အခန်း ၁၂
Vol. 2 Ch. 12
အခန်း ၁၂ - မင်းကို အရှံးသမားဖြစ်အောင် လုပ်ပြမယ်။
"နင်က ငါ့ကို အရှံးသမားဖြစ်အောင် လုပ်မလို့လား။"
ဆွန်းလီက ယဲ့ချန်အား အလွန်အမင်း နှိမ်ချသည့်အကြည့်ဖြင့် ကြည့်ကာ မထောက်မညှာ သရော်လိုက်သည်။
"နင်လို ပြားတစ်ချပ်မှမရှိတဲ့ ကောင်စုတ်က ငါ့ကို ဘယ်လိုအရှံးသမားဖြစ်အောင် လုပ်မလဲဆိုတာ ငါလည်း ကြည့်ချင်သေးတယ်။ ရယ်ရလွန်းလို့ အူတောင်နာတယ်။"
"တော်ပါတော့ ယဲ့ချန်ရယ်... သူနဲ့ ဆက်ပြီး အဖက်မလုပ်ပါနဲ့တော့ သူက ငါ့ကိုနင်းဖို့ အမြဲတမ်း အကွက်ချောင်းနေတာ ရုပ်ဝတ္ထုလည်းမက်သလို ဇနပုဒ်လည်း ဆန်လွန်းတယ်။ငါတော့ ကျင့်သားရနေပါပြီ။"
လင်းယွီရှီးက ဘေးမှနေ၍ ဖျောင်းဖျပြောဆိုသည်။ လူဆိုသည်မှာ ပွဲကြည့်ရသည်ကို သဘောကျတတ်ကြသည်မှာ အမှန်ပင်။ ထို့အပြင် လင်းယွီရှီးရော ဆွန်းလီပါ ရုပ်ရည်ချောမောလှပသည့် မိန်းကလေးများ ဖြစ်ကြသဖြင့် ယခုကဲ့သို့ အလှပဂါးနှစ်ဦး ရန်ဖြစ်စကားများနေကြသည်မှာ လမ်းသွားလမ်းလာ အတော်များများကို လျင်မြန်စွာ ဆွဲဆောင်မိသွားပြီး ဝိုင်းအုံကြည့်ရှုလာကြတော့သည်။
ဆွန်းလီသည် ဝိုင်းကြည့်နေသည့် လူအုပ်ကြီးကို မာနထောင်လွှားသော အကြည့်ဖြင့် ဝေ့ဝဲကြည့်လိုက်ပြီး ရင်ထဲတွင် ပို၍ပင် ဘဝင်ခိုင်သွားသည်။
'လင်းယွီရှီး ဒီနေ့တော့ နင့်ကို လူပုံအလယ်မှာ အရှက်ကွဲစေရမယ်။ နင့်မျက်နှာ လုံးဝ ပျက်စီးသွားစေရမယ် ဟွန်း... ဆင်းရဲတဲ့ကောင်မလေးကများ ငါ့ထက် ပိုလှချင်နေသေးတယ်။'
"ယွီရှီး... နင်နဲ့ နင့်ရည်းစားက ငါ့ကို မနာလိုဖြစ်ပြီး အပုပ်ချချင်နေတာမလား။ ငါ့ကို ဘယ်လိုများ အရှက်ခွဲမလဲဆိုတာ တကယ်ပဲ ကြည့်ချင်လှသေးတယ်။"
ဆွန်းလီက မလျှော့သောဇွဲဖြင့် အော်ဟစ်အော်မြည်နေခဲ့သည်။ ယဲ့ချန်သည် ဆွန်းလီ၏ လက်ကောက်ဝတ်မှ ကျောက်စိမ်းလက်ကောက်ကို အသေအချာ စစ်ဆေးကြည့်လိုက်ပြီးနောက် သူမ၏ မျက်နှာအသားအရေနှင့် ဘယ်ဘက်ဒူးဆစ်ပေါ်တွင် ကပ်ထားသည့် ပလတ်စတာကို သတိပြုမိသွားသည်။ သူ၏ အတွေးများကို အနည်းငယ် စနစ်တကျ စီစဉ်လိုက်ပြီးနောက် သူ ပို၍ သေချာသွားခဲ့သည်။
