← Chapters

အခန်း ၁၅

Vol. 2 Ch. 15

အခန်း ၁၅

Vol. 2 Ch. 15

အခန်း ၁၅ - ကျောင်းအလှပဂေးနှင့်အတူ ညစာစားခြင်း။

ဝူချန်ပြောလိုက်သည်ကို ကြားသောအခါ ယဲ့ချန်တစ်ယောက် မရယ်ဘဲ မနေနိုင်တော့ချေ။

ဒီကောင်ကတော့ တကယ့်ကို စိတ်ကူးယဉ်ကမ္ဘာထဲ ရောက်နေတဲ့ကောင်ပဲ ကယ်တင်လို့မရတော့တဲ့ စိတ်ကူးယဉ်ဝေဒနာရှင်လား။

ရိုးရိုးသားသား ပြောရလျှင် ဝူချန်သည် တကယ်ပင် ပါရမီရှိသူတစ်ဦး ဖြစ်သည်။ တကယ်လို့ သူက နောက်နောင် NBA မှာ သွားကစားဖြစ်မယ်ဆိုရင်တော့ ငါတို့တွေ အားကစားရုပ်သံလိုင်းကနေပဲ သူ့ရဲ့ သူရဲကောင်းဆန်တဲ့ ပုံရိပ်ကို အားကျကြည့်ရှုရတော့မှာ ဖြစ်သည်။ အရင်တုန်းကဆိုရင်တော့ ယဲ့ချန်၏ စရိုက်အရ ဤကဲ့သို့ ဝူချန်နှင့် ရင်ဆိုင်ရလျှင် သူ့ကို ဖားယားခြင်းမျိုး မလုပ်သည့်တိုင်အောင် အနည်းနဲ့အညှာတော့ မိမိကိုယ်ကိုယ် သိမ်ငယ်စိတ် ဝင်မိလိမ့်မည်။

ဒါပေမဲ့ အခုတော့လား။

အမှိုက်ပဲ အသုံးမကျတဲ့ကောင်။

"မင်း မစင်စားလာတာလား။ ပြောလိုက်တဲ့ စကားတွေက နံစော်နေတာပဲ။"

ယဲ့ချန်က ဝူချန်အား တည်ငြိမ်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။

"အဲ့ဒီစကားကို ပြန်ပြင်ပြောဖို့ မင်းကို အခွင့်အရေး တစ်ကြိမ်ပေးမယ်။ ငါ့ကို ချက်ချင်း တောင်းပန်လိုက် မဟုတ်ရင် မင်းကို ငါ ဆုံးမရလိမ့်မယ်။"

"ဘာကွ မင်း ဘာပြောလိုက်တယ်။"

ဝူချန်သည် ယဲ့ချန်အား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်ကာ မယုံကြည်နိုင်သည့် မျက်နှာဘေး ဖြစ်သွားရသည်။

ဝတ်ပျက်ခြုံပျက်နဲ့ ခြောက်ကပ်ကပ် ကောင်စုတ်ကများ ငါ ဝူချန်ကို လာပြီး ရန်စရဲတယ်ပေါ့?။ငါ့ရှေ့မှာ လာပြီး ဆရာကြီးလုပ်နေတာလား။ သူ သေခြင်းတရားဆိုတဲ့ စကားလုံးကို ဘယ်လိုပေါင်းရမလဲ မသိဘူးထင်တယ်။

ဒီအချိန်က ကျောင်းသားတွေ ကျောင်းဆင်းတဲ့ အချိန်မို့ ယဲ့ချန်နဲ့ ဝူချန်တို့ ထိပ်တိုက်တွေ့နေကြတဲ့ မြင်ကွင်းက စက်မှုနည်းပညာကောလိပ် က ကျောင်းသားအတော်များများကို လျင်မြန်စွာ ဆွဲဆောင်မိသွားပြီး ဝိုင်းကြည့်လာကြတော့သည်။

"တော်ပါတော့ ယဲ့ချန်ရယ်... သူနဲ့ ဆက်ပြီး စကားများမနေပါနဲ့တော့... ငါတို့ အမြန်သွားကြရအောင်။"

