← Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅ - မမကြီးရဲ့ စကတ်မှာ ပေကျံသွားပြီ။

ကွက်တိ ထိုအခိုက်အတန့်တွင်၊ ဒီရေလှိုင်းကဲ့သို့ ပြင်းထန်လှသော နာကျင်မှုလှိုင်းလုံးတစ်ခုက ရှယန်နန်၏ ခန္ဓာကိုယ်ထဲသို့ ထပ်မံရိုက်ခတ်လာပြန်သည်။ သူမ၏ ဝမ်းဗိုက်ထဲတွင် သေးငယ်သော ဓားမြှောင်ပေါင်းများစွာဖြင့် မွှေနှောက်၊ လှီးဖြတ်၊ ထိုးဆွနေသကဲ့သို့ ခံစားလိုက်ရသည်။

သူမ ဆက်ပြီး မအောင့်နိုင်တော့ချေ! ဒီလိုနာကျင်မှုက သူမကို သေစေနိုင်သည် မဟုတ်ပါလား။

"ဆ... ဆရာကြီး... ဒီနားတင်ပဲ၊ ဝမ်းဗိုက်အောက်ပိုင်းက... နာတယ်... အရမ်းနာတယ်..."

ရှယန်နန်၏ မျက်နှာလေးမှာ ကြောက်စရာကောင်းလောက်အောင် ဖြူဖျော့နေရှာသည်။

"ဒီလက... ဘာလို့လဲမသိဘူး ပုံမှန်ထက် ပိုပြီး နာနေသလိုပဲ..."

မခံမရပ်နိုင်အောင် ပြင်းထန်လှသော နာကျင်မှုနှင့် ရင်ဆိုင်လိုက်ရချိန်တွင် ရှယန်နန်တစ်ယောက် အမျိုးသားနှင့် အမျိုးသမီးကြား ရှိသင့်ရှိထိုက်သော စည်းကမ်းများကို ဂရုမစိုက်နိုင်တော့ချေ။ ယဲ့ချန်၏ မျက်လုံးများက ဘယ်ညာအနည်းငယ် ဝဲကစားသွားပြီးနောက်ရှယန်နန်၏ ဘေးတွင် ထိုင်ချလိုက်ကာ သူ၏ ညာလက်ဝါးထဲသို့ အနာပြေစေသော အဆောင်လက်ဖွဲ့တစ်ခုကို ထည့်သွင်းလိုက်သည်။

ထို့နောက် ပါးလွှာသော အဝတ်အစားအလွှာကို ဖြတ်ကျော်လျက်သူ၏ လက်ဝါးကို ရှယန်နန်၏ ပြားချပ်ချပ်နှင့် သွယ်လျသော ဝမ်းဗိုက်ပေါ်သို့ ညင်သာစွာ ဖိကပ်လိုက်တော့သည်။

ထိုမြင်ကွင်းက အနည်းငယ် စိတ်လှုပ်ရှားဖွယ် ကောင်းနေခဲ့သည်။ သို့သော်လည်း ယဲ့ချန်၏ စိတ်ထဲတွင်မူ အတွေးတစ်ခုသာ ရှိသည်။

လူ့အသက်ကို ကယ်တင်ဖို့က ပထမဦးစားပေးပဲအသေးအဖွဲ ကိစ္စတွေကို တွေးတောပြီး အချိန်ဖြုန်းမနေသင့်ဘူး။

ကျောင်းအုပ်ကြီး ရုံးခန်းအပြင်ဘက်။

ကျောင်းအုပ်ကြီးလုနှင့် နည်းပြချင်းတို့မှာ စင်္ကြံလမ်းတွင် မတ်တတ်ရပ်လျက် ဆေးလိပ်သောက်နေကြသည်။

နည်းပြချင်း၏ ဒဏ်ရာရထားသော လက်၊ ခေါင်းနှင့် မျက်နှာတို့ကို ကျောင်းကျန်းမာရေးဆရာမက ရိုးရှင်းသော ကုသမှုများ ပြုလုပ်ပေးထားပြီး ဖြစ်သည်။ သူ၏ သန်မာသော ကိုယ်ခန္ဓာဖွဲ့စည်းပုံအရ ၎င်းက ကြီးမားသော ပြဿနာမဟုတ်တော့သော်လည်းသူ၏ ပုံစံမှာမူ တကယ့်ကို ရုပ်ဆိုးဆိုး ဖြစ်နေဆဲပင်။

