အခန်း ၁၃
Vol. 2 Ch. 13
အခန်း ၁၃ - ငါ့ကို လာပိုးတာလား။
"နင်... နင် ဘယ်လိုသက်သေပြမှာလဲ။"
ဆွန်းလီ က ယဲ့ချန်အား အနည်းငယ် ကြောက်ရွံ့တုန်လှုပ်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ဘေးမှ အကဲဖြတ်ပညာရှင်ကြီးက သူမကို အားပေးရှာသည်။
"မိန်းကလေး... သူ့ကို မကြောက်နဲ့။ သူ့ရဲ့ ခိုင်မာလှပါတယ်ဆိုတဲ့ သီအိုရီက ဖောက်ပြန်တဲ့ အယူသီးမှု အမှိုက်တွေပဲ။ လုံးဝ အထမြောက်မှာမဟုတ်ဘူး။ ဒါ ဘယ်ခေတ်လဲ။ ငါတို့က သိပ္ပံပညာကိုပဲ ယုံကြည်ရမယ်။"
မျောက်ပြပွဲ ကြည့်နေသကဲ့သို့ ဝိုင်းအုံနေကြသည့် လမ်းသွားလမ်းလာ လူအုပ်ကြီးကမူလူများလေ ပွဲစည်လေမို့ဝိုင်းဝန်းပြီး လှောင်ပြောင် သရော်ကြတော့သည်။ ဆွန်းလီ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် နောက်ဆုံးတွင် သွားကိုကြိတ်ကာ ယဲ့ချန်အား ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ကောင်းပြီလေ သက်သေပြလိုက်စမ်း။ ငါက နင့်ကို ကြောက်နေမယ်ထင်လို့လား တကယ်လို့ နင် သက်သေအခိုင်အမာ မပြနိုင်ရင်တော့ အဲ့ဒီ နံစော်နေတဲ့ ပါးစပ်ကို ငါ ကိုယ်တိုင် ဆွဲဖြဲပစ်မယ်။"
ယဲ့ချန်က တည်ငြိမ်စွာ ပြုံးပြီး ပြောလိုက်သည်။
"အရမ်းရိုးရှင်းပါတယ်။ ယေဘုယျအားဖြင့် လူတစ်ယောက်ဟာ ကံဇာတာ နိမ့်ပါးပြီး ဘေးအန္တရာယ်တွေ ဝိုင်းနေသလားဆိုတာ သိချင်ရင် စက္ကူအချို့ကို မီးရှို့ကြည့်လိုက်ရုံပါပဲ။ တကယ်လို့ လေတိုက်တဲ့ အရပ်မျက်နှာက ဘယ်လိုပဲဖြစ်ဖြစ် မီးခိုးတွေက အဲ့ဒီလူရှိတဲ့ နေရာဆီကိုပဲ တည့်တည့်ဦးတည်ပြီး လွင့်ပါးသွားမယ်ဆိုရင်တော့ အဲ့ဒီလူရဲ့ ကိုယ်ခံစွမ်းအား အားနည်းနေပြီး ကံဇာတာ ညံ့ဖျာနေတဲ့အပြင် ညစ်ပတ်တဲ့အရာတွေကို ဆွဲဆောင်နေပြီဆိုတာ သက်သေပြဖို့ လုံလောက်ပါတယ်။ ဒါကြောင့်"
"အခု ငါ မီးရှို့ဖို့ စက္ကူတချို့ လိုအပ်နေတယ်။"
ယဲ့ချန် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ ဘေးက ဝိုင်းကြည့်နေသူများက အလွန် ပူးပေါင်းဆောင်ရွက်ကြသည်။ မကြာမီမှာပင် အသက်လတ်ပိုင်း အမျိုးသားတစ်ဦးက အနီးနားရှိ အမှိုက်ပုံးထဲတွင် အလုအယက် ရှာဖွေပေးပြီးစက္ကူအဟောင်း အထပ်လိုက်ကြီးကို ယဲ့ချန်ထံ ကမ်းပေးလာသည်။ ယဲ့ချန်က စက္ကူများကို လှမ်းယူလိုက်ပြီး မီးခြစ်တစ်လုံးကို ထုတ်လိုက်သည်။
