပင် အခန်းထဲရှိ မီးလုံးများက ဝါယာကြိုးဟောင်းများကဲ့သို့ တတီတီမြည်ပြီး ဖျတ်ဖျတ်လင်းကာ ထိတ်လန့်ဖွယ် ရုပ်ရှင်ဇာတ်ဝင်ခန်း တစ်ခုလို ဖြစ်လာသည်။ အေးစက်စက် လေတိုးသံကြောင့် ကုလားကာများက လှုပ်ခတ်နေသည်။

နောက်တစ်စက္ကန့်မှာပဲ။

အိပ်ရာအောက်မှ အဖြူရောင် ဝတ်စုံနဲ့ ကလေးမလေးတစ်ယောက် တွားသွား ထွက်လာပြီး သီချင်းဆိုနေသည်။

“...ငါ့ကို မြင်နိုင်စွမ်းရှိတဲ့ မျက်လုံးတစ်စုံ ငှားပေးပါ။ ဒီရှုပ်ထွေးနေတဲ့ လောကကြီးကို ကြည်လင်ပြတ်သားစွာ မြင်နိုင်ပါစေ...”

ကလေးမလေး မတ်တပ်ရပ်လိုက်သည်။ သူမ၏ အဖြူရောင် ဝတ်စုံမှာ သွေးစက်များ စွန်းထင်းနေပြီး မျက်နှာမှာလည်း ဖျော့တော့နေသည်။ မျက်လုံးများမှာ ပုပ်နေသော အသီးများကဲ့သို့ ဖြစ်နေပြီး မျက်ထောင့်များမှ သွေးများ ယိုစီးနေသည်။ လည်ပင်းမှာ တစ်ဖက်သို့ စောင်းနေပြီး ကျိုးနေဟန် ရှိသည်။ အပြာရောင် သန်းသော လျှာကြီးမှာ ပါးစပ်မှ ထွက်ကျလာပြီး မြေကြီးထိအောင် ရှည်လျားနေသည်။

သူမ၏ ခန္ဓာကိုယ်ပတ်လည်တွင် အနက်ရောင် ငွေ့များ လှည့်ပတ်နေသည်။

“ကလေး... ကလေးမလေး... နင်... နင် မီးခိုးတွေ ထွက်နေပါလား။”

ကလေးမလေး”က ယဲ့ချန်ကို တစ်ချက်ကြည့်လိုက်သည်။

“မိုက်မဲလိုက်တာ ဒါ မီးခိုးမဟုတ်ဘူး၊ ဒါ အငြိုးအတေးတွေ...”

အငြိုး... အငြိုးအတေး။

ဒါတွေက ဘာတွေလဲ။

ထို့နောက် အေးစက်စက် အငွေ့အသက်တစ်ခုက ယဲ့ချန်ဆီ တိုးဝင်လာပြီး ကမ္ဘာကြီးတစ်ခုလုံးလည်ပတ်နေသလို ဖြစ်သွားသည်။ ယဲ့ချန်၏ အမြင်တွင် အခန်းထဲရှိ ပစ္စည်းများ ပြောင်းလဲသွားသည်။ ပရိဘောဂဟောင်းများ ထောင့်မှာရှိတဲ့ အနီရောင် ရေနွေးအိုးဟောင်း၊ နံရံပေါ်က Vivian Chow နဲ့ Little Tigers တို့ရဲ့ ပိုစတာတွေ။ အခန်းထဲမှာ လေအေးပေးစက် မရှိတော့ဘဲ မျက်နှာကျက်မှာ ပန်ကာတစ်ခုသာ လည်နေသည်။

ယဲ့ချန် ၁၉၉၀ ခုနှစ်များက ဟိုတယ်တစ်ခုသို့ ရောက်နေသလို ခံစားရသည်။ ပတ်ဝန်းကျင်တစ်ခုလုံး သွေးနံ့များဖြင့် ပြည့်နှက်နေပြီး သူ နောက်သို့ ဆုတ်လိုက်သော်လည်း ခြေလှမ်းတိုင်းမှာ စေးကပ်ကပ် ဖြစ်နေသည်။ သူ အပေါ်ကို မော့ကြည့်လိုက်ရာ မြေကြီးပေါ်တွင် သွေးနှင့် အသားစများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။