"ကောင်းပြီလေ... မင်းကပဲ မင်းမျက်နှာကို လာအဖြတ်ခံနေမှတော့ ငါက ဖြတ်မပေးရင် မင်းကို အားနာစရာ ဖြစ်နေဦးမယ်။"
ယဲ့ချန် သူ၏ အင်္ကျီလက်စကို ပင့်တင်လိုက်သည်။ ထိုအချိန်မှာပင် သူသည် စနစ်ထဲ၌ မစ်ရှင်တစ်ခုကို ယာယီရေးသားလိုက်သည်။
တီ တာဝန်တစ်ခု ဖန်တီးလိုက်ပါပြီ။ မစ်ရှင်အကြောင်းအရာ - အိမ်ရှင်သည် ဤမြေခွေးမ၏ မျက်နှာကို ဖြတ်ရိုက်ပြီး အရှက်ခွဲရမည်။ ဆုလာဘ် - စနစ်မှ မစ်ရှင်၏ ခက်ခဲမှုကို ခွဲခြမ်းစိတ်ဖြာနေဆဲဖြစ်ပြီး ဆုလာဘ်ကို နောက်မှ သတ်မှတ်ပေးပါမည်။
"အဟမ်း ဒီကျောက်စိမ်းလက်ကောက်က မင်းရဲ့ ရည်းစားဆီက ရတဲ့ လက်ဆောင်မလား။"
ယဲ့ချန် မျက်လုံးကို အနည်းငယ် ကျဉ်းမြောင်းလိုက်သည်။
"ဟုတ်တယ်။ ဒါက ဟဲထျန်ကျောက်စိမ်းယွမ်သောင်းချီ တန်တာ။"
ဆွန်းလီ ထပ်မံကြွားဝါပြန်သည်။
"အော်... ငါသိတာပေါ့ နင်က ဒီလက်ကောက်ကို အတုလို့ ပြောတော့မလို့မလား။ ဟားဟား ဒါက ခေတ်မမှီတော့တဲ့ အကွက်ဟောင်းကြီးပါ။ ဒါပေမဲ့ စိတ်မကောင်းပါဘူးနော်... ငါ ယန်မြို့ရဲ့ အကြီးဆုံး ရတနာဆိုင်ကို သွားပြီး အစစ်အမှန် စစ်ဆေးခိုင်းပြီးသား ဒါက အစစ်အမှန် ဟဲထျန်ကျောက်စိမ်းပဲ။"
ထိုအချိန်တွင် လူအုပ်ထဲမှ သပ်ရပ်စွာ ဝတ်ဆင်ထားသည့် သက်ကြီးရွယ်အိုတစ်ဦးက ပြုံးကာ ပြောလိုက်သည်။
"လူငယ်... ငါက ကျိရှန် ရတနာဆိုင်ရဲ့ အရာရှိချုပ် အကဲဖြတ်ပညာရှင်ပါ။ အဲ့ဒီမိန်းကလေးရဲ့ လက်ကောက်က နွေးထွေးစိုပြေတဲ့ အရောင်အဝါရှိပြီး သိပ်သည်းနုညံတဲ့ အသားရှိတယ်၊ ထုဆစ်ထားတဲ့ လက်ရာကလည်း ပြောင်မြောက်လှပါတယ်။ ဒါက အစစ်အမှန်ဆိုတာ ထင်ရှားပါတယ်။ ငါ ဒီလုပ်ငန်းထဲမှာ ဆယ်စုနှစ်ချို့ ကျင်လည်ခဲ့တာငါ့ရဲ့ ဗီဇစိတ်နဲ့တင် ဒါက အတုမဖြစ်နိုင်ဘူးဆိုတာ ပြောနိုင်တယ်။"
ထိုသို့ ပြောလိုက်သည်နှင့် ဝိုင်းကြည့်နေသူများ အားလုံး ရယ်မောကြတော့သည်။
"ဘယ်လိုလဲ။ နင် ငါ့ကို အရှက်ခွဲချင်သေးလား။ ရှက်တတ်ရင် ဆုတ်သွားလိုက်တော့။"
ဆွန်းလီက နှာခေါင်းရှုံ့လိုက်သည်။
