← Chapters

အခန်း ၄၇

Vol. 5 Ch. 47

အခန်း ၄၇

Vol. 5 Ch. 47

အခန်း ၄၇ - မင်း အစွမ်းပြရမယ့် အလှည့်ပဲ။

စကားပုံတစ်ခု ရှိသည်မဟုတ်ပါလားရွှေငွေရတနာသည် လူ့စိတ်ကို လှုပ်ခတ်စေနိုင်သည်တဲ့။

ထန်ကျိယွမ် ကမ်းလှမ်းလာသည့် အဖိုးအခကို ယဲ့ချန်တစ်ယောက် စိတ်မလှုပ်ရှားဘူးဆိုလျှင် လိမ်ရာကျပေလိမ့်မည်။

ဒါ့အပြင် ယဲ့ချန်အနေနဲ့ ကိုယ့်ဘာသာကိုယ် ပျော်စေပျက်စေ တာဝန်တစ်ခု ဖန်တီးပြီး ရေးသားလိုက်လို့လည်း ရသည်လေ။

ထန်ကျိယွမ်၏ အဖေရဲ့ နာကျင်မှုကိုသာ သူ ရပ်တန့်ပေးနိုင်ခဲ့ရင် ဒါဟာ တစ်ချက်ခုတ် နှစ်ချက်ပြတ် သဘောမျိုးဖြစ်ပြီး အကျိုးကျေးဇူးတွေအများကြီးကို တစ်ပြိုင်နက်တည်း ရရှိခံစားရမှာ ဖြစ်သည်။

"ကောင်းပြီလ။"

ယဲ့ချန် ခေါင်းငြိမ့်လိုက်သည်။

"ငါ စမ်းသပ်ပေးကြည့်ပါ့မယ်။ ဒါပေမယ့် ဘာကိုမှတော့ ရာနှုန်းပြည့် အာမမခံနိုင်ဘူးနော်။"

"တကယ့်ကို ဝမ်းသာစရာပဲ ညီလေးရာ မင်း ကူညီဖို့ သဘောတူလိုက်တာကိုက တကယ့်ကို ကြီးမားတဲ့ ကရုဏာပါပဲ။ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ငါတို့ ထန်မိသားစုက မင်းကို သေသေချာချာ ထိုက်ထိုက်တန်တန် ဆုလာဘ်တွေ ပေးမှာပါ။"

ထန်ကျိယွမ်တစ်ယောက် အလွန်အမင်း ဝမ်းသာအားရ ဖြစ်သွားတော့သည်။ ယဲ့ချန်၏ လက်ထဲတွင် ဘာပစ္စည်းမှ ပါမလာသည်ကို တွေ့ရသဖြင့် သူက လှမ်းမေးလိုက်သည်။

"ညီလေး... မင်း တစ်ခုခု ပြင်ဆင်ဖို့ လိုသေးလား။"

"မလိုပါဘူး ငါ့ကို အဲ့ဒီကို တိုက်ရိုက်ခေါ်သွားရုံပါပဲ။"

ယဲ့ချန် ခေါင်းခါပြလိုက်သည်။

ချက်ချင်းပင် ထန်ကျိယွမ်သည် ယဲ့ချန်အား Maybach S-Class ကားကြီးဆီသို့ ဦးဆောင်ခေါ်သွားပြီး သူကိုယ်တိုင်ပင် ကားတံခါးကို ရိုရိုသေသေ ဖွင့်ပေးခဲ့ကာ အလွန်အမင်း ဂရုတစိုက် ရှိလှပေသည်။

ကားလေးသည် မြို့ပြကို ကျော်လွန်ကာ ဆင်ခြေဖုံးရပ်ကွက်ဆီသို့ တိုက်ရိုက် မောင်းနှင်သွားခဲ့သည်။