"ယဲ့ချန်... ဒါက တကယ် ဖြစ်နိုင်ပါ့မလား။"
လင်းယွီရှီးက ယဲ့ချန်အား တစ်ဝက်ယုံတစ်ဝက်မယုံ မျက်လုံးများဖြင့် ကြည့်ကာ မေးသည်။
"ဖြစ်မှာပါ။"
ယဲ့ချန်က တည်ငြိမ်စွာ ဆိုသည်။
"လိမ်နေတာ ဆက်လိမ်နေဦး။"
အကဲဖြတ်ပညာရှင်ကြီးက နှာခေါင်းရှုံ့ကာ အထင်သေးစွာဖြင့် အကဲခတ်နေသည်။ ယဲ့ချန် လေတိုက်နှုန်းကို အကဲခတ်လိုက်ပြီးနောက် ဆွန်းလီ ရပ်နေသည့် အနေအထားကို ကြည့်ကာ ပြုံးလိုက်သည်။
"အခု လေက အနောက်တောင်အရပ်ကနေ တိုက်နေတာဆိုတော့ မီးခိုးတွေက လေစီးကြောင်းအတိုင်း ဆန့်ကျင်ဘက်ကို လွင့်ရမယ် ဆိုလိုတာက မီးခိုးတွေက အရှေ့မြောက်အရပ်ဆီကို လွင့်ရမှာ ဖြစ်တယ်။"
ဒါက အရမ်းရိုးရှင်းတဲ့ သဘာဝတရားမို့ လူအများစု နားလည်ကြသည်။
"မှန်တာပေါ့။"
အကဲဖြတ်ပညာရှင်ကြီးက လှောင်ပြောင်သည်။
"ဒီမိန်းကလေးက အနောက်မြောက်အရပ်မှာ ရပ်နေတာ မီးခိုးတွေက သူမဆီကို လွင့်သွားမယ်လို့ ငါ လုံးဝမယုံဘူး မိန်းကလေး... ဒီအတိုင်း ငြိမ်ငြိမ်လေးရပ်နေ ခဏနေရင် သူ လူလိမ်ဆိုတာ ပေါ်တော့မယ်။"
"ဒါဆိုရင် စောင့်ကြည့်ကြတာပေါ့။"
ယဲ့ချန် နောက်ထပ် စကားမဆိုတော့ဘဲ လက်ထဲက စက္ကူအဟောင်းကို မီးရှို့လိုက်သည်။မီးတောက်များ ထတောက်လာပြီး မီးခိုးများ အူထွက်လာသည်။ ထိုမီးခိုးများကို လေက တိုက်ထုတ်လိုက်ရာ မီးခိုးများက အနည်းငယ်မျှ လမ်းကြောင်းမလွဲဘဲ ဆွန်းလီရှိရာ အရပ်ဆီသို့ တည့်တည့်မတ်မတ် လွင့်ပါးသွားတော့သည်။
ဒါက သဘာဝနိယာမတရားကို လုံးဝ ဆန့်ကျင်နေသည်။
"မဖြစ်နိုင်တာ လေတိုက်တဲ့အရပ်က မှားနေပြီ။ လုံးဝ မဖြစ်နိုင်တာ။ ဒါ... ဒါ... ဒါက တစ်ခုခု ပြုစားထားတဲ့ မျက်လှည့်ပဲ။"
အကဲဖြတ်ပညာရှင်ကြီးမှာ သူ၏ ကမ္ဘာကြီးအပေါ် အမြင်များ လုံးဝ ပြောင်းပြန်လှန်ခံလိုက်ရသကဲ့သို့ ဆွံ့အလျက် ကြောင်တောင်တောင် ဖြစ်သွားရသည်။ ဆွန်းလီမှာမူ ရပ်နေမိပြီး ထူထပ်လှသော မီးခိုးများက သူမ၏ မျက်နှာဆီသို့ တည့်တည့်တိုးဝင်လာသဖြင့် မျက်လုံးပင် မဖွင့်နိုင်တော့ချေ။