သူ အတည်ပြုလိုက်နိုင်ပြီ။

သရဲ တကယ့်ကို သရဲပဲ။

“သရဲ သရဲ။”

ယဲ့ချန် အော်ဟစ်လိုက်သည်။

“မ... မလုပ်ပါနဲ့။ နင့်ကို ငါ ဘာမှ မလုပ်ရပါဘူး။ နင် သေတုန်းက ငါကနို့စို့အရွယ်ပဲ ရှိသေးတာ ငါ့ကို မလုပ်ပါနဲ့။”

ယဲ့ချန် သရဲကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သူ မကြောက်ဘဲ မနေနိုင်ပေ။

“ငါ့ကို မစားပါနဲ့ တကယ်ပြောရရင် ငါတို့ မျိုးဆက်တွေက အဆိပ်အတောက်တွေနဲ့ ကြီးပြင်းလာခဲ့တာ ငါ့ကို စားရင် နင်ပါ အဆိပ်သင့်ပြီး ပြာကျသွားလိမ့်မယ်။”

ယဲ့ချန် အသက်ရှင်ဖို့ အစွမ်းကုန် ကြိုးစားနေသည်။ သူ ဘယ်က ရလာမှန်းမသိတဲ့ အားအင်တွေနဲ့ အပြင်ကို ပြေးထွက်ဖို့ ကြိုးစားသည်။

ဒါပေမဲ့ သူ ပြေးလေ ပိုပြီး ပတ်ပတ်လည် လည်နေသလို ဖြစ်ကာ အပြင်ကို မထွက်နိုင်ပေ။

“သေစမ်း... ဒါ စာအုပ်ထဲမှာ ဖတ်ဖူးတဲ့ သရဲဝင်္ကပါဆိုတာလား ငါ ဒီနေ့ သေရတော့မှာလား။”

မိန်းကလေးသရဲက ယဲ့ချန်ကို ဂရုမစိုက်ပေ။ သူမက အခန်းထဲမှာ ယိမ်းနွဲ့နွဲ့ လျှောက်သွားပြီး ကုလားထိုင်တစ်လုံးကို ယူကာ ပန်ကာအောက်မှာ ထားလိုက်သည်။ ထို့နောက် ကုလားထိုင်ပေါ် တက်ပြီး ကြိုးတစ်ချောင်းကို ပန်ကာမှာ ချည်ကာ လည်ပင်းကို စွပ်လိုက်သည်။ သူမ၏ ခြေထောက်နှစ်ချောင်းမှာ လေထဲတွင် လှုပ်ခတ်နေပြီး သွေးများက မြေကြီးပေါ်သို့ ပက်ဖျန်းနေသည်။

သူမက ကြိုးကို ဖြုတ်ပြီး ကုလားထိုင်ပေါ်က ခုန်ချကာ ပြောလိုက်သည်။

“သတ်သေတာက အပြစ်ပဲ။ နေ့တိုင်း ဒီနေရာမှာ သေတဲ့ဖြစ်စဉ်ကို ထပ်ခါတလဲလဲ ပြန်လုပ်နေရတာ ရုပ်ရှင်ကြည့်ရသလိုပဲ... ငြီးငွေ့စရာ ကောင်းလိုက်တာ။”

သူမက ပုပ်သိုးနေတဲ့ မျက်လုံးများဖြင့် ယဲ့ချန်ကို အငြိုးအတေးများဖြင့် ကြည့်လိုက်သည်။

“မဟုတ်... မဟုတ်ဘူး... ကြည့်လို့ မကောင်းပါဘူး... ရွံဖို့ကောင်းတယ်။”

