အခန်း ၃၂
Vol. 4 Ch. 32
အခန်း ၃၂ - ပြောင်အောင် လျှာနဲ့ရက်စမ်း။
"ကျောင်းထုတ်မယ် ဟုတ်လား။ ဖြစ်နိုင်တာပဲ။"
ယဲ့ချန်က ဂရုမစိုက်ဟန်ဖြင့် ပြုံးလိုက်သည်။
"ထောင်ကျမယ့် ကိစ္စနဲ့ ပတ်သက်ပြီးတော့တော့ ငါ့ကို လာပြီး မခြောက်ပါနဲ့။ ငါ နေ့လယ်တိုင်း ယနေ့ဥပဒေမှတ်တမ်းအစီအစဉ်ကို ကြည့်နေကျ။ ဒီနှစ်တွေတစ်လျှောက်လုံး ငါ အလကား ကြည့်ခဲ့တာ မဟုတ်ဘူး။ ဒါက အလွန်ဆုံးရှိလှ ရန်ပွဲဖြစ်ရုံသက်သက်ပဲ ရာဇဝတ်မှုမြောက်တဲ့အထိ အဆင့်မဝင်ဘူး။"
တီ... အိမ်ရှင်အနေဖြင့် တာဝန် ဖြစ်သော 【နည်းပြချင်းကို အနိုင်ယူခြင်း】အား အောင်မြင်စွာ ပြီးမြောက်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။
လက်ဝှေ့ကျွမ်းကျင်မှုစာအုပ် (နိုင်ငံတော်ချန်ပီယံအဆင့်) ကို ရရှိပြီး သိုလှောင်ခန်းထဲသို့ အလိုအလျောက် သိမ်းဆည်းလိုက်ပါပြီ။
နပန်းကျွမ်းကျင်မှုစာအုပ် (နိုင်ငံတော်ချန်ပီယံအဆင့်)ကို ရရှိပြီးသိုလှောင်ခန်းထဲသို့ အလိုလျောက် သိမ်းဆည်းလိုက်ပါပြီ။
ပြုပြင်ရေးစွမ်းအင် ၀ ရရှိပါသည်။
စနစ်ပြုပြင်မှု ၁.၂% ပြီးမြောက်ပါပြီ။
ယဲ့ချန် စိတ်အာရုံတစ်ခုဖြင့် ထိုကျွမ်းကျင်မှုစာအုပ်နှစ်အုပ်ကို ချက်ချင်း လေ့လာလိုက်သည်။ယခုအခါ သူသည် ပိုမိုသန်မာလာခဲ့ပြီ ဖြစ်သည်။
'ဟာဟားဟား ဒါက ဂိမ်းဆော့သလိုပဲ မဟုတ်လား မွန်းစတားတွေကို သတ်ပြီး လယ်ဗယ်တက်ရတာ တကယ့်ကို ပျော်စရာကြီးပဲ အရမ်းကို လန်းလွန်းတယ်။ ကျောင်းထုတ်မယ် ဟုတ်လား။ သွားစမ်းပါ... ငါလည်း ဆက်မတက်ချင်တော့ဘူး။'
"သွားကြမယ်။"
နည်းပြချင်းသည် ဒီနေ့တွင် သူ အသာစီးမရနိုင်တော့သည်ကို ကောင်းကောင်းသိသွားခဲ့ပြီ ဖြစ်သည်။ ယဲ့ချန်၏ ခွန်အားမှာ သူ၏ စိတ်ကူးစိတ်သန်းထက် ကျော်လွန်နေခဲ့သည်။
ထားလိုက်တော့... အရင်ဆုံး ကျောင်းအုပ်ကြီးရုံးခန်းကို သွားပြီး ယဲ့ချန်ကို ကျောင်းကနေ အပြတ်ထုတ်ပစ်ခိုင်းရမယ်။
ကာယပညာမေဂျာမှ ကျောင်းသားလေးဦးမှာလည်း လန့်ဖျန့်နေသော ငှက်ငယ်များကဲ့သို့ နည်းပြချင်း၏ နောက်မှ ကပ်လျက် ကျောင်းကန်တင်းမှ ထွက်ခွာရန် ပြင်ဆင်လိုက်ကြသည်။
"နေဦး။"