"မဟုတ်ဘူး ဒါအတုကြီး ဒါ မျက်လှည့်ပြနေတာ။"
နောက်တစ်စက္ကန့်တွင် ဆွန်းလီသည် သရဲသရဲ မြင်လိုက်ရသည့်အလား စူးစူးဝါးဝါး အော်ဟစ်ကာ အဝေးသို့ အမြန် ထွက်ပြေးတော့သည်။ ယဲ့ချန်ကမူ မီးလောင်နေသည့် စက္ကူကို လှုပ်ရှားမှုမရှိဘဲ တည်ငြိမ်စွာ ကိုင်ထားဆဲ ဖြစ်သည်။ ထူးဆန်းသော အရာတစ်ခု ဖြစ်ပျက်လာသည်။ ဖြူဖွေးနေသော မီးခိုးများက အရိုးထဲအထိ တွယ်ကပ်နေသည့် လောက်ကောင်များကဲ့သို့ ဆွန်းလီနောက်သို့ တကောက်ကောက် လိုက်ပါသွားတော့သည်။ဆွန်းလီ မည်သည့်အရပ်သို့ ထွက်ပြေးသည်ဖြစ်စေ မီးခိုးများက လမ်းကြောင်းမကွေ့ဘဲ သူမဆီသို့သာ တည့်တည့် လွင့်ပါးနေခဲ့သည်။
"ဖောက်ပြန်တဲ့ အယူသီးမှု ဟုတ်လား။"
ယဲ့ချန်က ဆွံ့အနေသော အကဲဖြတ်ပညာရှင်ကြီးအား သရော်လှောင်ပြောင်သော မျက်နှာဖြင့် ကြည့်လိုက်သည်။
"လောကမှာ မင်းမယုံကြည်တဲ့ အရာအချို့ ရှိနိုင်ပေမဲ့ အနည်းဆုံးတော့ ရိုသေစိတ် ရှိသင့်တယ် မဟုတ်ရင် တစ်နေ့မှာ မင်းကိုယ်တိုင်ဆီကို ဘေးအန္တရာယ်တွေ သယ်ဆောင်လာလိမ့်မယ်။"
"ဒါ... ဒါ..."
အကဲဖြတ်ပညာရှင်ကြီး၏ မျက်နှာတစ်ခုလုံး ပါးရိုက်ခံလိုက်ရသကဲ့သို့ ပူထူသွားတော့သည်။
"ကဲ... ဆက်မပြေးပါနဲ့တော့။ အခု အဲ့ဒီကျောက်စိမ်းလက်ကောက်ကို ချွတ်ပြီး ဘေးမှာ ချထားကြည့်လိုက်။"
ယဲ့ချန်က ဆွန်းလီအား သတိပေးလိုက်သည်။ ဆွန်းလီသည် သူမ၏ လက်ကောက်ဝတ်မှ ကျောက်စိမ်းလက်ကောက်ကို ကပျာကယာ ချွတ်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ ကုန်းချကာ အဆိပ်ရှိမြွေတစ်ကောင်ကို ရှောင်ရှားသကဲ့သို့ အဝေးသို့ ထွက်ပြေးသွားတော့သည်။
ထူးဆန်းသည်မှာ ကျောက်စိမ်းလက်ကောက်ကို ချွတ်လိုက်ပြီးနောက်တွင် ထူထပ်သော မီးခိုးများက ဆွန်းလီနောက်သို့ မလိုက်တော့ဘဲ ကြမ်းပြင်ပေါ်ရှိ ကျောက်စိမ်းလက်ကောက်ဆီသို့သာ စုပြုံတိုးဝင်သွားကြတော့သည်။ ဆွန်းလီ သက်ပြင်းချနိုင်သွားသည်။ ဝိုင်းကြည့်နေကြသည့် လူအုပ်ကြီးမှာ ရုတ်တရက် ဆူညံသွားကြတော့သည်။
"တကယ်ကို အံ့ဩဖို့ကောင်းလိုက်တာ ဒီကျောက်စိမ်းလက်ကောက်မှာ တကယ်ပဲ ပြဿနာရှိတာပဲ။"
"ဒီနေ့တော့ ဗဟုသုတတွေ တိုးရပြီ။ ငါလည်း နောက်မှ စက္ကူလေး ဘာလေး မီးရှို့ပြီး ငါ့အပေါ်မှာ ကံဆိုးတာတွေ ရှိလား စစ်ကြည့်ရမယ်။"