ကိစ္စတွေ ပိုပြီး ကြီးထွားလာမှာကို စိုးရိမ်သဖြင့် လင်းယွီရှီးက ယဲ့ချန်၏ လက်မောင်းကို ဦးအောင် ဆွဲကိုင်ကာ ခေါ်ထုတ်သွားရန် ကြိုးစားတော့သည်။ လင်းယွီရှီးသည် သူတို့နှစ်ဦး ရန်ဖြစ်ကြပြီး ယဲ့ချန်က ဝူချန်ကို ယှဉ်နိုင်မှာ မဟုတ်ဘူးဆိုတာကိုလည်း စိုးရိမ်နေမိသည်။

ဘာပဲဖြစ်ဖြစ် ဝူချန်က အရပ် ၁၉၅ စင်တီမီတာ ရှိပြီး ကိုယ်အလေးချိန် ပေါင် ၃၀၀ နီးပါး ရှိကာ နွားသိုးတစ်ကောင်လို ထွားကြိုင်းလှသည်။ ထို့အပြင် ပရော်ဖက်ရှင်နယ် ဘတ်စကတ်ဘော သင်တန်းကိုလည်း တက်ရောက်ထားသဖြင့် ပြင်းထန်သော ခန္ဓာကိုယ် ကြံ့ခိုင်မှုကို ပိုင်ဆိုင်ထားပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် လူစိမ်းကောင်ကြီး လို ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေသည်။

သူ့ရှေ့တွင် ယဲ့ချန်က ခေါင်းတစ်လုံးစာ ပုနေသည့်အပြင် ခြေတံလက်တံ သေးသေးသွယ်သွယ်ဖြင့် တစ်ဆိုဒ်ခန့် သေးငယ်နေပုံရသည်။ သူတို့နှစ်ဦးက ဝိတ်တန်းချင်း လုံးဝ မတူညီကြချေ။

"လင်းယွီရှီး... ဒီကိစ္စထဲ ဝင်မပါနဲ့။"

ယဲ့ချန်သည် ယခုအခါ အလွန် သတ္တိရှိနေသဖြင့် လင်းယွီရှီး၏ လက်ကို အသာအယာ ဖယ်ရှားလိုက်ပြီး မာနတကြီးဖြင့် ပြောလိုက်သည်။

"ဒါက ယောက်ျားတွေကြားထဲက ကိစ္စပဲ ဘေးကနေပဲ ကြည့်နေလိုက်။"

လင်းယွီရှီးက ယဲ့ချန်ကို ဤကဲ့သို့ ကာကွယ်ပေးနေပြီး သူတို့နှစ်ဦး ရိုးရိုးယဉ်ယဉ်ဖြင့် ကြင်နာပြနေကြသည်ကို မြင်သောအခါ ဝူချန်၏ ရင်ထဲတွင် မနာလိုစိတ်များ တောက်လောင်လာတော့သည်။ သူ၏ မျက်နှာမှာ ရူးသွပ်ပြီး ရက်စက်တတ်သည့် အမူအရာအဖြစ် ပြောင်းလဲသွားကာ ယဲ့ချန်အား အပိုင်းပိုင်းပြတ်သွားအောင် ချေမှုန်းပစ်ချင်စိတ် ပေါက်သွားရသည်။

"တောက် အမှိုက်ကောင် မင်းက ငါ့ရှေ့မှာ ဘာလာပြီး ဆရာကြီးလုပ်နေတာလဲ။ မင်းကိုယ်မင်းဘယ်လောက် အလေးချိန်ရှိလဲဆိုတာ တောင် မသိဘူး။ အခုတော့ နောင်တရဖို့ နောက်ကျသွားပြီ။ မင်း ထွက်သွားချင်ရင်တောင် သွားလို့မရတော့ဘူး! ငါ့ရှေ့မှာ ဒူးထောက်လိုက်စမ်း။"

ဝူချန်က ပြင်းထန်စွာ အော်ဟစ်လိုက်သည်။

"ဒီနေ့တော့ မင်းကို လူလိုသိအောင် ငါ သင်ခန်းစာပေးရမယ်။ ဒူးထောက်စမ်း။"

ဝူချန်သည် စက်မှုနည်းပညာကောလိပ်တွင် နာမည်ကြီးသူတစ်ဦး ဖြစ်သည်။ ဝိုင်းကြည့်နေသည့် ကျောင်းသားအတော်များများက သူ့ကို မှတ်မိကြပြီး အတော်လေးလည်း ကြောက်ရွံ့ကြသည်။

"အဲ့ဒီကောင်က ဘယ်သူလဲ။ သူက ဝူချန်ကို ဒီလို စကားပြောရဲတာ တကယ့် အရူးပဲ ဖြစ်ရမယ်။"

