အခန်း ၁၈
Vol. 2 Ch. 18
အခန်း ၁၈ - အဆင့် A အလိုရှိ ရာဇဝတ်ကောင်။
"အော်..."
အမျိုးသမီး ရဲအရာရှိသည် ယဲ့ချန် အား ကြည့်ကာ စိတ်ဝင်စားမှု အနည်းငယ် ရှိလာသကဲ့သို့ ခံစားလိုက်ရသည်။သူမအနေဖြင့် အခြေအနေအားလုံးကို မိမိ၏ လက်ခုပ်ထဲ၌ ထိန်းချုပ်ထားနိုင်ပုံရပြီး ဤမျှ တည်ငြိမ်လွန်းသော ရာဇဝတ်မှု သံသယရှိသူမျိုးနှင့် ကြုံတွေ့ရခဲလှသည်။
"မင်းက ရဲတိုင်ချင်သေးတယ် ဟုတ်လား။ တကယ့်ကို ရယ်စရာပဲ။ အခြေအနေကို ပြောင်းပြန်လှန်ပြီး သူတို့ကို ပြန်စွပ်စွဲချင်တာတော့ မဟုတ်ပါဘူးနော်။"
ဘေးနားရှိ အမျိုးသားက လွန်လွန်ကဲကဲ အော်ဟစ်လိုက်သည်။
"မင်းကတော့ တကယ်ကို ကယ်တင်လို့ မရတော့တဲ့ကောင်ပဲ။"
"နင် ပါးစပ်ပိတ်ထားတာ ပိုကောင်းမယ်။"
အမျိုးသမီး ရဲအရာရှိက ထိုအမျိုးသားအား စိတ်မရှည်စွာဖြင့် စိုက်ကြည့်လိုက်ပြီးနောက် ယဲ့ချန်အား မေးလိုက်သည်။
"နင် ဘာလို့ ရဲတိုင်ချင်တာလဲ။"
"ကျွန်တော် ထင်တာကတော့ ဒီလက်တစ်ဖက်ပြတ် သူတောင်းစားမှာ ပြဿနာရှိနေတယ်။ ကြီးမားတဲ့ ပြဿနာပေါ့။"
ယဲ့ချန်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
"ဒါဆို ပြောပြပါဦး။"
အမျိုးသမီး ရဲအရာရှိက ခေါင်းညိတ်ပြလိုက်သည်။
"သူ့မှာ ဘာတွေ မှားယွင်းနေတယ်လို့ နင် ထင်လို့လဲ။"
"ရဲအမမကြီး... အမမမှာ ကလေးရှိလားတော့ ကျွန်တော် မသိဘူးနော်။"
ရုတ်တရက် ယဲ့ချန်က မမျှော်လင့်ထားသော မေးခွန်းကို မေးလိုက်သည်။
"..."
အမျိုးသမီး ရဲအရာရှိ ခေတ္တမျှ ဆွံ့အသွားရသည်။
"လူငယ်လေး... လျှောက်မပြောပါနဲ့။ ငါတို့ရဲ့ အရာရှိမို မှာ ရည်းစားတောင် မရှိသေးဘူး လက်ထပ်ဖို့ နေနေသာသာပဲ၊ ကလေးက ဘယ်က ရမှာလဲ။"
သူမ၏ အနောက်က ရဲအရာရှိတစ်ဦးက ရယ်မောကာ ပြောလိုက်သည်။
"ငါ့မှာ ကလေးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဒါက ဒီအမှုနဲ့ ဘာဆိုင်လို့လဲ။"
အမျိုးသမီး ရဲအရာရှိက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ယဲ့ချန်က ပြုံးလိုက်ပြီးနောက် ကလေးတစ်ယောက်ကို ချီထားပြီး မလှမ်းမကမ်းတွင် ရပ်နေသော အမျိုးသမီးငယ်တစ်ဦးအား လှမ်းကြည့်လိုက်သည်။
"အမကြီး... ကျွန်တော် မေးခွန်းတစ်ခုလောက် မေးပါရစေ။ ဒါ အမကြီးရဲ့ ကလေး မဟုတ်လား။ အမကြီးတို့ရဲ့ ရုပ်ချင်းဆင်တာကို ကြည့်ရုံနဲ့ တူမှန်းသိသာပါတယ်။"
