အခန်း ၃၈
Vol. 4 Ch. 38
အခန်း ၃၈ - မင်းကို သရဲတစ်ကောင်နဲ့ ပြန်လျော်ပေးမယ်။
မွန်းလွဲပိုင်းတွင် ယဲ့ချန်သည် ထုံးစံအတိုင်း အတန်းတက်ခဲ့သည်။ ကျောင်းဆင်းပြီး ကျောင်းဂိတ်တံခါးအပြင်ဘက်၌ ယဲ့ချန်နှင့် တွေ့ဆုံရသည့် အချိန်ကျမှသာ လင်းယွီရှီးသည် သူ ကျောင်းမထုတ်ခံရသည်ဆိုသောအချက်ကို နောက်ဆုံးတွင် ယုံကြည်သွားခဲ့တော့သည်။
"ဒါက တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ။"
လင်းယွီရှီးသည် သက်ပြင်းချနိုင်သွားကာ အံ့အားသင့်ဝမ်းသာစွာဖြင့် ပြောလိုက်သည်။
"ယဲ့ချန်... အမှန်က ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ ဟင်။"
"ဘာလို့လဲဆိုတော့ ငါ့မှာ ဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ်စရိုက် ရှိနေလို့လေ။"
လင်းယွီရှီးလည်း အသေးစိတ်အချက်အလက်များကို ဆက်ပြီး မမေးမြန်းတော့ချေ။
သူတို့နှစ်ဦးသည် လမ်းလျှောက်လျက် ဖြည်းဖြည်းချင်း ထွက်ခွာလာခဲ့ကြသည်။ ညနေခင်း နေဝင်ဆည်းဆာအချိန်သည် အရက်မူးနေသော အမျိုးသမီးတစ်ဦး၏ ပါးပြင်ကဲ့သို့ နီရဲနေခဲ့သည်။
လင်းယွီရှီး၏ မျက်နှာလေးတွင်လည်း အနည်းငယ် မူးယစ်ရီဝေနေသော အနီရောင်သန်းမှုများ ရှိနေခဲ့သည်။ တကယ့်ကို သာယာလှပေသည်။
'အာ— လင်းယွီရှီးနဲ့ ဒီအတိုင်း အတူတူ လမ်းလျှောက်နေရုံ၊ ဘာမှမလုပ်ဘဲ နေရတာတောင်မှ လူကြီးကြည့်ဗီဒီယို တစ်ရာကျော် ကြည့်ရတာထက် ပိုပြီး ပျော်စရာကောင်းတယ် ဒါက အချစ်ဆိုတဲ့အရာလား။'
"ယွီရှီး.. နင်ဒီနေ့ နေ့လယ်က ကောင်းကောင်းမစားရသေးဘူးမလား။ ငါ နင့်ကို ညစာကျွေးပါရစေ။"
ယဲ့ချန်က ပြုံးလျက် ပြောလိုက်သည်။
"ယဲ့ချန်... ငါ့အတွက်နဲ့ နင် ပိုက်ဆံအကုန်အကျခံမှာကို ငါ တကယ်မလိုချင်ပါဘူး။ အမှန်တော့ နင်ငါ့ကို ညစာကျွေးဖို့ မလိုပါဘူး နင်နဲ့ အတူတူ လမ်းလျှောက်ခွင့်ရတာနဲ့တင် ငါ့အတွက် စိတ်ကျေနပ်စရာ ကောင်းနေပါပြီ။
လင်းယွီရှီး၏ မျက်ဝန်းများမှာ ကြည်လင်နေခဲ့ပြီး မည်သည့် အတ္တဆန္ဒမျှ ရှိမနေခဲ့ချေ။
"ဒါက ဘာလို့ ပိုက်ဆံကုန်တာလဲ။"
ယဲ့ချန်က သာမန်ကာလျှံကာ ပြောလိုက်သည်။
"ယွီရှီး... နင့်ကို အမှန်အတိုင်း ပြောရရင် ငါ့မှာ ပိုက်ဆံရှိတယ် အများကြီးရှိတာ။"
"နင်တို့အိမ်က ကျောက်စိမ်းတွင်း ပိုင်လို့လား။"
လင်းယွီရှီးက သူမ၏ မျက်ခုံးလေးကို ပင့်ကာ နှုတ်ခမ်းအစုံကို လှပသော အကွေးအဆန့်ဖြင့် ပြုံးလိုက်ရှာသည်။
"ဒါတော့ မဟုတ်ပါဘူး၊ အဓိကကတော့ ငါ့ကိုယ်ငါ အားကိုးတာပါ။ ငါ့ပိုက်ဆံကို ငါကိုယ်တိုင် ရှာတာ။"
ယဲ့ချန်က ဂုဏ်ယူစွာဖြင့် ဆိုသည်။ စကားအများကြီး ဆက်မပြောတော့ဘဲ သူတို့နှစ်ဦး အနီးနားရှိ တရုတ်စားသောက်ဆိုင်တစ်ဆိုင်ကို ရှာဖွေကာ ညစာ အတူတူ စားသောက်လိုက်ကြသည်။ လင်းယွီရှီး၏ ဖခင်ဖြစ်သူမှာ နှစ်ရှည်လများ အိပ်ရာထဲလဲနေသဖြင့် ပြုစုစောင့်ရှောက်ရန် လိုအပ်နေပြီး.သူမ၏ မိခင်မှာလည်း စူပါမားကတ်တစ်ခုတွင် အချိန်ပိုင်းအလုပ် လုပ်ကိုင်နေရသဖြင့် သူမ အိမ်သို့ စောစောပြန်ရပေလိမ့်မည်။
ဟူး... ဆင်းရဲသားတို့၏ သားသမီးများမှာ အချိန်မတိုင်မီ ရင့်ကျက်ကြရသည် မဟုတ်ပါလား။
"ယွီရှီး.. ငါ နင်ကို အိမ်အထိ လိုက်ပို့ပေးမယ်။ ဒါ့အပြင် နင်အဆင်ပြေတဲ့အချိန်ကျရင် နင့်ရဲ့ မိဘတွေဆီကိုလည်း လာပြီး ကန်တော့ချင်သေးတယ်။"
"ရှင်..."