"ကြည့်ပါဦး လင်းယွီရှီးလည်း ရှိနေတာပဲ။ မိန်းကလေးတစ်ယောက်ကြောင့် ဖြစ်ရတာ နေမှာပါ။ ဝူချန်က ပရော်ဖက်ရှင်နယ် ဘတ်စကတ်ဘောအသင်းနဲ့ စာချုပ်ကြီး ချုပ်ဆိုထားပြီးသား ကျောင်းပြီးတာနဲ့ နှစ်စဉ် လစာ ယွမ်သန်းချီ ရတော့မှာ နောင်ကျရင် NBA မှာ သွားကစားရင် ဒေါ်လာတွေတောင် ရဦးမှာ အဲ့ဒီကောင်က ဘာဂုဏ်ပုဒ်နဲ့ ဝူချန်ကို လာပြိုင်နေတာလဲ။"

"ဟုတ်ပါ့... သူ ရေအိုင်ထဲမှာ သူ့ရုပ်သူ ပြန်ကြည့်သင့်တယ်။"

"ပြီးခဲ့တဲ့အပတ်က နိုင်ငံခြားဘာသာစကားဌာနက ကောင်တစ်ယောက် သူက တရုတ်လက်ဝှေ့ကို လအနည်းငယ် သင်ဖူးလို့ ဝူချန်ကို လာရန်စတာ။ ရလဒ်အနေနဲ့ လက်သီးတစ်ချက်တည်းနဲ့ လဲကျသွားပြီး မေးရိုးအဆစ်လွဲသွားလို့ ဆေးရုံမှာ နှစ်လတောင် တက်လိုက်ရတယ်။ တကယ်ကို သနားစရာပဲ။"

"သူ့အနေနဲ့ ဒူးထောက်ပြီး တောင်းပန်လိုက်တာက ဘာမှ အရေးမကြီးပါဘူး။ ရှေးခေတ်က ဟန်ရှင်း တောင် သူတစ်ပါးရဲ့ ခြေထောက်ကြားထဲကနေ တွားသွားရတဲ့ အရှက်ကွဲမှုကို ခံခဲ့ရသေးတာပဲ။ ကိုယ့်ဘဝကိုယ် သေကြောင်းမကြံစမ်းပါနဲ့။"

ပတ်ဝန်းကျင်က လူတွေ မိမိဘက်ကနေ ပြောပေးနေကြတာကို ကြားရသောအခါ ဝူချန်သည် ပို၍ ဘဝင်ခိုင်ကာ မာနထောင်လွှားသွားတော့သည်။ သူ ယဲ့ချန်အား ကြည့်ပြီး လမ်းဘေးသို့ စက်ဆုပ်ရွံရှာစွာဖြင့် တံတွေးထွေးလိုက်သည်။

"အခုထိ မဒူးထောက်သေးဘူးလား။"

"ငါ ပြောပြီးသားပဲ မင်းမတောင်းပန်ရင် မင်းကို ငါ ဆုံးမမယ်လို့။"

ယဲ့ချန်က အေးအေးလူလူ ပြောလိုက်သည်။ ယဲ့ချန်သည် ဤရန်ပွဲက ရှောင်လွှဲ၍မရနိုင်မှန်း သိသဖြင့် စနစ်ထဲတွင် မစ်ရှင်တစ်ခုကို ချက်ချင်း ရေးသားလိုက်သည်။

တီ...မစ်ရှင်တစ်ခု ဖန်တီးလိုက်ပါပြီ။ မစ်ရှင်အကြောင်းအရာ - အိမ်ရှင်သည် ဝူချန်ကို အနိုင်ယူရမည်။ ဆုလာဘ် - စနစ်မှ မစ်ရှင်၏ ခက်ခဲမှုကို ခွဲခြမ်းစိတ်ဖြာနေဆဲဖြစ်ပြီး ဆုလာဘ်ကို နောက်မှ သတ်မှတ်ပေးပါမည်။

"မင်း သေ ချင် နေ တာ ပဲ။"

ထင်ထားသည့်အတိုင်းပင် ဝူချန်၏ ဒေါသမီးက အဆုံးအထိ တောက်လောင်သွားခဲ့သည်။ ဆာဗားနားမြက်ခင်းပြင်က အမဲလိုက်နေတဲ့ ခြင်္သေ့တစ်ကောင်လို ယဲ့ချန်ရှိရာဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့သည်။ သဲအိတ်ထက်ကြီးမားသော လက်သီးတစ်ချက်က ယဲ့ချန်၏ မျက်နှာဆီသို့ ပြင်းထန်စွာ ဝေ့ယမ်းလာခဲ့သည်။