"အမြင်သစ်တစ်ခု ရသွားတာပဲ။ ဒီလူငယ်လေးက တကယ်ကို လန်းတာပဲ။"
"ဟီးဟီး အဲ့ဒီအလှပလေးက အရမ်းအတာပဲ။ သူမရဲ့ ရည်းစားရဲ့ ဂျော်လီဆွဲတာ ခံလိုက်ရတာ။"
"သနားစရာပဲ။ တကယ်လို့ သူမသာ ဒီကျောက်စိမ်းလက်ကောက်ကို ဆက်ဝတ်ထားရင် အနှေးနဲ့အမြန် ကံဆိုးပြီး သေသွားမှာပဲ။"
"သနားစရာလူတွေမှာ မုန်းစရာအချက်တွေ ရှိတတ်စမြေပဲ။ စောစောက သူမ မာနထောင်လွှားပြီး ရိုင်းစိုင်းနေတာ မမြင်ဘူးလား။ ပြီးတော့ ဒါကို အကြိမ်ကြိမ် ကြွားနေသေးတယ်။ ငါ့ကိုသာ ဒီလို မကောင်းဆိုးဝါး ပစ္စည်းမျိုး အလကားပေးရင်တောင် မယူဘူး သူမကတော့ ရတနာလို သဘောထားနေတာ။ ခံရတာ တန်ပါတယ်။"
လူတစ်ယောက် အရှံးသမားဖြစ်သွားပြီဆိုလျှင် အခြားသူများ၏ နင်းချခြင်းကို ခံရမည်မှာ ဓမ္မတာပင်။ ဝိုင်းကြည့်နေသူ အများစုက ဆွန်းလီအား သူတစ်ပါး ပျက်စီးခြင်း၌ ဝမ်းမြောက်သော အကြည့်များဖြင့် ကြည့်နေကြသည်။
"အဟမ်း အဟမ်း။"
ယဲ့ချန်က မီးလောင်နေသော စက္ကူကို လွှင့်ပစ်လိုက်ပြီး ခြေထောက်ဖြင့် နင်းကာ ငြှိမ်းသတ်လိုက်သည်။ ထို့နောက် စိတ်ပျက်အားငယ်နေသော ဆွန်းလီကို ကြည့်ကာ နောက်ပြောင်ကျီစယ်လိုက်သည်။
"ကဲ... အခုကော ငါပြောတာကို ယုံပြီလား။"
ခေတ္တမျှ ရပ်လိုက်ပြီးနောက် ယဲ့ချန်က တမင်သက်သက် မီးလောင်ရာလေပင့် လုပ်လိုက်သည်။
"မင်းရဲ့ ရည်းစားက မင်းကို ဒီကျောက်စိမ်းလက်ကောက် ပေးတာနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ခြေ နှစ်ခု ရှိတယ်။ ပထမတစ်ခုက သူက ဒီလို တားမြစ်ချက်တွေကို မသိဘဲ ဘေးအန္တရာယ် ကာကွယ်ပေးပြီးလို့ သူများ လွှင့်ပစ်ထားတဲ့ ကျိုးနေတဲ့ ကျောက်စိမ်းလက်ကောက်ကို မတော်တဆ ကောက်ရလာတယ်။ ပြီးတော့ ပြုပြင်ပြီး မင်းကို ဝယ်လာတာပါလို့ လိမ်ပေးလိုက်တာ။ ဟူး... ဒီလိုတွေးကြည့်ရင် သူ့နှလုံးသားထဲမှာ မင်းရဲ့ တန်ဖိုးက တကယ်ကို နည်းလွန်းပါတယ်။ ဒါပေမဲ့ ဒါက တော်သေးတာပေါ့။ ဒုတိယ ဖြစ်နိုင်ခြေကတော့ သူက ဒီလက်ကောက်ကို ဝတ်ဆင်ဖို့ မသင့်တော်မှန်း သိသိကြီးနဲ့ မင်းကို ပေးခဲ့တာ။ ဒီလိုတွေးကြည့်ရင် ရင်တောင် အေးစက်သွားတာပဲ။"