ထိုအမျိုးသမီးငယ်က ကြောင်အစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆိုရင် မိခင်တစ်ယောက်အနေနဲ့ စားစရာအကောင်းစားတွေ ရှိလာတိုင်း ပထမဦးဆုံး ကလေးကို ကျွေးဖို့ပဲ စဉ်းစားမိမှာ မဟုတ်လား။"
ယဲ့ချန်က မေးလိုက်သည်။
"ဒါပေါ့"
ထိုအမျိုးသမီးငယ်က တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း ပြန်ဖြေသည်။
"တို့မိသားစုရဲ့ ငွေကြေးအခြေအနေက မချမ်းသာပါဘူး ဒါပေမဲ့ မိဘတွေအနေနဲ့ ကိုယ်တိုင် ငတ်ပြတ်နေပါစေ အကောင်းဆုံး စားစရာတွေကိုတော့ ကလေးအတွက်ပဲ ချန်ထားပေးရတာ သဘာဝပဲ မဟုတ်လား။ ကလေးဆိုတာ မိသားစုရဲ့ အနာဂတ်လေ။ ကိုယ်တိုင် အခြေအနေမပေးရင်တောင် ကလေးအတွက် အခြေအနေကောင်းတွေ ဖြစ်လာအောင် ကြိုးစားဖန်တီးပေးရမှာပဲ။"
"မိဘတွေရဲ့ မေတ္တာက တကယ်ကို သနားဖို့ကောင်းပါတယ်နော်။"
ယဲ့ချန် သက်ပြင်းချလိုက်သည်။
"ကျွန်တော့်ရဲ့ မိဘတွေလည်း ဒီလိုပါပဲ။"
"မင်း ဘယ်တော့မှ စကားရပ်မှာလဲ။"
ထိုအမျိုးသားက ဘယ်လိုမှ မအောင့်အီးနိုင်ဘဲ ထပ်မံ ပြစ်တင်မေးမြန်းလိုက်ပြန်သည်။
"ငါ မင်းလို ဦးနှောက်မရှိတဲ့ကောင်နဲ့ စကားမပြောချင်ဘူး။"
ယဲ့ချန်က ထိုအမျိုးသားအား အထင်သေးစွာ ကြည့်လိုက်ပြီးနောက် ဆက်လက် ပြောကြားခဲ့သည်။
"ပြဿနာက ဒီနေရာမှာပဲ ရှိတာ။"
ယဲ့ချန် ဤသို့ပြောသည်ကို ကြားသောအခါ အခင်းဖြစ်ပွားရာနေရာသည် တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး လင်းယွီရှီးသည်လည်း ယဲ့ချန်အား စုစုစိုက်စိုက်ဖြင့် ကြည့်နေခဲ့သည်။
အမျိုးသမီး ရဲအရာရှိက ယဲ့ချန်အား ဆက်ပြောရန် အချက်ပြသည့်အနေဖြင့် အားပေးသောအကြည့်ကို ပေးလိုက်သည်။
"ဒီည ကျွန်တော် သူငယ်ချင်းတစ်ယောက်နဲ့အတူ ညစာစားဖို့ Wanda Plazaကို ရောက်လာခဲ့တာ။ ရောက်ရောက်ချင်းမှာပဲ ဒီသူတောင်းစား အကြီးအငယ် နှစ်ယောက် တောင်းရမ်းနေတာကို တွေ့ခဲ့တယ်။"
ယဲ့ချန်က အလွန်လျင်မြန်သော နှုန်းဖြင့် ပြောလိုက်သည်။
"ကျွန်တော် ပြောရရင် ဒီလူ့အဖွဲ့အစည်းမှာ ကြင်နာတတ်တဲ့သူတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် သူတို့ တောင်းလို့ရတဲ့ ပိုက်ဆံကလည်း မနည်းပါဘူး။ ကျွန်တော့်ရဲ့ စောင့်ကြည့်မှုအရ အနည်းဆုံး ယွမ် ရာဂဏန်း အတော်များများ ရှိပါတယ်။"
"ဒါပေမဲ့ အလွန် ထူးဆန်းတာတစ်ခုက... သူတို့ ပိုက်ဆံတွေ တောင်းလို့ရနေပြီဖြစ်လျက်နဲ့ အဲ့ဒီ လက်တစ်ဖက်ပြတ် သူတောင်းစားက သူတောင်းစားလေးကို ကျွေးဖို့အတွက် အနီးနားက အမှိုက်ပုံးထဲက ပုပ်ပွနေတဲ့ သစ်သီးတွေ မှိုတက်နေတဲ့ ပေါင်မုန့်တွေနဲ့ စားကြွင်းစားကျန် ဘူးခွံတွေကိုပဲ နှိုက်ယူကျွေးမွေးနေခဲ့တာ။ ဒါက သာမန် ဆင်ခြင်တုံတရားနဲ့ ဆန့်ကျင်မနေဘူးလား။"
