ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့၏ ပိုင်ရှင်
Vol. 93 Ch. 1272
သည်အခိုက်အတန့်တွင် ချိပ်ပိတ်နယ်မြေရော၊ပြင်ပနယ်မြေရော မပိုင်ဆိုင်သည့် ဟင်းလင်းပြင်နေရာထဲရှိ ခုနစ်ရောင်စုံအပင်များ အားသစ်သွန်းလောင်းစေသောနေရာတွင် အနီရောင်သစ်သီးက ပိုရင့်မှည့်လာခဲ့သည်။
ထိုသစ်သီးအတွင်း၌ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့သည် တဖြည်းဖြည်း လှည့်ပတ်ကာ အပြာရောင်မီးတောက်တစ်ခုကို ထုတ်လွှတ်နေသည်။ ထိုမီးတောက်က သစ်သီးအတွင်း စိမ့်ဝင်ကာ ၎င်း၏ပုံပန်းသွင်ပြင်ကို သာ၍ တုန်လှုပ်ဖွယ်ကောင်းအောင် ပြုလုပ်သည်။
အချိန်အတန်ကြာ ကုန်လွန်သွား၏။ အပြာရောင်မီးတောက်အပြင် မိုးကြိုးသည်လည်း လင်းလက်ထွက်ပေါ်ကာ ၎င်းမီးတောက်နှင့် တဖြည်းဖြည်းချင်း ပေါင်းစပ်သည်။
ထို့နောက် တိုက်ပွဲစိတ်ဆန္ဒတစ်ခု ထိုးထွက်လာ၏။ ၎င်းကလည်း အပြာရောင်မီးတောက်၊မိုးကြိုးတို့နှင့်အတူ ဖြည်းဖြည်းချင်း ပေါင်းစည်းသည်။
မိုးကြိုး၊မီးနှင့် တိုက်ပွဲဆန္ဒတို့ ပေါင်းစည်းခြင်းသည် အပြင်ဘက်နေရာတွင်သာ ဆိုပါက ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။သို့သော် ဤနေရာတွင် တာအိုဆန္ဒများစွာကို အာဟာရအဖြစ် စုစည်းခဲ့ပြီး ဖြစ်ခြင်းကြောင့် သည်လိုမဖြစ်နိုင်သောပေါင်းစပ်မှုကို တွေ့မြင်ရခြင်းတည်း။
ပို၍ အရေးကြီးသည်က ထိုသစ်သီးအတွင်း၌ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ရှိနေခြင်းပင်။
အချိန်ဖြည်းဖြည်းချင်း ကုန်နေလျက် နယ်ပယ်အသစ်တစ်ခု ပေါ်လာနေ၏။ ထိုနယ်ပယ်မှာ အမှန်နှင့်အမှား နယ်ပယ်ဖြစ်သည်။ ၎င်းက ယင်ယန်သင်္ကေတပုံစံအသွင် ပေါ်သည်၊ တစ်ဝက်က အမှန်၊တစ်ဝက်က အမှား ဖြစ်၏။ တစ်ဝက်က ကံမ္မအကြောင်း၊တစ်ဝက်က ကံမ္မအကျိုးပင်။တစ်ဝက်က ရှင်သန်ခြင်း၊တစ်ဝက်က သေဆုံးခြင်းတည်း။
ယင်ယန်သင်္ကေတပေါ်လာပြီးနောက် ၎င်းက မီး၊မိုးကြိုး၊တိုက်ပွဲနယ်ပယ်တို့ကို ချက်ခြင်းစုပ်ယူသည်။ ယင်ယန်သင်္ကေတက ဝဲကတော့တစ်ခုအလား သစ်သီးအတွင်းရှိ အရာအားလုံးကို စုပ်ယူသည်။
ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့သည် ယင်ယန်သင်္ကေတ၏ဗဟိုချက်တွင် ရှိကာ ၎င်းကို လှည့်ပတ်သည်။
ဝမ်လင်းသည် အသိဝင်၊သတိဝင်နေပြီ ဖြစ်၍ ဤအဖြစ်အပျက်များအားလုံးကို ခံစားမိသည်။ သူက အလွန်ထူးဆန်းသောအခြေအနေသို့ ဆိုက်ရောက်နေသလိုပင်။ ယင်ယန်သင်္ကေတလှည့်ပတ်နေရင်း မိုးကြိုး၊မီးနှင့်တိုက်ပွဲတို့သည် ၎င်း၏စုပ်ယူခြင်း ခံရသည်။
ဝမ်လင်းသည် အသိစိတ်ဖြင့် အသစ်မွေးဖွားလာစဥ် သူက နတ်ဘုရားအာရုံသတင်းစကားကဲ့သို့ ခပ်တိုးတိုးရေရွတ်လိုက်သည်။ "မီး...ဥပဒေသတွေကြားမှာ ဒီတာအိုဟာ သက်ရှိအားလုံးကို အရည်ပျော်စေနိုင်တယ်...."
