အခန်း ၃၇
Vol. 4 Ch. 37
အခန်း ၃၇ - ထူးချွန်ကျောင်းသား ယဲ့ချန်။
ထိုအခိုက်တွင် ယဲ့ချန်သည် အချိန်ဖြုန်းမနေတော့ချေ။
သူသည် ကျပ်ထုပ်နေသော စကတ်ကို ဆိုဖာပေါ်သို့ အနောက်ဘက်လှည့်၍ တင်လိုက်သည်။
ထို့နောက် သူသည် သန့်စင်စေသော အဆောင်လက်ဖွဲ့ကို ထိုထိတ်လန့်ဖွယ် သွေးကွက်ကြီးပေါ်သို့ ကပ်လိုက်တော့သည်။
ရုတ်တရက် သန့်စင်စေသော အဆောင်လက်ဖွဲ့မှာ ပေါက်ကွဲသွားခဲ့ပြီး တောက်ပသော အစိမ်းရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ချက်ချင်းပင် ထိုအစိမ်းရောင်အလင်းတန်းသည် စကတ်တိုလေးကို ဝန်းရံလျက် စဉ်ဆက်မပြတ် လည်ပတ်နေခဲ့သည်။ စကတ်မှာ မသိနိုင်သော စွမ်းအားတစ်ခုကြောင့် လေထဲသို့ မြောက်တက်သွားခဲ့ပြီး ယဲ့ချန်၏ ရှေ့မှောက်တွင် ဝဲပျံနေခဲ့သည်။
တစ်ချိန်တည်းမှာပင် လန်းဆန်းမွှေးပျံ့လှသော ရနံ့တစ်ခုက ကျောင်းအုပ်ကြီးရုံးခန်းတစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။ ထိုအစိမ်းရောင်အလင်းတန်းသည် မြူခိုးများအဖြစ် ပြောင်းလဲသွားကာ စကတ်တိုလေးကို စဉ်ဆက်မပြတ် ဆေးကြောသန့်စင်ပေးနေခဲ့သည်။
ဤမြင်ကွင်းက ယဲ့ချန်ကို လုံးဝ မှင်တက်သွားစေခဲ့သည်။
'တောက်... ဒါက အရမ်းကို လန်းလွန်းတာပဲ မဟုတ်လား။ မှော်ပညာလားကွ။'
ထိုစကတ်တိုလေးသည် ကမ္ဘာမြေဆွဲအား နိယာမများကို လုံးဝ ဆန့်ကျင်လျက် ယဲ့ချန်၏ ရှေ့မှောက်တွင် ငှက်မွှေးတစ်ချောင်းကဲ့သို့ ပေါ့ပါးစွာ ဝဲပျံနေခဲ့ပြီး တကယ့်ကို ထူးဆန်းဆန်းပြားနေခဲ့သည်။ ရင်သပ်ရှုမောဖွယ် ကောင်းလှသော မွှေးပျံ့သည့် မြူခိုးလှိုင်းလုံးများက စကတ်ပေါ်သို့ ရိုက်ခတ်ဆေးကြောနေခဲ့သည်။
စကတ်ပေါ်ရှိ သွေးကွက်ကြီးမှာမူ သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သော အရှိန်နှုန်းဖြင့် တဖြည်းဖြူး မှေးမှိန် မှေးမှိန်ပြီး ပျောက်ကွယ်သွားခဲ့တော့သည်။
သွေးကွက်ကြီး သန့်စင်သွားပြီးနောက် မြူခိုးအားလုံးသည် စကတ်ထဲသို့ စိမ့်ဝင်သွားခဲ့ပြီး ၎င်းက ထူးဆန်းပြီး တောက်ပလှသော ရောင်စုံအလင်းတန်းများကို ဖြာထွက်စေခဲ့သည်။ မြင့်မြတ်ခြင်း ခန့်ညားခြင်းများနှင့်အတူ အသစ်စက်စက် သက်စောင့်စွမ်းအားများ ကိန်းဝပ်သွားသည့်အလားပင်။
နောက်ဆုံးတွင် စကတ်မှာ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့ပြီး ယဲ့ချန်က လက်လှမ်း၍ ဖမ်းယူလိုက်သည်။ တောက်ပလှသော အလင်းတန်းများမှာ စကတ်ပေါ်တွင် စီးဆင်းနေခဲ့ပြီး ဟောလိဝုဒ် စွမ်းမှော်ရုပ်ရှင်ကားကြီးများထဲမှ အထူးပြုလုပ်ချက်များကဲ့သို့ လှပခြင်းများနှင့် ပြည့်နှက်နေခဲ့သည်။
