အခန်း ၁၆
Vol. 2 Ch. 16
အခန်း ၁၆ - တစ်ချက်တည်းဖြင့် လွင့်ထွက်သွားခြင်း။
သူတို့နှစ်ဦးသည် ခေါက်ဆွဲစားရင်း စကားစမြည် ပြောခဲ့ကြသည်။ ယဲ့ချန်သည် ဤခေါက်ဆွဲတစ်ပွဲက သူ၏ဘဝတွင် စားဖူးသမျှ အကောင်းဆုံး ခေါက်ဆွဲဖြစ်သည်ဟု ကျိန်ဆိုရဲသည်။
ခေါက်ဆွဲဖတ် တစ်ဖတ်ချင်းစီတွင် သူတစ်ခါမျှ မခံစားဖူးသည့် အရသာများ စိမ့်ဝင်နေခဲ့သည်။
ဒါက ပျော်ရွှင်မှုရဲ့ အရသာလား။ ဒါက အချစ်ရဲ့ အရသာလား။
ယဲ့ချန်သည် ခေါက်ဆွဲစားရင်း လင်းယွီရှီး ကို ငေးမောကြည့်ရှုနေခဲ့သည်။ သူမက တကယ်ကို လှပလွန်းသည် မိတ်ကပ် လုံးဝ လိမ်းစရာမလိုချေ။ ဒီအတိုင်း အေးအေးလူလူ မတ်တပ်ရပ်နေရုံမျှဖြင့် ဆုရလူငယ်အနုပညာရုပ်ရှင်တစ်ခု၏ ပရိုမိုးရှင်း ပိုစတာတစ်ခုကဲ့သို့ ရှိနေသည်။
တကယ်တော့ လင်းယွီရှီးသည်လည်း ယဲ့ချန်အား ကြည့်လေကြည့်လေ ပို၍ချောမောကာ ကြည့်ရသည်မှာ စိတ်ချမ်းသာဖို့ကောင်းပြီး ရင်ခုန်ဖို့ကောင်းသည်ဟု ခံစားလာရသည်။သူမ၏ နှလုံးသားလေးက ဒိန်းဒိန်းတုန်အောင် ခုန်နေခဲ့သည်။
သူတို့ ခေါက်ဆွဲဆိုင်ထဲတွင် အချိန်အတော်ကြာအောင် စားသောက်ပြီးနောက် အပြင်သို့ ထွက်လာခဲ့ကြသည်။
"ယဲ့ချန်... အချိန်က စောသေးတယ်နော်။ ငါတို့ ဒီအတိုင်း ပတ်လျှောက်ကြရင် ကောင်းမလား။"
လင်းယွီရှီးက ဦးအောင် စတင် အကြံပြုလိုက်သည်။
"ရတာပေါ့။"
ယဲ့ချန်ကလည်း အလိုရှိနေသဖြင့် ချက်ချင်း ပြန်ဖြေလိုက်သည်။
ထိုအချိန်မှာပင်။
တီ.. [ကျောင်းအတွင်းရှိ အလှပဂါးနှင့်အတူ ညစာစားခြင်း] မစ်ရှင်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည့်အတွက် အိမ်ရှင်အား ဂုဏ်ပြုပါသည်။ ကမ္ဘာ့အပါးလွှာဆုံး ကွန်ဒုံးဖြစ်သည့် okamoto 001 တစ်ဖာ (ဘူး ၁၀၀) ကို ရရှိပြီး ၎င်းကို သိုလှောင်ခန်းထဲသို့ အလိုအလျောက် ထည့်သွင်းပြီးပါပြီ။ ပြင်ဆင်ရေး စွမ်းအင် ၀% ရရှိသည်။
စနစ် ပြန်လည်ပြင်ဆင်မှု ပြီးစီးမှု - ၀.၇%။
ဟင်????
