အခန်း ၁၁
Vol. 2 Ch. 11
အခန်း ၁၁ - အပျော်အပါးမက်သည့် မိန်းကလေးတိုင်း၏ ရင်ထဲတွင်။
ယဲ့ချန်နှင့် လင်းယွီရှီး တို့သည် ပခုံးချင်းယှဉ်ကာ ကျောင်းဆီသို့ လျှောက်လာခဲ့ကြသည်။
၎င်းတို့သည် ပိုလီတက်ကနစ်သိပ္ပံကျောင်း မှတ်တိုင်တွင် မဆင်းခဲ့ကြဘဲ နှစ်မှတ်တိုင်စော၍ ဆင်းခဲ့ကြခြင်းဖြစ်သောကြောင့် ကျောင်းသို့ရောက်ရန် မိနစ်နှစ်ဆယ်ခန့် လမ်းလျှောက်ရမည် ဖြစ်သည်။
"ယဲ့ချန်... နင်လည်း ပိုလီတက်ကနစ်မှာ တက်နေမယ်လို့ ငါ တကယ်မထင်ထားမိဘူး။"
လင်းယွီရှီး၏ ဖြူစင်ရိုးသားသော မျက်ဝန်းလှလှများထဲတွင် မဖုံးကွယ်နိုင်သည့် အံ့ဩမှုများ ပြည့်နှက်နေသည်။
"ဒီနေ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ငါ ဘာပြောရမှန်းတောင် မသိတော့ဘူး စိတ်ချပါ... ငါ နင့်ကို သေချာပေါက်၊ သေချာပေါက် ပြန်ပေးဆပ်ပါ့မယ်။"
"ဒါက ကိစ္စအသေးအမွှားလေးပါ။"
ယဲ့ချန် တစ်ယောက် စိတ်အခြေအနေ အလွန်ကောင်းနေသည်။
"ပြန်ပေးဆပ်ဖို့တွေ မပြောပါနဲ့။ မတရားတာကို မြင်ရင် ကူညီတာက ငါလုပ်သင့်တဲ့အရာပဲလေ။ တကယ်လို့ ငါက နင့်ဆီက ပြန်ပေးဆပ်တာကို လက်ခံလိုက်ရင် ဒီကိစ္စက တန်ဖိုးနည်းသွားလိမ့်မယ်။"
လင်းယွီရှီးမှာ ယဲ့ချန်၏ အပြောကောင်းမှုကြောင့် ခေတ္တမျှ ကြောင်အသွားသော်လည်း သူမ၏ လှပသော မျက်ဝန်းအစုံမှာ ထူးခြားသော အရောင်အဝါများဖြင့် တောက်ပနေခဲ့သည်။
အကျိုးအမြတ်ကို မမျှော်ကိုးဘဲ ကောင်းမှုကုသိုလ် လုပ်တာလား။
လင်းယွီရှီးသည် ပိုလီတက်ကနစ်ကျောင်း၏ နာမည်ကြီးလူသိများသူတစ်ဦး ဖြစ်ကြောင်း သိထားရမည်။ အကယ်၍ သူမကို ကယ်တင်ခဲ့သူမှာ အခြားကောင်လေးတစ်ယောက်သာဆိုလျှင် ၎င်းတို့သည် ဤအခွင့်အရေးကို အသုံးချ၍ တစ်ခုခု တောင်းဆိုကြမည်မှာ အသေအချာပင်။ သို့သော် ယဲ့ချန်ကမူ မည်သည့်တုံ့ပြန်မှုကိုမျှ လွယ်လွယ်ကူကူပင် ငြင်းပယ်ခဲ့သည်။ ဤအချက်က လင်းယွီရှီးအား ယဲ့ချန်အပေါ် အလွန်ထူးခြားသော ခံစားချက်တစ်ခု ဖြစ်ပေါ်စေခဲ့သည်။
အမှန်အတိုင်းပြောရလျှင် ယဲ့ချန်အတွက် ဤမျှလှပသော မိန်းကလေးတစ်ဦးနှင့် ဘေးချင်းယှဉ် လမ်းလျှောက်ဖူးခြင်းမှာ ဤပထမဆုံးအကြိမ် ဖြစ်သည်။ လင်းယွီရှီး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော လန်းဆန်းသည့် မိန်းကလေးရနံ့သည် မမြင်ရသော လက်တစ်ဖက်ကဲ့သို့ ယဲ့ချန်၏ နှလုံးသားကို ယားယံအောင် လာရောက်ဆွဆွပေးနေသကဲ့သို့ ရှိသည်။