လင်းယွီရှီး၏ လှပသော မျက်နှာလေးမှာ ချက်ချင်းပင် ရဲတောက်သွားခဲ့သည်။ သူမ ခေါင်းလေးငုံ့ကာ စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင်မှ ခြင်လေးတစ်ကောင် ညည်းညူသကဲ့သို့ တိုးညှင်းသောအသံဖြင့်ဆိုရှာသည်။
"ဟုတ်ကဲ့..."
ယဲ့ချန်သည် လင်းယွီရှီးအား အိမ်သို့ လိုက်ပို့ရန် တာဝန်**တစ်ခု သတ်မှတ်ထားခဲ့သည်။ ၎င်းကို ပြီးမြောက်သွားသောအခါ စနစ်မှ သူ့အတွက်okamoto 001 အထုပ် ၁၀၀ချပေးခဲ့သည်။
ယဲ့ချန် စတီယာရင်ကို ကိုင်ထားရင်း မည်သို့လုပ်ရမည်ကို မသိဘဲ ဖြစ်နေခဲ့သည်။
ဒီစနစ်က တကယ့်ကို ညစ်ပတ်စုတ်ပဲ့လွန်းတာပဲ။
ထားလိုက်ပါတော့... ဝမ်ကြီးကိုပဲ အချို့ ပေးလိုက်တော့မယ် သူနဲ့ သူ့ရဲ့ ကျင်းကျင်းက အခုတလော အချစ်မီးတွေ တောက်လောင်နေကြတာပဲဟာ။
ယဲ့ချန် အိမ်သို့ ပြန်ရောက်သောအခါ ည ၉ နာရီကျော်နေပြီ ဖြစ်သည်။ သူ မိမိ၏ အိမ်ရှေ့တံခါးဝတွင် မတ်တတ်ရပ်လိုက်သည်။ တံခါးမှာ အနည်းငယ် ဟဟပွင့်နေခဲ့ပြီး ထိုအဟက်ကြောင်းမှတစ်ဆင့် အလင်းရောင်များ ဖြာထွက်နေသည်ကို သူ မြင်တွေ့လိုက်ရသည်။
'ငါ့မိဘတွေ လာကြတာလား။ မဟုတ်နိုင်ပါဘူး ဒီအချိန်ဆိုရင် သူတို့က အိမ်ရာဝင်းထဲက ဝိုင်းမှာ အသည်းအသန် ကစားနေကြတုန်းပဲ ဖြစ်ရမယ်... အစ်မယွီက ငါ့အိမ်မှာ ရှိနေသေးတာလား။'
ယဲ့ချန် တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိသွားသည်။ သူ့အိမ်၏ တံခါးသော့မှာ ဖျက်ဆီးခံထားရသည်။
'တောက်... သူခိုးလား။'
ယဲ့ချန် ဒေါသထွက်သွားခဲ့သည်။ အတိတ်ကာလကဆိုလျှင် သူခိုးတစ်ယောက် ဝင်ရောက်လာပါက သူ သေချာပေါက် ထိတ်လန့်တုန်လှုပ်မိမည် ဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင်မူ အခြားအရာများကို ထားလိုက်ဦး။ သူသည် လက်ဝှေ့နှင့် နပန်းပညာရပ်နှစ်ခုလုံးတွင် အမျိုးသားအဆင့် ချန်ပီယံအဆင့်အတန်းမျိုး ရှိနေခဲ့ပြီ ဖြစ်သည်။
ဘယ်လိုသူခိုးမျိုးပဲဖြစ်ဖြစ် ယဲ့ချန်၏ လက်ထဲသို့ မိသွားပါက သူ ၎င်းတို့ကို သေအောင် ရိုက်နှက်ပစ်မည် ဖြစ်သည်။ စကားအများကြီး ဆက်မပြောတော့ဘဲ ယဲ့ချန် တံခါးကို ကန်ဖွင့်လိုက်ကာ အထဲသို့ တည့်တည့် လျှောက်လှမ်း ဝင်ရောက်သွားခဲ့တော့သည်။
အခန်းအတွင်း။
ဧည့်ခန်းမီးများ ပွင့်နေခဲ့သည်။
အခန်းမှာ သန့်ရှင်းသပ်ရပ်အောင် ရှင်းလင်းထားသဖြင့် အသစ်စက်စက်အတိုင်း ဖြစ်နေခဲ့သည်။
မူလက ရှုပ်ပွနေသော ပစ္စည်းများမှာလည်း စနစ်တကျ စီရီထားရှိပြီး ဖြစ်သည်။