ကွန်ဒုံးတွေလား။
ဘူး ၁၀၀ တောင်လား။
တောက်... မဟုတ်သေးပါဘူး။
လင်းယွီရှီးနဲ့အတူ ထမင်းတစ်နပ်စားတာက ကွန်ဒုံး ဘူး ၁၀၀ တောင် ထွက်လာတာလား။
စနစ်... မင်းကတော့ တကယ်ပဲ။
ယဲ့ချန် တကယ်ကို ဆွံ့အသွားရသည်။
ဒါပေမဲ့... ကွန်ဒုံးဆိုတာ အခုလောလောဆယ် မလိုအပ်သေးရင်တောင် နောက်ပိုင်းကျရင် အသုံးဝင်လာမယ့် အရာပဲဥစ္စာ။ ထို့အပြင် တကယ်လို့ သူ အကုန်မသုံးနိုင်ရင်တောင် ပြန်ရောင်းလို့ရသေးတာပဲ။ okamoto 001 က တော်တော်လေး တန်ဖိုးရှိတာ တစ်ဘူးကို ယွမ်ဆယ်ဂဏန်းလောက် ပေးရတာလေ ဟီးဟီး။
လင်းယွီရှီးသည် ယဲ့ချန်အား စောင့်ကြည့်နေခဲ့ပြီး သူ အနည်းငယ် ငေးမှိုင်နေသည်ကို မြင်သောအခါ စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။
"ယဲ့ချန်... နင် ငါနဲ့အတူ ရှိနေရတာ ပျင်းစရာကောင်းလို့လား။ ငါက စကားလည်း သိပ်မပြောတတ်ဘူး ပြီးတော့ အဓိပ္ပာယ်မရှိတဲ့ စကားတွေပဲ လျှောက်ပြောနေမိတာ..."
"အဓိပ္ပာယ်မရှိတဲ့ စကားတွေလား။"
ယဲ့ချန် ရယ်မောလိုက်သည်။
"အဓိပ္ပာယ်မရှိတာက ကောင်းပါတယ်။ နိုင်ငံခြား စိတ်ပညာရှင်တွေရဲ့ လေ့လာမှုအရ လူတစ်ယောက်ရဲ့ နေ့စဉ်ပြောဆိုတဲ့ စကားတွေထဲက ၉၀% ကျော်က အဓိပ္ပာယ်မရှိတဲ့ စကားတွေဖြစ်နေရင် အဲ့ဒီလူက ပျော်ရွှင်နေတယ်ဆိုတာ သက်သေပြနေတာပဲ တဲ့။ တကယ်လို့ အဓိပ္ပာယ်မရှိတဲ့ စကားက တစ်နေ့တာရဲ့ ၅၀% အောက်ပဲ ရှိနေရင်တော့ သူတို့ရဲ့ ပျော်ရွှင်မှုက မလုံလောက်ဘူးလို့ ဆိုတယ်။"
"အမ် တကယ်လား။"
လင်းယွီရှီး မျက်လုံးလေး ပြူးသွားရသည်။ သူမကတော့ ယဲ့ချန် ပြောတာကို တကယ် ယုံကြည်သွားရှာသည်။ ဘာလို့လဲဆိုတော့ သူမက ပုံမှန်ဆို စကားသိပ်မပြောတတ်ပေမဲ့ ဒီနေ့တော့ ယဲ့ချန်နဲ့ စကားတွေ အများကြီး ပြောဖြစ်ခဲ့သည်။ အများစုကတော့ အနှစ်သာရမရှိတဲ့ စကားတွေသာ ဖြစ်သော်လည်း သူမ ရင်ထဲတွင် အလွန်အမင်း ပျော်ရွှင်နေမိသည် မဟုတ်ပါလား။
ထိုအချိန်မှာပင်။