ထိုနတ်ဘုရားအာရုံစကား ပေါ်လာချိန်၌ သစ်သီးအတွင်းရှိ အရည်အားလုံးသည် ယင်ယန်သင်္ကေတအတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရသည်။ ထိုအရည်သည် သူတို့သက်ရှိစဥ်အခါက နားလည်ခဲ့သောမီးတာအိုနှင့် သေဆုံးသွားခဲ့သောလူတိုင်း၏တာအိုစိတ်ဆန္ဒ ပါဝင်လေသည်။
ထိုသစ်သီးက အရည်များ ဝမ်လင်း၏စုပ်ယူခြင်း ခံရသည့်အခါ ဆက်၍ လှပခြင်း မရှိတော့ပေ။ အသီးမျက်နှာပြင်ပေါ်တွင် အရေးအကြောင်းများ ပေါ်လာလေ၏။
ထိုကဲ့သို့ ရူးသွပ်ဖွယ်စုပ်ယူမှုအောက်တွင် ဝမ်လင်းသည် အတောမသပ်ပြန်လည်မွေးဖွားခြင်းများအတွင်း နစ်မြုပ်သွားဟန် ထင်ရသည်။ ရုတ်တရက် သူက လောကရှိမီးအားလုံးကို လက်တစ်ချက် ဝေ့ရုံဖြင့် ထိန်းချုပ်နိုင်သော ကြယ်များကြား မားမားရပ်နိုင်သည့် အဘိုးအိုတစ်ယောက် ဖြစ်လာခဲ့သည်။
ထို့နောက် သူသည် ရုတ်တရက် သက်လတ်ပိုင်းလူ ဖြစ်လာပြန်သည်။ သူ လက်တစ်ချက်မြှောက်ရုံဖြင့် ကျင့်ကြံခြင်းဂြိုဟ်တစ်လုံးသည် မီးတောက်ပင်လယ်တစ်ခုအဖြစ်သို့ ပြောင်းသည်။
သူသည် မီးတောက်များပြည့်နှက်သည့် လောကကနေ လျှောက်လှမ်းထွက်လာသည့် လူငယ်တစ်ယောက်လည်း ဖြစ်သွားပြန်လေသည်။
ထိုကဲ့သို့ အလားတူ ပြန်လည်မွေးဖွားခြင်းများက ဝမ်လင်းစိတ်ထဲတွင် တစ်ခုပြီးတစ်ခု ပေါ်လာခဲ့ပေသည်။ တစ်ခုစီတိုင်းက မီးအပေါ်ဥာဏ်အလင်းရသည့် တစ်စုံတစ်ဦးကို ကိုယ်စားပြု၏။ ထိုစက်ဝန်းက ဆက်လက်ဖြစ်၍ မီးတာအိုအပေါ်နားလည်မှုဥာဏ်အလင်းများသည် ဝမ်လင်း၏အသိစိတ်နှင့် ပေါင်းစည်းသည်။ ယင်းတို့က သူ့အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။
ရှေးဟောင်းအချိန်များက အစပြု၍ ယခုအချိန်ထိ ကောင်းကင်ဘုံနယ်မြေမှသည် ကြယ်အဖွဲ့အစည်းလေးခုလုံးမှ မီးအပေါ် နားလည်မှုဥာဏ်အလင်းများသည် ဝမ်လင်းအတွက် အထောက်အပံ့အာဟာရများ ဖြစ်လာခဲ့ပေပြီ။
"မိုးကြိုး...ဥပဒေသတွေကြားမှာ ဒီတာအိုဟာ သက်ရှိအားလုံးကို အပြစ်ပေးနိုင်တယ်..."
