အခန်း ၂၅
Vol. 3 Ch. 25
အခန်း ၂၅ - သရဲနှင့် စီးချင်းထိုးခြင်း။
လခွမ်းပဲ... အခြေအနေ မကောင်းတော့ဘူး။
ယဲ့ချန် တစ်ယောက် ရှယန်နန် ပို့လိုက်သည့် စာကို ကြည့်ရင်း ရင်ထဲတွင် တုန်လှုပ်ခြောက်ခြားသွားရသည်။ သူ ခန့်မှန်းထားသည့်အတိုင်းပင် ထိုသရဲသည် ရှယန်နန်၏ ယန်စွမ်းအင် အားအနည်းဆုံးဖြစ်သည့်နေ့ သူမ၏ Period စတင်လာသည့် ပထမဆုံးနေ့ကို ရွေးချယ်ပြီး အန္တရာယ်ပြုရန် ရောက်ရှိလာခြင်း ဖြစ်သည်။
တကယ်လို့ ယဲ့ချန်သာ ထိုနေရာတွင် ကိုယ်တိုင်ရှိနေပါက ဤကိစ္စက ပြဿန အကြီးအကျယ် ဖြစ်လိမ့်မည်မဟုတ်ဟု သူ ယုံကြည်သည်။ ဝိညာဉ်နှိပ်ကွပ်ခြင်း အင်းပြား ကို သုံးသည်ဖြစ်စေ သို့မဟုတ်သရဲမကို ထုတ်လွှတ်ပြီး အဆိပ်ကို အဆိပ်ချင်းပယ်ကာ တိုက်ခိုက်စေသည်ဖြစ်စေ ရှယန်နန်အား ရန်ပြုမည့် သရဲဆိုးကို အလွယ်တကူ ချေမှုန်းနိုင်မည်ဟု သူ ယုံကြည်ချက် ရှိသည်။
သို့သော် ယခုမူ...
သူ အဝေးကနေ ဘာမှ မတတ်နိုင် ဖြစ်နေရသည်။ ထိုအခိုက်အတန့်တွင် ယဲ့ချန်၏ ဖုန်း လာဘ်တုန်ခါကာ မြည်လာခဲ့သည်။ သူ ဖုန်းမျက်နှာပြင်ပေါ်ရှိ ခေါ်ဆိုသူ ID ကို ကြည့်လိုက်ရာ မရင်းနှီးသော ဖုန်းနံပါတ်တစ်ခု ဖြစ်နေသည်။ ယဲ့ချန်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး ဖုန်းကို လျင်မြန်စွာပင် ကိုင်လိုက်တော့သည်။
ဖုန်းအပြင်ဘက်မှနေ၍ အမျိုးသမီးငယ်တစ်ဦး၏ ငိုယိုသံ ထွက်ပေါ်လာခဲ့သည်။ ၎င်းက သာယာနာပျော်ဖွယ်ကောင်းသော အသံလေး ဖြစ်သော်လည်း အတိုင်းအဆမရှိသော ကြောက်ရွံ့တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
"ဆရာကြီး ဆရာကြီးရှင့်ကယ်ပါဦး သူ တံခါးကို ဆက်တိုက် ခေါက်နေတာ... ပြီးတော့ အခု ကျွန်မ တအား ချမ်းလာပြီ ဆောင်းရာသီထက်တောင် ပိုအေးနေသလိုပဲ... ကျွန်မ သေတော့မယ် ထင်တယ် ဆရာကြီးရယ်... ကျွန်မကို ကယ်ပါဦးနော်။"
၎င်းက တကယ်ပင်ရှယန်နန်၏ ဖုန်းခေါ်ဆိုမှု ဖြစ်သည်။ ဖုန်းထဲကတစ်ဆင့် ဖြစ်သော်လည်း ယဲ့ချန်အနေဖြင့် ဤလှပသော ရုံးဝတ်စုံအမျိုးသမီးကြီး၏ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်မှာ အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထင်ထင်ရှားရှား ခံစားလိုက်ရသည်။