လေသံပင် ဝီခနဲ မြည်သွားခဲ့သည်။

ခွန်အား အပြည့်ပါဝင်နေသည်။

တောင်ပေါ်က ဆင်းလာတဲ့ ကျားရဲတစ်ကောင်လိုပင်။

အရပ်မျက်နှာ အသီးသီးမှ လူများ၏ အသက်ရှူမှားသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

လင်းယွီရှီးမှာမူ ကြောက်လန့်လွန်းသဖြင့် မျက်နှာလေး ဖြူလျော်သွားခဲ့ရသည်။

ယဲ့ချန်သည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာဖြင့် ဝူချန်၏ တံတောင်ဆစ်ကို ဆွဲကိုင်ကာ ကိုယ်ကိုလှည့်ပြီး ကျောဖြင့် ပင့်တင်လိုက်သည်။ နောက်တစ်စက္ကန့်တွင် ဝူချန်သည် ရိုးပြတ်ရုပ်တုတစ်ခုလို လွင့်ထွက်သွားတော့သည်။

အရပ် ၁၉၅ စင်တီမီတာရှိပြီး အလေးချိန် ပေါင် ၃၀၀ နီးပါးရှိသော ဘီလူးကြီးကို ယဲ့ချန်က အရုပ်တစ်ရုပ်လို လွယ်လွယ်ကူကူဖြင့် လွှင့်ပစ်လိုက်ခြင်း ဖြစ်သည်။

နပန်းအတတ်—ပခုံးကျော်လွှဲချခြင်း။

စကားပုံတစ်ခု ရှိသည်မဟုတ်ပါလား။ ကိုယ်ခံပညာ သုံးနှစ်သင်တာက နပန်းတစ်နှစ်သင်တာကိုမရှုံးဘူးဟူ၍ ဖြစ်သည်။ ဆိုလိုသည်မှာ မင်း ကွန်ဖူးကို သုံးနှစ်ပတ်လုံး ကျင့်ကြံခဲ့ရင်တောင် တကယ့် လက်တွေ့ရန်ပွဲမှာ နပန်းကို တစ်နှစ်တာ လေ့ကျင့်ထားတဲ့ နပန်းသမားကို မယှဉ်နိုင်ခြင်း ဖြစ်သည်။

လမ်းဘေးရန်ပွဲတွေမှာ တစ်ယောက်ချင်း ချကြရင် MMA ကလွဲလို့ နပန်းအတတ်က အနိုင်မခံအရှုံးမပေး အောင်နိုင်စမြေပဲ ဖြစ်သည်။ ယဲ့ချန်သည် စနစ်မှ ရရှိထားသော နပန်းကျွမ်းကျင်မှုစာအုပ်ကို သင်ယူထားပြီးသား ဖြစ်သည်။ ၎င်းက ခရိုင်ချန်ပီယံအဆင့်မျှသာ ရှိသော်လည်း ဝူချန်ကဲ့သို့ အသုံးမကျသည့်အကောင်ကို လွှင့်ပစ်ရန်အတွက်မူ စက္ကန့်ပိုင်းမျှသာ လိုအပ်သည်။

ဝူချန် ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ ညာလက်က ကြမ်းပြင်ပေါ်သို့ အရင် ကျရောက်ခဲ့ခြင်း ဖြစ်သည်။ တကယ်လို့ သူ၏ ကျောရိုး သို့မဟုတ် လည်ပင်းက ကြမ်းပြင်ပေါ်သို့ အရင်ကျခဲ့ရင် မြေပြင်က မာကျောလှပြီး ဝူချန်၏ ကိုယ်အလေးချိန်ကလည်း ကြီးမားလှသဖြင့် မသေရင်တောင် သေချာပေါက် ဒုက္ခိတ ဖြစ်သွားလိမ့်မည်။

သို့သော်လည်း ဝူချန်၏ ညာဘက်လက်မောင်း ကျိုးသွားခဲ့ပြီး နာကျင်လွန်းသဖြင့် ကြမ်းပြင်ပေါ်တွင် လူးလိမ့်ကာ ရင်ကွဲမတတ် စူးစူးဝါးဝါး အော်ဟစ်နေတော့သည်။