သူ ဒုတိယမြောက်နတ်ဘုရားအာရုံစကားကို ပို့လွှတ်လိုက်သည့်အခါ သစ်သီးအစိတ်အပိုင်းတော်တော်များများမှာ မြန်ဆန်စွာ ကြုံ့လာချေ၏။ သစ်သီးအတွင်းရှိ အရည်များစွာ ဝမ်လင်း၏စုပ်ယူခြင်း ခံရသည်။ ထိုတာအိုစိတ်ဆန္ဒကလည်း ဝမ်လင်း၏အသိစိတ်ထဲ လှိမ့်ဝင်လာ၏။
သူက သမိုင်းတစ်လျှောက် မိုးကြိုးကို ကျင့်ကြံခဲ့သော ကျင့်ကြံသူအားလုံးကို တွေ့မြင်လေသည်။ ထိုရှေးဟောင်းကျင့်ကြံသူများ၏ မိုးကြိုးအပေါ်နားလည်မှုဥာဏ်အလင်းများသည် ဝမ်လင်း၏အသိစိတ်ထဲ တရဟော စီးဝင်ကြသည်။ သူက အကြိမ်ပေါင်းသန်းချီ ပြန်လည်မွေးဖွားမှုနှင့် မရေမတွက်နိုင်သောသက်ရှိများကို တွေ့ကြုံရသည်ဟု ထင်မှတ်ရသည်။
သူသည် မိုးကြိုးစွမ်းအားများကို ထပ်ခါထပ်ခါ ရရှိပိုင်ဆိုင်လာပြီး မိုးကြိုးတာအိုကို ထပ်တလည်းလည်း ပိုင်ဆိုင်လာလေသည်။
"တိုက်ပွဲ...ဥပဒေသတွေကြားမှာ ဒီတာအိုဟာ ကောင်းကင်နဲ့မြေကြီးကိုတောင် ဦးမညွတ်ဘူး..."
တိုက်ပွဲနယ်ပယ် ပါဝင်သော တာအိုစိတ်ဆန္ဒများအားလုံးသည် ဝမ်လင်း၏အသိစိတ်ထဲ တရဟော စီးဝင်သည်။ ၎င်းတို့က မြေကမ္ဘာအက်ကွဲစေမည့်စိတ်ဆန္ဒအဖြစ် ပြောင်းလဲကာ ဝမ်လင်း၏စိတ်တွင် စွဲထင်သည်။
သစ်သီးက ပိုကြုံ့၍ ရှုံ့တွလာ၏။ ပိုများပြားသောအရည်များလည်း ဝမ်လင်း၏စုပ်ယူခြင်း ခံရသည်။ ပေထောင်ချီကျယ်ပြောသော ဤကြက်သွေးနီရောင်အပင်သည်ပင် စတင် တုန်ခါလာသည်။
ထိုအခိုက်အတန့်၌ ခုနစ်ရောင်စုံအပင်များ တည်ရှိသည့်နေရာ ဤကြယ်အဖွဲ့အစည်းအတွင်း၌ တုန်လှုပ်ဖွယ်အသံတစ်ခု ပဲ့တင်ထပ်လေသည်။
"တာအိုသစ်သီးဟာ သီးလာခါနီးပြီ၊ ဒါပေမဲ့ ဘာကြောင့် ဒါဟာ စောင့်ဆိုင်းနေရသလဲ..."