ဝေးကွာသွားသည်နှင့်အမျှ လမ်းဘေးဝဲယာ ရှုခင်းများသည် တဖြည်းဖြည်း လှပလာခဲ့ပြီး ရေနှင့်မိုးကောင်းကင် တစ်သားတည်းကျနေကာ ငှက်သံတေးဆိုသံများနှင့် ပန်းရနံ့များဖြင့် ပြည့်နှက်နေခဲ့သည်။

မကြာမီအချိန်မှာပင်စိမ်းလန်းစိုပြည်သော ရေကန်ကြီးတစ်ခု၏ ဘေးတောင်ခြေရင်းတွင် စတုရန်းမီတာ ထောင်ချီကျယ်ဝန်းသော ရှေးဟောင်းစတိုင် အိမ်ရာဝင်းကြီးတစ်ခု ပေါ်လာခဲ့သည်။

အိမ်ရာဝင်းအတွင်းတွင် သီးသန့်ဗီလာအိမ်ကြီး အနည်းငယ်ကို စနစ်တကျ စီစဉ်တည်ဆောက်ထားခဲ့သည်။

အိမ်ရာဝင်း၏ ပင်မတံခါးမကြီး၏ ထိပ်တွင်တော့ ထန်အိမ်တော်ဟု ရေးသားထားသော ရွှေမှင်စုတ်ချက်ပြင်းပြင်းဖြင့် လှပလှသည့် ဆိုင်းဘုတ်ကြီးတစ်ခု ချိတ်ဆွဲထားသည်ကို တွေ့ရသည်။

'ကြည့်ရတာ ထန်မိသားစုက တကယ်ကို မရိုးရှင်းဘူးပဲ။ ဒီလို ခန့်ညားထည်ဝါပြီး တည်ငြိမ်တဲ့ အငွေ့အသက်မျိုးက ဝတ္ထုတွေထဲမှာ ဖော်ပြထားတဲ့ ချမ်းသာ အာဏာရှိတဲ့ မျိုးနွယ်စုကြီးတွေအတိုင်းပဲ။ ငါကတော့ အရင်စာရေးဆရာတွေ ဂျာနယ်ဇယား လျှောက်တွေးပြီး ရေးနေကြတာလို့ ထင်ခဲ့တာ။ အခုမှပဲ ငါ့ကိုယ်ငါ ရေတွင်းထဲက ဖားတစ်ကောင်လို သေးနုပ်ခဲ့မှန်း သိတော့တယ။ ဒီလို အဆင့်အတန်းမျိုးနဲ့ ထိတွေ့ခွင့် မရခဲ့ဖူးလို့ပဲ...'

ယဲ့ချန် ရင်ထဲကနေ သဘောပေါက်လိုက်မိသည်။

"ညီလေး... ငါတို့ ရောက်ပြီ။"

ဘေးနားရှိ ထန်ကျိယွမ်က ပြောလိုက်သည်။

ကားလေးသည် အိမ်ရာဝင်းထဲသို့ မောင်းနှင်ဝင်ရောက်သွားပြီး ဗီလာအိမ်ကြီးတစ်လုံး၏ အပြင်ဘက်တွင် ရပ်တန့်လိုက်သည်။

သူတို့ ကားပေါ်က ဆင်းခဲ့ကြသည်။

ထန်ကျိယွမ်သည် ယဲ့ချန်ကို ဦးဆောင်ကာ ဗီလာအိမ်ကြီးထဲသို့ လောလောလောလောဖြင့် ဝင်ရောက်ခဲ့ကြသည်။

ဤအချိန်တွင် အလွန်အမင်း ဇိမ်ခံကာ အလှဆင်ထားသော ဧည့်ခန်းကျယ်ကြီးအတွင်း၌ လူပေါင်း ဒါဇင်ချီကာ တိုးဝှေ့ပြီး မတ်တတ်ရပ်နေကြသည်ကို တွေ့ရသည်။

သူတို့၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှု စိုးရိမ်ပူပန်မှု၊ မျှော်လင့်ချက်မဲ့မှုတွေ ပြည့်နှက်နေခဲ့ကြသည်။

ဧည့်ခန်းမကြီးအတွင်းရှိ လေထုမှာ အလွန်အမင်း စိတ်ပျက်စရာကောင်းပြီး လေးလံထိုင်းမှိုင်းနေခဲ့သည်။

"ညွှန်ကြားရေးမှူးလော့..."