ယဲ့ချန်က ရုတ်တရက် လှမ်းပြောလိုက်သည်။
"ဘာလဲ ယဲ့ချန်... မင်း ဘာလုပ်ချင်သေးလို့လဲ။"
"အော်... ငါသိပြီ.မင်းကို ကျောင်းအုပ်ကြီးဆီ သွားမတိုင်ဖို့ တောင်းပန်မလို့လား။ အိမ်မက်မက်မနေနဲ့ ဒီနေ့ မင်း ကျောင်းမထွက်ရရင် ငါ ချင်းရှို က မင်းမွေးတဲ့သား ဖြစ်ရမလားပဲ။"
"ဟားဟား... ငါက ဘာပဲဖြစ်ဖြစ် ကျောင်းထုတ်ခံရမှာဆိုတော့ ငါ့အတွက် ဘာမှမထူးခြားပါဘူး။"
ယဲ့ချန်က ပခုံးတွန့်ပြလိုက်ပြီးကြမ်းပြင်ပေါ်တွင် ဖိတ်စင်နေသော စွပ်ပြုတ်များနှင့် အစားအစာများကို ငုံ့ကြည့်လိုက်သည်။
"ငါ ခုနကတင် ဝယ်ထားတဲ့ အစားအသောက်တွေကို မစားရသေးခင်မှာ ဆရာတို့က ပက်လက်လန်အောင် ရိုက်ချပစ်လိုက်တယ်။ ဒါက တကယ့်ကို ယဉ်ကျေးမှုမရှိတဲ့ ရိုင်းစိုင်းတဲ့ အပြုအမူပဲ။ အင်း... အခုဆရာတို့ ဒီကိုလာပြီး ကြမ်းပြင်ပေါ်က အစားအစာတွေကို လျှာနဲ့ ပြောင်အောင် ရက်စားလိုက်ရင် ငါ လွှတ်ပေးမယ်။"
ထိုအခိုက်တွင် စိတ်အာရုံတစ်ခု ထွက်ပေါ်လာသည်။
တီ...တာဝန် စတင်ထုတ်လုပ်လိုက်ပါပြီ။
တာဝန်အကြောင်းအရာ — အိမ်ရှင်က နည်းပြချင်းနှင့် သူ၏ ကျောင်းသားများအား ကြမ်းပြင်ပေါ်ရှိ အစားအစာများကို လျှာနဲ့ ပြောင်စင်အောင် ရက်စားစေရမည်။
ဆုလာဘ် — စနစ်မှ တာဝန်၏ ခက်ခဲမှုကို ခွဲခြမ်းစိတ်ဖြာနေဆဲ ဖြစ်ပြီးဆုကြေးများကို နောက်မှ တွက်ချက်ပေးပါမည်။
သူ စကားပြောပြီးသည်နှင့် ကျောင်းကန်တင်းထဲရှိ ကျောင်းသားအားလုံး၏ ဦးနှောက်များ ဆားကစ်ပြတ်သွားသလို မှင်သက်သွားကြတော့သည်။
"ဟာဟားဟားဟား"
နည်းပြချင်းက မျက်ရည်များ ဝဲလာသည်အထိ ရူးသွပ်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"ယဲ့ချန်... မင်း ရူးနေပြီ မင်း တကယ်ပဲ ရူးသွားပြီ! ဟာဟားဟားဟား။"
"ဆရာက ငါ့ကို နောက်ပြောင်နေတယ်လို့ ထင်နေတာလား။ စိတ်မကောင်းပါဘူး ဒီတစ်ကြိမ်တော့ ငါ တကယ် ပြောနေတာ။"
ယဲ့ချန် ပြုံးလိုက်ပြီး နည်းပြချင်းထံသို့ တိုက်ရိုက် လျှောက်လှမ်းသွားခဲ့သည်။ ယဲ့ချန်လည်း အားလုံးကို စွန့်လွှတ်ပြီးသား ဖြစ်သည်။ ကစားမယ်ဆိုရင် အကြီးကြီး ကစားရမည်။ ဒီကောင်တွေက လူကို အလွန်အမင်း အနိုင်ကျင့်လွန်းလှသည်။ ဒီအတိုင်းတော့ အဆုံးသတ်လို့မရချေ။