"ငါ မင်းရဲ့လက်ကောက်ကို အတုလို့ တစ်ခါမှ မပြောခဲ့ပါဘူး။"
ယဲ့ချန် ခေါင်းခါလိုက်သည်။
"လက်ကောက်က အစစ်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့... ဒါက ကျိုးဖူးတယ် မဟုတ်လား။"
"ဟုတ်ပါတယ်။"
အကဲဖြတ်ပညာရှင်ကြီးက တတည်ငြိမ်စွာ ရှင်းပြသည်။
"ဒီကျောက်စိမ်းလက်ကောက်က အက်ကွဲကြောင်း ထင်ခဲ့ပြီး နောက်ပိုင်းမှာ ရွှေကပ်ကျောက်စိမ်း ပြုပြင်နည်းကို သုံးပြီး ကျိုးသွားတဲ့နေရာကို ရွှေနဲ့ပတ်ပြီး ပန်းခက်ပုံစံတွေ ထုဆစ်ထားတာပါ။ ကျောက်စိမ်းက မာကျောမှု မြင့်မားတယ်ဆိုပေမဲ့ ပြုတ်ကျရင် မကွဲဘူးလို့ မဆိုလိုပါဘူး။ ကျောက်စိမ်းရဲ့ ကြွပ်ဆတ်တဲ့ သဘာဝကြောင့် အဆောင်အယောင်တစ်ခုခုနဲ့ တိုက်မိရင် ကျိုးလွယ်ပါတယ်။ ဒါပေမဲ့ ဒီပြုပြင်ထားတဲ့ လက်ရာကတော့ တော်တော်လေး ကောင်းမွန်ပါတယ်။"
ဝိုင်းကြည့်နေသူများ ပိုမိုနီးကပ်စွာ ကြည့်လိုက်ကြသောအခါ ကျောက်စိမ်းလက်ကောက်ပေါ်တွင် ရွှေကပ်ပြုပြင်ထားသည့် နေရာအချို့ အမှန်တကယ် ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။
"ဒါပဲလား။"
ဆွန်းလီ ငြင်းဆိုခြင်းမပြုပေ။
"နင် ဒီထက် ပိုကောင်းတဲ့အရာ တစ်ခုခု ပြောနိုင်လိမ့်မယ်လို့ ငါ ထင်နေတာ ဟုတ်တယ်... ငါ့အသည်းလေးက နည်းနည်း ပေါ့ဆတတ်တော့ လက်ကောက်ကို ဝယ်ပြီးကာစမှာပဲ ကြမ်းပြင်ပေါ် ပြုတ်ကျပြီး အက်သွားတာ။ ဒါပေမဲ့ ယွမ်သောင်းချီ တန်တဲ့အရာကြီးကို ငါက ဒီအတိုင်း လွှင့်ပစ်ရမှာလား။ သူက နှမြောမှာ မဟုတ်ပေမဲ့ ငါကတော့ နှမြောတယ်။ ပြုပြင်လိုက်တော့ ပိုတောင် လှသွားသေးတယ်။ ငါ့အကြိုက်နဲ့ ပိုတောင် ကိုက်ညီသွားသေး။"
"ပြားတစ်ချပ်မှမရှိတဲ့ ကောင်စုတ် ငါက ရက်ရက်စက်စက် ပြောချင်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျိုးနေတဲ့ လက်ကောက်ကိုတောင် နင် ဝယ်နိုင်မှာ မဟုတ်ဘူး။"
ဆွန်းလီ ယဲ့ချန်အား ပြင်းထန်စွာ ဆဲဆိုလိုက်သည်။
"နင် ဘာပြောစရာ ကျန်သေးလဲ။ ငါကြည့်ရသလောက်တော့ နင်က ဒီမှာ ဟာသလာလုပ်နေတာပဲ။"