ထိုအချိန်တွင် အစေခံအိုကြီးတစ်ယောက်သည် အပြင်ကနေ ပြာပြာသလဲဖြင့် ငိုယိုကာ ဝင်လာခဲ့သည်။ သူသည် ရွှေရောင်မျက်မှန်ကို တပ်ဆင်ထားပြီး အရပ်ရှည်ရှည်နှင့် အလတ်တန်းစား အမျိုးသားတစ်ဦးဖြစ်သူ ညွှန်ကြားရေးမှူးလော့ထံသို့ တုန်တုန်ရင်ရင်ဖြင့် ပြေးသွားကာ ပြောလိုက်သည်။

"ညွှန်ကြားရေးမှူးလော့... သခင်ကြီးက အရမ်းကို ပြင်းပြင်းထန်ထန် နာကျင်နေရလို့... သူ ထပ်ပြီး မတောင့်ခံနိုင်တော့ဘူး ထင်တယ်။ ကျေးဇူးပြုပြီး နည်းလမ်းတစ်ခုခု စဉ်းစားပေးပါဦး။"

အရပ်ရှည်ရှည်နှင့်ညွှန်ကြားရေးမှူးလော့သည် မျက်မှောင်ကြုတ်ကာ မတတ်နိုင်သည့်အဆုံး ခေါင်းခါလိုက်မိသည်။

"ဒီလိုလုပ်... သခင်ကြီးထန်ကို နာကျင်မှုသက်သာစေတဲ့ ဆေးနဲ့ စိတ်ငြိမ်ဆေးတွေကို ချက်ချင်း ထိုးပေးလိုက်ပါ။"

"ညွှန်ကြားရေးမှူးလော့။"

ထန်ကျိယွမ်နှင့် အလွန်တူသော်လည်း အသက်အနည်းငယ် ပိုကြီးပုံရကာ စတုရန်းပုံစံ မျက်နှာရှိသည့် အလတ်တန်းစား အမျိုးသားတစ်ဦးက ဝမ်းနည်းဒေါသထွက်နေသော မျက်နှာဖြင့် ဆိုသည်။

"နာကျင်မှုသက်သာစေတဲ့ ဆေးနဲ့ စိတ်ငြိမ်ဆေးတွေ ထပ်ထိုးရဦးမှာလား။ လွန်ခဲ့တဲ့ နှစ်နာရီအတွင်းတင် သူ ဆေးအနည်းဆုံး သုံးကြိမ်ထက်မနည်း အထိုးခံထားရပြီးပြီလေ... မင်းတို့မှာ တခြားနည်းလမ်း လုံးဝ မရှိတော့ဘူးလား။"

"သခင်လေးထန်... ငါ့ရဲ့ အစွမ်းကုန် ကြိုးစားပေးခဲ့ပြီးပြီလုပ်နိုင်သမျှ အားလုံးကိုလည်း လုပ်ပေးခဲ့ပြီးပြီ။ ဒါပေမယ့် ကင်ဆာဆဲလ်တွေက သခင်ကြီးထန်ရဲ့ အတွင်းကလီစာတွေ အားလုံးဆီကို ပျံ့နှံ့သွားခဲ့ပြီ ဖြစ်တာကြောင့်နတ်ဘုရားတစ်ပါး ဆင်းလာရင်တောင် ကယ်တင်ဖို့ ခက်ခဲလိမ့်မယ်။"

ခဏမျှ ရပ်တန့်ပြီးနောက် ညွှန်ကြားရေးမှူးလော့က သက်ပြင်းချကာ ဆိုသည်။

"ငါ ပွင့်ပွင့်လင်းလင်း ပြောရရင်... မင်းတို့အားလုံး စောစောစီးစီးပဲ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားကြတာ ပိုကောင်းလိမ့်မယ်။"

