← Chapters

ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့၏ ပိုင်ရှင်

Vol. 93 Ch. 1272

ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့၏ ပိုင်ရှင်

Vol. 93 Ch. 1272

သည်အခိုက်အတန့်တွင် ချိပ်ပိတ်နယ်​မြေ​ရော၊ပြင်ပနယ်​မြေ​ရော မပိုင်ဆိုင်သည့် ဟင်းလင်းပြင်​နေရာထဲရှိ ခုနစ်​ရောင်စုံအပင်များ အားသစ်သွန်း​လောင်း​စေ​သော​နေရာတွင် အနီ​ရောင်သစ်သီးက ပိုရင့်မှည့်လာခဲ့သည်။

ထိုသစ်သီးအတွင်း၌ ​ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီး​စေ့သည် တဖြည်းဖြည်း လှည့်ပတ်ကာ အပြာ​ရောင်မီး​တောက်တစ်ခုကို ထုတ်လွှတ်​နေသည်။ ထိုမီး​တောက်က သစ်သီးအတွင်း စိမ့်ဝင်ကာ ၎င်း၏ပုံပန်းသွင်ပြင်ကို သာ၍ တုန်လှုပ်ဖွယ်​ကောင်း​​​​အောင် ပြုလုပ်သည်။

အချိန်အတန်ကြာ ကုန်လွန်သွား၏။ အပြာ​ရောင်မီး​တောက်အပြင် မိုးကြိုးသည်လည်း လင်းလက်ထွက်​ပေါ်ကာ ၎င်းမီး​တောက်နှင့် ​တဖြည်းဖြည်းချင်း ​ပေါင်းစပ်သည်။

ထို့​နောက် တိုက်ပွဲစိတ်ဆန္ဒတစ်ခု ထိုးထွက်လာ၏။ ၎င်းကလည်း အပြာ​ရောင်မီး​တောက်၊မိုးကြိုးတို့နှင့်အတူ ​ဖြည်းဖြည်းချင်း ​ပေါင်းစည်းသည်။

မိုးကြိုး၊မီးနှင့် တိုက်ပွဲဆန္ဒတို့ ​ပေါင်းစည်းခြင်းသည် အပြင်ဘက်​နေရာတွင်သာ ဆိုပါက ဖြစ်နိုင်လိမ့်မည် မဟုတ်​ပေ။သို့​သော် ဤ​နေရာတွင် တာအိုဆန္ဒများစွာကို အာဟာရအဖြစ် စုစည်းခဲ့ပြီး ဖြစ်ခြင်း​ကြောင့် သည်လိုမဖြစ်နိုင်​သော​​ပေါင်းစပ်မှုကို ​တွေ့မြင်ရခြင်းတည်း။

ပို၍ အ​ရေးကြီးသည်က ထိုသစ်သီးအတွင်း၌ ​ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီး​စေ့ ရှိ​နေခြင်းပင်။

အချိန်ဖြည်းဖြည်းချင်း ကုန်​နေလျက် နယ်ပယ်အသစ်တစ်ခု ​​​ပေါ်လာ​နေ၏။ ထိုနယ်ပယ်မှာ အမှန်နှင့်အမှား နယ်ပယ်ဖြစ်သည်။ ၎င်းက ယင်ယန်သင်္ကေတပုံစံအသွင် ​ပေါ်သည်၊ တစ်ဝက်က အမှန်၊တစ်ဝက်က အမှား ဖြစ်၏။ တစ်ဝက်က ကံမ္မအ​ကြောင်း၊တစ်ဝက်က ကံမ္မအကျိုးပင်။တစ်ဝက်က ရှင်သန်ခြင်း၊တစ်ဝက်က ​သေဆုံးခြင်းတည်း။

ယင်ယန်သင်္ကေတ​ပေါ်လာပြီး​နောက် ၎င်းက မီး၊မိုးကြိုး၊တိုက်ပွဲနယ်ပယ်တို့ကို ချက်ခြင်းစုပ်ယူသည်။ ယင်ယန်သင်္ကေတက ဝဲက​တော့တစ်ခုအလား သစ်သီးအတွင်းရှိ အရာအားလုံးကို စုပ်ယူသည်။

​ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီး​​စေ့သည် ယင်ယန်သင်္ကေတ၏ဗဟိုချက်တွင် ရှိကာ ၎င်းကို လှည့်ပတ်သည်။

ဝမ်လင်းသည် အသိဝင်၊သတိဝင်​နေပြီ ဖြစ်၍ ဤအဖြစ်အပျက်များအားလုံးကို ခံစားမိသည်။ သူက အလွန်ထူးဆန်း​သောအ​ခြေအ​နေသို့ ဆိုက်​ရောက်​​နေသလိုပင်။ ယင်ယန်သင်္ကေတလှည့်ပတ်​နေရင်း မိုးကြိုး၊မီးနှင့်တိုက်ပွဲတို့သည် ၎င်း၏စုပ်ယူခြင်း ခံရသည်။

ဝမ်လင်းသည် အသိစိတ်ဖြင့် အသစ်​မွေးဖွားလာစဥ် သူက နတ်ဘုရားအာရုံသတင်းစကားကဲ့သို့ ခပ်တိုးတိုး​ရေရွတ်လိုက်သည်။ "မီး...ဥပ​ဒေသ​တွေကြားမှာ ဒီတာအိုဟာ သက်ရှိအားလုံးကို အရည်​ပျော်​စေနိုင်တယ်...."

ထိုနတ်ဘုရားအာရုံစကား ​​ပေါ်လာချိန်၌ သစ်သီးအတွင်းရှိ အရည်အားလုံးသည် ယင်ယန်သင်္ကေတအတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရသည်။ ထိုအရည်သည် သူတို့သက်ရှိစဥ်အခါက နားလည်ခဲ့​သောမီးတာအိုနှင့် ​သေဆုံးသွားခဲ့​သောလူတိုင်း၏တာအိုစိတ်ဆန္ဒ ပါဝင်​လေသည်။

ထိုသစ်သီးက အရည်များ ဝမ်လင်း၏စုပ်ယူခြင်း ခံရသည့်အခါ ဆက်၍ လှပခြင်း မရှိ​တော့​ပေ။ အသီးမျက်နှာပြင်​ပေါ်​တွင် အ​ရေးအ​ကြောင်းများ ​ပေါ်လာ​လေ၏။

ထိုကဲ့သို့ ရူးသွပ်ဖွယ်စုပ်ယူမှု​အောက်တွင် ဝမ်လင်းသည် အ​တောမသပ်ပြန်လည်​မွေးဖွားခြင်းများအတွင်း နစ်မြုပ်သွားဟန် ထင်ရသည်။ ရုတ်တရက် သူက ​​လောကရှိမီးအားလုံးကို လက်တစ်ချက်​ ဝေ့ရုံဖြင့် ထိန်းချုပ်နိုင်​သော ကြယ်များကြား မားမားရပ်နိုင်သည့် အဘိုးအိုတစ်​ယောက် ဖြစ်လာခဲ့သည်။

ထို့​နောက် သူသည် ရုတ်တရက် သက်လတ်ပိုင်းလူ ဖြစ်လာပြန်သည်။ သူ လက်တစ်ချက်​မြှောက်ရုံဖြင့် ကျင့်ကြံခြင်းဂြိုဟ်တစ်လုံးသည် မီး​တောက်ပင်လယ်တစ်ခုအဖြစ်သို့ ​ပြောင်းသည်။

သူသည် မီး​တောက်များပြည့်နှက်သည့် ​လောကက​နေ ​လျှောက်လှမ်းထွက်လာသည့် လူငယ်တစ်​ယောက်လည်း ဖြစ်သွားပြန်​လေသည်။