"ငါ မင်းကို လွှင့်ပစ်မယ်လို့ ပြောရင် အမြဲတမ်း ကတိတည်တယ်။ အခုတော့ ငါ့ကို ယုံပြီမလား။"

ယဲ့ချန်က ဘာမှမဟုတ်သည့်အရာတစ်ခုကို လုပ်ဆောင်ခဲ့သကဲ့သို့ ပြုံးလိုက်သည်။

"မင်း မသေသွားတာ မင်းရဲ့ ကံကောင်းခြင်းပဲ။ ငါ့ရှေ့မှာ နောက်တစ်ခါ လာပြီး ဆရာကြီးမလုပ်နဲ့ မဟုတ်ရင် မင်းကို မြင်တဲ့အချိန်တိုင်း ရိုက်ပစ်မယ် အမှိုက်ကောင်။"

"အား အားးး"

အရိုးကျိုးသွားသည့် နာကျင်မှုကြောင့် ဝူချန် လုံးဝ ရူးသွပ်သွားရသည်။ သူ၏ မျက်နှာမှာ နာကျင်မှုကြောင့် လူရုပ်မပေါက်တော့ဘဲ မျက်ဝန်းထဲတွင် ရက်စက်မှုများ ပြည့်နှက်နေသည်။

"ယဲ့ချန် ငါ မင်းကို လုံးဝ ခွင့်မလွှတ်ဘူး လုံးဝ ခွင့်မလွှတ်ဘူး။"

ယဲ့ချန်က ဝူချန်ကို ဂရုပင်မစိုက်တော့ချ။

မင်းက ကလဲ့စားချေချင်သေးတာလား။ လာလေ... ခေါ်လာခဲ့စမ်းပါ။ မင်းလို အမှိုက်ကောင်ရဲ့ တစ်ခုတည်းသော တန်ဖိုးက ငါ့ကို မစ်ရှင်တွေ ပြီးမြောက်စေပြီး ဆုလာဘ်တွေ ရစေဖို့ပဲ။ ဟီးဟီး။

ဝိုင်းကြည့်နေကြသည့် ကျောင်းသားများ အားလုံး ကြောင်အသွားကြတော့သည်။

တစ်ချက်တည်းနဲ့ အပြတ်အသတ်ပဲ။

ဝူချန် တကယ်ပဲ တစ်ချက်တည်းနဲ့ အလဲထိုးခံလိုက်ရတာလား။

သူ့မှာ လုံးဝ ပြန်လည်ခုခံနိုင်စွမ်း မရှိခဲ့ဘူး။

ယခင်က ယဲ့ချန်အား လှောင်ပြောင်ပြီး အထင်သေးခဲ့ကြသူများမှာမူ ယခုအခါ ယဲ့ချန် မိမိတို့အား ကလဲ့စားချေမှာကို စိုးရိမ်သဖြင့် ကြောက်လန့်တုန်ရင်နေကြတော့သည်။

"လင်းယွီရှီး... သွားစားကြရအောင်။"

ယဲ့ချန်က လင်းယွီရှီးအား အလွန် ခန့်ညားစွာဖြင့် ပြောလိုက်သည်။

"အော်..."

လင်းယွီရှီးသည် ခြေလှမ်းအနည်းငယ်ဖြင့် ယဲ့ချန်၏ ဘေးသို့ လျှောက်လာပြီး တိုးတိုးလေး မေးသည်။

"ယဲ့ချန်... နင် ဝူချန်ကို ဒီလောက် ပြင်းပြင်းထန်ထန် ရိုက်လိုက်တာ... ဘာ... ဘာမှမဖြစ်ဘူးမလား။"

"ကိစ္စသေးသေးလေးပါ သူကပဲ ငါ့ကို အရင်လာရန်စတာလေ။"

ယဲ့ချန်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"အင်းအင်း။"

လင်းယွီရှီး ခေါင်းကို အတည်အလင်း ညိတ်လိုက်သည်။

"စိတ်မပူပါနဲ့ ယဲ့ချန် တကယ်လို့ တစ်ယောက်ယောက်က ဒီကိစ္စကို အရေးယူဖို့ ကြိုးစားရင် ငါ နင့်အတွက် သေချာပေါက် သက်သေခံပေးမယ်။"

ခေတ္တမျှ ရပ်နားပြီးနောက် လင်းယွီရှီးက သူ့ကို အထင်ကြီးလေးစားမှုများဖြင့် စိုက်ကြည့်နေသည်။

"ယဲ့ချန်... နင် ဒီလောက် ရန်ဖြစ်တော်လိမ့်မယ်လို့ ငါ မထင်ထားဘူး။ နင်က တကယ့် ကိုယ်ခံပညာရှင်ကြီးပဲ။"

"ဟုတ်တယ်... ငါက ဒဏ္ဍာရီလာ ကိုယ်ခံပညာ သခင်ကြီးပဲ။ အံ့ဩသွားလား။ မထင်မှတ်ထားဘူးမလား။ ဟဲဟဲ... နောင်ကို တစ်ယောက်ယောက်က နင့်ကို လာအနိုင်ကျင့်ရင် ငါ့ကိုပြော ငါ နင့်အတွက် ရပ်တည်ပေးမယ်။"

ထိုစကားကို ကြားရသောအခါ လင်းယွီရှီး၏ ရင်ထဲတွင် နွေးထွေးသွားပြီး တိုးတိုးလေး ရေရွတ်မိသည်။

"နင် ငါ့ကို ကာကွယ်ပေးမှာလား..."

"သေချာပေါက် ကာကွယ်ပေးမှာပေါ့။"

ယဲ့ချန်က သူမအား သေချာသော အကြည့်တစ်ခု ပေးလိုက်သည်။ လင်းယွီရှီး အနည်းငယ် ကြောင်တောင်တောင်လေး ပြုံးမိသွားသည်။

ထိုအချိန်မှာပင်။

တီ..[ဝူချန်ကို အနိုင်ယူခြင်း] မစ်ရှင်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည့်အတွက် အိမ်ရှင်အား ဂုဏ်ပြုပါသည်။ ကျွမ်းကျင်မှုစာအုပ် လက်ဝှေ့အတတ် (ခရိုင်ချန်ပီယံအဆင့်) ကို ရရှိပြီး ၎င်းကို သိုလှောင်ခန်းထဲသို့ အလိုအလျောက် ထည့်သွင်းပြီးပါပြီ။ ပြင်ဆင်ရေး စွမ်းအင် ၀% ရရှိသည်။ စနစ် ပြန်လည်ပြင်ဆင်မှု ပြီးစီးမှု - ၀.၇%။"

'ဟင်...ငါ ဝူချန်ကို ရိုက်လိုက်တာနဲ့ နောက်ထပ် လက်ဝှေ့ကျွမ်းကျင်မှုစာအုပ် ထွက်လာတာလား။'

ယဲ့ချန် ဝမ်းသာသွားသည်။

'ဟားဟားဟား... ဒါက တကယ့်ကို ပြီးပြည့်စုံတဲ့ အတွဲအစပ်ပဲ မဟုတ်လား။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ဘရုစ်လီပြောခဲ့ဖူးတယ် လက်ဝှေ့ သုံးလနဲ့ နပန်းကို ပေါင်းပြီး လေ့ကျင့်ရင် ကိုယ်ခံပညာ သုံးနှစ်သင်ထားတဲ့သူကို အနိုင်ယူနိုင်တယ်တဲ့။ အခု ငါ လက်ဝှေ့ကျွမ်းကျင်မှုကို သင်ယူပြီးသွားပြီဆိုတော့ စက်မှုနည်းပညာကောလိပ်တစ်ခုလုံးမှာ တစ်ယောက်ချင်းချရင် ငါ့ကို ယှဉ်နိုင်တဲ့သူ မရှိတော့ဘူးမလား။ ဝူချန်လို အမှိုက်ကောင်မျိုး အများကြီးလာရင်တောင် ငါ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။'

သူတို့နှစ်ဦးသည် ထိုကဲ့သို့ လမ်းလျှောက်လာခဲ့ကြသည်။ မည်သူမျှ တက္ကစီစီးဖို့ စကားမစကြချေ။ စက်မှုနည်းပညာကောလိပ်သည် ယန်မြို့၊ Wanda Plaza နှင့် ကီလိုမီတာ အနည်းငယ် ကွာဝေးသော်လည်း ယဲ့ချန်ရော လင်းယွီရှီးပါ မောပန်းသည်ဟု မပြောခဲ့ကြချေ။

သူတို့ လမ်းကို အမြန်မလျှောက်ကြဘဲ ချစ်သူစုံတွဲများ လမ်းလျှောက်ထွက်သကဲ့သို့ အေးအေးလူလူ နှေးနှေးကွေးကွေးသာ သွားနေခဲ့ကြသည်။ သူတို့ Wanda Plazaသို့ ရောက်သောအခါ မီးများ စတင် လင်းထိန်နေပြီ ဖြစ်သည်။