'တောက်... ဒါက အရမ်းကို အစွမ်းထက်ပြီး အံ့ဩဖို့ကောင်းတာပဲ။ အခု ဒီစကတ်က လုံးဝ သန့်ရှင်းသွားရုံတင်မကဘူး စင်ဒရဲလား ရုပ်ရှင်ထဲက စင်ဒရဲလား ဝတ်ခဲ့တဲ့ မှော်ဂါဝန်ကြီးအတိုင်းပဲ။ တောက်... ငါ့မှာ သန့်စင်စေသော အဆောင်လက်ဖွဲ့သာ ရှိနေရင် ငါ အဝတ်လျှော်ဆိုင်တစ်ဆိုင် ဖွင့်လိုက်ရင် အလုပ်တွေ အရမ်းဖြစ်မှာ မဟုတ်လား။ နှစ်အနည်းငယ်အတွင်းမှာ ဆိုင်ခွဲတွေအများကြီး ဖွင့် ဈေးကွက်ကို လက်ဝါးကြီးအုပ်ပြီးတော့ ရှယ်ယာဈေးကွက် မှာတောင် စာရင်းသွင်းနိုင်ဦးမယ်။ အဲ့ဒီအချိန်ကျရင် ဘဝရဲ့ အထွတ်အထိပ်ကို ရောက်ပြီပေါ့။ တကယ့်ကို သာယာလိုက်မယ့်ဖြစ်ခြင်း။'
ယဲ့ချန်က စိတ်ကူးယဉ် အတွေးပွားနေခဲ့ရုံသာ ဖြစ်သည်။ သူ တကယ်ပဲ အဝတ်လျှော်ဆိုင် သွားဖွင့်မှာ မဟုတ်ချေ။ ဒါ့အပြင် သူ့မှာ သန့်စင်စေသော အဆောင်လက်ဖွဲ့ အများကြီး ရှိနေတာလည်း မဟုတ်ဘူးလေ။
"ဆရာကြီး... ပြီးပြီလား။"
ရေချိုးခန်းထဲမှ ရှယန်နန်က စိုးရိမ်တကြီး လှမ်းမေးလိုက်သည်။
"ပြီးပြီ။ တံခါးဖွင့်လိုက် မင်းကို စကတ် ပေးမယ်။"
ယဲ့ချန် စကတ်ကို ကိုင်ကာ ရေချိုးခန်းထံသို့ လျှောက်လှမ်းသွားခဲ့သည်။ ရေချိုးခန်းတံခါး အနည်းငယ် ပွင့်ဟလာခဲ့သည်။ ရှယန်နန်သည် သူမ၏ နူးညံ့သော လက်ကလေးကို ရှက်ရွံ့စွာဖြင့် လှမ်းထုတ်လိုက်သည်။ ယဲ့ချန် သူမအား စကတ် လှမ်းပေးလိုက်စဉ် သူသည် မရည်ရွယ်ဘဲ စွဲမက်ဖွယ်ကောင်းသော အလှတရားအချို့ကို ဖျတ်ခနဲ လှမ်းမြင်လိုက်ရသည်။
လှလိုက်တာ။
ရှယန်နန် စကတ်ကို ယူကာ တံခါးကို အမြန်ပိတ်ပြီး ဂျက်ထိုးလိုက်တော့သည်။
ရေချိုးခန်းထဲတွင်မူ ရှယန်နန်တစ်ယောက် အသက်ပင် မရှူရဲဘဲ ဖြစ်နေခဲ့ရသည်။ သူမသည် မျက်တောင်မခတ်တမ်း စကတ်ကို စိုက်ကြည့်ရင်း တကယ့်ကို မယုံနိုင်စရာကောင်းလှသည်ဟု ခံစားလိုက်ရသည်။
စကတ်ပေါ်ရှိ သွေးကွက်ကြီးမှာ မှော်ပညာတစ်ခုကဲ့သို့ ပျောက်ကွယ်သွားရုံသာမက ၎င်းက အိပ်မက်ဆန်သော အလင်းတန်းများကို ဖြာထွက်နေစေသဖြင့် သူမအတွက် ယခင်က မကြုံဖူးသော အမြင်အာရုံဆိုင်ရာ တုန်လှုပ်မှုကို ဖြစ်ပေါ်စေခဲ့သည်။
စကတ်မှ ထွက်ပေါ်နေသော ထူးခြားဆန်းပြားသည့် သင်းပျံ့သော ရနံ့လေးက သူမအား ရုန်းမထွက်နိုင်အောင် ဆွဲဆောင်နေခဲ့သည်။
'ဘုရားရေ ဒါက ငါ့ရဲ့ စကတ် အစစ်ပဲလား။ ဒါ... ဒါက စုန်းမတစ်ယောက်က မှော်ပညာနဲ့ ဖန်တီးထားတဲ့ အရာနဲ့ တူလှချည်လား...'