ဘာပဲဖြစ်ဖြစ် ကျောင်းထုတ်ခံရမှာ သေချာနေပြီ ဖြစ်ရာ မထွက်ခွာမီ တာဝန်တစ်ခုကို ပြီးမြောက်အောင်လုပ်ပြီး သူ၏ နာကျင်နေသော နှလုံးသားကို နှစ်သိမ့်ရန် ဆုလာဘ်အချို့ ရယူလိုက်သည်က ပိုကောင်းပေလိမ့်မည်။ ယဲ့ချန် မိမိထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာသည်ကို ကြည့်ရင်း နည်းပြချင်း၏ မျက်ဝန်းများထဲတွင် ဒေါသတရားရူးသွပ်မှုများနှင့်အတူ ကြောက်ရွံ့မှု အရိပ်အယောင်အချို့ ဖြတ်သန်းသွားခဲ့သည်။
သူသည် မူလကပင် ယဲ့ချန်၏ ပြိုင်ဘက်မဟုတ်သည့်အပြင် ယခုမူ လက်ပါ ကျိုးသွားခဲ့သဖြင့် တိုက်ခိုက်ရေးစွမ်းရည်က အကြီးအကျယ် ကျဆင်းနေခဲ့ပြီ မဟုတ်ပါလား။
"ယဲ့ချန် မင်းလို တိရစ္ဆာန်ကောင် မင်း ဒီလိုလုပ်ရတဲ့ အကျိုးဆက်ကို သိရဲ့လား။"
နည်းပြချင်းက ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။
"မင်း အဲ့ဒီအကျိုးဆက်ကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။"
"ငါက ဘာကို မခံနိုင်ရမှာလဲ။ ဘာပဲဖြစ်ဖြစ် ငါ ကျောင်းထုတ်ခံရတော့မှာပဲကို ကြောက်စရာ ဘာရှိဦးမှာလဲ။"
ယဲ့ချန်က ပခုံးတွန့်ပြလိုက်သည်။
"မင်းတို့တွေ... မြန်မြန် သူ့ကို သွားတားကြစမ်းမြန်မြန်။"
နည်းပြချင်းက သူ၏ ကျောင်းသားလေးဦးကို အော်ဟစ်အမိန့်ပေးလိုက်သည်။သို့သော်လည်း ကျောင်းသားလေးဦးလုံးက ခေါင်းများကို ပြိုင်တူ ခါယမ်းလိုက်ကြသည်။
"နည်းပြ... ဆရာတောင် သူ့ကို မယှဉ်နိုင်တာ ကျွန်တော်တို့ သွားရင် အရိုက်ခံရဖို့ သွားသလိုပဲ ဖြစ်မှာပေါ့။ ဒါ့အပြင် ကျွန်တော်တို့ ခုနကတင် သူ့ရိုက်တာ ခံထားရလို့ အခုထိ နာနေတုန်းပဲ။"
ထိုအသားညိုညို လူကောင်ကြီးက အရှက်မရှိသော မျက်နှာပေးဖြင့် ငြင်းဆန်လိုက်သည်။
"တောက် ငါ မင်းတို့ကို အလကား လေ့ကျင့်ပေးခဲ့တာပဲ။ အရေးကြီးတဲ့ အချိန်ကျမှ အသုံးမကျတဲ့ကောင်တွေ တစ်ယောက်မှ အားကိုးလို့မရဘူး။"
နည်းပြချင်းက သူတို့၏ အသုံးမကျမှုကို ဒေါသတကြီး ဆဲဆိုလိုက်သည်။ ထိုအခိုက်တွင် ယဲ့ချန်သည် သူ၏ အရှေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