ညကောင်းကင်ယံအောက်တွင် Wanda Plazaသည် မီးရောင်စုံများဖြင့် လင်းထိန်နေခဲ့သည်။ မြင့်မားသော အဆောက်အအုံကြီးများမှာ ရတနာများ စီခြယ်ထားသည့် အဝတ်အစားများကို ဝတ်ဆင်ထားသည့်အလား ရှိနေပြီး လမ်းမကြီးများမှာလည်း တောက်ပနေသော ငွေရောင် ဂလက်ဆီ ကြယ်စင်တန်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ပလာဇာ၏ ဗဟိုရှိ ဂီတရေပန်းကြီးက ဂီတ၏ စည်းချက်အတိုင်း ရေပန်းများကို အနိမ့်အမြင့် တက်လိုက်ကျလိုက် မှုတ်ထုတ်နေခဲ့သည်။ စည်ကားလှသော လူအုပ်ကြီးမှာ ဒီရေလှိုင်းကဲ့သို့ ရှိနေပြီး အရောင်စုံ နီယွန်မီးများက ညဈေးတွင် လမ်းလျှောက်နေကြသူများ၏ ပျော်ရွှင်မှုကို ထင်ဟပ်စေသည်။

ယဲ့ချန် မနေနိုင်ဘဲ ပတ်ဝန်းကျင်ကို မျက်လုံးဝေ့ကြည့်လိုက်မိသည်။ Wanda Plazaအနီးတွင် မိန်းကလေးငယ် အများအပြား ရှိနေသည်။ အခုက နွေရာသီမို့ မိန်းကလေးငယ်များမှာ ဘောင်းဘီတိုများ စကတ်တိုများနှင့် လည်ဟိုက်အင်္ကျီတိုများကို ဝတ်ဆင်ထားကြသဖြင့် အသားအရေ အတော်များများ ပေါ်လွင်နေခဲ့သည်။

ယဲ့ချန်၏ ခြေလှမ်းများမှာ သတိမထားမိဘဲ နှေးကွေးကာ လေးလံသွားရသည်။ သူ မိမိကိုယ်ကိုယ် ဤအရာက ဈေးဝယ်ထွက်ခြင်းသာဖြစ်ပြီး ကာရာအိုကေ သွားခြင်းမဟုတ်ကြောင်း အမြဲ သတိပေးနေခဲ့ရသည်။

"ယဲ့ချန်... နင် ဘာစားချင်လဲ။"

လင်းယွီရှီးက မေးလိုက်သည်။

"အာ..."

ယဲ့ချန် ခေတ္တမျှ ကြောင်အသွားသည်။ သူ Wanda Plazaအတွင်းတွင် အရသာရှိသော အစားအစာများစွာ ပီဇာဟတ်၊ ပင်လယ်စာစားသောက်ဆိုင်၊ ဘရာဇီးကင်၊ အနောက်တိုင်းအစားအစာ၊ ဂျပန်အစားအစာစသည်ဖြင့် လိုချင်သမျှ အားလုံး ရှိနေမှန်း သိသည်။ သို့သော် စျေးနှုန်းများက အတော်လေး ကြီးမြင့်လှသည်။

လင်းယွီရှီး၏ မိသားစုနောက်ခံက အလွန်ဆင်းရဲနွမ်းပါးလှသည်မှာ စက်မှုနည်းပညာကောလိပ်တွင် လူတိုင်းသိကြသည်။ သူမသည် ကျောင်း၏ ထမင်းစားဆောင် သို့မဟုတ် ပြင်ပစားသောက်ဆိုင်များသို့ ဘယ်တုန်းကမှ နေ့လယ်စာ သွားမစားဘဲ ငွေအနည်းငယ်စုမိရန်အတွက် မိမိဘာသာ ထမင်းဘူး ချက်ယူလာတတ်သည်။

ပြောရလျှင် လင်းယွီရှီးသည် ကောင်းမွန်သောအရာများကို စားသောက်ရန် သို့မဟုတ် ဝတ်ဆင်ရန် မဝံ့ရဲရှာချေ။ သူမ စူပါမားကတ်သို့ သွားရောက်ပြီး ဆပ်ပြာမှုန့်တစ်ထုပ် ဝယ်ယူလျှင်ပင် ကုန်ကျစရိတ်၏ တွက်ခြေကိုက်မှုကို အတော်ကြာအောင် တွက်ချက်ရတတ်ပြီး နောက်လအတွက် ကျောင်းလခ ရှိ မရှိကိုပင် သူမ သေချာမသိရှာချေ။