"ညီချောလေး၊ ညီမလေးချောချောလေး... သနားပါဦး ငွေလေးနည်းနည်းလောက် စွန့်ကြဲပေးကြပါဦး။ ငါနဲ့ ငါ့ကလေး ထမင်းမစားရတာ တစ်ရက်နဲ့တစ်ည ရှိသွားပြီ။ ငါ့အတွက်ကတော့ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ငါ့သားလေး ငတ်လို့မဖြစ်ဘူးလေ။ ပြီးတော့ သူက နေလည်းမကောင်းဘူး။ ဆေးကုဖို့လည်း ပိုက်ဆံမရှိဘူး ငါ့ရဲ့ သနားစရာ သားလေးရယ်း သနားပါဦး ငွေလေးနည်းနည်းလောက် စွန့်ကြဲပေးကြပါဦး။"
အသက်လတ်ပိုင်းအရွယ် သူတောင်းစားတစ်ဦးသည် သူတောင်းစားလေးတစ်ဦးကို လမ်းပြခေါ်ဆောင်လာရင်း ယဲ့ချန်နှင့် လင်းယွီရှီးတို့၏ ရှေ့မှ လမ်းကို ပိတ်ဆို့လိုက်တော့သည်။
ထိုအသက်လတ်ပိုင်း သူတောင်းစားသည် အဝတ်အစား စုတ်ပြတ်သတ်နေပြီး ခါးကုန်းကာ၊ ဆံပင်များ ရှုပ်ပွနေလျက်၊ မုတ်ဆိတ်မွေး ထူထူနှင့် ခြေဗလာ ဖြစ်နေသည်။ သူ၏ ညာဘက်လက်မောင်းက ပခုံးကနေ ပြတ်တောက်နေသဖြင့် မြင်ရသည်မှာ ထိတ်လန့်စရာကောင်းလှသည်။
သူ ခေါ်ဆောင်လာသည့် သူတောင်းစားလေးမှာ ၄ နှစ် သို့မဟုတ် ၅ နှစ်ခန့်သာ ရှိဦးမည်ဖြစ်ပြီးပိန်လှီကာ နှုတ်ခမ်းများ ညိုမည်းနေခဲ့သည်။ လက်တစ်ဖက်က ပုပ်ပွနေသော ပန်းသီးတစ်လုံးကို ကိုင်ကာ ထပ်ခါတလဲလဲ ကိုက်ဝါးနေပြီးအခြား ရောင်ရမ်းညစ်ပတ်နေသော လက်တစ်ဖက်ကိုမူ လင်းယွီရှီးရှိရာဆီသို့ လက်ဝါးဖြန့်ကာ တောင်းခံနေခဲ့သည်။
မြို့တိုင်းတွင် သူတောင်းစားများ ရှိစမြဲ ဖြစ်သည်။ ပို၍ စည်ကားပြီး သာယာဝပြောသော နေရာဖြစ်လေလေ သူတောင်းစား ပိုများလေလေ ဖြစ်သည်မှာ သဘာဝနိယာမတစ်ခုပင်။
"ဟင်..."
ယဲ့ချန် မျက်လုံးကို အနည်းငယ် စဉ်းစားဟန်ဖြင့် မှိတ်လိုက်သည်။ တကယ်တော့ သူ ရောက်ကတည်းက ဤသူတောင်းစား အကြီးအငယ် နှစ်ယောက်ကို သတိပြုမိခဲ့ခြင်း ဖြစ်သည်။ သူတို့က မိမိတို့ထံသို့ လာပြီး တောင်းခံလိမ့်မည်ဟု မထင်ထားခဲ့ချေ။
လင်းယွီရှီးသည် ကြင်နာတတ်သူပီပီ ထိုသူတောင်းစားလေး သနားစရာကောင်းနေသည်ကို မြင်သောအခါ အိတ်ကပ်ထဲမှ ယွမ် ၂၀ ကို ထုတ်လိုက်သည်။
"ရော့... ကလေးလေး ဒါလေးယူပြီး စားစရာတစ်ခုခု ဝယ်စားနော်။"
လင်းယွီရှီးသည် ထိုသူတောင်းစားလေး၏ လက်ထဲသို့ ပိုက်ဆံကို ညင်သာစွာ ထည့်ပေးလိုက်ပြီး သူမ၏ မျက်ဝန်းထဲတွင် သနားဂရုဏာရိပ်များ ပြည့်နှက်နေကာ အသံလေးကလည်း နူးညံ့လှသည်။
"ကျေး ကျေးဇူးတင်ပါတယ် မမ။"