ယဲ့ချန်၏ အမူအရာကမူ မည်သည့် ရုပ်ဝတ္ထုပစ္စည်းနှင့် ကိုယ်ကျိုးစီးပွားအပေါ်တွင်မှ သက်ရောက်မှုမရှိသည့်အလား တည်ငြိမ်နေဆဲဖြစ်သည်။
"ငါ မေးပါရစေ... မင်း ဒီကျောက်စိမ်းလက်ကောက် ကျိုးသွားတာကို မင်းမျက်စိနဲ့ မြင်ခဲ့တာလား။ ဒါမှမဟုတ် မင်းရည်းစားက မင်းကို ပေးတဲ့အချိန်မှာပဲ ဒါက ကျိုးပြီး ပြုပြင်ပြီးသား ဖြစ်နေတာလား။"
"ဟင်"
ဆွန်းလီ ခေတ္တမျှ ကြောင်အသွားပြီးမှ စိတ်မရှည်စွာ ပြောလိုက်သည်။
"နင်ကတော့ ရတယ်... နင့်ကို ပြောပြလိုက်လို့လည်း ငါ့မှာ ဘာမှ ထိခိုက်စရာမရှိဘူး။ ငါ့အသည်းလေးက ကျောက်စိမ်းလက်ကောက်ကို မတော်တဆ ချပစ်မိပြီး အက်သွားစေခဲ့ပြီးနောက် ငါ စိတ်ဆိုးမှာ စိုးလို့ ငါ့ကို မပေးခင်မှာ ရတနာဆိုင်ကို တိတ်တဆိတ် သွားပြီး ပြုပြင်ပေးခဲ့တာ။ သူက တကယ်ကို ကြင်နာတတ်ပြီး ငါ့ရဲ့ နေ့စဉ်ဘဝမှာ အမြဲတမ်း အံ့ဩစရာလေးတွေ ဖန်တီးပေးတတ်တာ။"
"ဒါဆိုရင်တော့ ဟုတ်ပြီလေ။"
ထိုစကားကို ကြားလိုက်ရသောအခါ ယဲ့ချန်၏ မျက်ဝန်းများတောက်ပသွားသည်။
"ငါ ခန့်မှန်းတာ ကိုးပုံတစ်ပုံခန့် မှန်ကန်နေပြီပဲ။"
ချက်ချင်းဆိုသလိုပင် ယဲ့ချန်က ရုတ်တရက် မေးမြန်းလိုက်သည်။
"မကြာသေးခင်က မင်း တအား ကံဆိုးနေတယ် မဟုတ်လား။ ဘာလုပ်လုပ် အဆင်မပြေဖြစ်နေတယ် မလား။"
ဝိုင်းကြည့်နေသူများမှာ ဇဝေဇဝါ ဖြစ်သွားကြပြီးစောစောကတင် ကျောက်စိမ်းလက်ကောက်အကြောင်း အလေးအနက် ဆွေးနွေးနေကြရာမှ ယခုတစ်ကြိမ်တွင် ကံကြမ္မာအကြောင်းသို့ လွှဲပြောင်းသွားသဖြင့် ဤကောင်လေး၏ အတွေးအမြင် စီးဆင်းပုံက တကယ်ကို ပုံမှန်မဟုတ်ဟု ထင်မှတ်မိကြသည်။
"ဟင်..."
ယဲ့ချန်၏ ထိုကဲ့သို့ မျှော်လင့်မထားသော မေးခွန်းကို မေးမြန်းခြင်းခံလိုက်ရသဖြင့် ဆွန်းလီမှာ ဘာလုပ်ရမှန်းမသိ ဆွံ့အသွားရသည်။ သို့သော် သူမ လျင်မြန်စွာပင် တုံ့ပြန်လိုက်သည်။
မိမိကိုယ်ကိုယ် ပြန်မေးကြည့်လျှင် သူမသည် မကြာသေးမီ လပိုင်းအတွင်းက တကယ်ပင် အလွန်အမင်း ကံဆိုးခဲ့သည်။