ဘာကို ပြင်ဆင်ရမှာလဲ။

သေချာပေါက် သခင်ကြီးထန်ရဲ့ ဈာပနအတွက် ပြင်ဆင်ခိုင်းတာ ဖြစ်သည်။

"ညွှန်ကြားရေးမှူးလော့... ကျေးဇူးပြုပြီး ငါ့ကို အတိအကျ ဖြေပေးပါ။ ငါ့အဖေက တကယ်ပဲ ဘယ်လောက်အထိ တောင့်ခံနိုင်ဦးမှာလဲ။"

တံခါးအပြင်ဘက်ဆီကနေ မိန်းကလေးတစ်ယောက်ရဲ့ အသံ ထွက်ပေါ်လာခဲ့သည်။

'အင် ဒီအသံက အတော်လေး ရင်းနှီးနေသလိုပဲ... တစ်နေရာရာမှာ ကြားဖူးခဲ့သလိုမျိုး...'

ယဲ့ချန်သည် ထိုအသံထွက်ပေါ်လာရာဆီသို့ ဗီဇအရ လှမ်းကြည့်လိုက်မိသည်။

သူမသည် အပြင်ကနေ လျှောက်လှမ်းဝင်လာသော သွယ်လျလှပသည့် အမျိုးသမီးတစ်ဦးဖြစ်ပြီးသူမ၏ ရင်သပ်ရှုမောဖွယ် အလှတရားက သူ့ကို ချက်ချင်း ရိုက်ခတ်သွားခဲ့သည်။

ထန်မော့ရွှေ ယဲ့ချန်တစ်ယောက် ဤမျှအထိ ရင်သပ်ရှုမောဖွယ် လှပလွန်းလှသည့် အမျိုးသမီးသည် နည်းပညာတက္ကသိုလ်ရဲ့ နံပါတ်တစ် နတ်သမီးလေးကျောင်းတွင်း အလှပဂေး လေးဦးအနက် အခြားသုံးဦးကို လုံးဝ လွှမ်းမိုးထားနိုင်သည့် ထိပ်တန်းကျောင်းတွင်းအလှပဂေး ထန်မော့ရွှေ ဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိချေ။

ထန်မော့ရွှေအကြောင်း ပြောရလျှင် တစ်ကျောင်းလုံးမှာ သူမကို မသိသူ မရှိသလောက်ပင် ဖြစ်သည်။

သူမ၏ မျက်နှာကျမှာ Carina Lau၏ ငယ်ရွယ်စဉ် အလှဆုံးအချိန်နှင့် အနည်းငယ် တူသော်လည်း သူမက Carina Lauထက် ပိုမိုလှပပြီး ပို၍ ဆွဲဆောင်မှုရှိသော အငွေ့အသက်များ ရှိနေခဲ့သည်။

ကောလာဟလများအရ သူမ၏ အသားတင် အရပ်အမြင့်မှာ ၁.၇၄ မီတာ အတိအကျရှိပြီးCarina Lau ၏ အဆင့်မြှင့်တင်ထားသော ဗားရှင်းအဖြစ် လူသိများသည်။

သူမ၏ အသားအရေမှာ နှင်းပွင့်ကဲ့သို့ ဖြူစင်ကာမျက်နှာသွင်ပြင်မှာ ပန်းချီကားတစ်ချပ်အလား အလွန်အမင်း လှပကျော့ရှင်းလှပေသည်။ သူမ၏ အပြုံးတစ်ချက်က မင်းသားများကိုပင် နောက်ဆုတ်သွားစေနိုင်သည်။