ဒါတွေအားလုံးက စန်းယွီ၏ ကျေးဇူးကြောင့် ဖြစ်သည်။ သို့သော်လည်း သူမ အခန်းထဲတွင် ရှိမနေခဲ့ချေ။ ဆိုဖာပေါ်တွင်မူ ထွားကျိုင်းလှသော အမျိုးသား သုံးဦးက ခန့်ညားထည်ဝါသော ပုံစံမျိုးဖြင့် ထိုင်နေကြသည်။ သူတို့ ဆေးလိပ်သောက်နေကြပြီး သူတို့၏ မျက်နှာများမှာ တည်တင်း ခက်ထန်နေခဲ့ကြသည်။
တစ်ချက်ကြည့်ရုံဖြင့် ယဲ့ချန် ဤအမျိုးသား သုံးဦးကို တစ်ခါမျှ မမြင်ဖူးကြောင်း သိလိုက်သည်။ သို့သော်လည်း သူတို့က သူခိုးနှင့်လည်း မတူချေ။ အိမ်အတွင်း ပစ္စည်းများ မွှေနှောက်ထားသည့် အရိပ်အယောင်လည်း မရှိသည့်အပြင်မည်သူက သူခိုးတစ်ယောက် အခြားသူ၏ အိမ်တွင် ဗြောင်ကျကျ ထိုင်ကာ ဆေးလိပ်သောက်နေသည်ကို မြင်ဖူးလို့လဲ။
ယဲ့ချန်ကို မြင်လိုက်ရသောအခါထိုအမျိုးသား သုံးဦးလုံး ထရပ်လိုက်ကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းကြုတ်မှုများ လျှံထွက်နေခဲ့သည်။
"ယဲ့ချန်လား။"
သူတို့ထဲမှ တစ်ယောက်က အေးစက်ခက်ထန်စွာ လှမ်းမေးလိုက်သည်။
"ဟုတ်တယ်။"
ယဲ့ချန်က လောလောဆယ် စိတ်ကိုထိန်းကာ အန္တရာယ်မရှိသော မျက်နှာပေးမျိုး လုပ်လျက် ပြန်လည်ဖြေကြားလိုက်သည်။
"မင်းတို့က ဘယ်သူတွေလဲ။"
"စောက်ကောင်။"
ဂျိုးတစ်ကောင်ကဲ့သို့ ခေါင်းရှိပြီး ဝိုင်းစက်သော မျက်လုံးများရှိသည့် အခြားအမျိုးသားတစ်ဦးက အော်ဟစ်လိုက်သည်။
"မင်း နောက်ဆုံးတော့ ပြန်လာပြီပေါ့။ ငါတို့ရှေ့မှာ လာပြီး ငတုံး မလုပ်နဲ့စမ်း မင်း ဘာတွေ လုပ်ခဲ့လဲဆိုတာ မင်းကိုယ်တိုင် မသိဘူးလား။"
"???"
ယဲ့ချန် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရသည်။
"ငါ လုပ်ခဲ့တာတွေက အများကြီးပဲလေ။ မင်းတို့က အရိပ်အမြွက်လေး ပေးရမယ်လေ။"
"မင်းလို ကောင်စုတ်က တကယ့်ကို သတ္တိရှိတာပဲ။ ငါတို့ရဲ့ သူဌေးကြီးက ယန်မြို့ တစ်ခုလုံးကို စိုးမိုးထားတာ ဘယ်သူမှ သူ့ကို ဟင့်အင်း လို့ မပြောရဲဘူး လူဖြစ်ဖြစ် သရဲဖြစ်ဖြစ် အားလုံးက ဒူးထောက်ရတာ မင်းက သူ့ကို လာပြီး လှည့်စားရဲတယ်ပေါ့ မင်း တကယ့်ကို အသက်ဝဝ ရှူချင်ပုံမရဘူး။"
ဝံပုလွေတစ်ကောင်ကဲ့သို့ ရက်စက်သော မျက်ဝန်းများရှိသည့် အမျိုးသားတစ်ဦးက စိုက်ကြည့်ကာ ဆိုသည်။
လူဖြစ်ဖြစ် သရဲဖြစ်ဖြစ် အားလုံးက ဒူးထောက်ရတယ် ဟုတ်လား။
သရဲ...
ထိုစကားကို ကြားလိုက်ရသဖြင့် ယဲ့ချန် အခြေအနေကို ရိပ်မိသွားခဲ့သည်။
ဒါဆိုရင်...