စကတ်က မည်မျှပင် လှပနေပါစေ မည်မျှပင် အဆင့်မြင့်ပြီး မြင့်မြတ်သော ပုံစံရှိနေပါစေ သို့မဟုတ် မည်မျှပင် ဇိမ်ခံပိတ်စမျိုး ဖြစ်နေပါစေ ၎င်းက စကတ်တစ်ခုသာ ဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင်မူ ၎င်းက နတ်သမီးမှော်ပညာဖြင့် စုန်းမန္တန် အတိုက်ခံထားရသကဲ့သို့ နတ်ဆိုးဆန်သော အလှတရားမျိုး ရှိနေခဲ့ပြီ ဖြစ်သည်။
ရှယန်နန်သည် မိမိကိုယ်ကိုယ် ဤစကတ်နှင့်ပင် မထိုက်တန်တော့သကဲ့သို့ ခံစားလိုက်ရတော့သည်။
ပုံပြင်ထဲက မင်းသမီးလေးတွေ ဒါမှမဟုတ် နတ်ပြည်က နတ်သမီးလေးတွေသာ ဤအရာကို ဝတ်ဆင်ရန် ထိုက်တန်ပေလိမ့်မည်။
သို့သော်လည်း အချိန်က ကပ်နေပြီဖြစ်ရာ ရှယန်နန်သည် သူမ၏ လွင့်ပျံနေသော အတွေးများကို အမြန်ပြန်ထိန်းလိုက်ပြီး ရတနာတစ်ခုကဲ့သို့ ဂရုတစိုက်ဖြင့် စကတ်ကို ဝတ်ဆင်လိုက်တော့သည်။ရှယန်နန် ရေချိုးခန်းထဲမှ လျှောက်လှမ်းထွက်လာခဲ့သည်။
ပြတင်းပေါက်အပြင်ဘက်မှ နေရောင်ခြည်က သူမအပေါ်သို့ ဖြာကျလာခဲ့ပြီး ရောင်စုံအလင်းတန်းများကို ဟပ်ထွက်စေခဲ့သည်။
"ဆရာကြီး... ကျွန်မ ဘာပြောရမှန်းတောင် မသိတော့ဘူး။ ဆရာကြီးက တကယ့်ကို အရာရာကို တတ်စွမ်းနိုင်ပြီး အစွမ်းထက်လွန်းပါတယ်။"
ရှယန်နန်က ယဲ့ချန်အား မဖုံးကွယ်နိုင်သော အံ့ဩအားကျမှု မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။
"ဆရာကြီးနဲ့ သိကျွမ်းရတာက ယန်နန်ရဲ့ ဘဝမှာ အကြီးမားဆုံးသော ကံကောင်းခြင်းနဲ့ အမြင့်မြတ်ဆုံးသော ဂုဏ်ပဲ ဖြစ်ရမယ် ဆရာကြီး... နောက်နောင်ကျရင် ကျွန်မကို ယန်နန်လို့ပဲ ခေါ်ပေးလို့ ရမလား ဟင်။"
လက်တွေ့ဘဝတွင် သူမအား ယန်နန်ဟု ခေါ်ဝေါ်ရဲသူ အလွန် နည်းပါးလှသည်။ ၎င်းက ချစ်စနိုး အမည်ပြောင်တစ်ခု ဖြစ်ပြီးလူပေါင်းများစွာက ထိုသို့ ခေါ်ဆိုချင်ကြသော်လည်း မည်သူမျှ အရည်အချင်း မပြည့်မီကြချေ။
အမည်ပြောင်တစ်ခုကသာ ကိုယ်ရေးကိုယ်တာ ခံစားချက်များ ရင်းနှီးမှုများနှင့် ထူးခြားဆန်းပြားသော ဆက်ဆံရေးမျိုးကို ဖော်ဆောင်နိုင်သည် မဟုတ်ပါလား။
"အော်... ကောင်းပါပြီ။"
ယဲ့ချန် ပြုံးလိုက်သည်။ သူ ဒီနေ့ ရှယန်နန်အား အောင်မြင်စွာ လှည့်စား နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိလိုက်သည်။ သို့သော်လည်း ၎င်းက အမှန်တကယ် လှည့်စားခြင်း မဟုတ်ပါချေ။ အနာပြေစေသော အဆောင်လက်ဖွဲ့နှင့် သန့်စင်စေသော အဆောင်လက်ဖွဲ့တို့မှာ ပိုက်ဆံပေးရင်တောင် ဝယ်လို့မရနိုင်သော တကယ့် အစစ်အမှန် အဆင့်မြင့်ပစ္စည်းများ ဖြစ်ကြသည် မဟုတ်ပါလား။