"မင်း ရက်မှာလား မရက်ဘူးလား။"
"လစ်စမ်းးး"
နည်းပြချင်းက ကျိန်ဆဲလိုက်သည်။
"ယဲ့ချန်... မင်းလို အဆုံးအမမရှိတဲ့ တိရစ္ဆာန်ကောင်ာမင်းကို ကျောင်းထုတ်ရုံတင်မကဘူးယ မင်းကို ငါ အသေသတ်ဦးမှာ! မင်းရဲ့ မိဘတွေပါ မင်းနဲ့အတူ ဒုက္ခရောက်စေရမယ်။"
အခြေအနေများက ဤအဆင့်သို့ ရောက်ရှိလာပြီ ဖြစ်ရာအသေအကြေ တိုက်ခိုက်ခြင်းမှတစ်ပါး ယဲ့ချန် မည်သည့်စကားမျှ ဆက်ပြောနေရန် အကြောင်းမရှိတော့ချေ။ ရုတ်တရက် ယဲ့ချန်သည် လျှပ်စီးကဲ့သို့ လှုပ်ရှားလိုက်ပြီးနည်းပြချင်း၏ မကျိုးသေးသော အခြားလက်မောင်းတစ်ဖက်ကို ဆွဲကိုင်ကာ အောက်သို့ ဆွဲချလိုက်တော့သည်။
နည်းပြချင်း၏ ၂ မီတာ မြင့်မားသော ခန္ဓာကိုယ်ကြီးမှာ မတတ်သာဘဲ အောက်သို့ ကိုင်းညွှတ်သွားခဲ့ရပြီး ယဲ့ချန်က သူ၏ ဆံပင်ကို ဆွဲဖမ်းလိုက်သည်။ ယဲ့ချန်သည် နည်းပြချင်း၏ ဆံပင်ကို ကိုင်မြှောက်ကာ သူ၏ ဦးခေါင်းကို ဘေးနားရှိ ထမင်းစားစားပွဲနှင့် တိုက်ရိုက် ဆောင့်ပစ်လိုက်တော့သည်။
ဒုန်းးးး
၎င်းက သစ်သားထမင်းစားစားပွဲ ဖြစ်သော်လည်း ဦးခေါင်းထက်တော့ ပိုမိုမာကျောနေဆဲ ဖြစ်သည်။ ဤဆောင့်ချက်ကြောင့် နည်းပြချင်းသည် သူ၏ ဦးနှောက်တစ်ခုလုံး ထွက်ကျတော့မည့်အလား ခံစားလိုက်ရသည်။
"ရက်မှာလား မရက်ဘူးလား။"
"တိရစ္ဆာန်ကောင် မင်းအမေကို..."
ဒုန်းးးး
နောက်ထပ် တစ်ကြိမ်။
"ရက်မှာလားညမရက်ဘူးလား။"
"တိ... တိရစ္ဆာန်ကောင်... မင်း ကောင်းကောင်း သေရမှာ မဟုတ်ဘူး မင်း ကောင်းကောင်း သေရမှာ မဟုတ်ဘူး။"
ဒုန်းးး
တတိယကြိမ်။
"ရက်မှာလား မရက်ဘူးလား။"
ယဲ့ချန်သည် တကယ့်ကို ရူးသွပ်လွန်းပြီး ကြမ်းကြုတ်လွန်းလှပေသည်။ သွေးထွက်သံယို ဖြစ်နေသော နည်းပြချင်းကို ကြည့်ရင်းပတ်ဝန်းကျင်ရှိ ကျောင်းသားများမှာ တိတ်ဆိတ်ငြိမ်သက်နေကြပြီး၊ ကျောချမ်းစရာ ခံစားချက်မျိုးကို ရရှိနေကြသည်။ သို့သော်လည်းဤကဲ့သို့ လုပ်ဆောင်လိုက်ခြင်းအားဖြင့်ယဲ့ချန်သည် မိမိကိုယ်ကိုယ် လမ်းပိတ်သွားအောင် လုပ်လိုက်ခြင်း ဖြစ်သည်။