"သူဌေးကြီးက ပြောလိုက်တယ် အဲ့ဒီ ဆုကြေးငွေ နှစ်သိန်းကို မင်းတို့ မိသားစုတစ်ခုလုံးအတွက် ခေါင်းတလားဝယ်ဖို့ သုံးလိုက်ပါတဲ့။"
အမျိုးသားတစ်ဦးက လှောင်ပြောင် သရော်လိုက်သည်။
အော် ငါ ထင်ထားတဲ့အတိုင်းပဲ။
ယဲ့ချန် ရုတ်တရက် နားလည်သွားခဲ့သည်။
Huidong Grand Hotel ရဲ့ အခန်းနံပါတ် ၂၀၃၅ ကို ဖျက်ဆီးခဲ့ပြီးသရဲမကို လွှတ်ပေးခဲ့ကာ သူတစ်ပါးရဲ့ စီးပွားရေးလမ်းကြောင်းကို ဖျက်ဆီးခဲ့မိတာဆိုတော့အခု သူတို့က သူ့ကို လာရောက် ရှာဖွေကြခြင်း ဖြစ်သည်။
အပြင်ပန်းတွင် ယဲ့ချန် ပျာယာခတ်နေဟန် တူသော်လည်းအတွင်းစိတ်ထဲတွင်မူ ကျောက်ဆောင်တစ်ခုကဲ့သို့ တည်ငြိမ်နေခဲ့သည်။ ရန်သူများ အိမ်ရှေ့သို့ ရောက်ရှိလာခြင်းက သူ့ကို ပိုမို စိတ်သက်သာရာရစေခဲ့သည်။
ဖြစ်လာမယ့်အရာက ဖြစ်လာမှာပဲ။ ဒါက ဘေးဒုက္ခဆိုရင်လည်း ရှောင်လွှဲလို့မရဘူး။ လာမယ့်အရာက စောစောစီးစီး လာတာပဲ ကောင်းပါတယ် ဒါက ဘဝရဲ့ စိန်ခေါ်မှုတစ်ခုဆိုရင် ရင်ဆိုင်လိုက်ရုံပဲ ရှိတာပေါ့။
"အာ...အဲ့ဒီ ကိစ္စကတော့..."
ယဲ့ချန် ခက်ခဲနေသည့် ပုံစံမျိုး လုပ်လိုက်သည်။
"ဟုတ်ပါတယ်... အဲ့ဒီ ကိစ္စက ငါ မှားသွားတာပါ။ ငါက ငယ်ရွယ်ပြီး လူမစင်သေးတော့ ကလေးကစားသလို လုပ်မိတာပါ။ ကျေးဇူးပြုပြီး ညီအစ်ကိုတို့ရယ်... သက်ညှာပေးကြပါ။ မင်းတို့ရဲ့ သူဌေးကြီးက ဘယ်မှာလဲ။ ငါ အမှန်တော့ သူ့ကို လူကိုယ်တိုင် သွားရောက် တောင်းပန်ချင်နေတာပါ။"
ယဲ့ချန်၏ အမူအရာက ထိုအမျိုးသား သုံးဦးကို အလွန် အနေရခက်စေခဲ့သည်။ ယုတ္တိရှိရှိ စဉ်းစားကြည့်လျှင် သူဌေးကြီးကို ဆန့်ကျင်ရဲသောသူသည် ခေါင်းမာပြီး အရိုးကြမ်းသောသူ ဖြစ်ရမည်။ ယခု တွေ့ဆုံရသည့်အခါတွင်မူ ဤမျှအထိ သူရဲဘောကြောင်သော ကောင်တစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြချေ။
"ညီအစ်ကို သုံးယောက်စလုံး ဆေးလိပ်သောက်ကြပါဦး ဆေးလိပ်သောက်ကြပါဦး။"
ယဲ့ချန်သည် စနစ်မှ ချပေးထားသော ဆေးလိပ်ကို အိတ်ကပ်ထဲမှ ထုတ်ယူလိုက်ပြီးမှင်တက်နေသော ထိုအမျိုးသားများထံသို့ တစ်လိပ်ချင်းစီ လှမ်းပေးလိုက်သည်။
"မင်းတို့ သူဌေးက ဘယ်မှာလဲ။"
"တောက်... ငါတို့နဲ့ လာပြီး ရင်းနှီးအောင် လာမလုပ်နဲ့စမ်း။"
အမျိုးသားတစ်ဦးက ယဲ့ချန် ကမ်းလှမ်းသော ဆေးလိပ်ကို လွှတ်ပစ်လိုက်ပြီး ရက်စက်စွာ ဆိုသည်။
"ငါတို့နဲ့ လိုက်ခဲ့ သူဌေးကြီးက မင်းကို တွေ့ချင်နေတာ။"
အခြားအမျိုးသားတစ်ဦးက ရက်စက်စွာ ပြုံးလျက် လက်ထဲမှ ဆေးလိပ်ကို မီးညှိကာ ပြင်းပြင်းရှူရှိုက်လိုက်ပြီး ယဲ့ချန်၏ မျက်နှာပေါ်သို့ ဆေးလိပ်ငွေ့များ မှုတ်ထုတ်လိုက်သည်။