ဒါပေမယ့် သေချာတာကတော့ ကျောင်းမှာတော့ သူမ ပြုံးခဲလှသည်။

သူမက တကယ့်ကို အေးစက်ပြီး အလှမ်းဝေးလွန်းလှသူ ဖြစ်သည်။

သူမသည် ပုံမှန်အားဖြင့် Montblanc ၏ တစ်ကမ္ဘာလုံး ကန့်သတ်ထုတ်ကုန်ဖြစ်သော စမ်းသပ်ကလောင်တံကို အသုံးပြုကာ စာမှတ်လေ့ရှိပြီး ၎င်းတွင် ပလက်တီနမ် ကလောင်သွား ရွှေစင်အဖုံးနှင့် ထိပ်တွင် တစ်ကာရက်ရှိသော စိန်တစ်ပွင့် စီခြယ်ထားသည်။

ဒါ့အပြင် သူမသည် ပိတ်ရက်များတွင် အရှေ့တောင်အာရှသို့ သွားရောက်လေ့ရှိပြီးပိတ်ရက်ရှည်များတွင် ဥရောပသို့ သွားကာ လန်ဒန်မြို့၌ ဂျိုးငှက်များကို အစာကျွေးလေ့ရှိပြီး အဆင့်ငါးဆင့်ရှိသော သမ္မတသီးသန့်အခန်းများတွင် တည်းခိုလေ့ရှိသည်။

မနက်တိုင်းတွင် သူမသည် ငွေသောင်းချီတန်သော ငှက်သိုက်များဖြင့် ပလုတ်ကျင်းလေ့ရှိသည်။ အကယ်၍ တစ်ပတ်အတွင်းမှာ အဝတ်အစားတွေအတွက် ငွေသိန်းချီ သို့မဟုတ် သန်းချီပြီး မသုံးရရင် ဘဝက အဓိပ္ပာယ်မရှိဘူးလို့ ခံစားရသူ ဖြစ်သည်။

လင်းယွီရှီးလိုပဲ ထန်မော့ရွှေကလည်း နည်းပညာတက္ကသိုလ်ရဲ့ ကျောင်းတွင်းအလှပဂေးတစ်ဦးဖြစ်ပြီး မကောင်းသတင်း စိုးစဉ်းမျှ မရှိသူ ဖြစ်သည်။

ကွာခြားချက်ကတော့ လင်းယွီရှီးကို ယောင်္ကျားလေး တော်တော်များများက လာပြီး ရည်းစားစကားပြောဖူးကြသော်လည်း သူမက အားလုံးကို ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။

ထန်မော့ရွှေကိုမူ မည်သည့်ယောင်္ကျားလေးကမှ လာပြီး ရည်းစားစကား မပြောဖူးကြချေ။ တစ်ခါမှကို မရှိခဲ့ဖူးတာ ဖြစ်သည်။

အကြောင်းရင်းမှာ သူမ၏ သဘာဝအတိုင်း ရှိနေသော ဟိတ်ဟန်နှင့် သူမက တကယ်ကို အေးစက်လွန်း မာနကြီးလွန်းပြီး အနားကပ်ရန် ခက်ခဲလွန်းသောကြောင့် ဖြစ်လိမ့်မည်။

တစ်ခါက ကျောင်းက ချမ်းသာတဲ့ သူဌေးသား အချို့က ဆုကြေးတစ်ခု ထုတ်ပြန်ခဲ့ဖူးသည်။မည်သည့်ယောင်္ကျားလေးမဆို လူအများရှေ့မှာ ထန်မော့ရွှေကို အော်ဟစ်ပြီး ရည်းစားစကားပြောရဲရင် ဆုကြေးငွေ ၂ သိန်း ပေးမည်ဟု ဆိုသည်။

တစ်နှစ်သာ ကုန်ဆုံးသွားခဲ့သော်လည်း မည်သူမှ ထိုကောက်ကျစ်လှသော ငွေကို မရရှိခဲ့ကြချေ။ အချို့သော အသားထူတဲ့ ယောင်္ကျားလေးတွေက ထန်မော့ရွှေရဲ့ ရှေ့ကို လျှောက်သွားပြီး စကားပင် မပြောရသေးခင်မှာပဲ သူမရဲ့ စူးရှတဲ့ စိုက်ကြည့်မှုကြောင့် ကြောက်လန့်ပြီး သေးပင် ထွက်လုနီးပါး ဖြစ်သွားခဲ့ကြရသည်။