ဥပမာအားဖြင့် လွန်ခဲ့သော နှစ်လက သူမနှင့် သူမ၏ ရည်းစားတို့ အတူတူ နေခဲ့ကြစဉ်အခါက ထိုအချိန်မှာ ကာကွယ်စောင့်ရှောက်သည့် ရက်အတွင်း ဖြစ်သည်မှာ ထင်ရှားပြီးသူမက အကာအကွယ်ဝတ်ဆင်ရန် ဇွတ်အတင်း တောင်းဆိုခဲ့သဖြင့် ဘာမျှ မဖြစ်လာသင့်ပေ။ သို့သော် ရလဒ်အနေဖြင့် နောက်လတွင် ဓမ္မတာ မလာခဲ့ဘဲ ရက်အနည်းငယ် စောင့်ဆိုင်းပြီး ဆေးရုံသို့ သွားရောက် စစ်ဆေးကြည့်သောအခါသူမတွင် ကိုယ်ဝန်ရှိနေခဲ့သည်။
သူမ၏ ရည်းစားဖြစ်သူမှာ လက်ရှိတွင် ကလေး မလိုချင်သေးသဖြင့် ဖြားယောင်းကာ ကိုယ်ဝန်ဖျက်ချခိုင်းခဲ့ရာ သူမ၏ ကျန်းမာရေးစွမ်းအင်မှာ ပြင်းထန်စွာ ပျက်စီးသွားခဲ့ပြီး ယခုအချိန်အထိပင် ပြန်လည် မကောင်းမွန်လာသေးချေ။
နောက်ထပ် ဥပမာတစ်ခုမှာ ပြီးခဲ့သည့်အပတ်က သူမသည် ဘာကြောင့်မှန်းမသိဘဲ ချော်လဲခဲ့ပြီး သူမ၏ ဒူးဆစ်မှာ ဖူးရောင်သွားခဲ့ရာ ယခုအချိန်အထိ ပလတ်စတာ ကပ်ထားရဆဲ ဖြစ်သည်။ သူမသည် ညီညာသော လမ်းပေါ်တွင် လမ်းလျှောက်နေခဲ့ခြင်းဖြစ်ပြီးဒေါက်ဖိနပ်လည်း ဝတ်မထားသလိုလမ်းလျှောက်ရင်း ဖုန်းကိုလည်း ငုံ့ကြည့်မနေခဲ့သဖြင့် ဘာကြောင့် အကြောင်းပြချက်မရှိဘဲ လဲကျသွားရသည်ကို သူမ အမှန်တကယ် နားမလည်နိုင်ခဲ့ချေ။
လူတစ်ယောက် ကံဇာတာ နိမ့်ပါးနေချိန်တွင် ရေအေးသောက်ရင်တောင် သွားကြားညှပ်တတ်သည်ဟုသာ ပြောရမည်ဖြစ်သည်။
"ငါ ပြောတာ မမှားဘူး ထင်တယ်။"
ဆွန်းလီ မဖြေကြားနိုင်မီမှာပင် ယဲ့ချန်က ဦးအောင် ပြောလိုက်သည်။
"အမှန်တော့ ငါ မင်းကို မြင်မြင်ချင်းပဲ မကြာသေးခင်က မင်းရဲ့ အခြေအနေတွေ အဆင်မပြေ ဖြစ်နေတာကို သိတယ်။ မင်း မိတ်ကပ် အထူကြီး ပြင်ဆင်ထားပေမဲ့ မင်းရဲ့ မျက်နှာအသားအရေက တကယ်ကို ညှိုးနွမ်းနေပြီး နေမကောင်းဖြစ်ဖူးတဲ့ လူတစ်ယောက်လို ခန္ဓာကိုယ်က အားနည်းနေတယ်။ မိတ်ကပ်ဖောင်ဒေးရှင်းကို အထူကြီး လိမ်းထားပေမဲ့ မင်းမျက်လုံးအောက်က ကွင်းပတ်အမည်းတွေကို လုံးဝ မဖုံးကွယ်နိုင်ဘူး။ ပြီးတော့ မင်းရဲ့ ဒူးမှာ ပလတ်စတာ ကပ်ထားပြီး လမ်းလျှောက်တာ ထော့နဲ့ထော့နဲ့ ဖြစ်နေတော့ မင်း တော်တော်လေး ပြင်းပြင်းထန်ထန် ချော်လဲထားပုံပဲ..."
