အခန်း ၄၆
Vol. 5 Ch. 46
အခန်း ၄၆ - နည်းလမ်းရှိသည်။
ထိုဘဏ္ဍာရေးကုမ္ပဏီသူဌေးသည် အသေးအဖွဲကိစ္စလေးကစ၍ ရန်ငြိုးဖွဲ့တတ်ပြီး အငြိုးအတေးကြီးသည့် ရက်စက်ကြမ်းကြုတ်သူတစ်ဦးဖြစ်ကြောင်း ထင်ရှားလှသည်။ ယနေ့ ယဲ့ချန်နှင့် တိုးမိသည့်အခါ ယခင်ကဖြစ်ပွားခဲ့သော ပဋိပက္ခအတွက် သေချာပေါက် ကလဲ့စားချေရန် ကြိုးပမ်းလာမည် ဖြစ်သည်။
ယဲ့ချန်အနေဖြင့် ကိုယ်တိုင်အတွက် ကြောက်ရွံ့ခြင်းမရှိသော်လည်း နုနယ်ပြီး အပြစ်ကင်းစင်လှသော လင်းယွီရှီးကိုမူ ဤမုန်တိုင်းကြားထဲတွင် မပတ်သက်စေချင်ချေ။
"ယဲ့ချန်... နင်သူ့ကို သိလို့လား။"
လင်းယွီရှီး ခြေလှမ်းမရွေ့သေးဘဲ အခြေအနေကို အကဲခတ်နေမိသည်။ ယဲ့ချန်၏ မျက်နှာအမူအရာ မကောင်းသည်ကို သတိပြုမိသဖြင့် သူမ လောတကြီး မေးမြန်းလိုက်ခြင်း ဖြစ်သည်။
"ငါ မင်းကိုပဲ လိုက်ရှာနေတာ။"
ဘဏ္ဍာရေးကုမ္ပဏီသူဌေးက ယဲ့ချန်ထံသို့ လျှောက်လှမ်းလာရင်း အလွန်အမင်း စိတ်လှုပ်ရှားနေသော လေသံဖြင့် အကျယ်ကြီး ပြောလိုက်သည်။
ယဲ့ချန်သည် လင်းယွီရှီးကို ကာကွယ်ရန်အတွက် သူ့နောက်သို့ ဆွဲပို့လိုက်ပြီးနောက် မဲ့ပြုံးပြုံးကာ ဆိုသည်။
"ဘာလဲ ငါ့ကို ရှာတာ ဘာကိစ္စရှိလို့လဲ။ အလုပ်မရှိ အလုပ်ရှာနေတာလား။ အကြွေးစာချုပ်က မင်းရဲ့ အသိစိတ်တွေ ပြန်ဝင်လာပြီး ငိုယိုတောင်းပန်ရင်း ငါ့ကို လာပေးပြီး မီးရှို့ခိုင်းခဲ့တာလေ။ အဲ့ဒါ ငါနဲ့ ဘာဆိုင်လို့လဲ။"
ယဲ့ချန် ဤသို့ပြောသည်ကို ကြားလိုက်ရသည့်အခါ ဘဏ္ဍာရေးကုမ္ပဏီသူဌေးသည် အံဩဖွယ်ကောင်းလောက်အောင် ပြုံးပြလာခဲ့သည်။
သူ၏ အပြုံးမှာ ထင်မှတ်မထားလောက်အောင် ရိုးသားပျူငှာပြီး ယဉ်ကျေးလှပေသည်။ သူ၏ မျက်နှာပေါ်တွင် မကောင်းကြံမည့် အရိပ်အယောင်မျှပင် မရှိဘဲပြဿနာရှာမည့်သူနှင့် လုံးဝ မတူချေ။
အမှန်အတိုင်းပြောရလျှင် သူ၏ အပြုံးထဲတွင် ဖားယားလိုသည့် အရည်အသွေးပင် အနည်းငယ် ပါဝင်နေသေးသည်။
"ညီလေး... ငါ အရှုံးပေးပါတယ်။ ငါ တကယ်ပဲ လိမ်မာသွားပါပြီ။"
ဘဏ္ဍာရေးကုမ္ပဏီသူဌေးက ခါးသက်သက် အပြုံးဖြင့် ခေါင်းခါရင်း ဆိုသည်။
"စိတ်မပူပါနဲ့ အဲ့ဒီငွေငါးသန်းအတွက် မင်းကိုကော အဲ့ဒီအမျိုးသမီးကိုပါ ငါ ပြဿနာမရှာတော့ပါဘူး... အားလုံးကို အကျေအအေး လုပ်လိုက်ပါပြီ။"
"ဟင်..."