".. ဥက္ကဋ္ဌရှနဲ့ အဲ့ဒီကောင်စုတ်လေးကြားမှာ ဘာပတ်သက်မှု ရှိနေတာလဲ။"

နည်းပြချင်း၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ကျောင်းအုပ်ကြီးလုက စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်ပြီး ဆေးလိပ်ငွေ့ဝိုင်းလေးတစ်ခုကို မှုတ်ထုတ်လိုက်သည်။

"ယုတ္တိဗေဒအရ ပြောရရင်တော့ အဲ့ဒီနှစ်ယောက်ကြားမှာ ဘယ်လိုမှ ပတ်သက်စရာ အကြောင်းမရှိဘူး။ ဥက္ကဋ္ဌရှရဲ့ အဆင့်အတန်းက ဘာလဲ။ သူမက ရှအုပ်စု ရဲ့ သမီးကြီးဖြစ်ပြီး အုပ်စုရဲ့ စီးပွားရေးလုပ်ငန်း တော်တော်များများကို ကိုင်တွယ်နေတာ။ ယဲ့ချန်က ဘာလဲ။ သူက ဥက္ကဋ္ဌရှနဲ့ ပတ်သက်နိုင်ပါ့မလား။ သူတို့က ကမ္ဘာနှစ်ခုက လူတွေပဲ။"

ခဏမျှ ရပ်နားပြီးနောက် ကျောင်းအုပ်ကြီးလုက သူ့ကို နှစ်သိမ့်လိုက်သည်။

"ဆရာချင်း... မင်း ဒီကိစ္စကို စိတ်အေးအေးထားပါ။ ဒီနေ့ ငါ ယဲ့ချန်ကို ကျောင်းကနေ သေချာပေါက် ထုတ်ပစ်မှာ။ ယဲ့ချန်နဲ့ ဥက္ကဋ္ဌရှကြားမှာ အနည်းငယ်မျှ ပတ်သက်မှု ရှိနေရင်တောင် သူမက သူ့ကို ကာကွယ်ပေးမှာ မဟုတ်ဘူး။ ယဲ့ချန်က ဆရာ့ကို တိုက်ခိုက်ပြီး အရှက်ခွဲခဲ့တာလေဘယ်ကျောင်းမှာမဆို ချက်ချင်း ကျောင်းထုတ်ခံရမယ့် ကိစ္စပဲ။ ဥက္ကဋ္ဌရှက အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ခွဲခြားတတ်တာကြောင့် နာမည်ကြီးတယ်။ ယန်မြို့ရဲ့ စီးပွားရေးလောကမှာတော့ သူမကို သံမဏိအမျိုးသမီးလို့ လူသိများပြီးလုပ်ဆောင်ချက် ပြတ်သားလွန်းလှတယ်။ အဲ့ဒီလို မဟုတ်ရင် သူမ ရှအုပ်စုမှာ ဒီလို မြင့်မားတဲ့ ရာထူးနေရာကို ရောက်လာပါ့မလား။"

"ဒါလည်း ဟုတ်တာပဲ။"

နည်းပြချင်း နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားခဲ့သည်။

"ရှမိသားစုရဲ့ စီးပွားရေးက ပညာရေး၊ ဆေးဝါး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေ၊ ဘဏ္ဍာရေး... စတဲ့ နယ်ပယ်ပေါင်းစုံကို ဖြန့်ကျက်ထားပြီး၊ ဈေးကွက်တန်ဖိုး ယွမ် ဘီလီယံ ဆယ်ဂဏန်းမက ရှိကာ ရေရှည်တည်တံ့ အောင်မြင်နေရတဲ့ အကြောင်းရင်းက စနစ်တကျ စီမံခန့်ခွဲပြီး ဆွေမျိုးကောင်းစားရေး ဝါဒ မရှိလို့ပဲ။ ဥက္ကဋ္ဌရှရဲ့ စရိုက်နဲ့ အရည်အချင်းကတော့ သံသယဖြစ်စရာ မလိုပါဘူး။ သူမက ယဲ့ချန်လို ကောင်လေးတစ်ယောက်အတွက်နဲ့ မျက်နှာလိုက်ပြီး မိမိရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်မှာ မဟုတ်ဘူး။ အဲ့ဒီကောင်စုတ်လေးကတော့ ဒီတစ်ခါ သေချာပေါက် သေပြီပဲ။"

