အခန်း ၉၈၃
Vol. 94 Ch. 983
အခန်း (၉၈၃) - တာအိုလက်တွဲဖော် ဖုန်းရှီးတာအိုအရှင်၊ အလှပဂေးလေးနှင့် ရမ္မက်ခြောက်ပါးလောကီအသီး (၁)
၎င်းတို့အဖွဲ့၏ တာဝန်မှာ သဘာဝကျကျပင် ရမ္မက်ခြောက်ပါး လောကီနန်းဆောင်သို့ သွားရောက်၍ ရမ္မက်ခြောက်ပါး လောကီအသီးများကို ရယူရန် ဖြစ်ပေသည်။
"သေချာပေါက် အန္တရာယ်များတာပေါ့... ဒီရမ္မက်ခြောက်ပါး လောကီနန်းဆောင်ကို ဘယ်တော့မှ အထင်မသေးလိုက်နဲ့..."
"အဲ့ဒီရမ္မက်ခြောက်ပါး လောကီသစ်ပင်က အင်မော်တယ်ကမ္ဘာက အပင်ဖြစ်သလို၊ ကိုယ်ပေါ်မှာ ရမ္မက်ခြောက်ပါး လောကီအငွေ့အသက်တွေ ပြည့်နှက်နေတာ..."
"ကျုပ်တို့လို မဟာယာနအဆင့် ကျင့်ကြံသူတွေ ချဉ်းကပ်သွားရင်တောင် လောကီအငွေ့အသက်တွေကို ရှူရှိုက်မိတာနဲ့ ချက်ချင်းကို လောကီစိတ်ကူးယဉ်ကမ္ဘာထဲ ကျရောက်သွားလိမ့်မယ်... တာအိုနှလုံးသားက မခိုင်မာဘူးဆိုရင်တော့ သေချာပေါက် သေရလိမ့်မယ်..."
"အရင်တုန်းက ကျုပ်တို့ ထျန်းဖန်မျိုးနွယ်စု ရမ္မက်ခြောက်ပါး လောကီနန်းဆောင်ကို ပထမဆုံးအကြိမ် ချဉ်းကပ်တုန်းကလည်း မဟာယာနအဆင့် ကျင့်ကြံသူ ဆယ်ယောက်လောက် သေဆုံးခဲ့ရတယ်... ဆုံးရှုံးမှု ကြီးမားလွန်းလို့ အကြိမ်ကြိမ် လေ့လာပြီးမှပဲ အဲ့ဒီအထဲက နိယာမတွေကို သဘောပေါက်နိုင်ခဲ့တာ..."
"ဒါ့အပြင် ရမ္မက်ခြောက်ပါး လောကီနန်းဆောင်ထဲမှာ မဟာယာနအဆင့် ရှေးဟောင်းသားရဲ ဆယ်ကောင်ကျော် စောင့်ကြပ်နေသေးတယ်... အကယ်လို့ ကျုပ်တို့သာ သတိမထားဘဲ လောကီစိတ်ကူးယဉ်ကမ္ဘာထဲ ကျရောက်သွားရင် အဲ့ဒီရှေးဟောင်းသားရဲတွေရဲ့ ဝမ်းဗိုက်ထဲက အစာ အမြန်ဆုံးဖြစ်သွားလိမ့်မယ်..."
ဖန်ချင်းက အလွန်လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်ကာ ရမ္မက်ခြောက်ပါး လောကီနန်းဆောင်၏ အန္တရာယ်များကို ထောက်ပြလိုက်သည်။
ထျန်းဖန်မျိုးနွယ်စု ကျင့်ကြံသူများသည် ဖီးနစ်အင်မော်တယ်စံအိမ်ကို နှစ်ပေါင်းသန်းတစ်ထောင်ကျော်ကြာအောင် ရှာဖွေစူးစမ်းခဲ့သော်လည်း ကြီးမားသော ယုံကြည်ချက် မရှိသေးပေ။
အကယ်၍ ထိုသို့သာ မဟုတ်ခဲ့ပါက အခြားမျိုးနွယ်စုများမှ မဟာယာနအဆင့် ကျင့်ကြံသူများကို ဖိတ်ခေါ်လာမည် မဟုတ်ချေ။
ထျန်းဖန်မျိုးနွယ်စု၏ ရည်ရွယ်ချက်မှာ သဘာဝကျကျပင် အခြားမျိုးနွယ်စုမှ မဟာယာနအဆင့်များက ၎င်းတို့၏ ဒိုင်းကာများအဖြစ် ဆောင်ရွက်ပေးပြီး အန္တရာယ်များကို ကာကွယ်ပေးရန် မျှော်လင့်ထားခြင်း ဖြစ်၏။
ဤသို့ဆိုလျှင် ထျန်းဖန်မျိုးနွယ်စု၏ အန္တရာယ်ဖြစ်နိုင်ခြေသည် ကျဆင်းသွားပေလိမ့်မည်။
အခြားမျိုးနွယ်စု ကျင့်ကြံသူများက ရတနာအချို့ကို ရရှိသွားလျှင်ပင် ၎င်းတို့အတွက် လုံးဝ ကိစ္စမရှိပေ။
မည်သို့ပင်ဖြစ်စေ ထျန်းဖန်မျိုးနွယ်စုမှာ အမြတ်ကြီးကြီးရရှိမည်သာ။
"မဟာယာနအဆင့် ရှေးဟောင်းသားရဲတွေ ဒီလောက်တောင် များနေတာလား..."