ယဲ့ချန် ထိုသို့ ပြောဆိုသည်ကို ကြားရသောအခါ ဝိုင်းကြည့်နေသူများ အသေအချာ စောင့်ကြည့်ကြသည်။ အမှန်တကယ်ပင် ထိုသို့ ဖြစ်နေသည်။ လူတစ်ယောက်၏ အသားအရေ ကောင်းမွန်ခြင်း ရှိ၊ မရှိ၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေ အဆင်ပြေခြင်း ရှိ၊ မရှိနှင့် ပင်ပန်းနွမ်းနယ်နေခြင်း ရှိ၊ မရှိကို အကဲခတ်တတ်သော မျက်လုံးရှိသူတစ်ဦးက ကြည့်လိုက်ရုံဖြင့် ချက်ချင်း သိသာနိုင်သည်။
"တော်စမ်း ပါးစပ်ပိတ်ထား။"
ဆွန်းလီ ဒေါသပေါက်ကွဲသွားသည်။
"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ငါ မကြာသေးခင်က ကံဆိုးနေတာ ဟုတ်တယ်။ ဒါပေမဲ့ ဘယ်သူကကော အမြဲတမ်း ကံကောင်းနေလို့လဲ။ လူ့ဘဝမှာ ဘယ်သူက အမြဲတမ်း အဆင်ပြေချောမွေ့နေမယ်လို့ အာမခံနိုင်မှာလဲ။"
"လူငယ်လေး... လောကကြီးက အမြဲတမ်း ပြောင်းလဲနေတာပါ။ လူတွေမှာ တက်သက်ရှိသလို ကျသက်လည်း ရှိတယ် ကံဇာတာမှာလည်း အနိမ့်အမြင့် ရှိတတ်ကြတယ်။ဒါက ယင်နဲ့ယန် ရဲ့ ညီညွတ်မျှတမှုပဲ။ မင်းက အနိုင်လိုချင်ဇောနဲ့ ဒီမိန်းကလေးကို နှိမ်ချဖို့ ဒီကိစ္စကို သုံးတာက တကယ်ကို မသင့်တော်ဘူး။ ဟူး~~ ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ဓာတ်ကတော့..."
အကဲဖြတ်ပညာရှင်ကြီးက တရားမျှတမှုကို ထိန်းသိမ်းရန် ထပ်မံ ထွက်ပေါ်လာပြီး ယဲ့ချန်ကို အထင်သေးသကဲ့သို့ ခေါင်းကို တရစပ် ခါယမ်းနေခဲ့သည်။
ယဲ့ချန်က ထပ်မံပြုံးလိုက်ပြီး အပြောကောင်းစွာဖြင့် ဆက်ပြောသည်။
"သူမရဲ့ ကံဆိုးမှုမှာ အကြောင်းပြချက် ရှိပါတယ်။ ဒါက ဒီကျောက်စိမ်းလက်ကောက်ကြောင့် ဖြစ်ရတာပါ။"
လူတိုင်း အလွန်အမင်း အံ့အားသင့်သွားကြသည်။
"ငါတို့နိုင်ငံရဲ့ ကျောက်စိမ်းယဉ်ကျေးမှုက စိတ်ဝင်စားစရာကောင်းတဲ့ သမိုင်းကြောင်း ရှိခဲ့ပါတယ်။ ရှေးဟောင်းဒဏ္ဍာရီတွေအရ ကျောက်စိမ်းမှာ မကောင်းဆိုးဝါးတွေကို မောင်းထုတ်နိုင်ပြီး ခန္ဓာကိုယ်ကို ကာကွယ်ပေးနိုင်တဲ့ စွမ်းရည်ရှိပါတယ်။ ကျောက်စိမ်းအဆောင်အယောင်တွေကို အချိန်အတော်ကြာ ဝတ်ဆင်ထားရင် ဝိညာဉ်ရေးရာပိုင်းဆိုင်ရာ ဖွံ့ဖြိုးလာပြီး ပိုင်ရှင်ကို ဘေးအန္တရာယ်တွေကနေ တားဆီးပေးတတ်ပါတယ်။ အကယ်၍ တစ်နေ့မှာ ကျောက်စိမ်းအဆောင်အယောင်က ရုတ်တရက် ကျိုးသွားတာ ဒါမှမဟုတ် အက်သွားတာကို တွေ့ရရင် အဲ့ဒါက ပိုင်ရှင်အတွက် ဘေးအန္တရာယ်တစ်ခုကို တားဆီးပေးလိုက်ပြီလို့ အဓိပ္ပာယ်ရပါတယ်။"