ကျောင်းအုပ်ကြီးလုက အချိန်ကို စစ်ဆေးလိုက်သည်။

"ကဲ... ၁၀ မိနစ် ပြည့်ပြီ။ ဥက္ကဋ္ဌရှက အချိန်ကို အရမ်းတိကျတဲ့သူပဲ၊ ငါ အခု ဝင်သွားတော့မယ်။"

ထိုသို့ပြောပြီးနောက် ကျောင်းအုပ်ကြီးလု ရုံးခန်းထဲသို့ ပြန်လည် ဝင်ရောက်သွားခဲ့သည်။

ကျောင်းအုပ်ကြီး ရုံးခန်းအတွင်း။ ထိုအချိန်တွင် ယဲ့ချန်သည် အနာပြေစေသော အဆောင်လက်ဖွဲ့ကို ရှယန်နန်၏ ဝမ်းဗိုက်အောက်ပိုင်းပေါ်သို့ တင်းကြပ်စွာ ဖိကပ်ထားဆဲ ဖြစ်သည်။

မမြင်နိုင်သော စွမ်းအင်ခြေရာများမှာ ပါးလွှာသော အဝတ်အစားများမှတစ်ဆင့် ရှယန်နန်၏ ဝမ်းဗိုက်ထဲသို့ စိမ့်ဝင်ပျံ့နှံ့သွားခဲ့သည်။

နာကျင်မှုများ ပျောက်ကွယ်သွားခဲ့ပြီ။

ရှယန်နန်၏ အာရုံကြောများကို နှိပ်စက်နေခဲ့သော ထိုမခံမရပ်နိုင်အောင် စူးရှလှသော နာကျင်မှုများမှာ အံ့ဩဖွယ်ကောင်းလောက်အောင် သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့တော့သည်။

နာကျင်မှုများ ပျောက်ကွယ်သွားရုံသာမက သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ရေပူစမ်းတစ်ခုထဲတွင် စိမ်ထားရသကဲ့သို့ နွေးထွေးမှုကို ခံစားလိုက်ရသည်။

တကယ့်ကို သက်တောင့်သက်သာ ရှိလွန်းလှသည်။

သူမ၏ စက္ကူကဲ့သို့ ဖြူဖျော့နေသော မျက်နှာလေးမှာ ပုံမှန်အတိုင်း ပြန်လည် ဖြစ်လာခဲ့ပြီး ယခုအခါတွင်မူ ဝိုင်သောက်ထားသည့်အလား စွဲမက်ဖွယ်ကောင်းသော ရှက်သွေးများ ဖြာထွက်နေခဲ့သည်။

"ဝါး ဆရာကြီး... ဆရာကြီးက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ နာလည်းမနာတော့တဲ့အပြင်တကယ့်ကို နေလို့ကောင်းသွားပြီ တကယ့်ကို သက်တောင့်သက်သာ ရှိလိုက်တာ SPAသွားရတာထက်တောင် ပိုပြီး သက်တောင့်သက်သာ ရှိသေးတယ်..."

ရှယန်နန်၏ မျက်ဝန်းများတွင် ကိုးကွယ်အားကျမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ရှက်ရွံ့ခြင်းနှင့် အရှက်ရခြင်းတို့မှာ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် လွှမ်းမိုးနေသော သက်တောင့်သက်သာ ရှိမှုများအောက်တွင် ကြာမြင့်စွာကတည်းက နစ်မြုပ်ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

အကိုက်အခဲပျောက်ဆေးများစွာဖြင့် မဖြေရှင်းနိုင်ခဲ့သော ဝေဒနာကို ဆရာကြီးက အဆောင်လက်ဖွဲ့တစ်ခုတည်းဖြင့် ဖြေရှင်းပေးလိုက်နိုင်သည် မဟုတ်ပါလား။

ယခုအခါတွင် မည်သူမဆို ဆရာကြီး၏ ထူးခြားဆန်းပြားသော စွမ်းအားများကို သံသယဝင်ရဲလျှင် ရှယန်နန်က သူတို့ကို ပြင်းထန်စွာ သင်ခန်းစာပေးလိမ့်မည်မှာ သေချာပေသည်။