ထိုကဲ့သို့ အလားတူ ပြန်လည်​မွေးဖွားခြင်းများက ဝမ်လင်းစိတ်ထဲတွင် တစ်ခုပြီးတစ်ခု ​ပေါ်လာခဲ့​ပေသည်။ တစ်ခုစီတိုင်းက မီးအ​​ပေါ်ဥာဏ်အလင်းရသည့် တစ်စုံတစ်ဦးကို ကိုယ်စားပြု၏။ ထိုစက်ဝန်းက ဆက်လက်ဖြစ်၍ မီးတာအိုအ​ပေါ်နားလည်မှုဥာဏ်အလင်းများသည် ဝမ်လင်း၏အသိစိတ်နှင့် ​ပေါင်းစည်းသည်။ ယင်းတို့က သူ့အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။

​ရှေး​ဟောင်းအချိန်များက အစပြု၍ ယခုအချိန်ထိ ​ကောင်းကင်ဘုံနယ်​မြေမှသည် ကြယ်အဖွဲ့အစည်း​လေးခုလုံးမှ မီးအ​ပေါ် နားလည်မှုဥာဏ်အလင်းများသည် ဝမ်လင်းအတွက် အ​ထောက်အပံ့အာဟာရများ ဖြစ်လာခဲ့​ပေပြီ။

"မိုးကြိုး...ဥပ​ဒေသ​တွေကြားမှာ ဒီတာအိုဟာ သက်ရှိအားလုံးကို အပြစ်​ပေးနိုင်တယ်..."

သူ ဒုတိ​ယ​မြောက်နတ်ဘုရားအာရုံစကားကို ပို့လွှတ်လိုက်သည့်အခါ သစ်သီးအစိတ်အပိုင်း​တော်​တော်များများမှာ မြန်ဆန်စွာ ကြုံ့လာ​ချေ​၏။ သစ်သီးအတွင်းရှိ အရည်များစွာ ဝမ်လင်း၏စုပ်ယူခြင်း ခံရသည်။ ထိုတာအိုစိတ်ဆန္ဒကလည်း ဝမ်လင်း၏အသိစိတ်ထဲ လှိမ့်ဝင်လာ၏။

သူက သမိုင်းတစ်​လျှောက် မိုးကြိုးကို ကျင့်ကြံခဲ့​သော ကျင့်ကြံသူအားလုံးကို ​တွေ့မြင်​လေသည်။ ထို​ရှေး​ဟောင်းကျင့်ကြံသူများ၏ မိုးကြိုးအ​ပေါ်နားလည်မှုဥာဏ်အလင်းများသည် ဝမ်လင်း၏အသိစိတ်ထဲ တရ​ဟော စီးဝင်ကြသည်။ သူက အကြိမ်​ပေါင်းသန်းချီ ပြန်လည်​မွေးဖွားမှုနှင့် မ​ရေမတွက်နိုင်​သောသက်ရှိများကို ​တွေ့ကြုံရသည်ဟု ထင်မှတ်ရသည်။

သူသည် မိုးကြိုးစွမ်းအားများကို ထပ်ခါထပ်ခါ ရရှိပိုင်ဆိုင်လာပြီး မိုးကြိုးတာအိုကို ထပ်တလည်းလည်း ပိုင်ဆိုင်လာ​လေသည်။

"တိုက်ပွဲ...ဥပ​ဒေသ​တွေကြားမှာ ဒီတာအိုဟာ ​ကောင်းကင်နဲ့​မြေကြီးကို​​တောင် ဦးမညွတ်ဘူး..."

တိုက်ပွဲနယ်ပယ် ပါဝင်​သော တာအိုစိတ်ဆန္ဒများအားလုံးသည် ဝမ်လင်း၏အသိစိတ်ထဲ တရ​ဟော စီးဝင်သည်။ ၎င်းတို့က ​မြေကမ္ဘာအက်ကွဲ​စေမည့်စိတ်ဆန္ဒအဖြစ် ​ပြောင်းလဲကာ ဝမ်လင်း၏စိတ်တွင် စွဲထင်သည်။

သစ်သီးက ပိုကြုံ့၍ ရှုံ့တွလာ၏။ ပိုများပြား​သောအရည်များလည်း ဝမ်လင်း၏စုပ်ယူခြင်း ခံရသည်။ ပေ​ထောင်ချီကျယ်​ပြော​သော ဤကြက်​သွေးနီ​ရောင်အပင်သည်ပင် စတင် တုန်ခါလာသည်။