သူတောင်းစားလေး၏ မျက်လုံးများက ဝေ့ဝဲသွားပြီး ပိုက်ဆံကို ကြောက်ကြောက်လန့်လန့်ဖြင့် ယူလိုက်ကာ ဘေးရှိ အသက်လတ်ပိုင်း သူတောင်းစားကြီးအား သတိမထားမိဘဲ လှမ်းကြည့်လိုက်သည်။ ယဲ့ချန်သည် လင်းယွီရှီးတွင် လက်ငွေအများကြီး မရှိမှန်း သိသည်။ ခေါက်ဆွဲဆိုင်တွင် ရှင်းပြီးနောက် ဤယွမ် ၂၀ သာ ကျန်တော့ခြင်း ဖြစ်သည်။
"ညီမလေးချောချောလေး... သနားပါဦး။ လူကောင်းတွေ နတ်ကောင်းမပါပဲ။ နည်းနည်းလောက် ထပ်ပေးပါဦး။ ကလေးက နေမကောင်းလို့ ဆေးရုံ သွားပြရမှာမို့လို့ပါ။"
ထိုအသက်လတ်ပိုင်း သူတောင်းစားသည် ကလေး၏ လက်ထဲမှ ပိုက်ဆံကို လှမ်းယူလိုက်ပြီး မျက်ဝန်းထဲတွင် အထင်သေးရိပ်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူ လှည့်ထွက်မသွားဘဲ လင်းယွီရှီးအား ဆက်လက် ပိတ်ဆို့ကာ ငွေထပ်မံ တောင်းခံနေခဲ့သည်။
"အာ ငါ... ငါ့မှာ ပိုက်ဆံ ထပ်မရှိတော့ဘူး..."
လင်းယွီရှီး အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်ကာ စကားထစ်သွားရှာသည်။
"ညီမလေးချောချောလေး နည်းနည်းလောက် ထပ်ပေးပါဦး။"
အသက်လတ်ပိုင်း သူတောင်းစားက ဇွတ်အတင်း တောင်းနေခဲ့သည်။
"တော်စမ်း လစ်လိုက်တော့။"
ယဲ့ချန်က လင်းယွီရှီးကို သူ၏အနောက်သို့ ဆွဲခေါ်ကာ ကာကွယ်ပေးလိုက်ပြီး အသက်လတ်ပိုင်း သူတောင်းစားအား အလွန် စက်ဆုပ်ရွံရှာစွာဖြင့် ပြောလိုက်သည်။ ထိုအသက်လတ်ပိုင်း သူတောင်းစား ခေတ္တမျှ ကြောင်အသွားပြီး မျက်ဝန်းထဲတွင် ရက်စက်မှုတစ်ခု ဖြတ်ပြေးသွားကာချက်ချင်းပင် ယခင်က သနားစရာကောင်းသော ပုံစံကို ပြန်ဖန်တီးလိုက်ပြန်သည်။
"ညီချောလေးရယ်... ဒီလောက် ရိုင်းစိုင်းတဲ့ စကားတွေ မပြောပါနဲ့... မင်းက ဘာလို့ ဒီလိုဖြစ်နေရတာလဲ။ မင်းမှာ လူမှုကျင့်ဝတ် လုံးဝမရှိဘူးလား..."ယ
"အခုထိ မသွားသေးဘူးလား။"
ယဲ့ချန် စိတ်ရှည်မှု ကုန်ဆုံးသွားခဲ့ပြီ။
"ညီမလေးချောချောလေး... ဒီညီချောလေးရဲ့ နှလုံးသားက သူ့ရုပ်ရည်လောက် မလှပပါဘူး နင် တကယ်ပဲ လူမှားပေါင်းမိတာပဲ... နင်က ဒီလောက် ကြင်နာတတ်တာဘာလို့ ဒီလို အနိုင်ကျင့်တတ်တဲ့ကောင်နဲ့ အတူရှိနေရတာလဲ..."