"မင်း အလျင်လိုနေတယ်ဆိုတော့ ယန်နန်... ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်ကြရအောင်။ နောက်မှ ထပ်တွေ့ကြတာပေါ့။"
"အင်း။"
ရှယန်နန်က လိမ်မာစွာဖြင့် ခေါင်းညိတ်ပြရှာသည်။ ယဲ့ချန်က သူမအား ချစ်စနိုးဖြင့် ယန်နန် ဟု ခေါ်ဆိုလိုက်သည်ကို ကြားလိုက်ရသဖြင့် သူမ၏ရင်ထဲတွင် ဂုဏ်ယူဝမ်းမြောက်မှုများ ခံစားလိုက်ရသည်။ ယဲ့ချန်လည်း ရုံးခန်းထဲတွင် ဆက်မနေချင်တော့သဖြင့် သူတို့နှစ်ဦး ဘေးချင်းယှဉ်လျက် အပြင်သို့ လျှောက်လှမ်းလာခဲ့ကြသည်။
တီ... အိမ်ရှင်အနေဖြင့် တာဝန် ဖြစ်သော 【ရှယန်နန်အတွက် ပေကျံနေသော စကတ်ကို လျှော်ဖွပ်ပေးခြင်း】အား အောင်မြင်စွာ ပြီးမြောက်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ 【သန့်စင်စေသော အဆောင်လက်ဖွဲ့ 】 ၂၀ ကို ရရှိပြီး သိုလှောင်ခန်းထဲသို့ အလိုအလျောက် သိမ်းဆည်းလိုက်ပါပြီ။
ကမ္ဘာ့အကန့်အသတ်ထုတ် Dior ဂါဝန်အသစ်တစ်ထည်ကို ရရှိပြီး သိုလှောင်ခန်းထဲသို့ အလိုအလျောက် သိမ်းဆည်းလိုက်ပါပြီ။
ပြုပြင်ရေးစွမ်းအင် ၀ ရရှိပါသည်။ စနစ်ပြုပြင်မှု ၁.၂% ပြီးမြောက်ပါပြီ။
အပြင်ဘက် စင်္ကြံလမ်းတွင်မူ ကျောင်းအုပ်ကြီးလုနှင့် နည်းပြချင်းတို့မှာ ဆောင်းတွင်းက ပုရစ်များကဲ့သို့ ငြိမ်သက်လျက် မည်သူမျှ အသက်ပင် ပြင်းပြင်းမရှူရဲဘဲ မတ်တတ်ရပ်နေကြသည်။ ယခုအချိန်တွင် နည်းပြချင်းသည် ခါးသက်လှသော သည်းခြေကို ခဲထားရသကဲ့သို့ ခံစားနေရပြီး တကယ့်ကို စိတ်ဆင်းရဲနေခဲ့ရပြီ ဖြစ်သည်။
သူသည် ကောင်းကင်မြေကြီးနှင့် လူမှုပတ်ဝန်းကျင်တို့ကို အပြစ်တင်မိနေသလိုမိမိကိုယ်ကိုယ်လည်း စိတ်လိုက်မာန်ပါ လုပ်မိပြီး လုံးဝ မပြစ်မှားသင့်သော လူတစ်ယောက်ကို သွားရောက် ပြစ်မှားမိခဲ့သည့်အတွက် နောင်တရနေခဲ့သည်။
သူက ဥက္ကဋ္ဌရှရဲ့ လူပဲ။ ယဲ့ချန်နဲ့ ဥက္ကဋ္ဌရှကြားမှာ ဘယ်လို ဆက်ဆံရေးမျိုးပဲ ရှိနေပါစေ။ ချစ်သူတွေပဲဖြစ်ဖြစ်၊ အပျော်အပါး သူငယ်ချင်းတွေပဲဖြစ်ဖြစ်အဓိကအချက်ကတော့ ယဲ့ချန်က သူမနဲ့ တကယ်ပဲ အတူတူ အိပ်ခဲ့တာပဲ။ သူကသာ ခေါင်းအုံးပေါ်မှာ စကားအနည်းငယ် ကုန်းချောလိုက်မယ်ဆိုရင် သူ၏ အလုပ်အကိုင် ဘဝတစ်ခုလုံး ပြီးဆုံးသွားနိုင်သည် မဟုတ်ပါလား။
အမှန်အတိုင်း ပြောရလျှင် သူသာ ဤအလုပ် ပြုတ်သွားခဲ့ပါကနည်းပြချင်း၏ မိသားစုမှာ ချက်ချင်းပင် စီးပွားရေး အကျပ်အတည်းဆိုက်ပြီး လုံလောက်အောင် သုံးစွဲနိုင်တော့မည် မဟုတ်ချေ။