အကယ်၍ ခုနကတင် နည်းပြချင်းနှင့် လက်သီးချင်း ချရုံသက်သက်ဆိုလျှင် နှစ်ဦးနှစ်ဖက်စလုံးတွင် တာဝန်ရှိပြီးကံကောင်းလျှင် ကျောင်းထုတ်မခံရရန် မျှော်လင့်ချက် ရှိနိုင်သေးသည်။
သို့သော် ယခုမူ။
ယန်မြို့ နည်းပညာတက္ကသိုလ်တင်မကဘဲတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြည့်လျှင်ပင် ဤကဲ့သို့သော ဖြစ်ရပ်မျိုး မည်သည့်ကျောင်းတွင်မျှ ဖြစ်ပွားဖူးလိမ့်မည် မဟုတ်ချေ။
ယဲ့ချန်သည် ဒီနေ့တွင် နည်းပညာတက္ကသိုလ်မှ အထုပ်အပိုးပြင်ပြီး လစ်ထွက်သွားရမှာ သေချာသည်။
သူ ဥပဒေအရပါ အရေးယူခံရနိုင်သည်။
ကျောင်းသားအချို့က တိုးတိုးတိတ်တိတ် ရေရွတ်ကြသည်မှာ
"ဒီယဲ့ချန်က စိတ်လိုက်မာန်ပါ လုပ်လွန်းတယ် အခုတော့ လှည့်ပတ်လို့မရတော့တဲ့ လမ်းကို ရောက်သွားပြီ။"
"မင်းတို့ ဘာမှမသိဘဲ လျှောက်မပြောနဲ့။ ဒီနေ့ ယဲ့ချန် အစွန်းမရောက်ခဲ့ရင်တောင် နည်းပြချင်းရဲ့ စရိုက်အတိုင်းဆိုရင် ယဲ့ချန်ကို ဖျက်ဆီးပစ်မှာ သေချာတယ်။ ဘာပဲဖြစ်ဖြစ် သေရမှာ အတူတူတော့ သူ လုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်သွားတာက ပိုကောင်းတာပေါ့။ အနည်းဆုံးတော့ သူ့ရင်ထဲက ဒေါသတွေကို ဖွင့်ထုတ်လိုက်နိုင်တာပေါ့။ ငါကတော့ ယဲ့ချန်ရဲ့ အပြုအမူကို တကယ်ပဲ အထင်ကြီးမိတယ် တကယ့် ယောက်ျားစစ်စစ်ပဲ။"
ယဲ့ချန်သည် နည်းပြချင်း၏ ဆံပင်ကို ဆွဲကိုင်ကာ သူ၏ ဦးခေါင်းကို မော့စေလိုက်သည်။
"ငါ နောက်ဆုံးတစ်ကြိမ် ထပ်မေးမယ် ရက်မှာလား၊ မရက်ဘူးလား။"
နည်းပြချင်းသည် ယဲ့ချန်၏ ကိုယ်ပေါ်မှ အလွန်အန္တရာယ်ရှိသော အရှိန်အဝါတစ်ခု ဖြာထွက်နေသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။ ယဲ့ချန်၏ မျက်ဝန်းများကို စိုက်ကြည့်လိုက်ရခြင်းက သူ့အား ဓားဖြင့် အမွှန်းခံနေရသလို ခံစားချက်မျိုး ပေးစွမ်းနေခဲ့သည်။
သူ၏ နှလုံးသား တုန်လှုပ်သွားခဲ့ရပြီ။
သူ ကြောက်သွားခဲ့ပြီ ဖြစ်သည်။
စကားပုံအတိုင်းပင် လူမိုက်ထက် လူမိုက်တစ်ယောက် အမြဲတမ်း ရှိနေတတ်ပြီး လူဆိုးများသည် ပိုမိုရက်စက်သော လူဆိုးများ၏ နှိမ်နင်းခြင်းကို ခံရမြဲ ဖြစ်သည်။
"ငါ... ငါ... ငါ ရက်ပါ့မယ်... ငါ့ကို ထပ်မရိုက်ပါနဲ့တော့... ငါ ရက်ပါ့မယ်..."