"ဒီလိုလုပ်ရအောင် မင်း လိမ်လိမ်မာမာနဲ့ ငါတို့နောက်ကို လိုက်ခဲ့ လမ်းမှာ ဘာသံမှ မထွက်နဲ့။ သူဌေးကြီးနဲ့ တွေ့တဲ့အခါ ငါတို့ မင်းအတွက် စကားကူပြောပေးမယ် အနည်းဆုံးတော့ မင်းရဲ့ မိဘတွေကို ဒုက္ခမပေးအောင်ပေါ့။ မင်းသာ လှည့်ကွက် သုံးဖို့ ကြံစည်ရင်တော့ မင်းတို့ မိသားစုတစ်ခုလုံး သေရလိမ့်မယ် သဘောပေါက်လား။"
ထိုစကားကို ကြားလိုက်ရသဖြင့် ယဲ့ချန်၏ ရင်ထဲတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒတစ်ခု ဖျတ်ခနဲ ဖြတ်သန်းသွားခဲ့ရသည်။ ၎င်းက သူ၏ ဘဝတွင် ပထမဦးဆုံးအကြိမ် ခံစားလိုက်ရသော အာရုံ ဖြစ်သည်။ သူ၏ မျက်ဝန်းများ အေးစက်သွားခဲ့သော်လည်းသူ၏ မျက်နှာအမူအရာမှာမူ ထိတ်လန့်တုန်လှုပ်နေသော ငုံးငှက်ငယ်လေးတစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့သည်။
"ဟုတ်... ဟုတ်ကဲ့ပါ... ငါ လုပ်ခဲ့တာတွေကို ငါ တာဝန်ယူပါတယ်။ ငါ မင်းတို့နဲ့အတူ သူဌေးကြီးကို သွားတွေ့ပါ့မယ်။ ငါ... ငါ လူကိုယ်တိုင် သေချာပေါက် တောင်းပန်ရပါမယ်။"
"ဒါဆိုရင် အချိန်ဖြုန်းမနေနဲ့တော့ သူဌေးကြီးက စောင့်နေတာ။"
အမျိုးသားတစ်ဦးက ယဲ့ချန်ကို တွန်းလိုက်သော်လည်း သူက လှုပ်ပင်မလှုပ်ခဲ့ချေ။
"သွားစမ်းးး"
"ကောင်းပြီ။"
ယဲ့ချန် လှည့်ကာ အပြင်သို့ လျှောက်လှမ်းသွားခဲ့သည်။ ထိုအမျိုးသား သုံးဦးမှာ ယဲ့ချန်၏ နောက်မှ တိတ်တဆိတ် လိုက်ပါလာခဲ့ကြသည်။ အောက်ထပ်သို့ ရောက်သောအခါ၊ အမျိုးသားတစ်ဦးက ယဲ့ချန်၏ ပခုံးကို ရင်းနှီးသော ပုံစံမျိုးဖြင့် ဖက်လိုက်ပြီး တိုးညှင်းစွာ သတိပေးသည်။
"ဘာသံမှ မထွက်နဲ့ သဘောပေါက်လား။"
"စိတ်ချပါ ငါ အကူအညီ လှမ်းမတောင်းပါဘူး။"
ယဲ့ချန် ခေါင်းငုံ့လျက် သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်နေခဲ့သည်။သူ ဤအမျိုးသား သုံးဦးကို ပူးပေါင်းဆောင်ရွက်ပေးရမည် ဖြစ်သည်။
Huidong Grand Hotel ၏ သူဌေးကြီးကို တွေ့မှသာသူ ၎င်းတို့ကို တစ်ပြိုင်နက်တည်း အမြစ်ပြတ် သုတ်သင်ရှင်းလင်းနိုင်မည် မဟုတ်ပါလား။
အိမ်ရာဝင်းအပြင်ဘက်သို့ ရောက်သောအခါ၊ ထိုအမျိုးသား သုံးဦးသည် Buick စီးပွားရေးသုံး ဗန်ကားတစ်စီးထဲသို့ ဆွဲသွင်းလိုက်ကြသည်။ ကားအတွင်းတွင် မောင်းနှင်သူအပြင် ထွားကျိုင်းလှသော အခြားအမျိုးသား နှစ်ဦးလည်း ရှိနေသေးသည်။
"ဒီကောင်လေးလား။"
ကားမောင်းသူက ခေါင်းလှည့်ကြည့်ကာ ယဲ့ချန်အား လူသေတစ်ယောက်ကို ကြည့်သကဲ့သို့ စိုက်ကြည့်လိုက်သည်။
"သူဌေးကြီးက ပြောတယ် ဒီနေ့ သူ့ရဲ့ အသားတွေကို တစ်စစီ လှီးဖြတ်ပြီး ငါးစာအဖြစ် သုံးရမယ်တဲ့။"
"ပေါက်ကရတွေ ပြောမနေနဲ့တော့ ကားမောင်းစမ်းးး။"
ယဲ့ချန်၏ ဘေးတွင် ထိုင်နေသော အမျိုးသားက ကားမောင်းသူအား မျက်ရိပ်ပြလိုက်ပြီး လောလောဆယ် ယဲ့ချန်ကို မခြောက်လှန့်ရန် သတိပေးလိုက်သည်။