ယဲ့ချန်နှင့် ရှယန်နန်တို့ အတူတူ ထွက်လာသည်ကို မြင်လိုက်ရသောအခါနည်းပြချင်းနှင့် ကျောင်းအုပ်ကြီးလုတို့ မျက်လုံးချင်း အမြန်ဖလှယ်လိုက်ကြပြီး သူတို့ထံသို့ ဦးအောင် လျှောက်လှမ်းသွားခဲ့ကြသည်။
"ကျောင်းအုပ်ကြီးလု... အချိန်မရှိတော့ဘူး။ ငါ အလုပ်ကိစ္စတွေကို ရှောင်ဟုန်ကို မင်းနဲ့ ဆွေးနွေးခိုင်းလိုက်မယ်။"
ရှယန်နန်သည် အေးစက်စက်နှင့် လူချင်းမကပ်ချင်သော အမှုဆောင်အရာရှိချုပ် စတိုင်သို့ ချက်ချင်း ပြန်လည် ပြောင်းလဲသွားခဲ့သည်။ သူမသည် ယဲ့ချန်၏ ရှေ့မှောက်တွင်သာ ဤကဲ့သို့သော မသိသေးသည့် တစ်ဖက်ခြမ်းကို ပြသတတ်သော ကြောင်မလေး ဖြစ်ပုံရသည်။
ခဏမျှ ရပ်နားပြီးနောက် ရှယန်နန်က ရုတ်တရက် မေးလိုက်သည်။
"ဒါနဲ့... ရှင်တို့ ဆရာကြီးကို ကျောင်းအုပ်ကြီးရုံးခန်းထဲ ဘာလို့ ခေါ်ထားတာလဲ။"
ထိုစကားကို ကြားလိုက်ရသဖြင့် ကျောင်းအုပ်ကြီးလုနှင့် နည်းပြချင်းတို့ တစ်ပြိုင်နက်တည်း တုန်ရင်သွားခဲ့ကြသည်။
"အော်... ဥက္ကဋ္ဌရှ ဒါက ဒီလိုပါ ခင်ဗျာ ကျွန်တော်တို့ ကျောင်းသား ယဲ့ချန်ကို ချီးကျူးဂုဏ်ပြုချင်လို့ပါ။ သူ ကျောင်းမှာ ရှိစဉ်အတွင်းမှာ သူ့ရဲ့ စွမ်းဆောင်ရည်တွေက အရမ်းကို ထူးချွန်လွန်းလှလို့ ကျွန်တော်တို့ သူ့အတွက် အမျိုးသား ပညာသင်ဆု လျှောက်ထားပေးဖို့ ပြင်ဆင်နေတာပါ။"
ကျောင်းအုပ်ကြီးလုက စိတ်ရင်းမှန်သော မျက်နှာပေးဖြင့် ပြောလိုက်သည်။ း
"ကျောင်းသား ယဲ့ချန်... မင်းသာ မရှိရင် ငါတို့ နည်းပညာတက္ကသိုလ်ကြီးက မှောင်မိုက်သွားရလိမ့်မယ်။ မင်းကပဲ နည်းပညာတက္ကသိုလ်အတွက် ဂုဏ်ဆောင်ပေးခဲ့တာပါ။"
ဤစကားက တကယ့်ကို အဓိပ္ပာယ်မရှိဘဲ ဦးနှောက်မပါလှချေ။ ကျောင်းအုပ်ကြီးလုက သူ့ကို မြှောက်ပင့်နေရုံ သက်သက်မဟုတ်ဘဲ လျှောက်ပြီး ပေါက်ကရတွေ ပြောနေခြင်း ဖြစ်သည်။
သို့သော်လည်း ရှယန်နန်အတွက်မူ ၎င်းက လုံးဝ ထူးဆန်းမနေခဲ့ချေ။
သူမ တွေးမိသည်မှာ ပြဿနာမရှိပါဘူး။ ဆရာကြီးက ပင်ကိုယ်ကတည်းက အနှိုင်းမဲ့ တည်ရှိမှုတစ်ခု မဟုတ်ပါလား လူထဲတွင် လူဗျတ် မြင်းထဲတွင် နီရဲသောမြင်း ကဲ့သို့ပင် အတိုချုပ်ပြောရလျှင် သူက အနိုင်မခံ အရှုံးမပေး တန်ခိုးရှင်ပဲ။
ရှယန်နန်က တည်ကြည်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
"ကျောင်းအုပ်ကြီးလု... ရှင် ပြောတာ တကယ့်ကို မှန်ပါတယ်။"