နည်းပြချင်း၏ မောက်မာလှသော အရှိန်အဝါများမှာ သဲထဲရေသွန် ဖြစ်သွားခဲ့ရပြီး၊ သူ လုံးဝ ကြောက်ဒူးတုန်သွားခဲ့ရပြီ ဖြစ်သည်။
"အစတည်းက ဒီလိုလုပ်ရင် ပြီးနေတာပဲကို။ အလကားနေရင်း ခန္ဓာကိုယ် နာကျင်အောင် လုပ်တယ် ဆရာက တကယ့်လူထူးဆန်းပဲ။"
ယဲ့ချန်က ခေါင်းခါယမ်းလိုက်ပြီး နည်းပြချင်း၏ ဆံပင်ကို ဆွဲလျက် ဖိတ်စင်နေသော စွပ်ပြုတ်များနှင့် အစားအစာများ ရှိရာသို့ ဆွဲခေါ်သွားခဲ့သည်။
"ရက်စမ်း။"
ယဲ့ချန် လက်ကို လွှတ်လိုက်သည်။
နည်းပြချင်းသည် မြေပြင်ပေါ်တွင် နာခံစွာ ဝပ်စင်းလျက် အလွန်အမင်း ရှက်ရွံ့ဒေါသထွက်မှုများဖြင့် ကြမ်းပြင်ပေါ်ရှိ အစားအစာများကို လျှာဖြင့် ရက်စားနေခဲ့ရတော့သည်။ ကြီးမားလှသော အရှက်ကွဲမှုကြီးက သူ့ထံသို့ မုန်တိုင်းတစ်ခုကဲ့သို့ ရိုက်ခတ်နေခဲ့သည်။ သူ၏ နှလုံးသားထဲတွင်မူ အဆုံးမရှိသော မုန်းတီးမှုများ ပြည့်နှက်နေခဲ့သည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် နောင်တရစိတ် အရိပ်အယောင်လေးတစ်ခုလည်း ရှိနေခဲ့သည်။
"မင်းတို့ကော ဘယ်လိုလဲ။"
ယဲ့ချန်က ကာယပညာမေဂျာမှ ကျောင်းသားလေးဦးကို တည်ငြိမ်စွာ လှည့်ကြည့်လိုက်သည်။
နည်းပြချင်းကဲ့သို့ ရက်စက်လှသော လူတစ်ယောက်ပင် အရှုံးပေးသွားခဲ့ရပြီ ဖြစ်ရာ ကျန်ရှိနေသော ကာယပညာမေဂျာမှ ကျောင်းသားလေးဦးမှာမူ မည်ကဲ့သို့ ရုန်းကန်နိုင်ဦးမည်နည်း။
"ယဲ့ချန်... ဒီနေ့ကိစ္စက ကျွန်တော်တို့ အပြစ်ပါ။ ကျွန်တော်တို့ နည်းပြချင်းရဲ့ စကားကိုနားထောင်ပြီး ဝူချန်အတွက် လာပြီး ကလဲ့စားမချေသင့်ပါဘူး။ အမှန်အတိုင်း ပြောရရင်ဝူချန် ကိုယ်တိုင်ကလည်း ကျွန်တော်တို့ကို တားခဲ့ပြီး မင်းကို လာပြီး ပြဿနာမရှာဖို့ ပြောခဲ့တာပါ။ နည်းပြချင်းကသာ အတင်းအကြပ် လုပ်ခိုင်းလို့ပါ... ဒီလိုလုပ်ရင် ဘယ်လိုလဲ ငါ မင်းကို ပိုက်ဆံပေးမယ်လေ ဟုတ်ပြီလား။ ငါ မင်းကို ယွမ် တစ်သောင်း ပေးမယ် မဟုတ်ဘူး... ယွမ် တစ်သိန်း ပေးမယ်။ ငါ့ကို လွှတ်ပေးပါနော်။"
ထိုအသားညိုညို လူကောင်ကြီးက သနားစရာကောင်းလောက်အောင် အသနားခံလာခဲ့သည်။
"ငါက အမှန်တရားကိုပဲ မြတ်နိုးတာ ပိုက်ဆံကို မမက်ဘူး။ ရက်မှာလား မရက်ဘူးလား။
စကားတစ်ခွန်းပဲ လေမရှည်နဲ့။"
ယဲ့ချန် စိတ်မရှည်တော့ချေ။ ယဲ့ချန်၏ အကြည့်က သူတို့၏ နှလုံးသားများကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။
"ကျွန်တော်တို့ ရက်ပါ့မယ် ကျွန်တော်တို့ ရက်ပါ့မယ် ကျွန်တော်တို့ကို မရိုက်ပါနဲ့တော့..."
ချက်ချင်းပင် ကာယပညာမေဂျာမှ ကျောင်းသားလေးဦးမှာ ပြေးဝင်လာကြပြီး နည်းပြချင်း၏ ဘေးတွင် ဝပ်စင်းလျက် ခွေးများကဲ့သို့ ကြမ်းပြင်ပေါ်ရှိ အစားအစာများကို လျှာဖြင့် ရက်စားကြရတော့သည်။