ဆွန်းလီသည် မူလကပင် သူတစ်ပါး မိမိအား ထိခိုက်အောင် လုပ်နေသည်ဟုထင်ယောင်ထင်မှား ဖြစ်တတ်သည့် စိတ်ရောဂါ အနည်းငယ် ရှိနေသူဖြစ်ရာ ယဲ့ချန်၏ လျှောက်ပြောချက်များကို နားထောင်ပြီးနောက် ဒုတိယအချက်ကို လုံးဝ အခိုင်အမာ ယုံကြည်သွားတော့သည်။
"ကျန်းရှန့် နင်လို ခွေးတိရစ္ဆာန် ငါက နင့်အပေါ် အကောင်းဆုံး ဆက်ဆံခဲ့တာကို နင်က... နင်က တကယ်ပဲ ဒါမျိုး လုပ်ရက်တယ်ပေါ့ နင် ငါ့ကို သေစေချင်တာလား။ အဲ့လောက် မလွယ်ဘူးငါ နင်နဲ့ အသေအကြေ တိုက်ခိုက်ဦးမှာ။ နင့်ကို သတ်ပစ်မယ်။"
ဆွန်းလီသည် စိတ်ဖောက်ပြန်သူတစ်ဦးကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်ကာ ကြမ်းပြင်ပေါ်ရှိ ကျောက်စိမ်းလက်ကောက်ကို ပြေးကောက်ပြီး အပိုင်းပိုင်းပြတ်သွားသည်အထိ ပြင်းထန်စွာ ရိုက်ခွဲပစ်တော့သည်။ သို့သော်လည်း စိတ်မကျေနပ်သေးဘဲ ဖခင်ဖြစ်သူကို သတ်ခဲ့သည့် ရန်သူနှင့် တွေ့သည့်အလား ခြေထောက်ဖြင့် ပြင်းပြင်းထန်ထန် ထပ်မံနင်းခြေပစ်တော့သည်။
ဆွန်းလီ၏ စုတ်ပြတ်သတ်သွားသော ပုံစံကို မြင်လိုက်ရသောအခါ ယဲ့ချန်၏ ရင်ထဲတွင် အလွန် ဝမ်းမြောက်ကျေနပ်သွားရသည်။
'မင်း စောစောက ဘယ်လောက်ပဲ မြင့်မြင့်ခုန်ခဲ့ခုန်ခဲ့အခုတော့ငါ မင်းကို ပြင်းပြင်းထန်ထန် နင်းခြေပြလိုက်ပြီ။'
တကယ်ကို လန်းဆန်းလှသည်။ စနစ်သာ ရှိနေရင် အထာကျကျ မျက်နှာဖြတ်ရိုက်ရတာ တကယ်ကို ရိုးရှင်းလွန်းလှသည်။
ထိုအချိန်မှာပင်။
တီ... [မြေခွေးမ၏ မျက်နှာကို ဖြတ်ရိုက်ပြီး လူပုံအလယ်တွင် အရှက်ခွဲခြင်း] တာဝန်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည့်အတွက် အိမ်ရှင်အား ဂုဏ်ပြုပါသည်။ ကျွမ်းကျင်မှုစာအုပ် ညို့ယူခြင်းအတတ်ကို ရရှိပြီး ၎င်းကို သိုလှောင်ခန်းထဲသို့ အလိုအလျောက် ထည့်သွင်းပြီးပါပြီ။ ပြင်ဆင်ရေး စွမ်းအင် ၀% ရရှိသည်။ စနစ် ပြန်လည်ပြင်ဆင်မှု ပြီးစီးမှု - ၀.၇%။
ယဲ့ချန်သည် လင်းယွီရှီး၏ ဘေးသို့ ပြေးသွားလိုက်သည်။
"ဘယ်လိုလဲ... ငါပြောတာ မမှားဘူးမလား။ ငါ သူမကို အရှက်ခွဲချင်ရင် သူမ သေချာပေါက် အရှက်ကွဲရမှာပဲ။ ကဲ... ကျောင်းသွားပြီး အတန်းတက်ရအောင်။ သူမနဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲ မဟုတ်ရင် နင့်ဆီပါ ကံဆိုးတာတွေ ကူးစက်လာလိမ့်မယ်။"