ယဲ့ချန်၏ ရင်ထဲ တစ်ချက် လန့်သွားခဲ့သည်။
ငွေငါးသန်းဆိုသည်မှာ မနည်းလှသော ပမာဏ ဖြစ်သည်။ ဤဘဏ္ဍာရေးကုမ္ပဏီသူဌေး၏ စရိုက်နှင့် နည်းလမ်းများသည် ကွမ်းထျန်ရှောင်းတို့ထက် မလျော့သော ရက်စက်မှုမျိုး ရှိရာ သူက ဤအတိုင်း အလွယ်တကူ လက်လွှတ်လိုက်မည်တဲ့လား။
"ညီလေး... ငါတို့ ခဏလောက် စကားပြောလို့ ရမလား။ ငါတို့နှစ်ယောက်တည်း။"
ဘဏ္ဍာရေးကုမ္ပဏီသူဌေးက မျှော်လင့်ချက်အပြည့်ရှိသော မျက်နှာပေးဖြင့် ရုတ်တရက် မေးမြန်းလာသည်။
"ရတာပေါ့။"
ယဲ့ချန်သည် အတတ်ပညာများ ရှိထားသဖြင့် ရဲရင့်နေကာ ချက်ချင်းပင် သဘောတူလိုက်သည်။
"ယွီရှီး... နင်အတန်းတက်ဖို့ အရင်သွားနှင့်လိုက်နော်။"
"ယဲ့ချန်... ဘာတွေဖြစ်နေတာလဲဆိုတာ ငါ့ကို အသေအချာ ပြောပြလို့ မရဘူးလား။ တကယ်ပဲ ပြဿနာရှိနေရင် ငါ အများကြီး မကူညီနိုင်ရင်တောင် နင်နဲ့အတူ အဖော်လုပ်ပြီး ရှိနေပေးချင်တယ်။"
လင်းယွီရှီးက ပြတ်သားသော အကြည့်ဖြင့် ဆိုသည်။
"ဘာပြဿနာမှ မရှိပါဘူး။"
ယဲ့ချန် သူမကို စိတ်အေးစေရန် ပြောလိုက်သည်။
"စိတ်မပူပါနဲ့ ငါ ဒီအစ်ကိုကြီးကို သိပါတယ်။ ငါတို့ ခဏလောက်ပဲ စကားပြောကြမှာပါ။ နေ့ခင်းကြောင်တောင်ကြီး တရားဥပဒေစိုးမိုးတဲ့ လူ့အဖွဲ့အစည်းမှာ သူ ငါ့ကို ဘာလုပ်နိုင်မှာလဲ။ ရဲစခန်းကတောင် ရှေ့နားတင် ၂၀၀ မီတာအကွာမှာ ရှိတာပဲဟာ။"
"ချောမောလှပတဲ့ ညီမလေး... ဒီညီလေးက ညီမလေးရဲ့ ရည်းစားလား။ တကယ်ကို မျက်စိစူးရှတာပဲ။"
ဘဏ္ဍာရေးကုမ္ပဏီသူဌေးက ရိုးသားစွာ ချီးကျူးလိုက်သည်။
"ညီမလေးရေ... သူ့ကိုတော့ မျက်စိအောက်က အပျောက်မခံနဲ့နော်။ ညီမလေးရဲ့ ဒီရည်းစားက အစွမ်းထက်လှတဲ့ အစွမ်းအစတွေ ရှိတာသူက သာမန်လူမဟုတ်ဘူး နောင်ကျရင် သေချာပေါက် ကြီးပွားတိုးတက်မယ့် လူမျိုးပဲ။"
ထိုသူဌေးကြီး၏ စကားကို ကြားလိုက်ရသည့်အခါ လင်းယွီရှီး၏ မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့ပြီး ရင်ခုန်သံများ မြန်ဆန်လာခဲ့သော်လည်း သူမ၏ တစ်ကိုယ်လုံးတွင်မူ နွေးထွေးပြီး ဖော်ပြရခက်သော သက်တောင့်သက်သာရှိမှုကို ခံစားလိုက်ရသည်။