ယဲ့ချန် ခေါင်းကို ခါယမ်းလိုက်သည်။

“နင်တို့ လူတွေက တကယ်ပဲ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလိုက်တာ။ အမြဲတမ်း ငါ့ကို လာကြည့်နေကြတာပဲ။ နင်တို့ မငြီးငွေ့ပေမဲ့ ငါကတော့ ငြီးငွေ့လှပြီ။”

“ငါ မကြည့်ချင်တော့ဘူး ငါ့ကို လွှတ်ပေးပါ။”

ယဲ့ချန် အမြန်ပြောလိုက်သည်။

“ဘယ်သူက နင့်ကို သတ်သေအောင် လုပ်တာလဲ။ သူ့ကို သွားရှာလိုက်ပါ ငါ့ကို မဆွဲပါနဲ့ ငါ့မှာ ထောက်ပံ့ရမယ့် မိဘနဲ့ ကလေးတွေ ရှိသေးတယ်။”

“အင်း... ဘယ်သူမှ ငါ့ကို မလုပ်ပါဘူး။ ငါ အလုပ်စာမေးပွဲ ကျလို့ စိတ်တိုပြီး သတ်သေတာ။ ဘယ်သူမှ မလုပ်ပါဘူး။”

မိန်းကလေးသရဲက ရှင်းပြရင်း ယဲ့ချန်ဆီ တဖြည်းဖြည်း တိုးလာသည်။

“ပြီးတော့ သရဲနဲ့ တွေ့ရင် မိဘနဲ့ ကလေးတွေ ရှိသေးတယ်ဆိုတာမျိုး မပြောရဘူး။ အဲဒါဆိုရင် သရဲက နင့်ကို မနာလို ဖြစ်သွားလိမ့်မယ်။”

“နားလည်ပါပြီ ဒါဆိုရင် နင်လည်း အကြောင်းမဲ့ သေတာ မဟုတ်ဘူး။ ကိုယ့်ဘာသာ သတ်သေတာဆိုတော့ နင် အညှိုးကြီးတဲ့ သရဲ မဟုတ်ဘူးပေါ့။ ဒါဆိုရင် လွယ်သွားပြီ နင်ပဲ ဒီမှာ ကစားနေလိုက်တော့ငါ အိမ်ပြန်တော့မယ်။”

ယဲ့ချန် နောက်ဆုတ်ရင်း နံရံကို ကပ်နေလိုက်သည်။

“ငါ အကြောင်းမဲ့ သေတာ မဟုတ်ပေမဲ့ နေ့တိုင်း လူတွေကို မနာလို ဖြစ်ပြီး အငြိုးတွေ တိုးလာတယ်... ဒါကြောင့် နင်ကတော့ ကံဆိုးတာပဲ။”

မိန်းကလေးသရဲက ရယ်မောလိုက်သည်။

“ငါ့ရဲ့ အငြိုးတွေကို ထိန်းချုပ်ထားခဲ့တာ ကြာပြီ။ ဒါပေမဲ့ ဒီနေ့တော့... ငါ တကယ် မထိန်းနိုင်တော့ဘူး... အရမ်းနာကျင်တယ်... ဒါကြောင့်... တောင်းပန်ပါတယ်... နင်က အရမ်း ကံဆိုးတာပဲ။”

“ဘာ...”

ယဲ့ချန် စကားမပြောနိုင်တော့ပေ။

“နောက်တစ်ရက်လောက် မစောင့်နိုင်ဘူးလား။ ဒီနေ့မှ ဖြစ်ရလား။နင် နောက်ထပ် နည်းနည်းလောက် သည်းခံလိုက်ရင် အားလုံး အဆင်ပြေသွားမှာ မဟုတ်ဘူးလား။”

မိန်းကလေးသရဲက ဂရုမစိုက်ပေ။

“ဒါဆို... နင် ဘာလုပ်ချင်တာလဲ။”