ထိုအခိုက်အတန့်၌ ခုနစ်​​ရောင်စုံအပင်များ တည်ရှိသည့်​နေရာ ဤကြယ်အဖွဲ့အစည်းအတွင်း၌ တုန်လှုပ်ဖွယ်အသံတစ်ခု ပဲ့တင်ထပ်​လေသည်။

"တာအိုသစ်သီးဟာ ​သီးလာခါနီးပြီ၊ ဒါ​ပေမဲ့ ဘာ​ကြောင့် ဒါဟာ ​စောင့်ဆိုင်း​နေရသလဲ..."

ထိုအသံထွက်​ပေါ်လာသည်နှင့် အစွမ်းထက်လှ​သောနတ်ဘုရားအာရုံတစ်ခုသည် သစ်သီးထံ ဦးတည်ဝင်လာ၏။ သို့ရာတွင် ထိုနတ်ဘုရားအာရုံ နီးကပ်လာချင်းချင်း တာအိုသစ်သီးအတွင်းရှိ ​ကောင်း​ကင်ဘုံ​ဆန့်ကျင်ခြင်းပုတီး​စေ့သည် နူးညံ့​သောအလင်းတစ်ခုကို ထုတ်လွှတ်ကာ ယင်းနတ်ဘုရားအာရုံနှင့် ထိတိုက်သွားသည်။

နတ်ဘုရားအာရုံက ချက်ခြင်း ပြန်ကန်ထွက်လိုက်ရသည်။

နတ်ဘုရားအာရုံ ပြန်ကန်သွားသည့်အခိုက်တွင် တုန်လှုပ်ဖွယ်​ပြောင်းလဲမှုတစ်ခု သည်​​နေရာတွင် ဖြစ်လာသည်။ ​ခြောက်​သွေ့လုနီးသစ်သီးက မ​ရေမတွက်နိုင်​သော အနီ​ရောင်သလင်းစက်များအဖြစ် ​ပြောင်းလဲ၍ ​ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီး​စေ့ ပတ်လည်ရှိ ယင်ယန်သင်္ကေတ၏ စုပ်ယူခြင်း ခံလိုက်ရသည်။

ထိုမျှဖြင့် အဆုံးမသပ်​သေး​ပေ။ သစ်သီး​ခြောက်​သွေ့​​အောင် စုပ်ယူခံရပြီး​ချင်းချင်း အနီ​ရောင်အပင်မှာလည်း အပြင်းအထန် တုန်ခါကာ မြန်မြန်ဆန်ဆန် စတင် ​ခြောက်​သွေ့လာသည်။ ထိုအပင်၏ အဆီအနှစ်အားလုံးသည် ​ကောင်းကင်ဘုံ​ဆန့်ကျင်ခြင်းပုတီး​စေ့၏ စုပ်ယူခြင်း ခံရသည်။

ဝမ်လင်း၏အသိစိတ်သည် အံ့မခန်းများပြား​သော မူလစွမ်းအင်များ သူ့စိတ်ထဲသို့ တရကြမ်းတိုးဝင်သည်ဟု ချက်ခြင်း ခံစားရသည်။

သူက အရူးအမူး စုပ်ယူ​နေလျက် မ​ရေမတွက်နိုင်​သောတာအိုဆန္ဒများနှင့်မူလစွမ်းအင်များသည် သူ့ထံ တရ​ဟော စီးဝင်​လေသည်။ ဝမ်လင်းသည် သူဟာ ပြိုလဲ​တော့မလို ခံစားမိသည်။

ပြင်းထန်​လှသည့်နာကျင်မှုက သူ့စိတ်ကို စုတ်ဖြဲပစ်နိုင်စွမ်း ရှိ​နေသလိုပင်။ သူ့နယ်ပယ်က သူ့စိတ်တစ်​လျှောက် စိမ့်ဝင်ပျံ့နှံ့၏။ အမှန်နှင့်အမှား၊​ ရှင်သန်ခြင်းနှင့်​သေဆုံးခြင်း...ထို့အပြင် မိုးကြိုး၊မီး၊တိုက်ပွဲ။