လင်းယွီရှီးသည် ပိုလီတက်ကနစ်ကျောင်း၏ ကျောင်းအလှမယ် လေးဦးအနက် တစ်ဦးဖြစ်သည်။ အတိတ်ကာလက ယဲ့ချန်သည် သူမနှင့် နှစ်ယောက်တည်း ရှိနေခွင့်မျိုး ဘယ်တုန်းကမှ မရခဲ့ဖူးချေ။ သူမနောက်က လိုက်ရသည့် အရူး တစ်ယောက် ဖြစ်ဖို့ရန်ပင် မထိုက်တန်ခဲ့ပေ။
ယခုမူ သူမသည် ယဲ့ချန်၏ ဘေးတွင် သေးငယ်နွဲ့နှောင်းသော ပုံစံလေးဖြင့် လမ်းလျှောက်နေသည်။ သူမ၏ လှပသော မျက်နှာလေးမှာ နွေးထွေးသော နေရောင်ခြည်အောက်တွင် ဖြာကျနေပြီး ဖော်မပြနိုင်လောက်အောင် နူးညံ့သိမ်မွေ့ကာ ဆွဲဆောင်မှုရှိနေသည်။
ဘဝ၏ ဆုံစည်းမှုများသည် တကယ်ကို အိမ်မက်တစ်ခုလိုပါပဲလား။
ထိုအချိန်မှာပင်။
တီ...[သူရဲကောင်းက အလှလေး ကို ကယ်တင်ခြင်း] တာဝန်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည့်အတွက် အိမ်ရှင် (Host) အား ဂုဏ်ပြုပါသည်။
ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြစ်စေသော ဆေးလုံးတစ်လုံး ရရှိပြီး ၎င်းကို သိုလှောင်ခန်းထဲသို့ အလိုအလျောက် ထည့်သွင်းပြီးပါပြီ။
ကျွမ်းကျင်မှုစာအုပ် နပန်းအတတ် (ခရိုင်/မြို့နယ် ချန်ပီယံအဆင့်)ရရှိပြီး၊ သိုလှောင်ခန်းထဲသို့ အလိုအလျောက် ထည့်သွင်းပြီးပါပြီ။
စနစ်ပြန်လည်ပြင်ဆင်ရေး စွမ်းအင် ၀.၁% ရရှိသည်။
စနစ် ပြန်လည်ပြင်ဆင်မှု ပြီးစီးမှု - ၀.၇%။
ကောင်းတယ် တကယ်ကောင်းတယ် ကောင်မလေးတွေကိုလည်း စကားပြောလို့ရ ဆုလာဘ်တွေလည်း ရတယ်။ နောက်လည်း ဒီလိုမျိုးတွေ မကြာခဏ လုပ်ရမယ်။
ဘဝက တကယ်ကို မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေတာပဲ။
"ဒါနဲ့ ယဲ့ချန်... စောစောက အဲ့ဒီရွံစရာကောင်းတဲ့ လူတွေကို နှိမ်နင်းဖို့ ဘယ်လိုနည်းလမ်း သုံးလိုက်တာလဲဆိုတာ ငါ့ကို ပြောပြလို့ရမလား။"
လင်းယွီရှီးက ထပ်မံမေးမြန်းပြန်သည်။
"နင်က တကယ်ပဲ သူတို့ပြောနေကြတဲ့ သိုင်းပညာရှင်တွေထဲက တစ်ယောက်လား။"
"အဟမ်း"
ယဲ့ချန်က အနည်းငယ် ချောင်းဟန့်လိုက်သည်။
"ငါ့ပုံစံက အဲ့လိုလူနဲ့ တူလို့လား။"
"အာ..."