တစ်စုံတစ်ယောက်က ယဲ့ချန်အား ချီးကျူးနေခြင်းဖြစ်ရာ သူမကိုယ်တိုင်ပင် ထိုအရာမှတစ်ဆင့် ကျေနပ်ပီတိဖြစ်မှုကို ခံစားနေရခြင်း ဖြစ်သည်။
သူမ၏ သံသယစိတ်များ အားလုံးနီးပါး လွင့်ပယ်သွားခဲ့သည်။
"ယဲ့ချန်... နင်တကယ်ပဲ အဆင်ပြေရဲ့လား။"
"အဆင်ပြေပါတယ် အဆင်ပြေပါတယ်။ မြန်မြန် အတန်းသွားတက်တော့။"
ယဲ့ချန် တိုက်တွန်းလိုက်သည်။
လင်းယွီရှီးသည် ယဲ့ချန်အား မလွန်ဆန်နိုင်တော့ဘဲသုံးလှမ်းလျှောက်တိုင်း တစ်ချက် လှည့်ကြည့်ရင်း နောက်ဆုံးတွင် ထွက်ခွာသွားခဲ့တော့သည်။
"ညီလေး... ဟဟ မင်းက ဒီလောက်တောင် အချစ်ကြီးတဲ့လူမှန်း ငါမသိခဲ့ဘူး... ငါကြည့်ရသလောက်တော့ မင်းရဲ့ အိမ်နီးနားချင်း မိန်းမချောက အမြည်းသဘောမျိုးပဲ ဖြစ်ပြီး အခုတစ်ယောက်ကမှ ဟင်းပွဲအစစ်အမှန် ဖြစ်လိမ့်မယ် မဟုတ်လား။ ညီလေးရေ မင်းရဲ့ မိန်းကလေးက တကယ့်ကို ထိပ်တန်းပဲ။ ကိုယ်လုံးကိုယ်ပေါက်ကော မျက်နှာပါ... ငါ့ရဲ့ အတွေ့အကြုံအရဆိုရင် သူမက အပျိုစင်လေး ဖြစ်နေတုန်းပဲ... မင်းကတော့ မိန်းမဖူးစာ တကယ်ကို ကောင်းတာပဲ။"
ဘဏ္ဍာရေးကုမ္ပဏီသူဌေးက တန်ဖိုးကြီးစီးကရက်ဘူးကို ထုတ်ယူကာ ယဲ့ချန်အား ကမ်းပေးလိုက်သည်။
ယဲ့ချန် စီးကရက်ကို ယူကာ မီးညှိပြီး တစ်ကျိုက် ဖွာလိုက်သည်။
"ကဲ... အပိုစကားတွေ တော်လိုက်တော့။ ပွင့်ပွင့်လင်းလင်းပဲ ပြော ငါ့ကို လာပြီး လှည့်ကွက်တွေ သုံးမနေနဲ့။ မင်း ဘာလိုချင်တာလဲ။"
"ဟားဟားဟား ညီလေး... အထင်မလွဲပါနဲ့။ အဲ့နေ့ညက မင်း ငါ့ကို ဂါထာတစ်ခုခုနဲ့ ပြုစားလိုက်တာ မဟုတ်လား။"
ထန်ကျိယွမ်၏ မျက်နှာပေါ်တွင် တုန်လှုပ်ခြောက်ခြားဖွယ် ကြောက်ရွံ့မှုတစ်ခု ဖြတ်ပြေးသွားခဲ့သည်။
"ငါ စဉ်းစားနေတာ... ငါ ထန်ကျိယွမ် ဆိုတာ ဘယ်တုန်းကမှ မညှာတာတတ်တဲ့လူပဲ။ ဘယ်လိုလုပ်ပြီး ပုရွက်ဆိတ်တစ်ကောင် နင်းမိတာကိုတောင် ငိုယိုနေတဲ့ သူတော်စင်တစ်ယောက် ရုတ်တရက် ဖြစ်သွားရမှာလဲ။ ညီလေး... မင်း ငါ့ကို တကယ် ဒုက္ခပေးလိုက်တာပဲ။ နောက်ရက်ကျတော့ ငါ တကယ်ပဲ ရဲစခန်းကိုသွားပြီး ကိုယ့်ကိုယ်ကိုယ် သွားအဖမ်းခံမိမလို့... အချုပ်ထဲတောင် ရောက်လုနီးပါး ဖြစ်သွားခဲ့တာ။ မင်းက တကယ် အစွမ်းထက်တာပဲတကယ်ကို အစွမ်းထက်တာ။ ညီလေး... ငြင်းမနေပါနဲ့ဒါ မင်းလက်ချက်ဆိုတာ ငါသိတယ်၊ သေချာပေါက် မင်းပဲ။ အမှန်အတိုင်းပြောရရင် မင်းကို ပထမဆုံး မြင်ကတည်းက မင်းက သာမန်လူမဟုတ်ဘူးဆိုတာ ငါသိပြီးသား။ဒါကို မြေလျှိုးမိုးပျံ အစွမ်းထက်တဲ့ နဂါးတစ်ကောင်လို့ ခေါ်တာပေါ့။"
ဘဏ္ဍာရေးကုမ္ပဏီသူဌေး ထန်ကျိယွမ်သည် ယဲ့ချန်အား မြှောက်ပင့်မှုများဖြင့် ရေပက်မဝင်အောင် ချီးကျူးနေခဲ့သည်။
အကြောင်းရင်းမရှိဘဲ လူတစ်ယောက်က ထူးထူးခြားခြား ကောင်းမွန်နေလျှင် သေချာပေါက် နောက်ကွယ်က ရည်ရွယ်ချက်တစ်ခု ရှိနေပေလိမ့်မည်။
ခဏမျှ ရပ်တန့်ပြီးနောက် သူ ဆက်ပြောလိုက်သည်။
"ညီလေး... ငါ လူပေါင်းများစွာနဲ့ တွေ့ဖူးပါတယ်။ ဘယ်လို အာဏာရှိတဲ့ လူကောင်ကြီးတွေကိုပဲ မမြင်ဖူးဘဲ နေမလဲ။ ဒါပေမယ့် မင်းလိုလူမျိုးကတော့ တစ်ဦးတည်းသော ထူးခြားတဲ့လူပဲ။ မင်းမှာ တကယ့်ကို ကြီးမားတဲ့ အစွမ်းအစရှိတယ်။ မင်း ငါ့ရဲ့ စိတ်ကို ဘာအသံမှမထွက်ဘဲ ဝေဝါးသွားအောင် လုပ်နိုင်ခဲ့တာ။"
ထန်ကျိယွမ်၏ လေသံမှာ အနည်းငယ် တုန်ရင်နေခဲ့သည်။ ယဲ့ချန် နောက်ဆုံးတော့ နားလည်သွားခဲ့ပြီ ဖြစ်သည်။ ဒီကောင်ကြီးကတော့ သူ့ကို လုံးဝ လန့်သွားခဲ့ပြီ ဖြစ်သည်။
အခုလို အချိန်မှာ ဆရာကြီးဟန် မလုပ်ရင် ဘယ်အချိန်မှာ သွားလုပ်တော့မှာလဲ။
အထူးသဖြင့် ထန်ကျိယွမ်ကဲ့သို့သော လူမျိုးနှင့် ဆက်ဆံသည့်အခါ မတ်တတ်ရပ်ပြီး ဟန်ပန်ကြီးကြီး လုပ်ပြနိုင်မှသာသူ့ကို အမြဲတမ်း ကြောက်ရွံ့ထိတ်လန့်နေစေမည် ဖြစ်သည်။
ကွမ်းထျန်ရှောင်းကို အညံ့ခံအောင် လုပ်နိုင်ခဲ့ကတည်းက ယဲ့ချန်သည် ဤလောက၏ လှည့်ကွက်များကို ကောင်းစွာ သဘောပေါက်ထားခဲ့ပြီး ဖြစ်သည်။
ချက်ချင်းပင် ယဲ့ချန်သည် ဆန်းကြယ်လှသော အငွေ့အသက်များကို ထုတ်ဖော်လျက် အနည်းငယ် ပြုံးလိုက်သည်။