ကားစတင် မောင်းနှင်ခဲ့သည်။
ကားသည် မြို့စွန်ဘက်သို့ ဦးတည်မောင်းနှင်နေခဲ့သော်လည်း ပြတင်းပေါက်များကိုမူ လုံးဝ ပိတ်ထားခဲ့သည်။ မိနစ်လေးဆယ်ခန့် ကြာပြီးနောက်ကားသည် မြို့ဆင်ခြေဖုံးအရပ်သို့ မောင်းနှင် ဝင်ရောက်သွားခဲ့တော့သည်။ မြို့ပြမှ ထွက်ခွာလာပြီးနောက်ပြတင်းပေါက် အပြင်ဘက်တွင် မှောင်မိုက်တိတ်ဆိတ်နေခဲ့သည်။
ဒီညတွင် လမင်းကြီးမှာ မည်းမှောင်လှသော တိမ်တိုက်များအနောက်တွင် ပုန်းကွယ်နေခဲ့ပြီး ကြယ်တာရာများမှာလည်း အထီးကျန်နေခဲ့ကြသည်။ ၎င်းက တကယ့်ကို လူသတ်ရန် ကောင်းမွန်လှသော လေပြင်းထန်ပြီး မုန်တိုင်းကျထန်မည့် ညတစ်ညကဲ့သို့ ခံစားရစေသည်။
'ငါ ဒီညတော့ ကိစ္စကြီးတစ်ခု လုပ်ရတော့မယ် ထင်တယ် ကောင်းပြီ... ဒါက ရှားပါးတဲ့ အခွင့်အရေးပဲ ငါ တာဝန်ကို သေချာလုပ်ပြီး ဆုလာဘ်ကြီးတွေ ရအောင် ယူရမယ်...'
ယဲ့ချန် ယခုအချိန်တွင် တကယ့်ကို သတ္တိရှိနေခဲ့ပြီ ဖြစ်သည်။ သူ မကြောက်ရွံ့ရုံတင်မကဘဲ သူ၏ ဦးနှောက်မှာလည်း မသိနိုင်သော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
တဖြည်းဖြည်းနှင့် ကားသည် လူသူကင်းမဲ့လှသော အရပ်ဒေသတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ပတ်ပတ်လည်တွင် ပျံ့နှံ့နေသော ကျေးရွာအနည်းငယ်မှလွဲ၍ အဆုံးမဲ့လှသော လယ်ကွင်းပြင်ကြီးများသာ ရှိနေခဲ့သည်။
ကားရပ်တန့်သွားခဲ့သည်။
"စောက်ကောင် ဆင်းစမ်း။"
အမျိုးသားတစ်ဦးက ယဲ့ချန်အား အော်ဟစ်လိုက်သည်။
"ကောင်းပြီ... ငါ ကိုယ်တိုင် ဆင်းပါ့မယ် ငါ့ကို လာမတွန်းနဲ့။"
ယဲ့ချန် ပြုံးလိုက်သည်။
"ဟေး... ကောင်လေး မင်းမှာ တကယ့်ကို သတ္တိရှိတာပဲလို့ ငါ မြင်မိတယ်။ ဒီလိုအချိန်မျိုးမှာတောင် မင်း ပြုံးနိုင်သေးတယ်ပေါ့။"
အခြားအမျိုးသားတစ်ဦးက အနည်းငယ် အံ့အားသင့်လျက် ဆိုသည်။
"ညီအစ်ကိုတို့... သူ့ကို မထိနဲ့ဦး သူဌေးကြီး ကိုယ်တိုင် ဖြေရှင်းပါစေ။ လူသေတစ်ယောက်ကို ဒုက္ခပေးနေစရာ မလိုပါဘူး။"
သူတို့ ယဲ့ချန်ကို လူသေတစ်ယောက်အဖြစ် လုံးဝ သတ်မှတ်လိုက်ကြပြီ ဖြစ်သည်။
သူ ကားပေါ်မှ ဆင်းလိုက်သည်။ မလှမ်းမကမ်းတွင် ကားအချို့ ရပ်တန့်ထားကြပြီး ၎င်းတို့၏ ရှေ့မီးကြီးများက မညီမညာဖြစ်နေသော မြေပြင်ကို လင်းထိန်စေခဲ့သည်။
ယဲ့ချန် လှမ်းကြည့်လိုက်သောအခါ ထွားကျိုင်းလှသော အမျိုးသား ဆယ်ဂဏန်းကျော်ခန့်က ရက်စက်ကြမ်းကြုတ်သော မျက်နှာပေးရှိသည့် လူလတ်ပိုင်းအမျိုးသားတစ်ဦးကို ဝန်းရံထားကြသည်ကို မြင်တွေ့လိုက်ရသည်။
ထိုလူလတ်ပိုင်းအမျိုးသားမှာ ကုလားထိုင်တစ်လုံးပေါ်တွင် ခြေထောက်ချိတ်ထိုင်လျက် ဆေးလိပ်ကို အသည်းအသန် သောက်နေခဲ့သည်။ ထိုလူလတ်ပိုင်းအမျိုးသားမှာ အခြားသူမဟုတ်ဘဲHuidong Grand Hotel ၏ သူဌေးကြီးပင် ဖြစ်ရမည်။