လင်းယွီရှီးသည် ယဲ့ချန်ကို အလေးအနက် စိုက်ကြည့်မိသွားသည်။ အမှန်တော့ ယဲ့ချန်သည် အလွန်အမင်း ချောမောလှပသူတစ်ယောက် မဟုတ်ပေ။ သူ၏ ရုပ်ရည်သွင်ပြင်မှာ သာမန်ရိုးရိုးလေးသာ ဖြစ်ပြီး စာပေပညာရှင်ဆန်သော အငွေ့အသက် ရှိသည်။ သူသည် အရပ် ၁.၇၇ မီတာခန့်သာ ရှိပြီး ကိုယ်လုံးကိုယ်ထည်မှာလည်း သာမန်မျှသာ ဖြစ်သည်။
သို့သော် ဤအခိုက်အတန့်တွင် သူ့ကို သေချာစွာ ကြည့်ရှုနေရင်း ဘာကြောင့်ရယ်မှန်းမသိဘဲ လင်းယွီရှီးသည် ယဲ့ချန်အား အလွန်အမင်း ခန့်ညားချောမောသည်ဟု ခံစားလိုက်ရကာ သူမမြင်ဖူးသမျှ ကောင်လေးတွေထဲတွင် အချောဆုံးဟုပင် ထင်မှတ်မိသွားသည်။
'ဒါက... ဒါက "
ချစ်သူ့မျက်စိထဲ ကဏန်းချေးလည်း မှန်စီရွှေချဆိုတဲ့ အဓိပ္ပာယ်လား။
အား... လင်းယွီရှီး နင် အတွေးလွန်လို့ မဖြစ်ဘူး။ ယဲ့ချန်က သူတော်ကောင်းမို့လို့ နင့်ကို ကူညီခဲ့တာ နင် လျှောက်တွေးလို့မဖြစ်ဘူး။
လင်းယွီရှီး၏ နှလုံးသားမှာ သမင်ဒရယ်လေးတစ်ကောင်ကဲ့သို့ တဒိတ်ဒိတ် ခုန်နေခဲ့သည်။
ရင်ထဲတွင် ချစ်စိတ်အာရုံများ ထက်သန်လာသဖြင့် သူမ၏ ချစ်စရာကောင်းသော မျက်နှာလေးမှာ ရဲတက်သွားပြီး ခေါင်းကို အမြန်ခါယမ်းကာ ပြောလိုက်သည်။
"ယဲ့ချန်... နင်က သိုင်းပညာရှင်နဲ့တော့ မတူပါဘူး။ ဒါပေမဲ့ နင် တကယ်ကို သတ္တိရှိတာပဲ။"
အတိအကျ ထိုအချိန်မှာပင်။
"ယွီရှီး ယွီရှီး... နေဦး။"
နောက်ဘက်မှ အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
"အာ... လင်းယွီရှီး တစ်ယောက်ယောက် နင့်ကို ခေါ်နေတယ်။"
ယဲ့ချန် လမ်းလျှောက်ရာမှ ရပ်ကာ နောက်သို့ လှည့်ကြည့်လိုက်သည်။ ရုံးဝန်ထမ်းဝတ်စုံ ဝတ်ဆင်ထားပြီး ကိုယ်လုံးကိုယ်ထည် အသင့်အတင့်ရှိကာ မိတ်ကပ် အထူကြီး ပြင်ဆင်ထားသည့် မိန်းကလေးတစ်ဦး ၎င်းတို့ထံသို့ ပြေးလာသည်ကို တွေ့လိုက်ရသည်။