"ဒါက သာမန် လှည့်ကွက်အသေးစားလေးတစ်ခု ပါပဲ။ မင်းမှာလည်း ငါ့ရဲ့ ပညာရပ်ကို ရိပ်မိနိုင်တဲ့ စိတ်ဝိညာဉ်အခြေခံအနည်းငယ် ရှိနေတာပဲလား။"
ထန်ကျိယွမ် ရင်ထဲကနေ ကျိန်ဆဲမိတော့သည်။
'တောက်... မင်း ငါ့ကို အရူးတစ်ယောက်ဖြစ်အောင် လုပ်ခဲ့တာပဲ ငါ ဘယ်လိုလုပ်ပြီး ရိပ်မိမှာ မဟုတ်လဲ။'
"ညီလေး... ကိစ္စက ဒီလိုပါ။"
ရုတ်တရက် ထန်ကျိယွမ်၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် အရောင်အဝါတစ်ခု ဖြတ်ပြေးသွားခဲ့သည်။
"ငါ့ရဲ့ အဖေက ရောဂါဝေဒနာ ခံစားနေရလို့ပါ။ ငါ မင်းကို ငါတို့အိမ်ကို ကြွပြီး တစ်ချက်လောက် ကြည့်ရှုစစ်ဆေးပေးဖို့ ဖိတ်ကြားချင်ပါတယ်။"
ယဲ့ချန် ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
ဒါကြောင့်မို့လို့ကိုး။
ဒါပေမယ့် ဒါက တကယ်ကို ရယ်စရာကောင်းလှသည်။
မင်းအဖေ နေမကောင်းရင် ဆေးရုံသွားပြီး ဆရာဝန်ရှာလေဘာဖြစ်လို့ ငါ့ကို လာရှာနေတာလဲ။
"သူဌေးထန်... ဟုတ်တယ်မလား ငါက ဆရာဝန် မဟုတ်ဘူး။ မင်းအဖေရဲ့ ရောဂါအတွက် ငါ ဘာမှ တတ်နိုင်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။" ယ
ယဲ့ချန် ရိုးသားစွာပင် ပြောလိုက်သည်။
"ညီလေး... ငါ့အဖေက ကုမရတဲ့ ရောဂါဆိုးကြီး ခံစားနေရတာပါ ဆေးဝါးတွေနဲ့ မတတ်နိုင်တော့ဘူး။ ဆရာဝန်တွေလား အမှန်အတိုင်းပြောရရင် ငါတို့ ပြည်တွင်း ပြည်ပက နာမည်ကြီး ဆရာဝန်တွေ ပါရဂူတွေတင်မကဘဲ တရုတ်သိပ္ပံအကယ်ဒမီရဲ့ ဆေးဝါးဗေဒသုတေသနဌာနက သိပ္ပံပညာရှင်တွေကိုပါ ဖိတ်ခေါ်ခဲ့ဖူးတယ်... ဒါပေမယ့် အားလုံးက အလကားပါပဲ။"
"မင်းအဖေက ဘာရောဂါဖြစ်နေတာလဲ။"
ယဲ့ချန် မမေးဘဲ မနေနိုင်တော့ချေ။
"အစာအိမ်ကင်ဆာ... နောက်ဆုံးအဆင့်ပါ။"
ထန်ကျိယွမ်၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာခဲ့သည်။
"ငါ စိုးရိမ်တာက... သူ ဒီညကိုတောင် ကျော်ဖြတ်နိုင်မှာ မဟုတ်တော့ဘူး ထင်တယ်။"
ဒါဆိုရင် သေခါနီး လူတစ်ယောက်ပေါ့။
"သူဌေးထန်... မင်း လူမှားရှာမိပြီ ထင်တယ်။ ကင်ဆာကိုမှ နောက်ဆုံးအဆင့်ကြီး... ပွင့်ပွင့်လင်းလင်း ပြောရရင် ငါသာ ဒီလိုရောဂါမျိုးကို ကုသနိုင်ရင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ရာထူးက သေချာပေါက် ငါ့လက်ထဲ ရောက်နေလောက်ပြီပေါ့၊"