အသက်လတ်ပိုင်း သူတောင်းစားသည် မျက်လုံးချင်း ခိုးကြည့်ကာ လင်းယွီရှီး၏ ရှေ့တွင် ရန်တိုက်ပေးရန်အထိ ကြိုးစားလာခဲ့သည်။
"မဟုတ်ဘူး ယဲ့ချန်က အဲ့ဒီလိုလူမျိုး မဟုတ်ပါဘူး။"
လင်းယွီရှီးက ခေါင်းကို ပြတ်ပြတ်သားသား ခါယမ်းလိုက်သည်။
ယဲ့ချန် ဘယ်လိုမှ မအောင့်အီးနိုင်တော့ချေ။
"ကောင်းပြီလေ ဒီနေ့တော့ ငါ ကောင်းကောင်း ကစားပေးရတာပေါ့။"
နောက်တစ်စက္ကန့်တွင်။
"ဝုန်းးး"
မည်သည့် ကြိုတင်သတိပေးချက်မျှမရှိဘဲ ယဲ့ချန်သည် ကိုယ်ကို ကြွကာ အသက်လတ်ပိုင်း သူတောင်းစား၏ ဗိုက်ကို ကန်ချက်တစ်ချက် တွန်းကန်လိုက်ရာ ထိုသူတောင်းစားကြီး လွင့်ထွက်သွားတော့သည်။
"အမ်"
လင်းယွီရှီး ကြောင်အသွားရသည်။ ဖြတ်သွားဖြတ်လာ လူများလည်း မှင်တက်သွားကြတော့သည်။ အချိန်များမှာ ခေတ္တမျှ ရပ်တန့်သွားသကဲ့သို့ပင်။
"အား အား သူ လူကို ရိုက်နေတယ် သူ လူကို ရိုက်နေတယ် လူသတ်တော့မယ်။"
ယဲ့ချန်၏ ကန်ချက်က တကယ်တော့ ခွန်အားအများကြီး မပါဝင်ခဲ့ချေ။ အသာအယာ ထိလိုက်ရုံမျှသာ ဖြစ်သည်။ သို့သော် အသက်လတ်ပိုင်း သူတောင်းစားသည် ကြမ်းပြင်ပေါ်တွင် လဲလျောင်းကာ သူ၏ လက်တစ်ဖက်ဖြင့် ဗိုက်ကိုအုပ်ပြီး အသံကုန် အော်ဟစ်ကာ ဟန်ဆောင်နေတော့သည်။
"တစ်ယောက်ယောက် ကူညီကြပါဦး။ သူ လူသတ်တော့မယ်။"
သူတောင်းစားလေးမှာမူ အလွန် ကြောက်လန့်နေပုံရပြီး ဘာလုပ်ရမှန်းမသိဘဲ ကြောင်စီစီဖြင့် ရပ်နေခဲ့သည်။ ခဏချင်းတွင်ပင်မရေမတွက်နိုင်သော လူများ ဝိုင်းအုံလာကြတော့သည်။
"ဒီကောင်က တကယ်ကို ယုတ်မာလွန်းတယ် မဟုတ်လား။ သူ သူတောင်းစားကိုတောင် ရိုက်ရဲတယ်။ တိရစ္ဆာန်ထက် ဆိုးတဲ့ကောင်။"
"တကယ်ကြီးလား။ ပိုက်ဆံမပေးချင်ရင်လည်း နေပေါ့ ဒါပေမဲ့ လူကို ရိုက်ဖို့အထိ လိုလို့လား။"
"ယဉ်ကျေးမှု မရှိတာ တကယ်ပဲ လုံးဝ ယဉ်ကျေးမှု မရှိတဲ့ကောင်။"