သည်အရာများအားလုံးက အရည်​ပျော်လျက် သူ့ကိုယ်ပိုင်နားလည်မှု ဖြစ်လာ​လေသည်။ ၎င်းတို့က ​ပေါင်းစပ်၍ အရင်တုန်းက တစ်ကြိမ်တစ်ခါမျှ မ​ပေါ်​ပေါက်ခဲ့ဖူးသည့် ဥပ​ဒေသအသစ်တစ်ခု ဖြစ်လာ​တော့သည်။

ထိုဥပ​ဒေသ ​ပေါ်လာချိန်တွင် ဝမ်လင်း၏ကျင့်ကြံမှုက တုန်လှုပ်လာသည်။ သူက နိဗ္ဗာနသန့်စင်ခြင်းအလယ်အဆင့်က​နေ ​​နောက်ဆုံးအဆင့်ထိ ချိုးဖျက်သွား​​လေသည်။

အမှန်နှင့်အမှားတို့ဖြင့်အတူ မိုးကြိုး၊မီး၊တိုက်ပွဲ ပါဝင်သည့် ဥပ​ဒေသမှာ ဝမ်လင်း၏ တစ်မူထူး​သော ကိုယ်ပိုင်တာအို ဖြစ်လာ​​တော့သည်။ ထိုဥပ​ဒေသတွင် မိုးကြိုး၊မီး၊တိုက်ပွဲ၊ရှင်သန်ခြင်းနှင့်​သေဆုံးခြင်း၊ အမှန်နှင့်အမှားတို့ ပါဝင်​ပေသည်။

ထိုမ​ရေမတွက်နိုင်​သော တာအိုစိတ်ဆန္ဒများသည် သူ့အမှန်နှင့်အမှားနယ်ပယ်ဖြင့် ​ပေါင်းစပ်ခြင်း​ကြောင့်သာလျှင် ​ဝမ်လင်းက ဤမျှအချိန်တိုအတွင်း နိဗ္ဗာနသန့်စင်ခြင်းအဆင့်က​နေ ​နောက်ဆုံးအဆင့်ထိ တိုးတက်သွားနိုင်တာ ဖြစ်​ပေသည်။

သို့​သော်ငြားလည်း ထိုမျှဖြင့် အ​ဆုံးမသပ်​သေး​ပေ။ ​ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီး​စေ့​၏ အကာအကွယ်အောက်၌ မည်သူမျှ သတိမပြုဝံ့ဘဲ ဝမ်လင်းစိတ်သည် ထိုပုတီး​စေ့အတွင်း စုပ်ယူခြင်း ခံရ​လေသည်။ ထိုအခါ သူသည် အဆက်မပြတ်နားလည်မှုများ ရရှိ၍ မ​ရေမတွက်နိုင်​သောတာအိုဆန္ဒများကို စုပ်ယူလျက် သူ့ကျင့်ကြံမှုအဆင့်သည်

နိဗ္ဗာနသန့်စင်ခြင်းအထွတ်အထိပ်အဆင့်ထိ တိုးတက်လာခဲ့ပြန်သည်။ သူ တာအိုသစ်သီးကို စုပ်ယူ​​နေရင်း နိဗ္ဗာနသန့်စင်ခြင်းအထွတ်အထိပ်အဆင့်က အဆုံးသပ် မဟုတ်​သေးဟန် ရ၏။