ယဲ့ချန် ဆရာကြီးဟန် ဆက်မလုပ်တော့ဘဲ ရင်ထဲရှိ စကားကိုသာ ပြောလိုက်သည်။အဘယ်ကြောင့်ဆိုသော် ဤအရာမှာ သူ၏ ထင်မှတ်ထားသော အစွမ်းအစ များထက် ကျော်လွန်နေသောကြောင့် ဖြစ်သည်။
နောက်ဆုံးအဆင့် ကင်ဆာရောဂါဆိုသည်မှာ လက်ရှိတွင် လူသားမျိုးနွယ်စုတစ်ခုလုံး မကျော်လွှားနိုင်သေးသည့် ဆေးဘက်ဆိုင်ရာ စိန်ခေါ်မှုကြီး ဖြစ်ပေသည်။
"ညီလေး... လောလောဆယ် ငြင်းဖို့ မလောပါနဲ့ဦး ငါပြောတာကို အရင် နားထောင်ပေးပါဦး။"
ထန်ကျိယွမ် လောတကြီး ဆိုသည်။
"လူတွေက မျှော်လင့်ချက်မဲ့လာတဲ့အခါ နတ်ဘုရားတွေ၊ ပညာရပ်တွေ၊ အယူသည်းမှုတွေဆီကို သေချာပေါက် ခြေဦးလှည့်မိတတ်ကြတယ်။ ငါလည်း ထူးမခြားနားပါဘူး။ ဒါ့အပြင် ညီလေးက သာမန်လိမ်လည်လှည့်ဖြားနေတဲ့ ဆရာအတုမျိုး မဟုတ်ဘူး။ မင်းက တကယ့်အနှစ်သာရရှိတဲ့ ဆရာကြီးတစ်ယောက်ပဲ... ညီလေးရေ... ကင်ဆာလူနာ အများစုက နောက်ဆုံးမှာ နာကျင်မှုဒဏ်ကြောင့်ပဲ သေဆုံးသွားကြရတာ။ ငါ့ရဲ့ အဖေကတော့..."
ဤနေရာသို့ ရောက်သည့်အခါထန်ကျိယွမ်ကဲ့သို့ ရက်စက်ကြမ်းကြုတ်လှသော သူဌေးကြီးပင် မျက်ရည်များကို မထိန်းနိုင်တော့ဘဲ တစ်ကိုယ်လုံး တုန်ရင်လာခဲ့သည်။
"ငါ့အဖေ ခံစားနေရတဲ့ နာကျင်မှုက တကယ့်ကို ကြီးမားပါတယ်။ ဆိုးရွားလှတဲ့ အခြေအနေက တကယ်ကို စာဖွဲ့လို့ မရနိုင်အောင်ပါပဲ... ညီလေး... ငါ ကင်ဆာရောဂါကို နောက်ကြောင်းပြန်လှည့်လို့ မရမှန်း သိပါတယ်။ ငါ့အဖေ လုံးဝပြန်လည်ကောင်းမွန်လာဖို့လည်း ငါမမျှော်လင့်ရဲပါဘူး။ ငါ မျှော်လင့်တာက သူ့ရဲ့ နာကျင်မှုတွေကို သက်သာစေချင်ရုံသက်သက်ပါပဲ။ အကယ်၍ သူ ငြိမ်းချမ်းစွာ ကွယ်လွန်သွားနိုင်မယ်ဆိုရင် ငါတို့ ထန်မိသားစုတစ်ခုလုံး မင်းကို ထာဝရ ကျေးဇူးတင်နေမှာပါ ခင်ဗျာ။"
"တစ်စုံတစ်ခုသော အံ့ဩဖွယ်ရာကြောင့် မင်း ငါ့အဖေရဲ့ သက်တမ်းကို တိုးပေးနိုင်မယ်ဆိုရင်တော့ ညီလေး... မင်းက ငါတို့ ထန်မိသားစုတစ်ခုလုံးရဲ့ ကယ်တင်ရှင် ကျေးဇူးရှင်ကြီး ဖြစ်လာပါလိမ့်မယ်။"