ယဲ့ချန်၏ အကြည့်က မသိမသာ ထက်မြက်လာခဲ့သည်။
"အမှိုက်ပုံထဲက စားစရာတွေကို ဒီလောက်အများကြီး စားနေရရင် အဲ့ဒီ သူတောင်းစားလေးရဲ့ ခန္ဓာကိုယ်က ခံနိုင်ပါ့မလား။"
"ဒီမှာ မိဘတွေ အများကြီး ရှိကြပါတယ်။ အားလုံးပဲ ကိုယ်ချင်းစာစိတ်နဲ့ တွေးကြည့်ပေးကြပါ။ တကယ်လို့ ကိုယ့်အိတ်ထဲမှာ ပိုက်ဆံရှိနေရင် ကိုယ့်ရဲ့ ကလေးကို ပုပ်ပွပြီး နံစော်နေတဲ့ စားစရာတွေကို ကျွေးဖို့ လိုလားပါ့မလား။ နောက်ပိုင်း ကလေးမှာ ရောဂါဝေဒနာတွေ ဖြစ်လာမှာကို မကြောက်ကြဘူးလား။"
ယဲ့ချန်က တည်ကြည်စွာ ပြောလိုက်သည်။
သူ ဤသို့ပြောလိုက်သောအခါ လူအများအပြားက ခေါင်းကို တရစပ် ခါယမ်းကြတော့သည်။
လက်တစ်ဖက်ပြတ် သူတောင်းစားသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရင်သွားပြီးသူတောင်းစားလေးကို အနောက်သို့ ဆွဲခေါ်ကာ ခြေလှမ်းကျဲကြီးဖြင့် နောက်ဆုတ်သွားတော့သည်။
ယဲ့ချန်က လူတွေ သတိမထားမိနိုင်လောက်သည့် ဤမျှ သိမ်မွေ့သော သဲလွန်စများကို ရှာဖွေဖော်ထုတ်နိုင်လိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ချေ။
"သူတို့ကို တားဆီးလိုက်ကြ။"
အမျိုးသမီး ရဲအရာရှိသည် အလွန် လျင်မြန်ထက်မြက်သူဖြစ်သဖြင့် သူမ၏ နောက်က ရဲအရာရှိများအား ချက်ချင်း အမိန့်ပေးလိုက်သည်။ ယဲ့ချန် ပြောသည်ကို ကြားသောအခါ ရဲအရာရှိ အနည်းငယ်ကလည်း တစ်ခုခု လွဲမှားနေသည်ဟု ခံစားမိကြပြီး ချက်ချင်းပင် လျင်မြန်စွာ ပြေးသွားကာ လက်တစ်ဖက်ပြတ် သူတောင်းစားနှင့် သူတောင်းစားလေးတို့ကို ထိန်းချုပ်လိုက်ကြတော့သည်။
"ဒါဆို... နင် ဆိုလိုချင်တာက။"
"ကျွန်တော် အရင်က သတင်းအချို့ ဖတ်ဖူးတယ်။ ကလေးတွေကို ပြန်ပေးဆွဲပြီး နှိပ်စက်ကာ လမ်းပေါ်မှာ လိုက်လံတောင်းရမ်းခိုင်းတဲ့ ရာဇဝတ်ကောင်တွေ ရှိပါတယ်။ အချို့ဆိုရင် ဖြတ်သန်းသွားလာသူတွေရဲ့ သနားဂရုဏာစိတ်ကို ရယူပြီး ပိုက်ဆံ ပိုမိုလိမ်လည်နိုင်ဖို့အတွက် ပြန်ပေးဆွဲထားတဲ့ ကလေးတွေကို မသန်စွမ်းဖြစ်အောင်အထိ လုပ်တတ်ကြတယ်။ ဒီလို စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ လုပ်ရပ်က လူမဆန်ဘဲ အလွန် ယုတ်မာ ရက်စက်လွန်းပါတယ်။"