ထိုအသံထွက်ပေါ်လာသည်နှင့် အစွမ်းထက်လှသောနတ်ဘုရားအာရုံတစ်ခုသည် သစ်သီးထံ ဦးတည်ဝင်လာ၏။ သို့ရာတွင် ထိုနတ်ဘုရားအာရုံ နီးကပ်လာချင်းချင်း တာအိုသစ်သီးအတွင်းရှိ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့သည် နူးညံ့သောအလင်းတစ်ခုကို ထုတ်လွှတ်ကာ ယင်းနတ်ဘုရားအာရုံနှင့် ထိတိုက်သွားသည်။
နတ်ဘုရားအာရုံက ချက်ခြင်း ပြန်ကန်ထွက်လိုက်ရသည်။
နတ်ဘုရားအာရုံ ပြန်ကန်သွားသည့်အခိုက်တွင် တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု သည်နေရာတွင် ဖြစ်လာသည်။ ခြောက်သွေ့လုနီးသစ်သီးက မရေမတွက်နိုင်သော အနီရောင်သလင်းစက်များအဖြစ် ပြောင်းလဲ၍ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ပတ်လည်ရှိ ယင်ယန်သင်္ကေတ၏ စုပ်ယူခြင်း ခံလိုက်ရသည်။
ထိုမျှဖြင့် အဆုံးမသပ်သေးပေ။ သစ်သီးခြောက်သွေ့အောင် စုပ်ယူခံရပြီးချင်းချင်း အနီရောင်အပင်မှာလည်း အပြင်းအထန် တုန်ခါကာ မြန်မြန်ဆန်ဆန် စတင် ခြောက်သွေ့လာသည်။ ထိုအပင်၏ အဆီအနှစ်အားလုံးသည် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့၏ စုပ်ယူခြင်း ခံရသည်။
ဝမ်လင်း၏အသိစိတ်သည် အံ့မခန်းများပြားသော မူလစွမ်းအင်များ သူ့စိတ်ထဲသို့ တရကြမ်းတိုးဝင်သည်ဟု ချက်ခြင်း ခံစားရသည်။
သူက အရူးအမူး စုပ်ယူနေလျက် မရေမတွက်နိုင်သောတာအိုဆန္ဒများနှင့်မူလစွမ်းအင်များသည် သူ့ထံ တရဟော စီးဝင်လေသည်။ ဝမ်လင်းသည် သူဟာ ပြိုလဲတော့မလို ခံစားမိသည်။
ပြင်းထန်လှသည့်နာကျင်မှုက သူ့စိတ်ကို စုတ်ဖြဲပစ်နိုင်စွမ်း ရှိနေသလိုပင်။ သူ့နယ်ပယ်က သူ့စိတ်တစ်လျှောက် စိမ့်ဝင်ပျံ့နှံ့၏။ အမှန်နှင့်အမှား၊ ရှင်သန်ခြင်းနှင့်သေဆုံးခြင်း...ထို့အပြင် မိုးကြိုး၊မီး၊တိုက်ပွဲ။
သည်အရာများအားလုံးက အရည်ပျော်လျက် သူ့ကိုယ်ပိုင်နားလည်မှု ဖြစ်လာလေသည်။ ၎င်းတို့က ပေါင်းစပ်၍ အရင်တုန်းက တစ်ကြိမ်တစ်ခါမျှ မပေါ်ပေါက်ခဲ့ဖူးသည့် ဥပဒေသအသစ်တစ်ခု ဖြစ်လာတော့သည်။
ထိုဥပဒေသ ပေါ်လာချိန်တွင် ဝမ်လင်း၏ကျင့်ကြံမှုက တုန်လှုပ်လာသည်။ သူက နိဗ္ဗာနသန့်စင်ခြင်းအလယ်အဆင့်ကနေ နောက်ဆုံးအဆင့်ထိ ချိုးဖျက်သွားလေသည်။
အမှန်နှင့်အမှားတို့ဖြင့်အတူ မိုးကြိုး၊မီး၊တိုက်ပွဲ ပါဝင်သည့် ဥပဒေသမှာ ဝမ်လင်း၏ တစ်မူထူးသော ကိုယ်ပိုင်တာအို ဖြစ်လာတော့သည်။ ထိုဥပဒေသတွင် မိုးကြိုး၊မီး၊တိုက်ပွဲ၊ရှင်သန်ခြင်းနှင့်သေဆုံးခြင်း၊ အမှန်နှင့်အမှားတို့ ပါဝင်ပေသည်။
ထိုမရေမတွက်နိုင်သော တာအိုစိတ်ဆန္ဒများသည် သူ့အမှန်နှင့်အမှားနယ်ပယ်ဖြင့် ပေါင်းစပ်ခြင်းကြောင့်သာလျှင် ဝမ်လင်းက ဤမျှအချိန်တိုအတွင်း နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကနေ နောက်ဆုံးအဆင့်ထိ တိုးတက်သွားနိုင်တာ ဖြစ်ပေသည်။