ဒီလိုမျိုး အမျိုးသမီးနဲ့ ရင်ဆိုင်ရတဲ့အခါ ပွင့်ပွင့်လင်းလင်း ပြောရရင် သာမန်ယောင်္ကျားတစ်ယောက်အနေနဲ့ စိတ်ကူးယဉ်ဖို့တောင် မဝံ့ရဲကြချေ။

"ဒါ ဘယ်သူလဲ။"

ယဲ့ချန် ဘေးနားရှိ ထန်ကျိယွမ်အား လှမ်းမေးလိုက်သည်။

"အော် ငါ့ရဲ့ ညီမလေးလေ ငါ့ရဲ့ မွေးချင်း ညီမအရင်းပေါ့။"

ထန်ကျိယွမ်က ပေါ့ပေါ့ပါးပါးပင် မိတ်ဆက်ပေးလိုက်သည်။

"မင်းရဲ့ ညီမအရင်း ဟုတ်လား။"

ယဲ့ချန်တစ်ယောက် နည်းပညာတက္ကသိုလ်ရဲ့ နံပါတ်တစ် ကျောင်းတွင်းအလှပဂေးကြီးက ထန်ကျိယွမ်လို လူယောင်ဆောင်ထားတဲ့ တိရစ္ဆာန်တစ်ကောင်ရဲ့ ညီမအရင်း ဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့မိချေ။

တောက်... မျိုးရိုးဗီဇ ဆက်ခံမှုမှာ ပြဿနာတစ်ခုခု ရှိနေလို့လား။

'ဒါဆိုရင်တော့ မဆန်းတော့ပါဘူး။ ဒီလို မိသားစုမျိုးမှာ မွေးဖွားလာတာဆိုတော့ ဘယ်ကောင်ကများ သေရဲလို့ သူမကို လာပြီး ရည်းစားစကား ပြောရဲမှာလဲ။'

ယဲ့ချန် တစ်စုံတစ်ခုကို သဘောပေါက်သွားသလို ဖြစ်သွားသည်။

ထန်မော့ရွှေသည်လည်း ယဲ့ချန်ကို သတိမပြုမိခဲ့ဘဲ သူမ၏ မျက်လုံးထောင့်ကနေတောင် သူ့ကို တစ်ချက်မျှ လှည့်မကြည့်ခဲ့ချေ။

သူတို့နှစ်ဦးစလုံး နည်းပညာတက္ကသိုလ်မှာ ပညာသင်ကြားနေကြသော်လည်း ထန်မော့ရွှေက ယဲ့ချန်ကို လုံးဝ မသိရှိချေ။

"မမလေးထန်... "

ညွှန်ကြားရေးမှူးလော့က ထန်မော့ရွှေအား ခေါင်းငြိမ့်ပြလိုက်သည်။

"မမလေးအနေနဲ့ သခင်ကြီးထန်ရဲ့ အခြေအနေကို ကောင်းကောင်းသိပါတယ်။ ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောပါ့မယ် အကယ်၍ နာကျင်မှုကို ထိရောက်စွာ ထိန်းချုပ်နိုင်မယ်ဆိုရင် သခင်ကြီးက နောက်ထပ် တစ်ရက် သို့မဟုတ် တစ်ရက်ခွဲလောက် တောင့်ခံနိုင်ပါလိမ့်မယ်။ အကယ်၍ နာကျင်မှုကို မရပ်တန့်နိုင်ဘူးဆိုရင်တော့... သုံးနာရီကနေ ငါးနာရီအတွင်းပါပဲ။"

ထန်မော့ရွှေ၏ လှပသော မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာခဲ့သော်လည်း သူမကိုယ်သူမ မကျစေရန် အတင်းအကျပ် ထိန်းထားခဲ့ပြီး သူမ၏ လေသံမှာ အနည်းငယ် ဝင်သွားခဲ့သည်။