ယဲ့ချန်က တစ်လုံးချင်းစီ ပြတ်ပြတ်သားသား ပြောလိုက်သည်။ လက်တစ်ဖက်ပြတ် သူတောင်းစား၏ ခန္ဓာကိုယ်သည် ဖွဲပြာကဲ့သို့ ပိုမို ပြင်းထန်စွာ တုန်ရင်လာခဲ့သည်။
"ကျွန်တော် ပြောတာ မှန် မမှန် သက်သေပြဖို့က တကယ်တော့ အရမ်းရိုးရှင်းပါတယ်။ သူတောင်းစားလေးရဲ့ အဝတ်အစားတွေကို ချွတ်ကြည့်ပြီး သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အရိုက်ခံထားရတဲ့ ဒဏ်ရာတွေ အမည်းစက်တွေ ရှိ မရှိ ကြည့်လိုက်ရင် သိနိုင်ပါတယ်။"
ယဲ့ချန်က လက်တစ်ဖက်ပြတ် သူတောင်းစားအား လှောင်ပြောင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
"ဒါပေမဲ့ ကျွန်တော့်ရဲ့ ခန့်မှန်းချက် မှားယွင်းပါစေလို့ပဲ မျှော်လင့်ပါတယ်။ ကျွန်တော်လည်း ဒီလို လူမဆန်တဲ့ အဖြစ်ဆိုးမျိုးကို မျက်မြင်ကိုယ်တွေ့ မမြင်ချင်ပါဘူး။ ကျွန်တော်က မေတ္တာတရား ကြီးမားတဲ့ လူတစ်ယောက်ပါဗျာ။"
"သူတောင်းစားလေးရဲ့ အဝတ်အစားတွေကို ချွတ်ကြည့်လိုက်။"
အမျိုးသမီး ရဲအရာရှိက အမိန့်ပေးလိုက်သည်။
"မလုပ်နဲ့!မလုပ်နဲ့ မင်းတို့မှာ အခွင့်အရေးမရှိဘူး။ မင်းတို့အားလုံးက လူဆိုးတွေပဲ။"
ရုတ်တရက် လက်တစ်ဖက်ပြတ် သူတောင်းစားသည် စိတ်ဖောက်ပြန်သကဲ့သို့ အော်ဟစ်ကာ သူတောင်းစားလေး၏ လည်ပင်းကို လက်တစ်ဖက်ဖြင့် တင်းကျပ်စွာ ဖက်ထားလိုက်သည်။
"မင်းတို့က လူကို အနိုင်ကျင့်နေတာ ဒီတိရစ္ဆာန်ကောင်က ငါ့ကို ရိုက်ပြီး သေအောင် သတ်မလို့ လုပ်နေတာကို မင်းတို့က သူ့ကိုမဖမ်းဘဲ ငါ့ကို လာဖမ်းဖို့ လုပ်နေတယ် မင်းတို့အားလုံးက ကြံရာပါတွေပဲ ကူညီကြပါဦး လာကယ်ကြပါဦး!ယ ငါ့သားကို ထိရဲတဲ့သူရှိရင် ငါ အသက်နဲ့လဲပြီး တိုက်ခိုက်မှာ။"
"မင်းမှာလည်း ဘာသက်သေမှ မရှိသေးဘူးလေ။"
ထိုအမျိုးသား၏ မျက်နှာသည်လည်း ဤအချိန်တွင် အနည်းငယ် ပုံမှန်မဖြစ်တော့ချေ။ သူ၏ ယခင် သွေးကြွနေမှုများမှာ လေထဲသို့ လွင့်ပျောက်သွားပုံရသော်လည်း သူ၏ ပါးစပ်ကမူ မာန်တင်းနေဆဲ ဖြစ်သည်။
"ဒါတွေက တစ်ဖက်သတ် စကားတွေပဲဥစ္စာ။ ရဲဘော်တို့... မင်းတို့ အမှုစစ်နေတာ ဘယ်လိုမျိုးလဲ။ အနည်းဆုံးတော့ လူကို ရိုက်တဲ့ အကြမ်းဖက်သမားကို အရင်ဆုံး လက်ထိပ်ခတ်သင့်တာ မဟုတ်ဘူးလား။"
ဤအချိန်တွင် အခင်းဖြစ်ပွားရာနေရာသည် အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။ လက်တစ်ဖက်ပြတ် သူတောင်းစားသည် သောင်းကျန်းရန် ပြင်နေပြီး ရဲအရာရှိများအားသူတောင်းစားလေးကို မည်သို့မျှ အထိမခံဘဲ ဖြစ်နေသည်။