ထိုအခိုက်တွင် နည်းပြချင်း ရှေ့သို့ တိုးလာခဲ့ပြီး ယဲ့ချန်အား ကိုးဆယ်ဒီဂရီ ကိုင်းညွတ်ကာ အလေးအနက် ဦးညွှတ်လိုက်တော့သည်။
"ကျောင်းသား ယဲ့ချန်... မင်းအပေါ်ကို ယခင်က ပြစ်မှားခဲ့မိတာတွေအတွက် ငါ ဒီနေရာကနေ တောင်းပန်ပါတယ်။ ငါ့ရဲ့ အမှားတွေကြောင့် မင်းကို ဒေါသထွက်စေခဲ့တဲ့အတွက် အပြစ်တင်မိပြီး နောင်တရမိပါတယ်။ နောက်နောင် ဘယ်တော့မှ ဒီလိုမျိုး ထပ်မဖြစ်စေရဘူးလို့ ငါ အာမခံပါတယ်။ မင်း အပြုံးတစ်ခုနဲ့ပဲ ရန်ငြိုးတွေအားလုံးကို ခွင့်လွှတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ညီအစ်ကိုကောင်းကြီးရယ်... ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ။"
ညီအစ်ကိုကောင်း ဟုတ်လား။
မင်း ရူးသွားပြီလား။ ငါ မင်းကို ရိုက်လိုက်လို့ ရူးသွားတာလားကွ။
ယဲ့ချန် တကယ့်ကို ဆွံ့အသွားခဲ့ရသည်။ သူ ဤမျှအထိ အရှက်မရှိသော လူမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။.သို့သော်လည်း ယဲ့ချန်၏ ဒေါသများမှာ ကြာမြင့်စွာကတည်းက ပြယ်လွင့်သွားခဲ့ပြီ ဖြစ်ရာ၊ သူလည်း သူ့ကို လမ်းဆုံးအထိ မောင်းမထုတ်ချင်တော့ချေ။
"ဒါဆို... ငါ ကျောင်းကနေ အထုတ်မခံရတော့ဘူးပေါ့ဟုတ်လား။"
ယဲ့ချန်က လှမ်းမေးလိုက်သည်။ ကျောင်းကနေ ထုတ်မခံရတာက အကောင်းဆုံးပဲ။ ဘာပဲဖြစ်ဖြစ် ယဲ့ချန်ကိုယ်တိုင်က လက်ခံနိုင်ရင်တောင်သူ့ရဲ့ မိဘတွေကို ရှင်းပြဖို့က လွယ်ကူမှာ မဟုတ်ဘူးလေ။
"ကျောင်းသား ယဲ့ချန်... မင်းက ဒီလောက်အထိ ထူးချွန်တာကို ဘယ်သူက မင်းကို ကျောင်းထုတ်ရဲလဲ ငါ သူ့ကို အရင် ကျောင်းထုတ်ပစ်မယ်။"
ကျောင်းအုပ်ကြီးလုက ရှေ့နောက်မညီဘဲ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ကျောင်းသား ယဲ့ချန်... နောက်နောင်ကျရင် မင်း စကားတစ်ခွန်းပဲ ပြောလိုက် ကာယပညာဌာနက ဆရာတွေနဲ့ ကျောင်းသားတွေအားလုံးက မင်းကို ခြွင်းချက်မရှိ ထောက်ခံပေးလိမ့်မယ်။"
နည်းပြချင်းက တည်ကြည်စွာ ကတိသစ္စာပြုလိုက်သည်။
"မင်းကို လာပြီး ပြစ်မှားတဲ့သူမှန်သမျှ ကာယပညာဌာနတစ်ခုလုံးရဲ့ ဒေါသနဲ့ ရင်ဆိုင်ရလိမ့်မယ်။"
စာသင်ဆောင်အပြင်ဘက်တွင် ကျောင်းသား အတော်များများ စုဝေးနေကြသည်။
ယဲ့ချန်၏ ကျောင်းကန်တင်းအတွင်း စည်းမဲ့ကမ်းမဲ့နှင့် ဥပဒေမဲ့ဆန်သော အပြုအမူများမှာ ကျောင်းတစ်ခုလုံးသို့ ကူးစက်ရောဂါကဲ့သို့ ပြန့်နှက်သွားခဲ့ပြီ ဖြစ်သည်။ ကာယပညာဌာနရဲ့ နတ်ဘုရားလေးပါးကို ရိုက်နှက်ခဲ့တာ နည်းပြချင်းကို ရက်ရက်စက်စက် တိုက်ခိုက်ခဲ့တာ ပြီးတော့ နည်းပြချင်းကို ဒူးထောက်စေပြီး ကြမ်းပြင်ပေါ်က စားကြွင်းစားကျန်တွေကို လျှာနဲ့ ယက်ခိုင်းခဲ့တာ ဒါက အရမ်းကို အနှိုင်းမဲ့လွန်းတာပဲ။