ထိုခဏတွင်။

ကျောင်းအုပ်ကြီးလုက ရုံးခန်းတံခါးကို ရိုသေစွာ တွန်းဖွင့်လိုက်သည်။ သူက တံခါးဝတွင် မတ်တတ်ရပ်လျက်ခြေတစ်ဖက်ကို အတွင်းသို့ လှမ်းဝင်ရန် ပြင်ဆင်လိုက်သော်လည်း နောက်ဆုံးတွင် မဝင်ဖြစ်ခဲ့ချေ။

သူ၏ ခြေထောက်မှာ လေထဲတွင် တွဲလောင်းဖြစ်နေခဲ့ပြီး သူ၏ မျက်လုံးများမှာ ရှယန်နန်နှင့် ယဲ့ချန်တို့ကို ကြည့်ရင်း နွားမျက်လုံးများထက်ပင် ပိုမို ပြူးထွက်သွားခဲ့သည်။ သူ၏ ဦးနှောက်မှာ လုံးဝ Crashသွားခဲ့ရပြီ ဖြစ်သည်။

"ကျောင်းအုပ်ကြီးလု ရှင် အရင်ဆုံး တံခါးခေါက်ရမယ်ဆိုတာ မသိဘူးလား။"

ရှယန်နန်တစ်ယောက် ရှက်လည်းရှက်၊ ဒေါသလည်း ထွက်သွားခဲ့ရသည်။

"ထွက်သွား! အခု ချက်ချင်း ထွက်သွားစမ်း နောက် ၁၀ မိနစ်နေမှ ပြန်ဝင်ခဲ့။"

"ကျွန်တော် ဘာမှမမြင်ဘူး... ကျွန်တော် ဘာမှမမြင်လိုက်ပါဘူး... ကျွန်တော့်မှာ အတွင်းတိမ်ရှိတယ် ရေတိမ်ရှိတယ် ကျွန်တော် ဘာမှမမြင်ရဘူး..."

ကျောင်းအုပ်ကြီးလုက သူ၏ မျက်လုံးများကို လက်ဖြင့် အမြန်ဖုံးကွယ်လိုက်ပြီးနောက်သို့ ဆုတ်ကာ ကျန်လက်တစ်ဖက်ဖြင့် တံခါးကို အမြန် ပြန်ပိတ်လိုက်တော့သည်။

'တောက်... ငါ့ရဲ့ ၂၄ကေ တိုက်တေနီယမ် ခွေးမျက်လုံးတွေတော့ ကန်းတော့မှာပဲ... သွားပြီ ပြဿနာတက်ပြီ။'

ကျောင်းအုပ်ကြီးလု ရင်တုန်ပန်းတုန် ဖြစ်နေဆဲပင်။

'ခုနက ငါ ကြားလိုက်တာ ဥက္ကဋ္ဌရှက နေလို့ကောင်းတယ်လို့ ပြောနေသလိုပဲ... သူမရဲ့ မျက်နှာအမူအရာကလည်း တကယ့်ကို အလွန်အမင်း ကြည်နူးပီတိ ဖြစ်နေတဲ့ ပုံစံပဲ။ တောက်... ငါက သုံးနှစ်အရွယ် ကလေးမှ မဟုတ်တာ ဒီထဲက ထူးခြားချက်တွေကို ဘယ်လိုလုပ် မသိဘဲ နေပါ့မလဲ။ ဘုရားရေ... ယဲ့ချန် မင်းက ဒီလိုမျိုး ဇာတ်ကောင်တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါ လုံးဝ မျှော်လင့်မထားခဲ့ဘူး။'

ကျောင်းအုပ်ကြီးလု ရုံးခန်းထဲမှ ဆုတ်ခွာလာခဲ့ပြီး၊ သူ၏ မျက်နှာအမူအရာက အလင်းနှင့် အမှောင်ကြားတွင် ကူးလူးနေခဲ့သည်။ သူက လှမ်းလှမ်းတွင် ရှိနေသော နည်းပြချင်းအား ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဆရာချင်း... မင်းနဲ့ ယဲ့ချန်ကြားက ကိစ္စကတော့... မင်း ငါ့ကို ကျင်းထဲ ဆွဲမချဖို့ပဲ မျှော်လင့်ပါတယ်။ ငါက အိမ်ချေးငွေတွေ ကားချေးငွေတွေ ပေးဆပ်ဖို့ ကျန်သေးတာဒီအလုပ်ကို အထိခိုက်မခံနိုင်ဘူး..."