သူမသည် လင်းယွီရှီးနှင့် အသက်အရွယ် တူညီပုံရသော်လည်း ရုံးဝန်ထမ်း အမျိုးသမီးတစ်ဦး၏ ရင့်ကျက်မှုမျိုး ပိုမိုရှိသည်။ သူမသည် တော်တော်လေး လှပသော်လည်း ထိုအလှမှာ သေချာပြင်ဆင်ထားသည့် မိတ်ကပ်ကြောင့် ဖြစ်သည်။ အကယ်၍ သူမ၏ မိတ်ကပ်မပါသော မျက်နှာအစစ်နှင့်သာ ဆိုလျှင် လင်းယွီရှီးကို လုံးဝ ယှဉ်နိုင်မည်မဟုတ်ပေ။
"ဩော်... သူက ဆွန်းလီ လေ၊ ငါ့ရဲ့ အထက်တန်းကျောင်းတုန်းက အတန်းဖော်။"
လင်းယွီရှီးသည် ယဲ့ချန်၏ နားနားသို့ ကပ်ကာ အသံတိုးတိုးဖြင့် အမြန်ပြောလိုက်သည်။
"ငါနဲ့ သူနဲ့ ဆက်ဆံရေးက သိပ်မကောင်းဘူး။ သူက ငါ့ကို အမြဲတမ်း နှိမ်ရတာ သဘောကျတာ။"
သူတို့နှစ်ဦးမှာ အလွန်နီးကပ်နေပြီး လင်းယွီရှီးက ယဲ့ချန်အား တိုးတိုးလေး ကပ်ပြောလိုက်ချိန်တွင် သူမ၏ ထွက်သက်ဝင်သက်များက ယဲ့ချန်၏ မျက်နှာပေါ်သို့ ကျရောက်လာသည်။
တကယ်ကို မွှေးပျံ့လွန်းလှသည်။
ဆွန်းလီသည် လင်းယွီရှီးအနားသို့ ပြေးလာပြီး ဟန်ဆောင်ကောင်းသော လေသံဖြင့် ပြောလိုက်သည်။
"ယွီရှီး... တိုက်ဆိုင်လိုက်တာ အတန်းတက်မလို့လား။ ပြီးခဲ့တဲ့အပတ်က ငါ နင့်ကို ပေးခဲ့တဲ့ အကြံဉာဏ်ကို ဘယ်လိုစဉ်းစားမိလဲ။"
လင်းယွီရှီး မဖြေရသေးမီမှာပင် ဆွန်းလီက စက်သေနတ်ပစ်သကဲ့သို့ တရစပ် ဆက်ပြောတော့သည်။
"နင့်ကိုယ်နင်လည်း ပြန်ကြည့်ဦး နင့်မိသားစုကလည်း အရမ်းဆင်းရဲပြီး နင်ကလည်း ချွေတာလွန်းတယ်။ ငါ့စကားကို နားထောင်ပြီး ချမ်းသာတဲ့ ရည်းစားတစ်ယောက် ဘာလို့ မရှာတာလဲ။ ငါ့ကိုကြည့်လေ... ငါ မကြာသေးခင်ကမှ ငါ့ရဲ့ လက်ရှိရည်းစားနဲ့ ဆုံတာ သူက စီးပွားရေးအရ အရမ်းပြည့်စုံပြီး ငါ့အပေါ်လည်း တအားကောင်းတာ။"
ဆွန်းလီသည် လောကကြီးကို အကုန်သိမြင်နားလည်ထားသည့် ဝါရင့်အမျိုးသမီးတစ်ဦးကဲ့သို့ လေယူလေသိမ်းရှိပြီး သူမ၏ မျက်နှာတွင် ကြွားဝါလိုသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
ယဲ့ချန်မှာ တကယ်ပဲ ဆွံ့အသွားရသည်။
ဟား... မိန်းမတွေဆိုတာ ဒီလိုပါပဲလား။
"ဒီမှာ ကြည့်စမ်း ဒါက ငါ့အသည်းလေး ငါ့ကို ပေးထားတဲ့ ကျောက်စိမ်းလက်ကောက်။"