"ဒါက ယဉ်ကျေးမှုမရှိတဲ့ ပြဿနာတင် မဟုတ်ဘူး။ ဒါက တကယ့်ကို ယုတ်မာရက်စက်တာ။ရှေးခေတ်ကတည်းက သတ်မှတ်ထားတဲ့ ယုတ်မာမှုကြီး လေးခု ရှိတယ်။ မုဆိုးမအိမ်တံခါးကို ကန်တာ၊ အနွယ်မရှိတဲ့ အုတ်ဂူကို တူးတာ၊ မွေးကင်းစကလေးရဲ့ နို့ကို ခိုးတာ၊ ပြီးတော့ မသန်စွမ်းသူကို အနိုင်ကျင့်တာ။ အခု အရိုက်ခံရတဲ့သူက သနားစရာ သူတောင်းစား ဖြစ်သလို လက်တစ်ဖက်ပြတ်နေတဲ့ မသန်စွမ်းသူလည်း ဖြစ်တယ်။ ဒီကောင်ကတော့ ယုတ်မာမှုတွေထဲက အယုတ်မာဆုံး အမှိုက်တွေထဲက အမှိုက်ဆုံးပဲ။"
"ဒီလိုလူမျိုးက သေသင့်တယ်။"
"လျော်ကြေးပေးခိုင်း သူ့ကို လျော်ခိုင်းလိုက်။"
လူတွေက အမြဲတမ်း အားနည်းသူတွေဘက်ကနေ ရပ်တည်ပြီး သနားတတ်ကြသည်။
ယခုအခါ ရာနဲ့ချီတဲ့ လူတွေက ယဲ့ချန်နဲ့ လင်းယွီရှီးတို့ကို ဝိုင်းရံထားကြပြီး လမ်းကို လုံးဝ ပိတ်ဆို့ထားကာ အားလုံးက တရားမျှတမှုအတွက် ပြောဆိုရင်း ယဲ့ချန်အား တရစပ် ဆဲဆိုပြစ်တင်နေကြတော့သည်။
ဤမြင်ကွင်းက အတော်လေး ခြိမ်းခြောက်မှု ရှိနေသော်လည်း ယဲ့ချန်သည် လုံးဝ ထိတ်လန့်ခြင်း မရှိချေ။ သူသည် ခွေးအိုကြီးတစ်ကောင်လို တည်ငြိမ်စွာဖြင့် ပတ်ဝန်းကျင်မှ ထွက်ပေါ်လာသော ဆဲဆိုသံများကို နားမထောင်ဘဲ နေခဲ့သည်။
"ယဲ့ချန်... နင် ဘာ... ဘာလုပ်လိုက်တာလဲ..."
လင်းယွီရှီးသည် ယဲ့ချန်၏ ဘေးတွင် စိုးရိမ်တကြီး ဖြစ်နေရှာသည်။
"ကြည့်ရတာ... ကြည့်ရတာ နင် လူထုရဲ့ ဒေါသကို ဆွပေးလိုက်သလိုပဲ။"
သူမ ယဲ့ချန်နှင့် သိကျွမ်းခဲ့သည်မှာ မကြာသေးသော်လည်း လင်းယွီရှီးသည် သူ့ကို အကြွင်းမဲ့ ယုံကြည်သည်။ သူ၏ စရိုက်က အပြစ်ပြောစရာမရှိဘဲ သူ၏ စံတန်ဖိုးများကလည်း ကောင်းမွန်သည်ဟု ယုံကြည်သည်။ သူ ရုတ်တရက် တိုက်ခိုက်လိုက်ခြင်း၌ သေချာပေါက် အကြောင်းပြချက်တစ်ခု ရှိရမည်။
"အားလုံး မြင်တဲ့အတိုင်းပဲ ဒီကောင် ငါ့ကို ရိုက်တာ သူ ငါ့ကို သေအောင် ရိုက်ချင်နေတာ။ ငါ... ငါ... ငါ့ဗိုက်က အရမ်းနာနေပြီ။ ခေါင်းလည်း ကိုက်တယ်၊ အရိုးတွေလည်း ကျိုးကုန်ပြီ၊ ငါ သေတော့မယ်။ ငါ သေတော့မယ်။"
အသက်လတ်ပိုင်း သူတောင်းစားသည် ထရန် ငြင်းဆန်ကာ ကြမ်းပြင်ပေါ်တွင် လူးလိမ့်နေပြီး၊ တစ်ဖက်တွင်မူ ယဲ့ချန်အား လှောင်ပြောင် သရော်သည့် အကြည့်ဖြင့် ခိုးကြည့်နေခဲ့သည်။
"လင်းယွီရှီး... မကြောက်ပါနဲ့ စိတ်လည်း မလှုပ်ရှားနဲ့။ ဒီည ပွဲကောင်းတစ်ပွဲ ကြည့်ရတော့မယ်။"