သူမက ဖုန်းကို စပီကာဖွင့်ထားသဖြင့် ယဲ့ချန်သည် လေးလံပြီး ဖိနှိပ် ချောက်ချားဖွယ်ကောင်းသော တံခါးခေါက်သံကြီးကိုပါ အတိုင်းသား ကြားနေရသည်။
ဒုန်း... ဒုန်း... ဒုန်း... ဒုန်း... ဒုန်း—
၎င်းက အလွန် စည်းချက်ကျလှသည်။ ညသန်းခေါင်ယံတွင် မြည်တီးနေသည့် နာရေးခေါင်းလောင်းသံကဲ့သို့ပင်။ ဤတံခါးခေါက်သံက နှလုံးခုန်သံများ၏ ကြားလွတ်နေရာကို ကွက်တိ ရိုက်ခတ်နေသကဲ့သို့ဖြစ်ပြီး ဝိညာဉ်ကို တိုက်ရိုက် တုန်လှုပ်စေကာ လူအား အလွန်တရာ ဂယောက်ဂယက်ဖြစ်ပြီး နေရထိုင်ရ ခက်ခဲစေကာ အသက်ရှူပင် ကြပ်လာစေသည်။
ဖုန်းထဲကတစ်ဆင့် ကြားရုံတင်ပင် ယဲ့ချန်သည် အေးစက်လှသော အအေးဓာတ်ကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံးတွင် ကြက်သီးမွှေးညင်းများ ထောင်ထလာခဲ့ရသည်။
လခွမ်းပဲ...ဒါက တကယ်ကို လွန်သွားပြီရှယန်နန် တကယ့်ကို အန္တရာယ်ကြီး ကြုံနေရပြီ။
"ဆရာကြီးရှင့်... ဧည့်ခန်းက မီးတွေ ရုတ်တရက် အကုန်မှောင်သွားပြီ... ကျွန်မ... ကျွန်မ ခေါင်းတွေ နည်းနည်း မူးလာသလိုပဲပြီးတော့ တံခါးခေါက်သံကလည်း မရပ်ဘူး။ အိမ်မှာ ကျွန်မတစ်ယောက်တည်း ရှိတာ... ကျွန်မ ရူးတော့မယ် ထင်တယ်... ချမ်းလွန်းလို့ သေတော့မယ်... ဟီး... ဟီး... ဟီး—။"
'တောက်... မဖြစ်ဘူး၊ အဲ့ဒီ သရဲဆိုးကို ရှယန်နန်ကို သတ်ခွင့် မပေးနိုင်ဘူး။ ငါ သူမကို ကယ်ရမယ်။'
ယဲ့ချန်၏ ဉာဏ်ပညာထဲတွင် အတွေးပေါင်းစုံ လျင်မြန်စွာ ဖြတ်သန်းသွားခဲ့ပြီး နောက်ဆုံး၌ သူ အံကို ကြိတ်လိုက်သည်။ အကုန်အပြည့်အစုံ လောင်းကြေးထပ်မယ်။ ဒီတစ်ခါတော့ စွန့်စားပြီး အပြတ်အသတ် လုပ်ရတော့မယ်။
မျက်တောင်ခတ်အတွင်း ယဲ့ချန်သည် မိမိကိုယ်ကိုယ်အတွက် မစ်ရှင်တစ်ခုကို ဖန်တီးလိုက်သည်။