ထန်ကျိယွမ်သည် ရေနစ်နေသူတစ်ဦး ကောက်ရိုးတစ်မျှင်ကို လှမ်းဆွဲနေသည့်အလား သနားစဖွယ် မျက်လုံးများဖြင့် ယဲ့ချန်အား စိုက်ကြည့်နေခဲ့သည်။
ဒါကတော့ တကယ့်ကို အကျပ်ရိုက်နေတဲ့အချိန်မှာ ကြုံရာဆရာဝန်ကို လှမ်းခေါ်နေတဲ့ သဘောမျိုးပင် ဖြစ်သည်။
ယဲ့ချန်၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။
နာကျင်မှု သက်သာစေခြင်း။
သက်တမ်း တိုးပေးခြင်း။
ယဲ့ချန်သည် စနစ်၏ ဆုလာဘ်များအဖြစ် 【နာကျင်မှု သက်သာစေသော အဆောင်】 နှင့် 【ရောဂါပျောက်ကင်းစေသော အဆောင်】 တို့ကို ရရှိထားခဲ့သည်။
၎င်းတို့ထဲတွင် သူသည် 【နာကျင်မှု သက်သာစေသော အဆောင်】 ကို အသုံးပြုဖူးခဲ့သည်။
ရှာယန်နန် တစ်ယောက် ဓမ္မတာလာစဉ် ပြင်းထန်စွာ နာကျင်ကိုက်ခဲနေချိန်တွင် အဆောင်တစ်ခု ကပ်ပေးလိုက်ရုံဖြင့် သူမ၏ တစ်ကိုယ်လုံး သက်တောင့်သက်သာရှိသွားခဲ့ပြီး နတ်သုဒ္ဓါကို သောက်သုံးလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့သည်။
【ရောဂါပျောက်ကင်းစေသော အဆောင်】 နှင့်ပတ်သက်၍မူ သူ မစမ်းသပ်ဖူးသေးသဖြင့် နောက်ဆုံးအဆင့် ကင်ဆာလူနာအတွက် ထိရောက်မှု ရှိ မရှိ သူ မသိချေ။ ထန်ကျိယွမ်၏ အဖေကို စမ်းသပ်ရန်အတွက် အသုံးချကြည့်လျှင်လည်း မဆိုးချေ။
သို့သော်လည်း နာကျင်မှုကို သက်သာစေရန်အတွက်သာ ဆိုပါက ယဲ့ချန်တွင် အတိုင်းအဆတစ်ခုအထိ ယုံကြည်မှု ရှိနေသည်။
ယဲ့ချန် တစ်စုံတစ်ခုသော နည်းလမ်းရှိပုံရသည့် အမူအရာမျိုးဖြင့် နက်နက်နဲနဲ စဉ်းစားနေသည်ကို တွေ့မြင်လိုက်ရသည့်အခါ ထန်ကျိယွမ် လောတကြီး ဆိုသည်။
"ညီလေး...မင်း ငါ့အဖေရဲ့ နာကျင်မှုကို သက်သာအောင် လုပ်ပေးနိုင်ရင် ငါတို့ ထန်မိသားစုက ဆုကြေးအဖြစ် ငွေနှစ်သန်း ပေးဆောင်ဖို့ အသင့်ပါပဲ။ အကယ်၍ မင်း သူ့ရဲ့ သက်တမ်းကိုပါ တိုးပေးနိုင်မယ်ဆိုရင်တော့ သက်တမ်းတိုးပေးနိုင်တဲ့ တစ်ရက်ချင်းစီအတွက် ငွေငါးသောင်းစီ ပေးပါ့မယ်။ကန့်သတ်ချက် မရှိပါဘူး။ မင်း ဘယ်လိုသဘောရလဲ။"