သို့သော်ငြားလည်း ထိုမျှဖြင့် အဆုံးမသပ်သေးပေ။ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့၏ အကာအကွယ်အောက်၌ မည်သူမျှ သတိမပြုဝံ့ဘဲ ဝမ်လင်းစိတ်သည် ထိုပုတီးစေ့အတွင်း စုပ်ယူခြင်း ခံရလေသည်။ ထိုအခါ သူသည် အဆက်မပြတ်နားလည်မှုများ ရရှိ၍ မရေမတွက်နိုင်သောတာအိုဆန္ဒများကို စုပ်ယူလျက် သူ့ကျင့်ကြံမှုအဆင့်သည်
နိဗ္ဗာနသန့်စင်ခြင်းအထွတ်အထိပ်အဆင့်ထိ တိုးတက်လာခဲ့ပြန်သည်။ သူ တာအိုသစ်သီးကို စုပ်ယူနေရင်း နိဗ္ဗာနသန့်စင်ခြင်းအထွတ်အထိပ်အဆင့်က အဆုံးသပ် မဟုတ်သေးဟန် ရ၏။
အခုလိုမျိုးသည် အရင်က လုံးဝ ဖြစ်ခဲ့ဖူးသောအရာ မဟုတ်ပေ။ ဝမ်လင်းက နိဗ္ဗာနဖြိုခွဲခြင်းအဆင့်နှင့် သေချာပေါက် နီးကပ်နေလေပြီ။ အမှန်တော့ နိဗ္ဗာနသန့်စင်ခြင်းနှင့်ဖြိုခွဲခြင်းအဆင့်တို့ကြား ကွာဟချက်က ကြီးမားလွန်းလှသည့်အတွက် များသောအားဖြင့် အဆင့်ချိုးဖျက်နိုင်ရန် နှစ်ပေါင်းထောင်ချီ၍ လိုအပ်ပေသည်။ သို့ရာတွင် ခုနစ်ရောင်စုံသစ်သီးများထဲမှ တစ်လုံးကို စုပ်ယူခြင်းပြီးနောက် ထိုကွာဟချက်က လျင်မြန်လွန်းစွာ ကျဥ်းမြောင်းသွားခဲ့ခြင်းတည်း။
သည်လိုအတုမဲ့အခွင့်အရေးမျိုး မရခဲ့ပါက ဝမ်လင်းသည် နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကနေ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်သို့ ရောက်ရှိလိုပါက ဆေးလုံးများစွာအကူအညီဖြင့်ပင် သူ့အဖို့ အချိန်ကြာမြင့်စွာ လိုအပ်ပေလိမ့်မည်။
သို့ရာတွင် ခုချိန်၌ သူ ရရှိခဲ့သည့် တာအိုက သူကိုယ်တိုင်ကိုယ်ကျ နားလည်လာခဲ့ခြင်း မဟုတ်ပေ။ ၎င်းတာအိုက မရေမတွက်နိုင်သောသက်ရှိများ၏ အတွေ့အကြုံများကို စုပ်ယူခဲ့ခြင်းသာ ဖြစ်သည်။ သူက ယင်းတို့ကို သူ့ကိုယ်ပိုင်အဖြစ် ပြောင်းလဲရန် အချိန်ယူရပေလိမ့်မည်။ သို့သော် ဝမ်လင်းထံ၌ သည်ကိစ္စကို အသေးစိတ် တွေးနေဖို့ အချိန်မရှိသေးပေ။
သူသည် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က အပင်နှင့်သစ်သီးတို့၏ အဆီအနှစ်ကို မြန်ဆန်စွာ စုပ်ယူနေခြင်းအား သိသိသာသာ ခံစားမိသည်။ ဤအရာမှာ မျှတသောအပေးအယူပင်။ သည်ပုတီးစေ့က ဝမ်လင်းကို သေရေးရှင်ရေးကနေ ကျော်ဖြတ်နိုင်စေရန် ကူညီပေးခဲ့သည့်အတွက်ကြောင့် ၎င်းက အပြန်အလှန်အနေဖြင့် လုံလောက်သောစွမ်းအားကို ပြန်စုပ်ယူပေမည်။
ဝမ်လင်းက ယခုကဲ့သို့ အခြေအနေဖြင့် အစိမ်းသပ်သပ်တော့ မဟုတ်ပေ။ သူက ၎င်းပုတီးစေ့၏ သဘောသဘာဝကို သတိပြုမိခဲ့ပြီး ဖြစ်သည်။ထိုပုတီးစေ့ အသက်ဝင်လာတိုင်း မူလစွမ်းအင်မြောက်များစွာကို စုပ်ယူတတ်ပေသည်။
"ငါ ဒီအခွင့်အရေးနဲ့ လွဲသွားရင် အနာဂတ်မှာ နောင်တရမိလိမ့်မယ်..."