သံသယများနှင့် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသော နှလုံးသားဖြင့် ကျောင်းအုပ်ကြီးလုက နည်းပြချင်းထံသို့ လျှောက်လှမ်းသွားခဲ့သည်။

"မြန်လှချည်လား။"

နည်းပြချင်းက အံ့ဩတကြီး လှမ်းမေးလိုက်သည်။

"ဥက္ကဋ္ဌရှက မင်းနဲ့ အလုပ်ကိစ္စတွေ ဆွေးနွေးချင်တယ်ဆိုတာ မဟုတ်ဘူးလား။"

"မဟုတ်ဘူး ဆရာချင်း... မင်း ငါ့စကားကို အရင်နားထောင်ဦး။"

ကျောင်းအုပ်ကြီးလုကဆေးလိပ်တစ်ထုပ်ကို ထုတ်ယူကာ နည်းပြချင်းအား တစ်လိပ် ကမ်းပေးလိုက်သည်။

"မင်းနဲ့ ယဲ့ချန်ကြားမှာ တစ်ခုခု နားလည်မှုလွဲနေတာ ရှိလို့လား။ ငါ ထင်တာတော့ ယဲ့ချန်က ကျောင်းမှာ ပုံမှန်အားဖြင့် အမူအကျင့် တော်တော်ကောင်းတဲ့ ကလေးတစ်ယောက်ပါ။ ဒါ့အပြင် ယဲ့ချန်က ဝူချန်နဲ့ ရန်ဖြစ်တာက ကိုယ်ရေးကိုယ်တာ ကိစ္စလေဝူချန်ကိုယ်တိုင်ကတောင် ဘာမှမပြောတာကို မင်းက ဘာလို့ ကြားထဲက ဝင်ပါနေရတာလဲ။"

ထိုစကားကို ကြားလိုက်ရသဖြင့်၊နည်းပြချင်း ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရသည်။

"မဖြစ်နိုင်တာ မင်း ဘာကို ဆိုလိုတာလဲ။ ငါ နားမလည်ဘူး နားလည်မှုလွဲတာ ဟုတ်လား။ အဲ့ဒီကောင်စုတ်လေး ငါ့ကို ဘယ်လို ရိုက်နှက်ထားလဲဆိုတာ ကြည့်ပါဦး။"

နည်းပြချင်းက သူ၏ ခေါင်းပေါ်ရှိ အဖုအကျိတ်ကြီးများကို ညွှန်ပြလျက် သူ၏ အဆစ်ပြုတ်နေသော လက်မောင်းကို လှုပ်ခါပြလိုက်သည်။

"ဒါ့အပြင် ယဲ့ချန်လို ကျောင်းသားမျိုးက သာမန်ကာလျှံကာပဲ မဟုတ်လား ကျောင်းထဲမှာ ဒီလိုကောင်တွေ အပုံအပင် ရှိတယ်။ တော်တယ် ဟုတ်လား။ သူက ဘယ်နားက တော်လို့လဲ။"

"ကဲပါ ဆရာချင်း... မင်း အရင် စိတ်အေးအေးထားပါ။ ဒီလိုလုပ်ဥက္ကဋ္ဌရှက ငါ့ကို နောက် ၁၀ မိနစ်နေရင် ပြန်ဝင်ခဲ့ဖို့ ပြောထားတယ်... အဲ့ဒီကျမှ ငါ အခြေအနေကို ထပ်ပြီး စောင့်ကြည့်လိုက်မယ်။"

ကျောင်းအုပ်ကြီးလုက ခေါင်းငုံ့ကာ ဆေးလိပ်သောက်နေရင်း ဘဝအကြောင်း တွေးတောနေသည့် မျက်နှာပေးမျိုး လုပ်ထားသဖြင့် သူ အမှန်တကယ် ဘာတွေးနေသည်ကို မည်သူမျှ ခန့်မှန်းရခက်စေခဲ့သည်။