"သူဌေးကြီး... လူကို ခေါ်လာခဲ့ပါပြီ။"
ဖော်လံဖားတစ်ယောက်က ခါးကိုကိုင်းလျက် နားနားသို့ ကပ်၍ တိုးညှင်းစွာ ပြောလိုက်သည်။
"တောက်... သွားကြစမ်း။"
သူသည် ဆေးလိပ်ကို လွှတ်ပစ်လိုက်ပြီး သူ၏ မျက်နှာတစ်ခုလုံး ရူးသွပ်မှုများဖြင့် ပြည့်လျက် မတ်တတ်ရပ်ကာ သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်သည်။ သူ့ဘေးရှိ ဖော်လံဖားတစ်ဦးက ချက်ချင်းပင် တောက်ပပြီး ထက်မြက်လှသော ဓားမကြီးတစ်လက်ကို လှမ်းပေးလိုက်သည်။
တုံ့ဆိုင်းခြင်းမရှိဘဲဓားမကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး လူအုပ်ကို ဦးဆောင်လျက် ယဲ့ချန်ထံသို့ ခန့်ညားထည်ဝါသော ပုံစံမျိုးဖြင့် လျှောက်လှမ်းလာခဲ့တော့သည်။
သူ၏ ခန္ဓာကိုယ်မှ အေးစက်လှသော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ဖြာထွက်နေခဲ့ပြီး၊ယသူ၏ မျက်ဝန်းများထဲတွင်လည်း ကြီးမားလှသော နာကျည်းမုန်းတီးမှုများ ပြည့်နှက်နေခဲ့သည်။ သူသည် ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေပြီး ထူးဆန်းဆန်းပြားကာ ယုတ်မာသောအငွေ့အသက်များကို ထုတ်လွှတ်နေသည်ကို မြင်တွေ့လိုက်ရသည်။
ယဲ့ချန် ယခင်က ဤကဲ့သို့သော ရက်စက်ကြမ်းကြုတ်မှုအဆင့်မျိုးကို အခြားလူတစ်ဦးထံတွင် မြင်တွေ့ဖူးခဲ့သည်။ ထိုလူမှာ မနေ့ညက စန်းယွီ၏ အိမ်တွင် အကြွေးလာတောင်းခဲ့သော ငွေကြေးကုမ္ပဏီ၏ သူဌေး ပင် ဖြစ်သည်။ ယဲ့ချန် ရပ်တန့်လိုက်ပြီး ကွမ်းထျန်ရှောင်း နှင့် အချို့သော အကွာအဝေးတစ်ခုကို တမင်တကာ ထိန်းသိမ်းထားလိုက်သည်။ ခွမ်းထျန်းရှုံနှင့် သူ၏ ဖော်လံဖားများလည်း ရပ်တန့်သွားခဲ့ကြသည်။
ယဲ့ချန်၏ နောက်ကွယ်တွင်မူကားထဲမှ ထွားကျိုင်းလှသော အမျိုးသားအချို့လည်း ဆင်းလာခဲ့ကြပြီး သူ၏ နောက်ဆုတ်လမ်းကြောင်းကို ပိတ်ဆို့ထားကြသည်။
"မင်းလို ကောင်စုတ်လေး... ဒီည မင်းကို ဘာလို့ ဒီကို ခေါ်လာရလဲဆိုတာ မင်းသိလား။"
ကွမ်းထျန်ရှောင်းသည် ယဲ့ချန်ကို တစ်စစီ ဝါးမြိုပစ်ချင်သည့်အလား သွားကြိတ်လျက် လှမ်းမေးလိုက်သည်။
"ငါ သိတာပေါ့။"
ယဲ့ချန်က ရုတ်တရက် ပြုံးလျက် ပြောလိုက်သည်။
"မင်းကို ပိုက်ဆံရှာပေးနေတဲ့ ကြိုးဆွဲချသရဲမကို ငါ လွှတ်ပေးခဲ့မိတာလေ။ အဲ့ဒါ မနေ့ညက ဖြစ်ခဲ့တာ ထင်တယ်နော်။"
ကွမ်းထျန်ရှောင်း ဒေါသတကြီးဖြင့် ရယ်မောလိုက်သည်။
"ဟားဟားဟား ကောင်းပြီ...မင်းက အခြေအနေကို နားလည်တဲ့လူတစ်ယောက် ဖြစ်ပုံရတာပဲ ဒါဆိုရင် မင်းကို အခြေအနေသိတဲ့ သရဲတစ်ကောင်အဖြစ် ငါ သေခွင့်ပေးပါ့မယ်။ မင်းကို အမှန်အတိုင်း ပြောရရင် ဒီနေ့ မင်း လွယ်လွယ်နဲ့ သေရမှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းရဲ့ နောက်ဆုံးစကားကို ပြောဖို့ အခွင့်အရေးတစ်ခုတော့ ငါ ပေးနိုင်ပါတယ်။ ငါက တကယ့်ကို ရန်ကို မေတ္တာနဲ့ တုံ့ပြန်ပေးနေတာပဲ။"