"အော်... ဒါက အရမ်း ရှုပ်ထွေးလွန်းပြီး ငါ့ရဲ့ အချိန်တွေကို ဖြုန်းတီးနေတာပဲ။"
ယဲ့ချန်က ဆွံ့အစွာဖြင့် ခေါင်းခါယမ်းလိုက်သည်။ နောက်တစ်စက္ကန့်တွင် သူသည် ရုတ်တရက် ရူးချင်ယောင်ဆောင်နေသော လက်တစ်ဖက်ပြတ် သူတောင်းစားအား လှမ်းကြည့်လိုက်သည်။
"ဟေး... ဒီကို ကြည့်စမ်းးး"
လက်တစ်ဖက်ပြတ် သူတောင်းစားသည် ယဲ့ချန်အား အလွန် မုန်းတီးသော အကြည့်ဖြင့် စိုက်ကြည့်နေခဲ့ပြီး ဖြစ်သည်။ ယခု ယဲ့ချန်က ဦးအောင် နှုတ်ဆက်လိုက်သဖြင့် သူသည် သတိမထားမိဘဲ ယဲ့ချန်နှင့် မျက်လုံးချင်း ဆုံမိသွားတော့သည်။
"မင်း အခု အရမ်း ပင်ပန်းနေပြီ မဟုတ်လား။ အရမ်း အိပ်ငိုက်နေပြီလား။ အရမ်း အိပ်ချင်နေပြီ မဟုတ်လား။"
ယဲ့ချန်၏ အသံနေအထားသည် အလွန် နူးညံ့ညင်သာသွားပြီး ထူးခြားသော စည်းချက်နှင့် ဆွဲဆောင်မှုတစ်ခု ပါဝင်နေခဲ့သည်။ ဤအသံက မှော်ဆန်သော အစွမ်းတစ်ခု ရှိနေသကဲ့သို့ပင်။
ခဏချင်းတွင်ပင် ပြင်းထန်သော အိပ်ငိုက်ခြင်း ဝေဒနာသည် လက်တစ်ဖက်ပြတ် သူတောင်းစား၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ လွှမ်းမိုးသွားခဲ့သည်။ သူ၏ မျက်ဝန်းများ မှုန်ဝါးသွားပြီး မျက်ခွံများမှာ ခဲဆွဲထားသကဲ့သို့ လေးလံလာခဲ့သည်။
"... ဒါပေမဲ့ မင်း အခုထိ အိပ်လို့မရသေးဘူး... မင်း ငါ့ကို ပြန်မဖြေရသေးတဲ့ မေးခွန်းအချို့ ရှိသေးတယ်... ဒီမေးခွန်းတွေကို ဖြေပြီးရင်တော့ မင်း ကောင်းကောင်း အိပ်စက်နိုင်ပါပြီ... စိတ်ကိုလျှော့လိုက် စိတ်ကိုလျှော့လိုက် ခန္ဓာကိုယ်တစ်ခုလုံးကို လျှော့ချပြီး အသက်ကို ပြင်းပြင်းရှူလိုက်..."
ထိုအခိုက်အတန့်တွင် ယဲ့ချန်သည် လက်တစ်ဖက်ပြတ် သူတောင်းစားအား မိစ္ဆာတစ်ကောင်ကဲ့သို့ ညှို့ယူဖျားယောင်းနေခဲ့သည်။
တိတ်ဆိတ်သွားသည်။ အခင်းဖြစ်ပွားရာနေရာသည် ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်းက ယဲ့ချန်အား ထိတ်လန့်တုန်လှုပ်ဖွယ် အကြည့်ဖြင့် စိုက်ကြည့်နေကြတော့သည်။
ဝက်သားမစားဖူးရင်တောင် ဝက်ပြေးတာ မြင်ဖူးကြသည် မဟုတ်ပါလား။ လူတိုင်း၏ ရင်ထဲတွင် စကားလုံးတစ်လုံးတည်း ပြိုင်တူ ပေါ်လာခဲ့သည်။
ဘုရားသခင်... ဒါက တကယ်ပဲ ညှို့ယူအတတ်လား။
ပုံမှန်ဆို ရုပ်မြင်သံကြားထဲမှာသာ မြင်တွေ့နိုင်သည့် မြင်ကွင်းများက ယခုအခါ သူတို့၏ ရှေ့မှောက်တွင် တကယ်တမ်း ဖြစ်ပျက်နေခြင်း ဖြစ်သည်။ ဒါက အလွန် ထိတ်လန့်စရာ ကောင်းလွန်းသည်။အလွန် မယုံနိုင်စရာ ကောင်းလွန်းသည်!