ဤဗဟုသုတများ အားလုံးမှာ 【သရဲတစ္ဆေရေးရာ မှတ်တမ်းများ】 မှ ရရှိလာခြင်း ဖြစ်သည်။ ယဲ့ချန်သည် ပြောရင်းပြောရင်းဖြင့် ပို၍ ယုံကြည်မှုရှိလာခဲ့သည်။
"လူအများစုဟာ လမ်းဘေးမှာ ထူးဆန်းတဲ့အရာတွေကို တွေ့တတ်ကြတယ်။ ဥပမာအားဖြင့် ဗုဒ္ဓဘာသာ စိပ်ပုတီးတွေ၊ ကျောက်စိမ်းအဆောင်အယောင်တွေ စတာတွေပေါ့။ ဒီအရာတွေက ဘေးအန္တရာယ် ကာကွယ်ပေးတဲ့ ပစ္စည်းတွေ ဖြစ်ကြတယ်။ သူတို့ရဲ့ ပိုင်ရှင်တွေက ဒါတွေကို လွှင့်ပစ်ရတဲ့ အကြောင်းရင်းကတော့ အဲ့ဒီပစ္စည်းတွေက ပိုင်ရှင်ရဲ့ ကိုယ်စား ဘေးအန္တရာယ်ကို ကာကွယ်ပေးပြီး ပိုင်ရှင်ကို ဘေးကင်းအောင် စောင့်ရှောက်ပေးတဲ့ တာဝန် ပြီးဆုံးသွားလို့ပဲ ဖြစ်တယ်။ ဒါပေမဲ့ ဘေးအန္တရာယ်နဲ့ ကံဆိုးမှုတွေက အဲ့ဒီပစ္စည်းတွေပေါ်မှာ ကျန်ရှိနေခဲ့လို့ ပိုင်ရှင်က လွှင့်ပစ်ဖို့ကလွဲလို့ ရွေးချယ်စရာမရှိဘူး။ ဒါကြောင့် ငါတို့က ဒီလိုအရာတွေကို လမ်းမှာ ကောက်ချင်တိုင်း ကောက်လို့မရပါဘူး။ မင်းက ဒါကို ကောက်ပြီး ကိုယ်တိုင် ဝတ်ဆင်လိုက်တာနဲ့ မင်း သေချာပေါက် ကံဆိုးလိမ့်မယ်။ မဟုတ်ရင် မကောင်းဆိုးဝါး ပူးတာ ငွေကြေးဆုံးရှုံးတာ ဒါမှမဟုတ် ဖျားနာတာတွေ ဖြစ်လိမ့်မယ်။ အချိန်ကြာလာတာနဲ့အမျှ မင်းက ညစ်ပတ်တဲ့အရာတွေကိုတောင် ဆွဲဆောင်မိသွားလိမ့်မယ်..."
လင်းယွီရှီးသည် ယဲ့ချန်၏ ရှင်းပြချက်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။ ဤအခိုက်အတန့်တွင် သူမသည် ယဲ့ချန်အား တကယ်ကို အာရုံစိုက်မှုရှိပြီး ယုံကြည်မှုအပြည့်ဖြင့် တောက်ပနေသည်ဟု ခံစားလိုက်ရသည်။ ရယ်မောသရော်မှု တစ်ခုနှင့်တင် ရန်သူ၏ ကာကွယ်ရေးတံတိုင်းကြီးမှာ ပြာအဖြစ်သို့ လွင့်စင်သွားရပြီ။ တကယ်ကို ခန့်ညားလွန်းလှသည်။
ယဲ့ချန် ဤသို့ ပြောလိုက်သောအခါ လူတိုင်း သဘောပေါက်သွားကြသည်။ ကလေးချီထားသည့် အဒေါ်ကြီးတစ်ဦးက ချက်ချင်း လွှတ်ခနဲ ပြောလိုက်သည်။
"လူငယ်လေး... မင်းပြောချင်တာက ဒီကျောက်စိမ်းလက်ကောက်ကို အဲ့ဒီမိန်းကလေးရဲ့ ရည်းစားက လမ်းဘေးမှာ ကောက်ရလာတာလို့ ပြောတာလား။ ကျောက်စိမ်းလက်ကောက်က မူလပိုင်ရှင်အတွက် ဘေးအန္တရာယ်ကို တားဆီးပေးခဲ့လို့ အက်ကွဲသွားတာကို အဲ့ဒီမိန်းကလေးရဲ့ ရည်းစားက ကောက်ပြီး ပြုပြင်ပြီးတော့မှ သူ ဝယ်တုန်းက မတော်တဆ ချပစ်မိလို့ ကျိုးသွားတာပါလို့ ညာပြီး ပေးလိုက်တာပေါ့ ဟုတ်လား။"