ကျောင်းအုပ်ကြီး ရုံးခန်း။

"ဆရာကြီး... ကျွန်မ အဆင်ပြေသွားပါပြီ! လုံးဝ မနာတော့ပါဘူး။"

ရှယန်နန်၏ မျက်နှာလေးမှာ ကျန်းမာရွှင်လန်းမှုများဖြင့် တောက်ပနေခဲ့သည်။

"ဆရာကြီးရဲ့ အဆောင်လက်ဖွဲ့တွေက တကယ်ကို အံ့ဩစရာကောင်းတဲ့ အရာတွေပဲ။"

ယဲ့ချန်သည် ရှယန်နန်၏ ဝမ်းဗိုက်ပေါ်မှ သူ၏ လက်ကို မတတ်သာဘဲ ဖယ်ခွာလိုက်ရသည်။

'ကြည့်ရတာ အနာပြေစေသော အဆောင်လက်ဖွဲ့က တော်တော်လေး ထိရောက်မှုရှိတာပဲ။'

သူ၏ ရင်ထဲတွင် တိတ်တဆိတ် ဂုဏ်ယူမိသွားခဲ့သည်။ ခုနက အဝတ်အစားတစ်လွှာ ခြားနေခဲ့သဖြင့် တကယ့် အရေပြားချင်း ထိတွေ့မှုမျိုး မဟုတ်ခဲ့သော်လည်း ထိုခံစားချက်က တကယ့်ကို စိတ်လှုပ်ရှားဖွယ် ကောင်းလွန်းလှသည် မဟုတ်ပါလား။

"ဆရာကြီး... ဆရာကြီးက ကျွန်မကို ထပ်ပြီး ကူညီပေးပြန်ပြီ။ စိတ်မပူပါနဲ့ ကျွန်မ ရှယန်နန်က ကျေးဇူးသိတတ်တဲ့သူပါ ဆရာကြီးကို ကျွန်မ တတ်နိုင်သမျှအရာအားလုံးနဲ့ သေချာပေါက် ပြန်လည် ပေးဆပ်ပါ့မယ်။"

ယဲ့ချန်က ခေါင်းကိုသာ ငြိမ်သက်စွာ ညိတ်ပြလိုက်သည်။

တီ...အိမ်ရှင်အနေဖြင့် တာဝန် ဖြစ်သော 【ရှယန်နန်၏ နာကျင်မှုကို ပြေပျောက်စေခြင်း】အား အောင်မြင်စွာ ပြီးမြောက်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။

【အနာပြေစေသော အဆောင်လက်ဖွဲ့ 】 ၂၀ ကို ရရှိပြီး သိုလှောင်ခန်းထဲသို့ အလိုအလျောက် သိမ်းဆည်းလိုက်ပါပြီ။

【သွေးတိတ်စေသော အဆောင်လက်ဖွဲ့ 】 ၂၀ ကို ရရှိပြီး၊ ကွင်းပြင်ပ သိုလှောင်ခန်းထဲသို့ အလိုအလျောက် သိမ်းဆည်းလိုက်ပါပြီ။

ပြုပြင်ရေးစွမ်းအင် ၀ ရရှိပါသည်။

စနစ်ပြုပြင်မှု ၁.၂% ပြီးမြောက်ပါပြီ။

"ဒါနဲ့ ဆရာကြီး... ကျွန်မကို ဒီအနာပြေစေသော အဆောင်လက်ဖွဲ့ အချို့ ရောင်းပေးလို့ ရမလား ဟင်။"

ရှယန်နန်က မျှော်လင့်ချက်အပြည့်ဖြင့် လှမ်းမေးလိုက်သည်။

"ဆရာကြီး သိတဲ့အတိုင်း... အမျိုးသမီးတွေမှာ လတိုင်း အဲ့ဒီလို ရက်အနည်းငယ် ရှိတတ်တယ်လေ... ဆရာကြီး စိတ်မပူပါနဲ့ဈေးနှုန်းကိုတော့ ဆရာကြီး စိတ်ကြိုက် သတ်မှတ်နိုင်ပါတယ်။"

အဆောင်လက်ဖွဲ့တွေကို ရောင်းချရမယ် ဟုတ်လား။

ယဲ့ချန်သည် ရှယန်နန်နှင့် စီးပွားရေးအကြောင်း မဆွေးနွေးချင်သေးချေ။ ဘာဖြစ်လို့ ဒီလို ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးထဲကို ပိုက်ဆံနံ့တွေ လာပြီး ရောနှောရမှာလဲ။ သူတို့ကြားက ရင်းနှီးမှုကိုပဲ အဓိကထားတာက ပိုပြီး မကောင်းဘူးလား။

"အင်း..."