ဒါပေမဲ့ ဒါကလည်း သေတွင်းထဲ တိုးဝင်တာပဲ မဟုတ်လား။
"အခုတော့ ယဲ့ချန်ဆိုတဲ့ နာမည်က ငါတို့ နည်းပညာတက္ကသိုလ်မှာ ဒဏ္ဍာရီတစ်ခု ဖြစ်လာတော့မယ်။"
"ဒဏ္ဍာရီ ဟုတ်လား သူ သေချာပေါက် ကျောင်းထုတ်ခံရမှာပါ။"
"ကျောင်းထုတ်ခံရရုံတင်လား။ မင်း ထင်တာ နည်းပြချင်းလို ရက်စက်တဲ့လူက ဒီအတိုင်း လွှတ်ထားမယ် ထင်လို့လား။ ငါ့ရဲ့ တစ်လစာ မုန့်ဖိုးနဲ့ လောင်းကြေးထပ်ရဲတယ် ယဲ့ချန် သေချာပေါက် ထောင်ကျလိမ့်မယ်။"
"ထောင်မကျရင်တောင် နည်းပြချင်းက လူငှားပြီး သူ့ကို သတ်တာ ဒါမှမဟုတ် ဒုက္ခိတဖြစ်အောင် လုပ်လိမ့်မယ်။ မယုံရင် စောင့်ကြည့်လိုက်။"
"ဟူး... သနားစရာကောင်းလိုက်တာ။ ယဲ့ချန်ရဲ့ မိဘတွေသာ ဒီအကြောင်း သိသွားရင် သေချာပေါက် နှလုံး ကြေကွဲပြီး လက်ခံနိုင်ကြမှာ မဟုတ်ဘူး။"
"သူက ရန်ဖြစ်တတ်ရုံနဲ့ ကျောင်းမှာ စိတ်ကြိုက် လုပ်လို့ရမယ် ထင်နေတာလား။ ဒါ ဘယ်နှစ်ခုနှစ်လဲကွ ကလေးကလား ဆန်လိုက်တာ။"
လင်းယွီရှီးလည်း အတန်းမတက်ဘဲ ယဲ့ချန်ကို စောင့်ဆိုင်းနေခဲ့သည်။ ထိုအချိန်တွင် သူမသည် စကားလုံးများဖြင့် ဖော်ပြမတတ်အောင် ဝမ်းနည်းကြေကွဲနေခဲ့ရသည်။ သူမသည် မိမိကိုယ်ကိုယ် သနားမိရင်း အလွန်အမင်း စိတ်နှလုံး ကြေကွဲနေခဲ့သည်။ သူမသည် မိမိကိုယ်ကိုယ် နိမိတ်မကောင်းသော မိန်းကလေးတစ်ယောက်ဟုပင် တွေးမိနေခဲ့သည်။ သူမကြောင့်သာ ယဲ့ချန် ဤကဲ့သို့သော အခြေအနေမျိုးသို့ ရောက်ရှိသွားခဲ့ရခြင်း ဖြစ်သည် မဟုတ်ပါလား။
ထိုစဉ် လူတိုင်း၏ စောင့်ကြည့်မှုအောက်တွင် ယဲ့ချန်သည် စာသင်ဆောင်အပြင်ဘက်သို့ လျှောက်လှမ်းထွက်လာခဲ့သည်။ ယဲ့ချန်သည် လေချွန်လျက်သက်တောင့်သက်သာရှိပြီး ခန့်ညားသော ပုံစံမျိုးဖြင့် ဘာပြဿနာမျှ မရှိသည့် မျက်နှာပေးမျိုး လုပ်ထားခဲ့သည်။
ယဲ့ချန် ထွက်လာသည်ကို မြင်လိုက်ရသဖြင့် လင်းယွီရှီးသည် မျက်ရည်များ ဝိုင်းလျက် ပထမဦးဆုံး ပြေးဝင်သွားခဲ့သည်။
"ယဲ့ချန်... ငါ့ကြောင့် နင်ဒီလို ဖြစ်သွားရတဲ့အတွက် တောင်းပန်ပါတယ်။ တကယ်ပဲ တောင်းပန်ပါတယ်။ ဒါတွေအားလုံးက ငါ့အမှားတွေပါ။"
"အာ...နင်ဘာတွေ ပြောနေတာလဲ။ ဘာက နင့်အမှားလဲ။"
ယဲ့ချန် ရယ်မောလိုက်သည်။
"နင်ကျောင်းထုတ်ခံရတာ ငါ့အမှားလေ။ တောင်းပန်ပါတယ်။ ငါ... ငါ..."