အခုလိုမျိုးသည် အရင်က လုံးဝ ဖြစ်ခဲ့ဖူး​သောအရာ မဟုတ်​​ပေ။ ဝမ်လင်းက နိဗ္ဗာနဖြိုခွဲခြင်းအဆင့်နှင့် ​သေချာ​ပေါက် နီးကပ်​နေ​လေပြီ။ အမှန်​တော့ နိဗ္ဗာနသန့်စင်ခြင်းနှင့်ဖြိုခွဲခြင်းအ​ဆင့်တို့ကြား ကွာဟချက်က ကြီးမားလွန်းလှသည့်အတွက် များ​သောအားဖြင့် အဆင့်ချိုးဖျက်နိုင်ရန် နှစ်​ပေါင်း​ထောင်ချီ၍ လိုအပ်​ပေသည်။ သို့ရာတွင် ခုနစ်​ရောင်စုံသစ်သီးများထဲမှ တစ်လုံးကို စုပ်ယူခြင်းပြီး​နောက် ထိုကွာဟချက်က လျင်မြန်လွန်းစွာ ကျဥ်း​မြောင်းသွားခဲ့ခြင်းတည်း။

သည်လိုအတုမဲ့အခွင့်အ​​ရေးမျိုး မရခဲ့ပါက ဝမ်လင်းသည် နိဗ္ဗာနသန့်စင်ခြင်းအဆင့်က​နေ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်သို့ ​ရောက်ရှိလိုပါက ​ဆေးလုံးများစွာအကူအညီဖြင့်ပင် သူ့အဖို့ အချိန်ကြာမြင့်စွာ လိုအပ်​ပေလိမ့်မည်။

သို့ရာတွင် ခုချိန်၌ သူ ရရှိခဲ့သည့် တာအိုက သူကိုယ်တိုင်ကိုယ်ကျ နားလည်လာခဲ့ခြင်း မဟုတ်​ပေ။ ၎င်းတာအိုက မ​ရေမတွက်နိုင်​​သောသက်ရှိများ၏ အ​တွေ့အကြုံများကို စုပ်ယူခဲ့ခြင်းသာ ဖြစ်သည်။ သူက ယင်းတို့ကို သူ့ကိုယ်ပိုင်အဖြစ် ​ပြောင်းလဲရန် အချိန်ယူရ​ပေလိမ့်မည်။ သို့​သော် ဝမ်လင်းထံ၌ သည်ကိစ္စကို အ​​သေးစိတ် ​တွေး​နေဖို့ အချိန်မရှိ​သေး​ပေ။

သူသည် ​ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီး​စေ့က အပင်နှင့်သစ်သီးတို့၏ အဆီအနှစ်ကို မြန်ဆန်စွာ စုပ်ယူ​နေခြင်းအား ​သိသိသာသာ ခံစားမိသည်။ ဤအရာမှာ မျှတ​သောအ​ပေးအယူပင်။ သည်ပုတီး​စေ့က ဝမ်လင်းကို ​သေ​ရေးရှင်​ရေးက​နေ ​ကျော်ဖြတ်နိုင်​စေရန် ကူညီ​ပေးခဲ့သည့်အတွက်​ကြောင့် ၎င်းက အပြန်အလှန်အ​နေဖြင့် လုံ​လောက်​သောစွမ်းအားကို ပြန်စုပ်ယူ​ပေမည်။

ဝမ်လင်းက ယခုကဲ့သို့ အ​ခြေအ​နေဖြင့် အစိမ်းသပ်သပ်​​တော့ မဟုတ်​ပေ။ သူက ၎င်းပုတီး​စေ့၏ သ​ဘောသဘာဝကို သတိပြုမိခဲ့ပြီး ဖြစ်သည်။ထိုပုတီး​စေ့ အသက်ဝင်လာတိုင်း မူလစွမ်းအင်​​​မြောက်များစွာကို စုပ်ယူတတ်​ပေသည်။

"ငါ ဒီအခွင့်အ​​ရေးနဲ့ လွဲသွားရင် အနာဂတ်မှာ ​နောင်တရမိလိမ့်မယ်..."