"အနာပြေစေသော အဆောင်လက်ဖွဲ့က ရောဂါလက္ခဏာကိုပဲ သက်သာစေတာ အမြစ်ပြတ်တာ မဟုတ်ဘူး။ ခဏလောက် စောင့်ဦးပေါ့ ငါ မင်းရဲ့ ဒီရောဂါဟောင်းကို အမြစ်ပြတ် ကုသပေးနိုင်မယ့် နည်းလမ်းကို ရှာဖွေပေးနိုင်ပါလိမ့်မယ်။"

"တကယ်လား။"

ရှယန်နန်၏ မျက်ဝန်းများ တောက်ပသွားခဲ့သည်။

"ဒါဆို တကယ့်ကို ကောင်းတာပေါ့ ဆရာကြီးက စွမ်းဆောင်ရည် မြင့်မားလွန်းလို့ကျွန်မရဲ့ ဝေဒနာကို သေချာပေါက် ကုသပေးနိုင်မှာပါ။"

သူမ၏ အမူအရာမှာ တကယ့်ကို အချိန်အတော်ကြာ မျက်စိကန်းနေခဲ့သော လူတစ်ဦးက မီးပြတိုက်ကို မြင်တွေ့လိုက်ရသည့်အလားပင်။

"ဆရာကြီး... ကျွန်မ တကယ်ပဲ တောင်းပန်ပါတယ်၊ နောက် မိနစ် ၄၀ နေရင် ကျွန်မမှာ တော်တော်လေး အရေးကြီးတဲ့ အစည်းအဝေးတစ်ခု ရှိလို့ပါ။ ဒီနေ့ ဆရာကြီးနဲ့အတူ မနေပေးနိုင်တော့ဘူး။ နောက်ရက်ကျမှ ကျွန်မ ဆရာကြီးကို ချိန်းဆိုပါရစေနော်။"

"ကောင်းပါပြီ။"

ယဲ့ချန် ခေါင်းညိတ်ပြလိုက်သည်။

သူတို့နှစ်ဦးစလုံး ဆိုဖာပေါ်မှ ထရပ်လိုက်ကြသည်။

"မင်းမှာ အလုပ်တွေ ရှိသေးရင်လည်း သွားလိုက်ပါဦး။"

ယဲ့ချန်က ပြုံးလျက် ပြောလိုက်သည်။

"အင်း... ကျွန်မ အပြင်ထွက်ပြီး ကျောင်းအုပ်ကြီးလုကို စကားအနည်းငယ် ပြောပြီးတာနဲ့ ချက်ချင်း သွားတော့မယ်။"

ရှယန်နန်က ယဲ့ချန်အား ချိုသာစွာ ပြုံးပြလိုက်ပြီးနောက် လှည့်ထွက်ရန် ပြင်ဆင်လိုက်သည်။

"အာ..."

ယဲ့ချန်သည် ရှယန်နန်၏ ကျပ်ထုပ်နေသော စကတ် အောက်ရှိ ကောက်ကြောင်းအလှ ပေါ်လွင်နေသော တင်ပါးဆီသို့ စိုက်ကြည့်မိသွားခဲ့သည်။

အရောင်နုရောင် စကတ်တိုပေါ်တွင် ကြီးမားသော သွေးကွက်တစ်ခု ထင်ဟပ်နေခဲ့သည်။

"ရှယန်နန်... ခဏစောင့်ဦး။"

ယဲ့ချန်က အလန့်တကြား လှမ်းပြောလိုက်သည်။

"ဘာဖြစ်လို့လဲ ဆရာကြီး။"

ရှယန်နန် ခေါင်းလှည့်ကြည့်လိုက်သည်။

"မင်းရဲ့ စကတ်မှာ ပေကျံသွားပြီ။"

All Chapters