တီ... တာဝန်တစ်ခု ထွက်ပေါ်လာပါပြီ။ တာဝန်အကြောင်းအရာ - ရှယန်နန်အား သရဲနှင်ထုတ်ရန် ကူညီပေးပါ။ ဆုလာဘ် - စနစ်မှ တာဝန်၏ ခက်ခဲမှုအဆင့်ကို ခွဲခြမ်းစိတ်ဖြာနေဆဲဖြစ်ပြီး ဆုလာဘ်အား နောက်ပိုင်းတွင် တွက်ချက်ပေးပါမည်။
အဝေးရောက်စနစ်ဖြင့် သရဲဖမ်းခြင်းက တကယ့်ကို ခက်ခဲလှပြီး ကြီးမားသော စိန်ခေါ်မှုတစ်ခုပင် ဖြစ်သည်။
"ရှယန်နန်... ငါပြောတာကို သေသေချာချာ နားထောင် အခုအချိန်မှာ မင်းသတ္တိရှိရမယ်။ လုံးဝ မကြောက်ပါနဲ့ ဘာလို့လဲဆိုတော့ မင်းကြောက်လိုက်တာနဲ့ နင့်ခန္ဓာကိုယ်ပေါ်က မီးတောက်သုံးခုက အားနည်းသွားပြီး သရဲက အခွင့်ကောင်းယူပြီး မင်းကို အန္တရာယ်ပြုလိမ့်မယ်။ မင်းငါ့ကို ဆရာကြီးလို့ ခေါ်ခဲ့တယ် မဟုတ်လား။ ဒါဆိုရင် ငါ့ကို ယုံကြည်စမ်းပါ။ ငါပြောတဲ့အတိုင်း လုပ်ရင် ဘာပြဿနာမှ မရှိစေရဘူး နားလည်လား။"
ထိုအခိုက်အတန့်တွင် ကိုရှယန်နန်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ဖုန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူမက သာမန် အမျိုးသမီးတစ်ယောက် မဟုတ်ချေ။ ဤကဲ့သို့သော အသက်အန္တရာယ်နှင့် ကြုံတွေ့နေရသည့် အရေးကြီးသော အချိန်တွင်နှစ်ပေါင်းများစွာ စီးပွားရေးလောက၏ ပြင်းထန်သော တိုက်ပွဲများနှင့် လှည့်ကွက်များကြား၌ လေ့ကျင့်ပျိုးထောင်လာခဲ့သော အမျိုးသမီးသန်မာတစ်ဦး၏ စိတ်ဓာတ်ကို ထုတ်ဖော်လိုက်တော့သည်။
"ကောင်းပါပြီ... ကျွန်မ မကြောက်တော့ဘူး ဆရာကြီး ရှိနေတာပဲ ကျွန်မ မကြောက်ဘူး။"
ထိုအချိန်တွင် ရှယန်နန်သည် ယဲ့ချန်အား သူမ၏ အသက်ကယ်ကြိုးနှင့် အားကိုးရာ တိုင်ပြိုကြီးတစ်ခုအဖြစ် မသိမသာ သတ်မှတ်လိုက်မိပြီ ဖြစ်သည်။
ထိုအခိုက်တွင် တံခါးခေါက်သံကြီးက ရုတ်တရက် ရပ်တန့်သွားသော်လည်း မကြာမီမှာပင်
ဧည့်ခန်းအတွင်းမှနေ၍ အလွန် လေးလံဆိတ်ငြိမ်သော ခြေသံများ ထွက်ပေါ်လာခဲ့သည်။
"ဆရာကြီး သူ... သူ... သူ အထဲကို ဝင်လာပြီ။"
ယဲ့ချန်လည်း အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိသည်။
သူလည်း ယခုအချိန်တွင် ကြီးမားသော ဖိအားများကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။