လင်းယွီရှီးသည် အပြစ်မကင်းစိတ်များကြောင့် ဘာပြောရမှန်း မသိဖြစ်နေရှာသည်။
"ကျောင်းထုတ်ခံရတယ် ဟုတ်လား။ ငါ့ကို ဘယ်သူက ကျောင်းထုတ်တယ်လို့ ပြောလဲ။"
ယဲ့ချန်၏ မျက်နှာပေါ်မှ အမူအရာက ပိုမို ရွှင်လန်းသွားခဲ့သည်။
"နင်အများကြီး တွေးနေတာပါ။ ငါ ကျောင်းမထုတ်ခံရရုံတင်မကဘူး ကျောင်းအုပ်ကြီးလုက ငါ့ကို ချီးကျူးဂုဏ်ပြုလိုက်သေးတယ်။ ဒါ့အပြင် နည်းပြချင်းကလည်း သူ့အမှားကို သူသိပြီး ငါ့ကို တောင်းပန်ခဲ့တယ်။ ငါက သဘောထားကြီးတဲ့သူဆိုတော့ သူ့ကို ခွင့်လွှတ်ပေးလိုက်ပါတယ်။"
"နင့်ကို ချီးကျူးတယ် ဟုတ်လား။"
လင်းယွီရှီး ဆွံ့အသွားခဲ့ရသည်။
"ယဲ့ချန်... နင်... ငါ့ကို နှစ်သိမ့်ပေးနေစရာ မလိုပါဘူး..."
ယဲ့ချန်၏ စကားများကြောင့် ပတ်ပတ်လည်မှ စောင့်ကြည့်နေသော ကျောင်းသားများမှာ ရယ်မောမိသွားကြပြီး ခဏမျှ လှောင်ပြောင်သရော်သံများက တောင်ပံခတ်လျက် ထွက်ပေါ်လာခဲ့တော့သည်။
"ယဲ့ချန်... မင်း ဟန်ဆောင်မနေပါနဲ့တော့။ မင်းသာ ကျောင်းမထုတ်ခံရရင် ငါ လူသိရှင်ကြား ချေးစားပြမယ်။"
"မင်း ပြောတဲ့ စကားကို မင်းကိုယ်တိုင်တောင် မယုံဘူး မဟုတ်လား။"
"အိပ်မက်ထဲကနေ အမြန်နိုးထလိုက်ပါတော့။"
ကျောင်းအုပ်ကြီးလုသည် စာသင်ဆောင်ထဲမှ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းထွက်လာခဲ့သည်။ သူသည် မျက်မှောင်ကြုတ်လျက် အသံကိုမြှင့်ကာ သူတို့ကို ပြစ်တင်ဝေဖန်လိုက်တော့သည်။
"မင်းတို့အားလုံး ဒီမှာ ဘာလာလုပ်နေကြတာလဲ။ အတန်းတက်စရာ မရှိကြဘူးလား။ အခု ချက်ချင်း လူစုခွဲလိုက်ကြစမ်း ဒါ့အပြင် ကျောင်းသား ယဲ့ချန်အကြောင်းကို ဆက်ပြီး မဆွေးနွေးကြနဲ့တော့ ယဲ့ချန်လို ကျောင်းသားမျိုးက အကျင့်စာရိတ္တနဲ့ ပညာရေးမှာ ထူးချွန်ပြီး ဆရာသမားနဲ့ ပညာရေးကို လေးစားကာ ဝီရိယရှိပြီး သင်ယူလိုစိတ် ပြင်းပြတယ် မာနမထောင်လွှားသလို စိတ်မမြန်ဘူး နှိမ့်ချတတ်ပြီး သတိကြီးတယ်။ ယဉ်ကျေးပျူငှာပြီး စည်းကမ်းရှိတယ် ပညာဗဟုသုတ ကြွယ်ဝပြီး အနှိုင်းမဲ့ ပါရမီတွေ ရှိတယ်၊အရည်အချင်းတွေနဲ့ ပြည့်နှက်နေပြီး စိတ်ဓာတ်တက်ကြွနေတဲ့သူမျိုးကို မင်းတို့က သာမန်ကာလျှံကာ ဆွေးနွေးလို့ရမယ့် လူမျိုး ထင်နေတာလား။ မင်းတို့ကရော ထိုက်တန်လို့လား။"
ထိုအခိုက်တွင် မြင်ကွင်းတစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားခဲ့ရတော့သည်။