အခန်း ၆၈
Vol. 7 Ch. 68
အခန်း ၆၈ - တံခါးခေါက်သရဲ၏ ရုပ်ဆိုးသော အသွင်။
ယဲ့ချန်မှာမူ ထူးထူးခြားခြား တည်ငြိမ်နေသည်။
"ယန်နန် သူ ရောက်လာတာက အကောင်းဆုံးပဲ။ သူသာ မပေါ်လာမှာ စိုးရိမ်နေတာ။ မင်းအခြေအနေကို ကြည့်ရရင် ဒီတံခါးခေါက်သရဲက အကြောင်းမဲ့ မင်းကို ပူးကပ်နေတာ မဟုတ်နိုင်ဘူး။ အရင်ဘဝက မင်းနဲ့ ပတ်သက်မှုတစ်ခုခု ရှိခဲ့မှာပဲ။ တစ်ဖက်သားက မင်းကို အငြိုးအတေးထားပြီး သေပြီးနောက်မှာ ပြန်လာတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူ့ရဲ့ စွမ်းအားက အားနည်းလွန်းတော့ မင်းကို တိုက်ရိုက် သတ်လို့မရဘူး။ ဒီအတိုင်း တနှစ်ပြီးတနှစ် အနှောင့်အယှက်ပေးပြီး ကြောက်လန့်အောင် လုပ်နေမှာပဲ။ ကြာရင် မင်းရဲ့ ခန္ဓာကိုယ် အားနည်းလာပြီး ကံဇာတာတွေ ပျက်စီးကာ အသက်တိုသွားလိမ့်မယ်။"
ယဲ့ချန်သည် စိတ်ထဲမှ ကြံစည်ကာ ပုံစံကို ဖော်ပြပေးသော အဆောင်နှင့် အသစ်ရရှိထားသော ကာကွယ်ရေး အဆောင်နှစ်ခုကို ထုတ်လိုက်သည်။ တံခါးခေါက်သံ ရပ်သွားသော်လည်း အခန်းထဲတွင် လူသုံးယောက်အပြင် နောက်ထပ် တစ်ယောက်ရောက်နေသလို အေးစက်စက် ခံစားမှုတစ်ခု ထွက်ပေါ်လာသည်။ ယဲ့ချန်သည် ကာကွယ်ရေးအဆောင်တစ်ခုကို မိမိခန္ဓာကိုယ်တွင် ကပ်လိုက်ပြီး နောက်တစ်ခုကို ရှယန်နန်အား ပေးလိုက်သည်။
"ဒါကို ကိုယ့်ကိုယ်မှာပဲ ဆောင်ထားပါ၊ မပျောက်စေနဲ့။"
အဆောင်ကြောင့် သူတို့နှစ်ဦးထံမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ယန်စွမ်းအင်များက အခန်းတွင်းရှိ အညစ်အကြေးများကို တွန်းထုတ်ပစ်သည်။
ကျိုးဟွေလီက ကြောက်လန့်တကြား အော်ဟစ်ကာတောင်းဆိုသည်။
"ငါ့ကိုလည်း တစ်ခုပေးပါ။"
"မင်းက ငါ့ကို အစကတည်းက မလေးမစား လုပ်ခဲ့တာ။ မင်းကို ဘာလို့ ပေးရမှာလဲ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်လိုက်တော့။"
ထို့နောက် ယဲ့ချန်သည် မီးခြစ်ကိုထုတ်ကာ ပုံစံကို ဖော်ပြပေးသော အဆောင်ကို မီးရှို့လိုက်သည်။
"ဘုန်းးးး"
ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ တံခါးဝမှနေ၍ အတော်လေး ထင်ရှားသော ဝိညာဉ်တစ်ခု ဝင်လာသည်။ ထိုသရဲမှာ အလွန် ကြောက်မက်ဖွယ်ကောင်းသော ပုံစံဖြစ်သည်။ သူ၏ ဦးရေပြားမှာ အခွာခံထားရပြီး ဦးနှောက်များ ပေါ်နေကာ လည်ပင်းမှာလည်း ကျိုးလျက် ရှိသည်။ ဝမ်းဗိုက်တွင် သံချောင်းတစ်ခု စိုက်ဝင်နေပြီး အူများမှာ ကြမ်းပြင်ပေါ်သို့ တစ်မီတာကျော်အထိ ဆွဲငင်လျက်သား ဖြစ်နေသည်။ ယဲ့ချန်ပင် အော့အန်ချင်သလို ဖြစ်သွားသည်။
"ယန်နန် ဒီသရဲက မင်းကို ခြောက်လှန့်နေတာ။ မင်း သူ့ကို သိလား။"
"သူ... သူက နည်းနည်းတော့ ရင်းနှီးသလိုပဲ ဒါပေမဲ့ ကျွန်မ တကယ် မသိဘူး။"
ကျိုးဟွေလီမှာမူ သရဲကို မြင်လိုက်ရသည်နှင့် မျက်လုံးများ လန်ကျသွားကာ သတိလစ်သွားသည်။ ထူးဆန်းသည်မှာ ကျိုးဟွေလီ၏ လည်ပင်းတွင် အမျိုးသမီးတစ်ယောက်၏ နှုတ်ခမ်းနီရာများကဲ့သို့ အမည်းစက်များ ပေါ်လာသည်။
သရဲသည် ယဲ့ချန်တို့ထံ ခြေလှမ်းငါးလှမ်းခန့် အကွာတွင် ရပ်တန့်သွားသည်။
"လူ့လောကမှာ လူလမ်း သရဲလောကမှာ သရဲလမ်းပဲ။ မင်းက ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ။"
သရဲသည် ယဲ့ချန်ကို ကြည့်ကာအသံကြမ်းဖြင့် မေးသည်။
"ညီလေး မီးခြစ်လေး ငှားပါလား။"
ယဲ့ချန်က မီးခြစ်ကို ဝေ့ယမ်းပြသည်။
"မဟုတ်ဘူး ငါလိုချင်တဲ့ မီးက မင်းပုခုံးပေါ်က မီးပဲ။"
ယဲ့ချန်၏ ပုခုံးပေါ်ရှိ ရောင်ဝါကိုမှုတ်၍ ငြိမ်းသတ်ရန် ကြိုးစားသည်။ သို့သော်လည်း ကာကွယ်ရေးအဆောင်၏ ရောင်ဝါကြောင့် သူ၏ ကြိုးစားမှုမှာ အချည်းနှီး ဖြစ်သွားသည်။
"မင်းလို အဆင့်နိမ့်သရဲက ငါ့ကို စိန်ခေါ်ရဲတယ်ပေါ့ မင်းက ယန်နန်ကို ဘာလို့ နှောင့်ယှက်နေတာလဲ။"
"ယန်နန် ယန်နန်... ရှယန်နန် မင်းကို ငါ မေ့လို့မရဘူး။ သရဲ ဖြစ်သွားရင်တောင် မင်းကို ငါ မေ့လို့မရဘူး..."
"ကျွန်မ ရှင့်ကို မသိဘူး ဘယ်သူလဲ ဘာလို့ ကျွန်မကို နှောင့်ယှက်နေတာလဲ။"
"ယန်နန် ငါက ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်တာ။ လွန်ခဲ့တဲ့ သုံးနှစ်က မင်း ဆီလာဖြည့်တဲ့အချိန်ကတည်းက မင်းကို ချစ်သွားခဲ့တာ။ မင်းကို နောက်ယောင်ခံလိုက်တာ ခိုးရိုက်တာတွေ လုပ်ခဲ့တယ်။ မင်းကို ခဏလေး မြင်ရရုံနဲ့တင် ငါ့စိတ်တွေ အေးချမ်းသွားတယ်။"