“ငါ နင့်ခြေထောက်ကို ကိုင်ချင်တယ်။”

“ဘာလို့... ဘာလို့ ငါ့ခြေထောက်ကို ကိုင်တာလဲ။ နင်က ခြေထောက်ကို စိတ်ဝင်စားတာလား။”

“ငါ နင့်ခန္ဓာကိုယ်ကို ဝင်ပူးချင်လို့။ နင့်ခန္ဓာကိုယ်က မီးတောက်တွေက တောက်ပနေတော့ နင်က လူပျိုစစ်စစ် ဖြစ်မယ် ထင်တယ်။ တိုက်ရိုက်ဝင်ပူးဖို့ ခက်ပေမဲ့ ခြေထောက်ကို ကိုင်ထားရင် ဝင်ပူးလို့ ရတယ်။”

မိန်းကလေးသရဲက ပြောသည်။

“အေးစက်တဲ့ အငွေ့အသက်က ခြေထောက်ကနေ စဝင်တာပဲ။ ဟီဟီ နင့်ခန္ဓာကိုယ်ထဲကို ငါ ဝင်ပူးပြီးရင် နင်က ငါ့နေရာမှာ နေ့တိုင်း လာသတ်သေနေရမယ်။ ငါတော့ ဒီနေရာမှာ အရမ်းငြီးငွေ့နေပြီ အခု နင့်အလှည့်ပဲ။”

ယဲ့ချန် နားလည်သွားသည်။

သောက်ကျိုးနည်း။ သူကခန္ဓာကိုယ် အစားထိုးရှာနေတာပဲ။

“သေစမ်း ငါ စနစ်ကို အခုမှ ရတာဘဝကိုတောင် မခံစားရသေးဘူး နင်က ငါ့ကို သတ်ချင်တာပေါ့လေ မဖြစ်ဘူး ဒီနေ့ ငါ နင့်ကို အသေတိုက်မယ်။”

ယဲ့ချန် အသေခံ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ သူ နောက်မဆုတ်တော့ပေ။ ရေချိုးတုန်းက သိုလှောင်ခန်း ထဲ ပြန်သိမ်းထားတဲ့ နတ်ဆိုးနှိမ်နင်းရေး တံဆိပ် ကို စိတ်ထဲ တွေးလိုက်တာနဲ့ လက်ထဲ ရောက်လာသည်။ မိန်းကလေးသရဲက ယဲ့ချန်ရဲ့ ခြေကျင်းဝတ်ကို ကိုင်ဖို့ လက်ကို ဆန့်ထုတ်လိုက်သည်။

“တောင်းပန်ပါတယ် ငါ့မှာ ရွေးချယ်စရာ မရှိဘူး။ ဒီနေ့ကစပြီး နင်က ငါ့နေရာကို အစားထိုးဝင်ရတော့မယ်။”

“တောင်းပန်ရမှာက နင်ပဲ ကောင်မ ဒီနေ့ ငါ နင့်ကို ဖျက်ဆီးပစ်မယ်။”

စကားဆုံးသည်နှင့် ယဲ့ချန်၏လက်ထဲတွင် နတ်ဆိုးနှိမ်နင်းရေး တံဆိပ်ကို တင်းတင်းကျပ်ကျပ် ကိုင်ထားရင်းအားကုန် သုံး၍ မိန်းကလေးသရဲ၏ ဦးခေါင်းကို ရိုက်ချလိုက်သည်။

"ဘုန်း"

အသံကျယ်ကြီး တစ်ခု ထွက်ပေါ်လာသည်။ ရွှေရောင် အလင်းတန်းများ ပေါက်ကွဲထွက်သွားသည်။ မိန်းကလေးသရဲ၏ ဦးခေါင်းထက်တွင် တရုတ်စာလုံး မြို့ ဟု အဓိပ္ပာယ်ရသော စာလုံးတစ်ခု ပေါ်လာသည်။ အလွန် ခမ်းနားထည်ဝါလှသည်။

All Chapters