"ညှို့ယူခြင်း အတတ်ပညာရှင်ပဲ။"
အမျိုးသမီး ရဲအရာရှိက အံ့ဩစွာဖြင့် တိုးတိုးလေး ရေရွတ်လိုက်မိပြီး သူမ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။ လင်းယွီရှီးသည်လည်း ယဲ့ချန်အား အားကျအတုယူဖွယ် အကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။
ဒါက ယဲ့ချန် စနစ်ဆီမှ ရရှိထားသော ညှို့ယူအတတ်ပညာအဆင့်မြင့်ကုန်ပစ္စည်းကို ပထမဦးဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သည်။ အခုပဲ သင်ယူပြီး အခုပဲ အသုံးချခြင်း ဖြစ်သည်။ ၎င်းက တကယ်ကို အသုံးဝင်လှသည်။ တီဗီပေါ်က ညှို့ယူအတတ်ပညာရှင်တွေထက် အများကြီး ပိုတော်သည်။
ထိုအချိန်မှာပင် ယဲ့ချန်က လက်ချောင်းကို ဖျောက်ဟု မြည်အောင် တောက်လိုက်သည်။ လက်တစ်ဖက်ပြတ် သူတောင်းစား၏ မျက်ဝန်းများ အလွန်အမင်း ဗလာဖြစ်သွားပြီး မျက်နှာက ရုပ်သေးရုပ်ကဲ့သို့ အသက်မဲ့သွားတော့သည်။
ထို့နောက် သူ၏ နှုတ်ခမ်းထောင့်မှ လူကို တုန်လှုပ်စေသော ရက်စက်သည့် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဟီးဟီး ဟီးဟီး... ငါ့ရဲ့ နာမည်အရင်းက ကျောက်ထယ်ကွမ်ပါ... ဒီနှစ်မှာ အသက် ၄၇ နှစ် ရှိပြီ..."
"ကျောက်ထယ်ကွမ်။"
အမျိုးသမီး ရဲအရာရှိ၏ မျက်မှောင်များ ရုတ်တရက် ကျုံ့သွားရသည်။
"အရာရှိမို... ဆယ်နှစ်ကြာအောင် ထွက်ပြေးတိမ်းရှောင်နေတဲ့ နိုင်ငံတော်အဆင့် A အလိုရှိ ရာဇဝတ်ကောင် ကျောက်ထယ်ကွမ်လား။"
သူမ၏ ဘေးနားက ရဲအရာရှိတစ်ဦး သွေးကြွသွားခဲ့သည်။အမျိုးသမီး ရဲအရာရှိက ချက်ချင်း တိတ်တိတ်နေရန် အချက်ပြလိုက်သည်။ ကျောက်ထယ်ကွမ်က ဆက်လက်၍ ရှင်းလင်းစွာ ပြောဆိုနေခဲ့သည်။
"ငါက လူကုန်ကူးသူတစ်ယောက်ပါ။ ဒီအလုပ်ကို လုပ်လာတာ ဆယ်နှစ်ကျော်ပြီ။ ငါ အမျိုးသမီးတွေနဲ့ ကလေးတွေကို ပြန်ပေးဆွဲတယ် လူ့ခန္ဓာကိုယ် အင်္ဂါတွေကို မှောင်ခိုရောင်းချတယ် ပြီးတော့ ငါ့လက်ထဲမှာ လူအသက် ၅ လောင်း ရှိခဲ့ဖူးတယ်... ငါက အလိုရှိ ရာဇဝတ်ကောင်တစ်ယောက်ပါ ဟီးဟီးဟီးအဆင့် A အလိုရှိအမိန့်ဆုကြေးငွေ ယွမ် ၂၀၀,၀၀၀ တောင် ပေးထားတာရဲတွေက တကယ်ပဲ ငါ့ကို အထင်ကြီးလွန်းပါတယ်... ငါ့ရဲ့ ဤလက်မောင်းက သဘာဝအတိုင်း မသန်စွမ်းတာ မဟုတ်ပါဘူး နောက်ပိုင်းကျမှ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ခုတ်ဖြတ်ပစ်လိုက်တာ... ဆယ်နှစ်ဟီးဟီးဟီး ဒီဆယ်နှစ်ပတ်လုံး ငါ မြို့ထဲမှာပဲ နေခဲ့တယ်ဆံပင်အရှည်ကြီးထားပြီး မုတ်ဆိတ်မွေးတွေနဲ့ ရုပ်ဖျက်ထားခဲ့တာ ပြီးတော့ ယန်မြို့ ရဲ့ စည်ကားတဲ့ မြို့လယ်ခေါင်မှာပဲ တောင်းရမ်းစားသောက်နေခဲ့တာ။ မင်းတို့ ထင်မထားဘူး မဟုတ်လား။ ဟီးဟီးဟီးငါက အမြဲတမ်း မူဝါဒတစ်ခုကို ယုံကြည်တယ်။ အန္တရာယ်အရှိဆုံးနေရာက တကယ်တော့ အန္တရာယ်အကင်းဆုံးနေရာပဲ ဆိုတာလေ... ဘာမှ မလွဲချော်ခဲ့ရင် ငါ ဆက်ပြီးတော့ လွတ်မြောက်နေဦးမှာပဲ... ငါ ကိုယ့်ကိုယ်ကိုယ် တကယ် အထင်ကြီးမိတယ်... တကယ်လို့ တစ်နေ့နေ့မှာ ငါ ဆက်မလုပ်ချင်တော့ရင် လူအချို့ကို သတ်ပြီး ငါနဲ့အတူ ခေါ်သွားဦးမှာဟီးဟီးဟီး။"
ဘေးနားက ဝိုင်းကြည့်နေသူများ အားလုံး ကြက်သီးတဖြန်းဖြန်း ထသွားကြတော့သည်။
ဤမျှ ယုတ်မာရက်စက်သော အလိုရှိ ရာဇဝတ်ကောင်ကြီးက မြို့လယ်ခေါင်မှာ ပုန်းကွယ်နေခဲ့တာလား။
သူ့လက်ထဲမှာ လူအသက်တွေတောင် ရှိနေတာ။
ယခင်က ကျောက်ထယ်ကွမ်အား ပိုက်ဆံပေးခဲ့ဖူးသူများမှာ ပို၍ပင် ထိတ်လန့်သွားကြပြီး ကြောက်လွန်းသဖြင့် ဘောင်းဘီထဲ ဆီးထွက်မတတ် ဖြစ်သွားကြရှာသည်။
"လခွမ်းပဲ... တော်သေးတာပေါ့ ငါ သူ့ကို ပိုက်ဆံပေးခဲ့လို့ မဟုတ်ရင် ငါပါ သူ့လက်ချက်နဲ့ သေသွားနိုင်တယ်။"
ရဲအရာရှိများက အမျိုးသမီး ရဲအရာရှိအား စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြသည်။
"တရားဥပဒေရဲ့ ပိုက်ကွန်က ကျယ်ပြောလှပေမဲ့ ဘာတစ်ခုမှ လွတ်မြောက်အောင် မထားပါဘူး အရင်က ငါ ရဲတပ်ဖွဲ့ထဲကို စတင်ဝင်ရောက်တုန်းက ငါ့ကို ဦးဆောင်ပေးခဲ့တဲ့ ဆရာကြီး အနားယူတဲ့အထိ ရင်ထဲမှာ စွဲထင်ကျန်ရစ်ခဲ့တဲ့ မဖြေရှင်းနိုင်သေးတဲ့ အမှုကတော့ ဤလူကုန်ကူးသူ ကျောက်ထယ်ကွမ်ကို ကိုယ်တိုင် မဖမ်းဆီးနိုင်ခဲ့တာပဲ။"
အမျိုးသမီး ရဲအရာရှိ၏ ရေခဲကဲ့သို့ တည်ငြိမ်လှသော မျက်နှာထက်တွင် နောက်ဆုံး၌ စိတ်လှုပ်ရှားမှုများ ဖြတ်ပြေးသွားခဲ့ပြီး သူမ၏ လက်သီးဆုပ်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
"ချက်ချင်း ဖမ်းဆီးလိုက်ကြ။"