သူသည် ယခင်က သရဲဖမ်းခြင်း သို့မဟုတ် သရဲနှင်ထုတ်ခြင်း လုပ်ငန်းများကို တစ်ခါမျှ မလုပ်ဖူးချေ။ ဤအရာက သူ ပထမဆုံးအကြိမ် ပြုလုပ်ခြင်း ဖြစ်သည်။ အထူးသဖြင့် ဖုန်းထဲကတစ်ဆင့် တစ်စုံတစ်ဦးကို သရဲဖမ်းရန်နှင့် သရဲနှင်ထုတ်ရန် ကူညီပေးနေခြင်း ဖြစ်သည်။
ဒါက တကယ့်ကို ရူးသွန်းစရာ ကောင်းလှပေသည်။
"ရှယန်နန်... အခု မင်းခန္ဓာကိုယ်ရဲ့ တခြားနေရာတွေမှာ နင့်ရဲ့ နှလုံးခုန်သံကို ခံစားနေရလား။ ဥပမာ- နင့်ရဲ့ နား၊ လက်ချောင်း၊ ပေါင်၊ လက်မောင်း... ဒီလို နေရာမျိုးတွေမှာလား။"
"ဟုတ်ပါတယ် ဆရာကြီး။"
"အင်း... တကယ်လို့ မင်းရဲ့ နှလုံးခုန်သံက ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေမှာ ပေါ်နေတယ်ဆိုရင် အဲ့ဒါက မင်းရဲ့ ဝိညာဉ် မတည်ငြိမ်ဆုံးဖြစ်ပြီး သရဲရဲ့ ဖမ်းစားခြင်းကို ခံရဖို့ အလွယ်ကူဆုံး အချိန်ပဲ။ အခုချက်ချင်း မီးဖိုချောင်ကို ပြေးတော့ မြန်မြန်သွား သွား။"
ရှယန်နန် အံကို ကြိတ်လိုက်ပြီး မီးဖိုချောင်ဆီသို့ တန်းစီ၍ ပြေးခဲ့တော့သည်။ မီးဖိုချောင်သို့ ရောက်ရှိသောအခါ ယဲ့ချန်က ချက်ချင်း ပြောလိုက်သည်။
"မီးဖိုချောင်ထဲမှာ ဓားတစ်ချောင်း ရှိရမယ် မဟုတ်လား။ နာကျင်မှာကို မကြောက်ပါနဲ့။ ဓားကိုသုံးပြီး မင်းရဲ့ လက်ချောင်းကို လှီးလိုက် ပြီးရင် လတ်ဆတ်တဲ့ သွေးတစ်စက် ညှစ်ထုတ်ပြီး မင်းရဲ့မျက်ခုံးနှစ်ခုကြား အမှတ်နေရာကို သုတ်လိမ်းလိုက်။"
သူမသည် လက်ညှိုးမှသွေးကို ညှစ်လိုက်ပြီးနောက် မျက်ခုံးနှစ်ခုကြား အမှတ်နေရာတွင် သုတ်လိမ်းလိုက်တော့သည်။
"ဆရာကြီးရှင့်... ကျွန်မရဲ့ နှလုံးခုန်သံက ရင်ဘတ်ထဲကို ပြန်ရောက်သွားပါပြီ။ အရင်ကတော့ နားထဲမှာ ခုန်နေသလို ခံစားရတာပါ။"
ရှယန်နန် စိတ်ထဲတွင် များစွာ သက်သာရာရသွားခဲ့ပြီး ဆရာကြီးအပေါ် သူမ၏ ယုံကြည်ကိုးစားမှုက ပိုမို အားကောင်းလာခဲ့သည်။
"အင်း... အဲ့ဒါ ကောင်းတယ်။ လတ်ဆတ်တဲ့ သွေးကို သုံးပြီး မျက်ခုံးနှစ်ခုကြား အမှတ်ကို ပိတ်ဆို့လိုက်တာက သရဲက မင်းခန္ဓာကိုယ်ထဲကို ပူးကပ် ဝင်ရောက်ခြင်းကနေ ကာကွယ်ပေးနိုင်တယ်။ မင်းအိမ်မှာ စာကြည့်ခန်း ရှိလား။"