"ဒါက အင်မော်တယ်ကမ္ဘာကနေ ကျဆင်းလာတဲ့ အင်မော်တယ်စံအိမ် မဟုတ်ဘူးလား..."
ဤစကားကို ကြားသောအခါ အခြားမျိုးနွယ်စုမှ မဟာယာနအဆင့် ကျင့်ကြံသူများစွာမှာ လုံးဝ မယုံကြည်နိုင် ဖြစ်သွားကြသည်။
ဖီးနစ်အင်မော်တယ်စံအိမ်ထဲရှိ မဟာယာနအဆင့် ရှေးဟောင်းသားရဲများမှာ အမှန်တကယ်ပင် များပြားလွန်းနေကာ စိတ်ကူးထားသည်ထက် ကျော်လွန်နေကြောင်း ၎င်းတို့ ယူဆမိကြသည်။
မဟာယာနအဆင့် ရှေးဟောင်းသားရဲများသည် မည်သည့်အချိန်ကစ၍ ဤမျှတန်ဖိုးမရှိ ဖြစ်သွားရသနည်း။
"ဟဟ... ဖီးနစ်အင်မော်တယ်စံအိမ်က အင်မော်တယ်ကမ္ဘာကနေ ကျဆင်းလာတာ မဟုတ်ဘူး... ကိုယ့်သဘောဆန္ဒနဲ့ အောက်ကမ္ဘာကို ဆင်းလာတာ..."
ဖန်ချင်း၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းများ ပေါ်ထွက်လာပြီး ဖီးနစ်အင်မော်တယ်စံအိမ်၏ လျှို့ဝှက်ချက်အချို့ကို သိရှိထားပုံပေါ်လေသည်။
'ဘာ...'
အခြားမျိုးနွယ်စုမှ မဟာယာနအဆင့် ကျင့်ကြံသူများ၏ မျက်လုံးများက တောက်ပသွားကြသည်။ ဤထျန်းဖန်မျိုးနွယ်စု၏ မဟာယာနအဆင့် ကျင့်ကြံသူ၏ စကားများကို နားထောင်ရသည်မှာ ဖီးနစ်အင်မော်တယ်စံအိမ်၏ လျှို့ဝှက်ချက်က အလွန်တရာ အံ့ဩဖွယ်ကောင်းနေသည်မှာ ထင်ရှားလှ၏။
မိမိသဘောဆန္ဒဖြင့် အောက်ကမ္ဘာသို့ ဆင်းသက်လာသော အင်မော်တယ်စံအိမ်တစ်ခုမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းလိုက်မည်နည်း။
သိထားရမည်မှာ ဝိညာဉ်ကမ္ဘာရှိ အင်မော်တယ်စံအိမ်များစွာထဲတွင် မည်သည့်အရာကများ အင်မော်တယ်ကမ္ဘာ၌ ဘေးအန္တရာယ်ကြုံတွေ့၍ အောက်သို့ ကျဆင်းလာခြင်း မဟုတ်ပါသနည်း။
အမှန်အတိုင်းဆိုရလျှင် အင်မော်တယ်ကမ္ဘာမှ အင်မော်တယ်များသည် အောက်ကမ္ဘာသို့ ဆင်းသက်လိုပါက တွေးထင်ထားသည်ထက် ပို၍ ခက်ခဲလှပေသည်။
မှန်ပေ၏၊ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ သို့ရာတွင် ပေးဆပ်ရမည့် တန်ဖိုးမှာ သေချာပေါက် ကြီးမားပေလိမ့်မည်။
၎င်းမှာ သာမန် အစစ်အမှန်အင်မော်တယ်တစ်ပါး လုပ်ဆောင်နိုင်သည့် ကိစ္စမျိုးလည်း မဟုတ်ချေ။
၎င်းတို့အနေဖြင့် ဖီးနစ်အင်မော်တယ်စံအိမ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆက်လက်မေးမြန်းချင်နေကြသေးသည်။ သို့ရာတွင် ဖန်ချင်းက ဤအကြောင်းများကို ပြောဆိုရန် စိတ်ဝင်စားမှု မရှိတော့ပေ။ သူက ပြတ်ပြတ်သားသားပင် ပြောလိုက်သည်။
"ဒီလိုကိစ္စတွေကို အများကြီး ပြောနေစရာ မလိုပါဘူး... ခင်ဗျားတို့က ဒီတာဝန်ကို ပြီးမြောက်အောင် လုပ်ပေးမယ်ဆိုရင် ထိုက်တန်တဲ့ အကျိုးအမြတ်တွေကို သေချာပေါက် ရရှိမှာပါ... လူတိုင်းက ရမ္မက်ခြောက်ပါး လောကီအသီး တစ်လုံးစီ ရမှာမို့လို့ ခင်ဗျားတို့ကို လုံးဝ အနစ်နာခံခိုင်းမှာ မဟုတ်ပါဘူး..."