ယဲ့ချန်က ဂရုမစိုက်ဟန်ဖြင့် ပြုံးလိုက်သည်။
"အင်း။"
လင်းယွီရှီး ခေါင်းညိတ်လိုက်ပြီး သူ့ကို အပြည့်အဝ ယုံကြည်လိုက်သည်။
"ငါ နင့်ကို ယုံတယ်။"
ထိုအခိုက်အတန့်တွင် လူအုပ်ထဲမှ အသက် ၃၀ ကျော်အရွယ်သပ်ရပ်စွာ ဝတ်ဆင်ထားပြီး ပြောင်လက်နေသော သားရေဖိနပ်နှင့် ခန့်ညားထည်ဝါသော ပုံစံရှိသည့် အမျိုးသားတစ်ဦး ထွက်လာခဲ့သည်။
"လူငယ်လေး... နင့်ရဲ့ လုပ်ရပ်က နည်းနည်း လွန်သွားပြီ မဟုတ်လား။"
"အော်... ဘယ်လိုမျိုး လွန်သွားတာလဲ။"
ယဲ့ချန်က တည်ငြိမ်စွာ ပြုံးလိုက်သည်။
ထိုအမျိုးသားသည် လင်းယွီရှီးအား မျက်လုံးထောင့်မှ ခိုးကြည့်လိုက်ရာသူ၏ မျက်ဝန်းအိမ် အနက်ပိုင်းတွင် အံ့ဩမှုနှင့် လောဘစိတ်များ ရောနှောကာ ပေါ်လာခဲ့သည်။
'လှလိုက်တ ငါ ကစားခဲ့ဖူးတဲ့ ဟန်ဆောင်ကောင်းတဲ့ မိန်းမပျက်တွေထက် အများကြီး ပိုကောင်းတယ်။ ဒါပေမဲ့... နွားချေးပုံပေါ်က ပန်းတစ်ပွင့်လိုပဲ သူက ဘာလို့ ဒီလို စုတ်ပြတ်သတ်နေတဲ့ အောက်ခြေကောင်နဲ့ အတူရှိနေရတာလဲ... ကောင်းပြီ ဒီနေ့တော့ ငါ မင်းတို့နှစ်ယောက်ကို ကိုယ်တိုင် ဖြတ်ပစ်ရတာပေါ့။ ပြီးတော့ အခွင့်အရေးကို အရယူပြီး... ဒီအလှလေးရဲ့ နှလုံးသားကို ဖမ်းစားရမယ်။'
ထိုအမျိုးသား ထွက်လာရခြင်း အကြောင်းရင်းမှာ တရားမျှတမှုအတွက် ဒေါသထွက်လာခြင်းကြောင့် မဟုတ်ဘဲ မကောင်းသော ရည်ရွယ်ချက်များ ရှိနေခြင်းကြောင့် ဖြစ်သည်။ တစ်ဖက်တွင်မူ သူ၏ အရည်အချင်းကို ထုတ်ပြလိုခြင်းဖြစ်ပြီး အခြားတစ်ဖက်တွင်မူ လင်းယွီရှီးအား ယဲ့ချန်ထံမှ လုယူလိုခြင်း ဖြစ်သည်။
"သူ့ကို ရိုက်လိုက်တာ မင်းပဲ မဟုတ်လား။"
ထိုအမျိုးသားက ယဲ့ချန်အား အေးစက်စွာ ကြည့်လိုက်သည်။
"ဟုတ်တယ် ငါ ရိုက်လိုက်တာ။ ဘာဖြစ်လဲ။"
ယဲ့ချန်က ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။
"ကျင့်ဝတ် ပျက်ပြားနေတာပဲ လူ့အဖွဲ့အစည်းရဲ့ အမှိုက်ကောင်။"
ထိုအမျိုးသားက တရားမျှတသူပီပီ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်တော့သည်။