"ရှိပါတယ်ရှင့်။"
"စာကြည့်ခန်းထဲမှာ ပညာရှင်တွေရဲ့ စစ်မှန်တဲ့ ပန်းချီကားတွေ ဒါမှမဟုတ် လက်ရေးစာမူတွေ ရှိလား။ စာအုပ်တွေကော ရှိလား။"
"ရှိပါတယ် ဆရာကြီးရှင့်။ စာကြည့်ခန်းထဲမှာ ကျန်းတာ့ချန်း ရဲ့ စစ်မှန်တဲ့ ရှုခင်းပန်းချီကားတစ်ချောင်း ရှိပါတယ်။ အစစ်အမှန်ပါရှင့်။ ပြီးတော့ စာအုပ်ပေါင်း ထောင်နဲ့ချီပြီးလည်း ရှိပါတယ်ရှင့်။"
"အဲ့ဒါ ကောင်းတာပေါ့။"
ယဲ့ချန် ရင်ထဲတွင် အနည်းငယ် ဝမ်းသာသွားမိသည်။
"အခု ချက်ချင်း စာကြည့်ခန်းထဲကို ပြေးတော့။"
ရှယန်နန်သည် ဒုတိယထပ်ရှိ စာကြည့်ခန်းဆီသို့ လျင်မြန်စွာ ပြေးတက်ခဲ့သည်။
ဒုန်း... ဒုန်း... ဒုန်း... ဒုန်း... ဒုန်း
လေးလံသော ခြေသံကြီးက ပုပ်ပွနေသော အရိုးပေါ်က လောက်ကောင်ကဲ့သို့ သူမနောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာပြီး အရိပ်ပမာ တွယ်ကပ်နေခဲ့သည်။ သူမ ပြေးနေစဉ်အတွင်း ယဲ့ချန်က လျင်မြန်စွာ ရှင်းပြလိုက်သည်။
"ပညာရှင်တွေ ချန်ထားခဲ့တဲ့ ပန်းချီကားတွေနဲ့ လက်ရေးစာမူတွေထဲမှာ ပညာရှိ စွမ်းအင် တွေ ပါဝင်နေလို့ သရဲတွေကို မောင်းထုတ်နိုင်တယ်။ ဒါ့အပြင် စာအုပ်တွေကလည်း ဘေးအန္တရာယ်ကို ကာကွယ်ပေးနိုင်တယ် ဘာလို့လဲဆိုတော့ အဲ့ဒီအထဲက စာလုံးတွေမှာ ဖြောင့်မတ်တဲ့ စွမ်းအင်တွေ ရှိနေလို့ပဲ။ ပုံမှန်အားဖြင့် စာကြည့်တိုက်တွေက အလွန် သန့်ရှင်းတဲ့ နေရာတွေဖြစ်လို့ သရဲတွေ ခြောက်လေ့မရှိဘူး။ မင်း စာကြည့်ခန်းထဲ ဝင်သွားတာနဲ့ အဲ့ဒီသရဲက လိုက်လာဖို့ ရဲမှာမဟုတ်တော့ဘူး။"
ရှယန်နန်သည် အံ့ဩစရာကောင်းသော အလားအလာများကို ထုတ်ဖော်ကာ လျှပ်စီးလက်သည့် အရှိန်အဝါဖြင့် စာကြည့်ခန်းထဲသို့ ပြေးဝင်ခဲ့တော့သည်။ စာကြည့်ခန်းအတွင်း၌ မီးများ လင်းထိန်နေပြီး အရပ်မျက်နှာ လေးဖက်စလုံးရှိ စာအုပ်စင်များပေါ်တွင် စာအုပ်များစွာ စီထပ်ထားလျက် ရှိသည်။ ရှယန်နန် လှည့်၍ တံခါးကို ပိတ်လိုက်သည်။
ဒုန်း... ဒုန်း... ဒုန်း...
ခြေသံကြီးက စာကြည့်ခန်း အပြင်ဘက်တွင် ရပ်တန့်သွားခဲ့ပြီး ထွက်ခွာမသွားဘဲ တွန့်ဆုတ်နေခဲ့သည်။ သို့သော် ၎င်းက စာကြည့်ခန်း တံခါးကို လာမခေါက်သလို အထဲကိုလည်း ဝင်မလာခဲ့ချေ။ ၎င်းက တကယ့်ကို သတိကြီးစွာ ထားနေသည်မှာ ထင်ရှားလှပေသည်။
"ဆရာကြီး သူ တကယ်ပဲ အထဲကို ဝင်မလာရဲတော့ဘူး ထင်တယ်။"
ရှယန်နန်၏ ရင်ထဲတွင် ဝမ်းသာစရာ အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ထိုသို့ ဖြစ်လာမှ ယဲ့ချန်လည်း ပိုမို တည်ငြိမ်သွားတော့သည်။
"မင်းဆီမှာ ပိုက်ဆံ ရှိလား။ ပြည်သူ့ငွေစက္ကူ လေ။"
ရှယန်နန်သည် အိမ်တွင် ငွေသားအမြောက်အမြား ထားရှိတတ်သူ ဖြစ်သည်။ ကာကွယ်ရေး သေတ္တာအပြင် အခြားသော အခန်းများတွင်လည်း အများကြီး ရှိသည်။ သူမ စာရေးခုံ၏ အံဆွဲကို ဆွဲဖွင့်လိုက်ရာ အထဲတွင် ရာတန်ငွေစက္ကူများဖြင့် ဖွဲ့စည်းထားသော ငွေသား သောင်းဂဏန်းခန့် ရှိနေသည်။
"ဆရာကြီး... ကျွန်မဆီမှာ ပိုက်ဆံတွေ ရှိပါတယ်။"
"အင်း... အခု အခြေအနေက အရေးကြီးဆုံး အဆင့်ကို ရောက်လာပြီ။ အဲ့ဒီပိုက်ဆံတွေကို ထုတ်ယူ တံခါးကိုဖွင့်ပြီး အပြင်က သရဲဆီကို ပစ်ပေါက်လိုက် ငွေစက္ကူရဲ့ အရှေ့မျက်နှာစာမှာ နှစ်ပေါင်း ထောင်ချီအတွင်း တွေ့ရခဲတဲ့ မဟာခေါင်းဆောင်ကြီးရဲ့ မျက်နှာပုံ ပါဝင်နေပြီး အနောက်ဘက်မှာတော့ နဂါးသွေးကြော ကံတရားတွေကို သယ်ဆောင်ထားတဲ့ ငါတို့ မိခင်နိုင်ငံရဲ့ ခန့်ညားထည်ဝါလှတဲ့ မြစ်ချောင်း တောင်တန်းတွေ ပါဝင်နေတယ်။ဒါ့အပြင် အဲ့ဒီအထဲမှာ လူဦးရေ သန်းပေါင်း ထောင်ချီရဲ့ ဆန္ဒတွေ ကိန်းအောင်းနေတာမို့ သာမန် အောက်တန်းစား သရဲနှင်အင်းပြားတွေထက်တောင် ပိုပြီး စွမ်းရည်ထက်မြက်သေးတယ်။ ပိုက်ဆံတွေကို သရဲဆီ ပစ်ပေါက်လိုက်စမ်း ပစ်လိုက်။"
ခေတ္တမျှ နားပြီးနောက် ယဲ့ချန်က ထပ်လောင်း ပြောကြားလိုက်သည်။
"မင်းဖြောင့်မတ်ခြင်း ကဗျာ ကို ရွတ်ဆိုတတ်လား။ ဒီကဗျာက ဖြောင့်မတ်တဲ့ စွမ်းအင်တွေနဲ့ ပြည့်နှက်နေပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်တွေ ပါဝင်နေတာ။ ဒါက တာအိုမန္တန် မဟုတ်ပေမဲ့ ဘေးအန္တရာယ်ကို ကာကွယ်ဖို့အတွက် ထူးခြားတဲ့ အစွမ်းသတ္တိ ရှိတယ်။ တကယ်လို့ သာမန် သရဲအသေးအဖွဲလေးနဲ့ ကြုံရရင် ဖြောင့်မတ်ခြင်း ကဗျာ ကို ရွတ်ဆိုရင်း ပိုက်ဆံတွေကို ပစ်ပေါက်လိုက်ရင် ၎င်းကို မောင်းထုတ်နိုင်လိမ့်မယ်။"