"အင်းအင်း။"
လင်းယွီရှီး ခေါင်းကို တရစပ် ညိတ်လိုက်သည်။ နေရောင်ခြည်က သူမ၏ အပြစ်ဆိုဖွယ်မရှိသော မျက်နှာလေးပေါ်သို့ ဖြာကျနေပြီး ဆံနွယ်တိုင်းကို ရွှေရောင်သန်းစေကာ တကယ်ကို ဖော်မပြနိုင်လောက်အောင် လှပလွန်းနေသည်။ ဤအခိုက်အတန့်တွင် လင်းယွီရှီးသည် ယဲ့ချန်အား ထူးခြားသော နူးညံ့မှု၊ မဖုံးကွယ်နိုင်သော အထင်ကြီး လေးစားမှုများဖြင့် စိုက်ကြည့်နေခဲ့သည်။
"ယဲ့ချန်... နင် တကယ်ကို တော်တာပဲ နင်က အရာအားလုံးကို သိနေသလိုပဲ..."
"ဒါက ဘာမှမဟုတ်ပါဘူး။"
ယဲ့ချန်က နှိမ့်ချစွာ ပြောလိုက်သည်။ ထိုအချိန်တွင် လမ်းဘေးနှင့် မလှမ်းမကမ်း၌ လျှို့ဝှက်ဆန်းကြယ်ပြီး ဆန်းပြားလှသော ဇိမ်ခံကားတစ်စီးဖြစ်သည့် ငွေရောင် Bentley Mulsanneကားတစ်စီး ရပ်ထားသည်။ နောက်ဘက် ကားမှန်မှာ တစ်ဝက်ခန့် ရစ်ချထားသည်။
ကားထဲတွင် ရုပ်ရည်သွင်ပြင်နှင့် အငွေ့အသက် အလွန်ပြောင်မြောက်လှသည့် အဆင့်မြင့် ထိပ်တန်း အလှပဂေးတစ်ဦး ထိုင်နေသည်။ သူမ၏ ကြည်လင်အေးစက်သော မျက်ဝန်းများက ယဲ့ချန်ထံသို့ တည့်တည့် စိုက်ကြည့်နေခဲ့သည်။ သူမ၏ အသားအရေမှာ နှင်းပွင့်ကဲ့သို့ ဖြူဖွေးပြီး စိတ်ကြိုက်ချုပ်လုပ်ထားသော ရုံးဝန်ထမ်း ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ မျက်နှာသွင်ပြင်မှာ လက်ရာမြောက် အနုပညာရှင်တစ်ဦး ထုဆစ်ထားသည့်အလား ထူးခြားပြောင်မြောက်ပြီး ပန်းချီကားထဲမှ ထွက်လာသည့် နတ်သမီးတစ်ပါးကဲ့သို့ အသက်ရှူမှားလောက်အောင် လှပလွန်းလှသည်။
သူမသည် ယဲ့ချန်က ဆွန်းလီ၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည့် ဖြစ်စဉ်တစ်ခုလုံးကို အစအဆုံး မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
"ရှောင်ဟုန် ... အခုချက်ချင်း ကားပေါ်ကဆင်းပြီး အဲ့ဒီလူငယ်ရဲ့ ဆက်သွယ်ရန်လိပ်စာကို သွားတောင်း။"
သူမသည် ဘေးနားရှိ တည်ငြိမ်ပြီး စွမ်းဆောင်ရည်ရှိသော အမျိုးသမီး ဝန်ထမ်းအား ကပျာကယာ အမိန့်ပေးလိုက်သည်။
"အာ..."