ဝမ်လင်း ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို ရရှိပြီးနောက် စွမ်းအားအတွက် ၎င်းနှင့် ယှဥ်ပြိုင်ရသည်မှာ ဤတစ်ကြိမ်က ပထမဆုံးအကြိမ်ပင်။
"ငါဟာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ရဲ့ ပိုင်ရှင်ပဲ။ ၎င်းရဲ့ ကျေးကျွန်မဟုတ်ဘူး။ ငါဟာ သင့်ရဲ့ ဒြပ်စင်ငါးခုကိုလည်း ပြည့်စုံအောင် ဖြည့်ဆည်းပေးခဲ့တယ်။ သင့်အတွက် ယင်နဲ့ယန်စွမ်းအင်ကိုလည်း ရှာပေးခဲ့တယ်။ သင်ကလည်း ငါ့ကို အန္တရာယ်ကနေ ပြန်ကယ်တင်ပေးခဲ့တယ်။ ဒီတော့ အပြန်အလှန် ကြေပြီ။ အကျိုးအမြတ်အားလုံးကို သင်ပဲ ယူပစ်မယ်ဆိုရင် ငါဟာ ကျေးကျွန်တစ်ယောက်နဲ့ ဘာကွာတော့မလဲ။ ငါ သင့်ရှိက စွမ်းအားအချို့ ခိုးယူတော့ရော ဘာဖြစ်သလဲ။ ငါဟာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ရဲ့ ပိုင်ရှင်ပဲ..."
"ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့..."
ရှေးဟောင်းအသံတစ်သံ တုန်လှုပ်ခြင်းကြီးစွာဖြင့် ထွက်ပေါ်လာသည်။ သည်ကြယ်အဖွဲ့အစည်းအတွင်းရှိ ဟင်းလင်းပြင်က တွန့်ခေါက်ကာ အနက်ရောင်ဝတ်စုံဖြင့် အဘိုးအိုတစ်ယောက် ပေါ်လာလေ၏။ သူက ယင်ယန်သင်္ကေတကြားရှိ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို လှမ်းကြည့်ပြီး ချက်ခြင်းတိုးဝင်လာ၏။
သို့ရာတွင်မူ သူ အနားရောက်လာသည်နှင့် ပေတစ်ရာအကွာကနေ ရှေ့ဆက် ခြေလှမ်းတစ်ဝက်ပင် လှမ်းနိုင်စွမ်းမဲ့ကာ ရပ်တန့်သွားရသည်။
အပင်သည် မြန်ဆန်စွာခြောက်သွေ့၍ ဤကြယ်အဖွဲ့အစည်းအတွင်းမှ ပျောက်ကွယ်သွားလေ၏။ အခုမှစ၍ ခုနစ်ရောင်စုံအပင်များတွင် အရောင်ခြောက်ခုသာ ကျန်ရှိတော့ပေမည်။
အပင်နှင့်အသီးတို့ကို စုပ်ယူပြီးသည့်နောက် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့သည် ယင်ယန်သင်္ကေတကိုလည်း စုပ်ယူပြီးခဲ့လေပြီ။
သည်အခိုက်အတန့်၌ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က သည်ကြယ်အဖွဲ့အစည်းတစ်ခုလုံးကို ခြုံလွှမ်းမည့် တောက်ပသောအလင်းကို ထုတ်လွှတ်သည်။ တစ်ချိန်တည်းမှာ ဧရာမပုံရိပ်ယောင်တံခါးချပ်က ဤကြယ်အဖွဲ့အစည်းတွင် ပေါ်လာလေ၏။
သည်တံခါးချပ်က လောကကို ထောက်ပံ့ထားနိုင်သည်အထိ ကြီးမားပေ၏။ ၎င်းထံမှ ရှေးဟောင်းအော်ရာတစ်ခု ပျံ့လွင့်လာသည်။ သည်တံခါးမှာ လုံးဝတင်းကြပ်စွာ ပိတ်ထားလျက် ရှိသည်။
***