"'ဖြောင့်မတ်ခြင်း ကဗျာ ဟုတ်လား ဆရာကြီးရယ်... ကျွန်မ မရွတ်တတ်ပါဘူး။"
"အာ... ငါလည်း မရွတ်တတ်ဘူး။"
ယဲ့ချန် ခဏမျှ စဉ်းစားလိုက်သည်။
"ထားလိုက်တော့... မင်း အပြုသဘောဆောင်တဲ့ အားပေးစကားတွေ ဒါမှမဟုတ် ခံယူချက် ကဗျာတစ်ပုဒ်နှစ်ပုဒ်တော့ သိမှာပေါ့ မဟုတ်လား။ သရဲတွေက အပျက်သဘောဆောင်တဲ့ စွမ်းအင်တွေကို ကိုယ်စားပြုတာမို့ အပြုသဘောဆောင်တဲ့ စကားလုံးတွေနဲ့ ကျယ်ကျယ်လောင်လောင် အော်ဟစ် ဆဲဆိုရမယ်။"
"ဆရာကြီး... ကျွန်မ နားလည်ပါပြီ။ အပြုသဘောဆောင်တဲ့ စွမ်းအင်တွေ ဟုတ်လား ကျွန်မ လုပ်နိုင်ပါတယ်။"
"အဲ့ဒါ ကောင်းတယ်။ အခု... ပိုက်ဆံကို ကိုင် တံခါးကိုဖွင့်ပြီး အပြင်ကို ပြေးထွက်လိုက် ပြီးရင် ပိုက်ဆံတွေကို သရဲဆီ ပစ်ပေါက်ရင်း အပြုသဘောဆောင်တဲ့ စကားလုံးတွေကို အော်ဟစ်လိုက်စမ်း လုံးဝ မကြောက်နဲ့ ချက်ချင်း လုပ်လိုက်။"
"ကောင်းပါပြီ ဆရာကြီး.. ကျွန်မ သူနဲ့ အသေအလဲ တိုက်ခိုက်ပါ့မယ်။"
ယဲ့ချန်၏ စကားများက သူမအား စိတ်ဓာတ်ပိုင်းဆိုင်ရာ အားဆေးတစ်ခွက် တိုက်ကျွေးလိုက်သကဲ့သို့ပင် ဖြစ်သည်။ ရှယန်နန် တစ်ခုခုကို အပြတ်အသတ် လုပ်ရန် ဆုံးဖြတ်လိုက်သည်။ သရဲနှင့်အတူ အသေခံမည်ဟူသော စိတ်ဓာတ်ဖြင့် သူမသည် လက်နှစ်ဖက်လုံးကို အသုံးပြု၍ အံဆွဲထဲမှ ငွေသား သောင်းဂဏန်းခန့်ကို ကျုံးယူလိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ စာကြည့်ခန်း တံခါးကို ဖွင့်၍ အပြင်သို့ ဝုန်းခနဲ ပြေးထွက်ခဲ့တော့သည်။
သူမသည် စာကြည့်ခန်း အပြင်ဘက်ရှိ ခြေသံကို နားထောင်ကာ သရဲရှိမည့် တည်နေရာကို ပစ်မှတ်ထားလိုက်ပြီးနောက် သတ္တိအားလုံးကို စုစည်းကာ သူမ၏ လက်ထဲရှိ ပိုက်ဆံများကို နတ်သမီး ပန်းကြဲသကဲ့သို့ သရဲ၏ ခေါင်းပေါ်သို့ တိုက်ရိုက် ဝဲပျံကျသွားအောင် ပစ်ပေါက်လိုက်တော့သည်။ ထို့နောက်တွင်မူ သူမသည် ကျယ်လောင်ပြီး ပြတ်သားလှသော အသံကြီးဖြင့် အော်ဟစ်လိုက်သည်။
"ကြီးပွားချမ်းသာခြင်း! ဒီမိုကရေစီ! ယဉ်ကျေးသိမ်မွေ့ခြင်း! သဟဇာတဖြစ်ခြင်း! လွတ်လပ်ခွင့်! ညီမျှခြင်း! တရားမျှတခြင်း! ဥပဒေစိုးမိုးရေး! မျိုးချစ်စိတ်ဓာတ်! တာဝန်သိတတ်မှု! ရိုးသားဖြောင့်မတ်ခြင်း! ခင်မင်ရင်းနှီးမှု။"