ထိုအမျိုးသမီး ဝန်ထမ်းမှာ အံ့အားသင့်သွားပြီး လွှတ်ခနဲ မေးမိတော့သည်။
"ဥက္ကဋ္ဌရှ ... တကယ်ပြောနေတာလား ဘယ်တုန်းကမှ ဘယ်သူ့ရဲ့ ဆက်သွယ်ရန်လိပ်စာကိုမှ ဦးအောင် မတောင်းဖူးပါဘူး... အထူးသဖြင့် ယောက်ျားတစ်ယောက်ရဲ့ လိပ်စာကို..."
"အဲ့ဒီလူငယ်က သိုင်းပညာရှင်တစ်ဦး ဖြစ်ရမယ်။ ဒီလိုလူမျိုးတွေက အခုခေတ် လူ့အဖွဲ့အစည်းမှာ ရှားပါးတယ် ဆုံတွေ့ဖို့ တကယ် မလွယ်ကူဘူး။"
လှပသော ဥက္ကဋ္ဌရှ ၏ အေးစက်သော မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှုနှင့် လိုချင်တက်မက်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း ချက်ချင်း ပြန်လည် ပျောက်ကွယ်သွားသည်။
"စကားတွေ အများကြီး မပြောနဲ့တော့မြန်မြန်သွား။"
ထိုအမျိုးသမီး ဝန်ထမ်းသည် မနှောင့်နှေးရဲဘဲ ကားတံခါးကို ဖွင့်ကာ ဒေါက်ဖိနပ်ဖြင့် ယဲ့ချန်ရှိရာဆီသို့ ခြေလှမ်းအမြန်ဖြင့် ပြေးသွားတော့သည်။
"မောင်ချောလေး... ခဏလောက် နေပါဦး..."
ထိုအမျိုးသမီး ဝန်ထမ်းက လှမ်းခေါ်လိုက်သည်။
"ဟင်... "
ယဲ့ချန် ခေတ္တမျှ ကြောင်အသွားပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။ အနက်ရောင် ဝတ်စုံငယ်နှင့် တင်ပါးဆုံကျပ် စကတ်ကို ဝတ်ဆင်ထားပြီးမိတ်ကပ်ပါးပါး ပြင်ဆင်ထားကာ ရုပ်ရည် တော်တော်လေး ကောင်းမွန်သည့် အမျိုးသမီး ဝန်ထမ်းတစ်ဦးကို တွေ့လိုက်ရသည်။
ပြောရလျှင် သူမ၏ ကိုယ်လုံးကိုယ်ထည်မှာ တကယ်ကို မိုက်လှသည်။
"ငါ့ကို ခေါ်တာလား။"
ယဲ့ချန် မေးလိုက်သည်။
"ဟုတ်တယ် ဟုတ်တယ်။"
ထိုအမျိုးသမီး ဝန်ထမ်း၏ မျက်လုံးကြီးများမှာ အလွန်တောက်ပနေပြီး စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။
"မောင်ချောလေး... ငါ့အတွက် နင့်ရဲ့ ဆက်သွယ်ရန် လိပ်စာလေး ပေးခဲ့လို့ ရမလားရှင်။"
ယဲ့ချန် အနည်းငယ် ဆွံ့အသွားရသည်။
အလှပဂေးတစ်ယောက်က ငါ့ရဲ့ ဆက်သွယ်ရန်လိပ်စာကို ဦးအောင် လာတောင်းတာလား။
ဒါ သမိုင်းမှာ ပထမဆုံးအကြိမ်ပဲ။ နေက အနောက်အရပ်က ထွက်လာတာလား။ ဒါမှမဟုတ် စောစောက ငါ့ရဲ့ ပြသမှုတွေက အရမ်းကို ထူးခြားပြောင်မြောက်သွားလို့လား။ဒီအစ်မကြီးက ငါ့ကို လာပိုးနေတာလား။ ဒါပေမဲ့ ငါ့မှာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု မရှိသေးဘူးလေ။