ဆွန်းလီသည် သူမ၏ လက်ကောက်ဝတ်မှ ကျောက်စိမ်းလက်ကောက်ကို ထုတ်ပြလိုက်သည်။
"မြင်လား။ ဒါက ဟဲထျန် ကျောက်စိမ်းယွမ်သောင်းချီ တန်တာ။ ဘယ်လိုလဲ ယွီရှီး... နင် ဒီလိုကျောက်စိမ်းလက်ကောက်မျိုးကို တစ်ခါမှတောင် မြင်ဖူးမှာမဟုတ်ဘူး မဟုတ်လား။ ပြီးတော့ ငါ့အသည်းလေးက လကုန်ရင် ငါ့ကို မော်လ်ဒိုက်ကို အပန်းဖြေခရီး ခေါ်သွားမယ်လို့ ပြောထားတယ်။ ဟီးဟီးဟီး... ယွီရှီး နင်သာ ငါ့စကားကို နားမထောင်ဘဲ ချမ်းသာတဲ့ရည်းစား မရှာရင် နင့်ဘဝမှာ နိုင်ငံခြားကို ဘယ်တော့မှ ခရီးသွားနိုင်မှာ မဟုတ်ဘူး မော်လ်ဒိုက်ကိုလည်း ဘယ်တော့မှ ရောက်မှာမဟုတ်ဘူး။"
ဆွန်းလီ၏ အမူအရာမှာ ဒေါင်းတစ်ကောင်ကဲ့သို့ မာန်တက်နေသည်။
"ဆွန်းလီ... နင် ဒီနေ့ ငါ့ကို တားလိုက်တာ ဒီလို ပျင်းစရာကောင်းတဲ့ စကားတွေ ပြောဖို့အတွက်ပဲလား။"
လင်းယွီရှီးလည်း အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်လာသည်အထူးသဖြင့် ဆွန်းလီက ယဲ့ချန်၏ ရှေ့တွင် သူမကို နှိမ်ချပြောဆိုနေခြင်းကြောင့် ဖြစ်သည်။ သို့သော်လည်း သူမသည် အမြဲတမ်း ယဉ်ကျေးပျူငှာတတ်သူဖြစ်သဖြင့် ရိုင်းစိုင်းသော စကားလုံးများဖြင့် ပြန်မပက်ခဲ့ပေ။
အထက်တန်းကျောင်းတုန်းက ဆွန်းလီသည် အတန်းထဲရှိ ချမ်းသာသော သူဌေးသားတစ်ဦးကို သဘောကျခဲ့သော်လည်း ထိုသူဌေးသားမှာ လင်းယွီရှီးကိုသာ အသည်းအသန် ချစ်မြတ်နိုးခဲ့သည်။
ထို့ပြင် လင်းယွီရှီးက ထိုသူဌေးသားကို အဖက်ပင် မလုပ်ခဲ့ချေ။ ထိုအကြောင်းကြောင့် ဆွန်းလီသည် လင်းယွီရှီးအပေါ် ရန်ငြိုးဖွဲ့ထားခဲ့ပြီး သူမ ထိုသူဌေးသားနှင့် မညားခဲ့ရခြင်းမှာ လင်းယွီရှီး၏ ကြားဖြတ်နှောင့်ယှက်မှုကြောင့်ဟု လုံးဝ ထင်မြင်နေခဲ့သည်။ အကယ်၍ လင်းယွီရှီးသာမရှိလျှင် သူမသည် ယခုအချိန်တွင် စည်းစိမ်ချမ်းသာများဖြင့် နေထိုင်ရသော သူဌေးကတော် ဖြစ်နေလောက်ပြီဟု ယူဆထားသည်။