"ငါက ဘာလို့ သေရမှာလဲ။"
ယဲ့ချန်က အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် ဆိုသည်။
"သူဌေးကြီးရယ်... မင်းက တွေ့တွေ့ချင်းပဲ ဘာလို့ သတ်ဖို့ ဖြတ်ဖို့ပဲ အော်ဟစ်နေရတာလဲ။ ငါ မင်းကို ပြန်လျော်ပေးနိုင်ပါတယ်။"
"ပြန်လျော်ပေးမယ် ဟုတ်လား။"
ကွမ်းထျန်ရှောင်း ယဲ့ချန်အား မုန်းတီးမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။
"မင်းက ဘာမို့လို့ လာလျော်ပေးမှာလဲ။ ငါ့ရဲ့ ဟိုတယ်က တစ်နှစ်ကို ဝင်ငွေ ဘယ်လောက်ရှိလဲ မင်းသိလား။ မင်း အဲ့ဒီသရဲမကို လွှတ်ပေးလိုက်ပြီးတဲ့နောက် ငါ့မှာ ဆုံးရှုံးမှု ဘယ်လောက်ကြီးမားသွားလဲ မင်းသိလား။ စောက်ကောင် မင်းရဲ့ ဘိုးဘွား ၁၈ ဆက်လုံးရဲ့ သင်္ချိုင်းကို တူးပြီး လျော်ရင်တောင် မင်း လျော်နိုင်မှာ မဟုတ်ဘူး။"
"ဖူးးးး"
ယဲ့ချန်လည်း ရယ်မောမိသွားသည်။
"သူဌေးကြီး... စိတ်လျှော့ပါ။ ငါ မင်းကို ပိုက်ဆံ ပြန်လျော်ပေးမယ်လို့ ဘယ်သူပြောလဲ။ အမှန်တော့ ငါ့မှာ အစီအစဉ် ရှိပြီးသားပါ.ဒီတစ်ခါတော့ ငါ မင်းကို အရင်းရော အတိုးပါ တွက်ပြီး ပြန်လျော်ပေးမှာပါ။"
ယဲ့ချန်၏ ယုံကြည်ချက်ရှိလှသော စကားများကြောင့်ကွမ်းထျန်ရှောင်း ခဏမျှ မှင်တက်သွားခဲ့ပြီး သူ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားခဲ့သည်။
"မင်း ဘာပြောချင်တာလဲ။"
"ငါ မင်းရဲ့ ကြိုးဆွဲချသရဲမ တစ်ကောင်ကို လွှတ်ပေးခဲ့မိတာဆိုတော့ ငါ မင်းကို သရဲတစ်ကောင်နဲ့ပဲ ပြန်လျော်ပေးမယ်။"
ယဲ့ချန်က နောက်ပြောင်သော အပြုံးဖြင့် ဆိုသည်။
"ပြီးတော့... ငါ လွှတ်ပေးခဲ့တဲ့အကောင်က အလွန်ဆုံးရှိမှ လေလွင့်သရဲတစ်ကောင်ပဲဒါပေမဲ့ ဒီည ငါ မင်းကို ပြန်လျော်ပေးမယ့်အကောင်ကတော့ရန်ငြိုးကြီးမားလှတဲ့ သရဲ တစ်ကောင်ပဲ။ ပင်လယ်ပြင်ထက် နက်ရှိုင်းတဲ့ ရန်ငြိုးတွေနဲ့ ကောင်းကင်ယံအထိ ရောက်နိုင်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အငွေ့အသက်တွေ ရှိနေတဲ့အကောင်မျိုးပေါ့။"
သူ စကားပြောပြီးစီးသည်နှင့် တစ်ပြိုင်နက် ယဲ့ချန် စိတ်အာရုံတစ်ခု လှုပ်ရှားလိုက်သည်။
'ထွက်လာပြီး တစ်ပတ်လောက် လှည့်ပတ်လိုက်စမ်း။'
ချက်ချင်းပင် ယဲ့ချန်အား ဗဟိုပြုလျက် ထူထပ်ပြီး ဖောက်ထွင်းမမြင်နိုင်သော သွေးနီရောင် မြူခိုးများ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့တော့သည်။ ထိုသွေးနီရောင် မြူခိုးများအတွင်းတွင်မူ ကောင်းကင်နှင့် မြေကြီး၏ ရန်ငြိုးများကို စုစည်းထားသည့် မျက်ဝန်းတစ်စုံကို ဝေဝါးစွာ မြင်တွေ့လိုက်ရသည်။
"ဟီးဟီး ဟီးဟီး"