ယဲ့ချန်သည် သူမ၏ ငွေများကို မည်သို့ ရက်ရက်စက်စက် သုံးစွဲခိုင်းရက်ပါမည်နည်း။

ထို့အပြင် ယခုအခါ ယဲ့ချန်တွင် ငွေရှိနေပြီ ဖြစ်သည်။သူ၏ ကတ်ထဲတွင် ယွမ် ၂ သိန်း ရှိနေသည်။

"လင်းယွီရှီး... ဒီလိုလုပ်ပါလား ငါပဲ နင့်ကို ညစာ ပြန်ကျွေးပါရစေ။"

ယဲ့ချန်က အလွန် ရိုးသားစွာ ပြောလိုက်သည်။

"မဟုတ်ဘူး။ ငါ ကျွေးမယ်လို့ ကတိပေးထားတာလေ။"

လင်းယွီရှီးက ခေါင်းကို ဇွတ်ငြင်းဆန်လိုက်သည်။ သူမ၏ လှပပြီး ကြည်လင်သော မျက်ဝန်းလေးထဲတွင် အားငယ်ရိပ် သန်းသွားခဲ့သည်။

"ယဲ့ချန်... နင် ငါ့ကို အထင်သေးလို့လား။ ငါ့မိသားစုက အရမ်းဆင်းရဲပေမဲ့ ငါ အားလပ်ချိန်တွေမှာ လက်ကမ်းစာစောင်တွေ လိုက်ဝေတဲ့ အချိန်ပိုင်းအလုပ် လုပ်ပြီး ငွေအချို့ စုထားပါတယ်။ နင့်ကို ကျွေးဖို့ တတ်နိုင်ပါတယ် တကယ်ပါ။"

"ဒါဆိုရင်လည်း ကောင်းပြီလေ။ ငါတို့ အနီးနားက ခေါက်ဆွဲဆိုင်တစ်ဆိုင်ပဲ ရှာရအောင်။ ငါ ခေါက်ဆွဲစားချင်လို့ပါ။"

ယဲ့ချန်က ပြုံးကာ ပြောလိုက်သည်။ လင်းယွီရှီး ခေတ္တမျှ ဝေခွဲမရ ဖြစ်သွားသည်။

"ခေါက်ဆွဲပဲ စားကြရအောင်။ နင်က အရမ်းလှတာပဲ။ စကားပုံ ရှိတယ်မဟုတ်လား အလှအပက သွားရည်ကျစေတယ်တဲ့။ နင်နဲ့အတူ စားရရင် ဆန်ပြုတ်နဲ့ အချဉ်တည်ပဲ စားရစားရ တခြား အရသာရှိတဲ့ အစားအစာတွေထက် ပိုပြီး အရသာရှိနေမှာပဲ။"

လင်းယွီရှီး ချက်ချင်းပင် မျက်နှာလေး ရဲခနဲ ဖြစ်သွားသော်လည်း သူမ၏ မျက်ဝန်းထဲတွင် ပျော်ရွှင်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ ချက်ချင်းပင် သူတို့နှစ်ဦးသည် အနီးနားရှိ ရိုးရိုးခေါက်ဆွဲဆိုင်တစ်ဆိုင်ကို တွေ့ရှိသွားကြသည်။

ယဲ့ချန်လည်း အားမနေခဲ့ချေ။ သူသည် မစ်ရှင်တစ်ခု ပြီးမြောက်ရန် မည်သည့်အခွင့်အရေးကိုမျှ လက်လွတ်ခံမည့်သူ မဟုတ်ပေ။ သူ ချက်ချင်းပင် တာဝန်တစ်ခုကို ထပ်မံ ရေးသားလိုက်သည်။

တီ... တာဝန်တစ်ခု ဖန်တီးလိုက်ပါပြီ။ တာဝန်အကြောင်းအရာ - ကျောင်းအတွင်းရှိ အလှပဂေးနှင့်အတူ ညစာစားရမည်။ ဆုလာဘ် - စနစ်မှ တာဝန်၏ ခက်ခဲမှုကို ခွဲခြမ်းစိတ်ဖြာနေဆဲဖြစ်ပြီး ဆုလာဘ်ကို နောက်မှ သတ်မှတ်ပေးပါမည်။

All Chapters