"နင်... နင်... နင်က လျှောက်ပြောနေတာ ငါ့ကို အပုပ်ချနေတာ နင်လို အသုံးမကျတဲ့ ကောင်စုတ် အမှိုက်ကောင်။"
ဆွန်းလီ၏ မျက်နှာမှာ စိမ်းရာမှ ခရမ်းရောင်သို့ ပြောင်းလဲသွားပြီး ဒေါသကြောင့် တုန်ရင်နေခဲ့သည်။ သူမ၏ အမူအရာမှာ ရက်စက်တတ်သည့် မိထွေးတစ်ဦးကဲ့သို့ ချဉ်စုတ်စုတ်နှင့် ရိုင်းစိုင်းလှပြီး ယဲ့ချန်အား ဆဲဆိုတော့သည်။
သူမ၏ မျက်ဝန်းထဲတွင် သံသယအရိပ်အယောင်များ ကျန်ရှိနေဆဲ ဖြစ်သည်။ သူမ၏ ရည်းစားဖြစ်သူက သူမအား ဤကျောက်စိမ်းလက်ကောက်ကို ပေးခဲ့စဉ်အခါက သူမသည် ငွေပြေစာ အကြောင်း မေးမြန်းခဲ့သော်လည်း ရည်းစားဖြစ်သူက မတော်တဆ ပျောက်ဆုံးသွားခဲ့သည်ဟု ပြောခဲ့သည်။
ထို့အပြင် ဤကျောက်စိမ်းလက်ကောက်တွင် ထုပ်ပိုးသည့် ဘူးခွံလည်း မပါရှိခဲ့ချေ။ သို့သော် ယခုအချိန်တွင် သူမသည် သေခါနီး ဘဲတစ်ကောင်ကဲ့သို့ ဇွတ်တင်းခံကာ အဆုံးအထိ အလျှော့မပေးဘဲ နေခဲ့သည်။
"ဒါတွေက နင့်ရဲ့ ထင်မြင်ချက်တွေပဲ နင်က ကောလာဟလတွေ ဖြန့်ပြီး လူထုကို ရှုပ်ထွေးအောင် လုပ်နေတာ နင် ဘာသက်သေအခိုင်အမာမှ မပြနိုင်ပါဘူး။"
အကဲဖြတ်ပညာရှင်ကြီးက စဉ်းစားဆင်ခြင်ပြီး ပြောလိုက်သည်။
"လူငယ်လေး... ဒီပြောဆိုချက်တွေက အရမ်းကို အယူသီးလွန်းပါတယ်။ အမှန်တရား အနည်းငယ် ရှိနိုင်တယ်ဆိုပေမဲ့ အပြည့်အဝ ယုံကြည်လို့တော့ မရပါဘူး။ ဖြစ်နိုင်တာကတော့ ဒီမိန်းကလေးက ဒီကာလအတွင်းမှာ ကံဆိုးတာက တိုက်ဆိုင်မှုတစ်ခု ဖြစ်ပါလိမ့်မယ်။ ငါတို့က ဒီကျောက်စိမ်းလက်ကောက်ကို အပြစ်ပုံချလို့ မရပါဘူး။"
"ဟားဟားဟားဟား စကားတွေနဲ့ မင်းတို့ကို ယုံကြည်အောင် လုပ်လို့မရဘူးဆိုတာ ငါသိပါတယ်။ ကောင်းပြီလေ... အခု ငါ လူပုံအလယ်မှာ စမ်းသပ်မှုတစ်ခု လုပ်ပြမယ် ငါပြောခဲ့တဲ့ စကားလုံးတိုင်းဟာ အမှန်တရားဖြစ်ပြီး လေထဲကနေ ဖန်တီးထားတာ မဟုတ်ဘူးဆိုတာ သက်သေပြဖို့အတွက်ပေါ့။"
ယဲ့ချန်၏ အမူအရာတိုင်းမှာ တည်ငြိမ်မှုနှင့် ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။
"မင်းရဲ့ မျက်နှာ အဖြတ်ခံရဖို့အတွက် အဆင်သင့် ပြင်ထားလိုက်တော့။"