ဝမ်လင်း ​ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီး​စေ့ကို ရရှိပြီး​နောက် စွမ်းအားအတွက် ၎င်းနှင့် ယှဥ်ပြိုင်ရသည်မှာ ဤတစ်ကြိမ်က ပထမဆုံးအကြိမ်ပင်။

"ငါဟာ ​ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီး​​စေ့ရဲ့ ပိုင်ရှင်ပဲ။ ​၎င်းရဲ့ ကျေးကျွန်မဟုတ်ဘူး။ ငါဟာ သင့်ရဲ့ ဒြပ်စင်ငါးခုကိုလည်း ပြည့်စုံ​အောင် ဖြည့်ဆည်း​ပေးခဲ့တယ်။ သင့်အတွက် ယင်နဲ့ယန်စွမ်းအင်ကိုလည်း ရှာ​ပေးခဲ့တယ်။ သင်ကလည်း ငါ့ကို အန္တရာယ်က​နေ ပြန်ကယ်တင်​​ပေးခဲ့တယ်။ ဒီ​တော့ အပြန်အလှန်​ ​ကြေပြီ။ အကျိုးအမြတ်အားလုံးကို သင်ပဲ ယူပစ်မယ်ဆိုရင် ငါဟာ ​ကျေးကျွန်တစ်​​ယောက်နဲ့ ဘာကွာ​တော့မလဲ။ ငါ သင့်ရှိက စွမ်းအားအချို့ ခိုးယူ​တော့​ရော ဘာဖြစ်သလဲ။ ငါဟာ ​​ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီး​​စေ့ရဲ့ ပိုင်ရှင်ပဲ..."

​"ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီး​စေ့..."

​ရှေး​ဟောင်းအသံတစ်သံ တုန်လှုပ်ခြင်းကြီးစွာဖြင့် ထွက်​ပေါ်လာသည်။ သည်ကြယ်အဖွဲ့အစည်းအတွင်းရှိ ဟင်းလင်းပြင်က တွန့်​​ခေါက်ကာ အနက်​ရောင်ဝတ်စုံဖြင့် အဘိုးအိုတစ်​ယောက် ​ပေါ်လာ​လေ၏။ သူက ယင်ယန်သင်္ကေတကြားရှိ ​ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီး​​စေ့ကို လှမ်းကြည့်ပြီး ချက်ခြင်းတိုးဝင်လာ၏။

သို့ရာတွင်မူ သူ အနား​ရောက်လာသည်နှင့် ​ပေတစ်ရာအကွာက​နေ ​ရှေ့ဆက် ​ခြေလှမ်းတစ်ဝက်ပင် လှမ်းနိုင်စွမ်းမဲ့ကာ ရပ်တန့်သွားရသည်။

အပင်သည် မြန်ဆန်စွာ​ခြောက်​သွေ့၍ ဤကြယ်အဖွဲ့အစည်းအတွင်းမှ ​ပျောက်ကွယ်သွား​လေ၏။ အခုမှစ၍ ခုနစ်​ရောင်စုံအပင်များတွင် အ​ရောင်​ခြောက်ခုသာ ကျန်ရှိ​တော့​ပေမည်။

အပင်နှင့်အသီးတို့ကို စုပ်ယူပြီးသည့်​နောက် ​ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီး​​စေ့သည် ယင်ယန်သင်္ကေတကိုလည်း စုပ်ယူပြီးခဲ့​လေပြီ။

သည်အခိုက်အတန့်၌ ​ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီး​စေ့က သည်ကြယ်အဖွဲ့အစည်းတစ်ခုလုံးကို ခြုံလွှမ်းမည့် ​တောက်ပ​သောအလင်းကို ထုတ်လွှတ်သည်။ တစ်ချိန်တည်းမှာ ဧရာမပုံရိပ်​ယောင်တံခါးချပ်က ဤကြယ်အဖွဲ့အစည်းတွင် ​ပေါ်လာ​​လေ၏။

သည်တံခါးချပ်က ​လောကကို ​ထောက်ပံ့ထားနိုင်သည်အထိ ကြီးမား​ပေ၏။ ၎င်းထံမှ ​ရှေး​ဟောင်း​အော်ရာတစ်ခု ပျံ့လွင့်လာသည်။ သည်တံခါးမှာ လုံးဝတင်းကြပ်စွာ ပိတ်ထားလျက် ရှိသည်။

***

All Chapters