"ညွှန်ကြားရေးမှူးလော့... ငါ အခုတင် အဖေ့ဘေးကနေ ပြန်လာတာပါ နာကျင်မှု သက်သာစေတဲ့ဆေးတွေက သိပ်ပြီး ထိရောက်မှုမရှိဘူးလို့ ထင်ရတယ်။"

"ငါ တကယ်ပဲ တောင်းပန်ပါတယ်ငါ မတတ်နိုင်တော့ဘူး။"

ညွှန်ကြားရေးမှူးလော့က မတတ်နိုင်သည့် အမူအရာဖြင့် ဆိုသည်။

"ငါ သခင်ကြီးထန်အတွက် ကမ္ဘာပေါ်မှာ အဈေးအကြီးဆုံး နာကျင်မှုသက်သာစေတဲ့ ဆေးတွေကို အသုံးပြုပေးခဲ့ပြီးပါပြီး။တောကြီးမြွေဟောက်ရဲ့ အဆိပ်ကနေ ထုတ်ယူထားတဲ့ Ohanin proteinနဲ့ ပြုလုပ်ထားတဲ့ ဆေးဖြစ်ပြီး အာနိသင်က morphineထက် အဆ ၂၀ မက ပြင်းထန်ပါတယ်။"

"ညီလေး... ငါ့ညီမက မိသားစုထဲမှာ ခုနစ်ယောက်မြောက် ဖြစ်ပြီး အငယ်ဆုံး သမီးလေးပေါ့။ အဖေက သားသမီး ခုနစ်ယောက် ရှိခဲ့တာဖြစ်ပြီး ပထမ ခြောက်ယောက်စလုံးက သားတွေချည်းပဲ။ သူ သမီးလေးတစ်ယောက်ကို ဘယ်လောက်တောင် မျှော်လင့်ခဲ့လဲဆိုရင် စောင့်မျှော်ရင်းနဲ့ လည်ပင်းတွေတောင် ရှည်ထွက်လုနီးပါး ဖြစ်ခဲ့ရတယ်။ နောက်ဆုံးတော့ သူ ဖြစ်ချင်တဲ့ ဆန္ဒ ပြည့်ဝခဲ့တာပေါ့။ အသက်ကြီးမှ ရတဲ့ သမီးလေးမို့ အဖေက ညီမလေးကို သူ့ဖဝါးပေါ်က ရွှေခဲလေးလို တန်ဖိုးထားခဲ့တာ။ အဖေက ညီမလေးအပေါ် ထားတဲ့ အချစ်က ငါ ငါ့ရဲ့ အစ်ကိုကြီးနဲ့ တခြား အစ်ကိုတွေအားလုံးအပေါ် ထားတဲ့ အချစ်တွေ ပေါင်းစပ်ထားတာထက်တောင် အများကြီး ပိုတယ်လို့ ပြောလို့ရတယ်။ ညီမလေးက ငါတို့ ထန်မိသားစုရဲ့ မင်းသမီးလေးပဲ... အကယ်၍ အဖေသာ ဒီတစ်ခါ ကွယ်လွန်သွားခဲ့ရင် ဝမ်းအနည်းဆုံးဖြစ်မယ့်လူက သေချာပေါက် ညီမလေးပဲ ဖြစ်လိမ့်မယ်။"

ထန်ကျိယွမ် သက်ပြင်းချလိုက်သည်။

"ကဲ... ညီလေး အချိန်မရှိတော့ဘူး။ အခု မင်း အစွမ်းပြရမယ့် အလှည့်ပဲ။"

ထန်ကျိယွမ်က ယဲ့ချန်ကို တံတောင်ဆစ်ဖြင့် ခပ်ဖွဖွ တွန်းလိုက်သည်။

"အဟမ်းး"

ယဲ့ချန်က အဆင့်အတန်းမြင့်မားသော ဆရာကြီးတစ်ဦးကဲ့သို့ ဟန်ပန်ဖြင့် ချောင်းတစ်ချက် ဆိုးလိုက်တော့သည်။

All Chapters