ထို့ကြောင့် ဤအချိန်အတောအတွင်း ဆွန်းလီသည် လင်းယွီရှီးကို နှိမ်ချရန် သရော်ရန်သို့မဟုတ် သတင်းအဖျက်လွှင့်ရန် မည်သည့်အခွင့်အရေးကိုမျှ လက်လွတ်မခံခဲ့ပေ။
"အာ အပျော်အပါးမက်တဲ့ မိန်းကလေးတိုင်းရဲ့ ရင်ထဲမှာတော့ မော်လ်ဒိုက်တစ်ခုစီ ရှိကြတာပဲကိုး။"
ယဲ့ချန်က အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
"ဟင် နင် ဘာပြောလိုက်တာလဲ။ နင်က ဘယ်သူလဲ။"
ဆွန်းလီက သူမ၏ အကြည့်ကို ယဲ့ချန်ထံသို့ လွှဲပြောင်းလိုက်သည်။ ယဲ့ချန်သည် အလွန်ရိုးရှင်းပြီး တန်ဖိုးနည်းပုံရသော အဝတ်အစားများကို ဝတ်ဆင်ထားသည်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်ဝန်းထဲတွင် မဖုံးကွယ်နိုင်သော နှိမ်ချသည့် အရိပ်အယောင်များ ပေါ်လာသည်။
"ယို့... နင်က ယွီရှီးရဲ့ ရည်းစားများလား။ ဟီးဟီးဟီး... ငါကြည့်ရသလောက်တော့ နင်က ထူးထူးခြားခြား ဘာမှရှိပုံမပေါ်ပါဘူး။"
"ယွီရှီး... ငါ နင့်ကို ဘာပြောရမလဲတောင် မသိတော့ဘူး။ နင့်ရဲ့ အကြိုက်က တကယ်ပဲ စိတ်ပျက်ဖို့ကောင်းတာပဲ။"
ဆွန်းလီ ရင်ထဲတွင် အလွန် ဝမ်းသာသွားသည်။ သူမ၏ အမြင်တွင် ယဲ့ချန်မှာ ဆင်းရဲသား တစ်ဦးသာ ဖြစ်သည်။ သူသည် သူမ ရှာထားသော ရည်းစားနှင့် လုံးဝ နှိုင်းယှဉ်၍မရနိုင်ပေ။
"ဆွန်းလီ... စကားကို လျှောက်မပြောနဲ့။ ယဲ့ချန်က ငါ့ရဲ့"
လင်းယွီရှီးက အမြန် ကာကွယ်ပြောဆိုသည်။
"ငါက အမှန်အတိုင်း ပြောတာပါ။ သူက နင့်ကို ကျောက်စိမ်းလက်ကောက် ဝယ်ပေးနိုင်လို့လား။ နင့်ကို မော်လ်ဒိုက်ကို အပန်းဖြေခရီး ခေါ်သွားနိုင်လို့လား။"
ဆွန်းလီက လင်းယွီရှီး၏ စကားကို သရော်စာနာသော လေသံဖြင့် ဖြတ်ပြောလိုက်သည်။
"ဒါဆို ဒီမီးက ငါ့ဆီကို ကူးလာတာပေါ့။"
ယဲ့ချန်က ဒေါသထွက်ခြင်းမရှိဘဲ ရယ်မောလိုက်သည်။
"ဒါဆိုရင်တော့ မင်းကို ငါ အကြံပေးပါရစေ... ငါတို့မျက်စိရှေ့ကနေ အခုချက်ချင်း ပျောက်ကွယ်သွားလိုက်ပါ။ မဟုတ်ရင် မင်းပဲ အရှုံးသမားဖြစ်သွားလိမ့်မယ်။"