"ကောင်းပြီ..."
ဤစကားကို ကြားသောအခါ အခြားမျိုးနွယ်စုများမှ မဟာယာနအဆင့် ကျင့်ကြံသူများစွာမှာ အနည်းငယ် နှမြောတသဖြစ်သွားကြသည်။
တစ်ဖက်လူက ဖီးနစ်အင်မော်တယ်စံအိမ်၏ လျှို့ဝှက်ချက်များကို ထပ်မံထုတ်ဖော်ပြောဆိုရန် ဆန္ဒမရှိတော့သည်မှာ ထင်ရှားသောကြောင့် ၎င်းတို့အနေဖြင့် မည်သည့်အရာကိုမျှ အတင်းအကျပ် မတောင်းဆိုနိုင်တော့ချေ။
ထိုသို့မဟုတ်ဘဲ ထျန်းဖန်မျိုးနွယ်စုကို အပြစ်ပြုမိပါက ၎င်းတို့အတွက် ကောင်းကျိုးရှိမည် မဟုတ်ပေ။
"ဖီးနစ်အင်မော်တယ်စံအိမ်ရဲ့ အချက်အချာကျတဲ့ အနက်ရှိုင်းဆုံးနေရာမှာ ဖီးနစ်နန်းဆောင်လို့ ခေါ်တဲ့ နန်းဆောင်တစ်ခု ရှိသေးတယ်လို့ ကျုပ်ကြားဖူးတယ်..."
"အဲ့ဒီနေရာက အစစ်အမှန်ဝိညာဉ်ဖီးနစ် နေထိုင်တဲ့ နေရာဖြစ်နိုင်တယ်..."
"အဲ့ဒီအထဲမှာ ဖီးနစ်နားတဲ့ နတ်ဘုရားသစ်ပင် တစ်ပင်ကိုတောင် စိုက်ပျိုးထားသေးတယ်လို့ ကောလာဟလတွေ ရှိတယ်..."
"ထျန်းဖန်မျိုးနွယ်စုက ဒီဖီးနစ်နန်းဆောင်ကို စိတ်မဝင်စားဘူးလား..."
အဆိပ်ကျီးကန်းမျိုးနွယ်စုမှ မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
"ခင်ဗျားလည်း ဖီးနစ်အင်မော်တယ်စံအိမ်အကြောင်း အနည်းနဲ့အများတော့ သိထားပုံရတယ်..."
"ဖီးနစ်နန်းဆောင်က ဖီးနစ်အင်မော်တယ်စံအိမ်ရဲ့ အချက်အချာအကျဆုံးနေရာဖြစ်ပြီး ဖီးနစ်ရဲ့ အိပ်ဆောင်ဖြစ်တာ အမှန်ပဲ..."
"ဒါပေမဲ့ အဲ့ဒီနေရာက အင်မော်တယ်တားမြစ်အစီအရင်တွေနဲ့ ကာကွယ်ထားတာ..."
"မဟာယာနအဆင့် ကျင့်ကြံသူတွေ အတင်းအဓမ္မ ဝင်သွားရင်တောင် သေဆုံးပြီး ဘာမှကျန်မှာ မဟုတ်ဘူး..."
"နှစ်ပေါင်းသန်းတစ်ထောင်ကြာတဲ့အထိ ဖီးနစ်နန်းဆောင်နားကို ဘယ်သူမှ မကပ်နိုင်ခဲ့ဘူး... အဲ့ဒါကြောင့် ခင်ဗျားတို့လည်း ဒီစိတ်ကူးကို စွန့်လွှတ်လိုက်တာ အကောင်းဆုံးပဲ..."
"တခြားရတနာတွေကို ရနိုင်တာကပဲ မဆိုးဘူးလို့ ဆိုရမယ်..."
"ဖီးနစ်အင်မော်တယ်စံအိမ်ရဲ့ အစစ်အမှန် တားမြစ်အစီအရင်တွေကို လုံးဝ သွားမထိရဘူး..."
ဖန်ချင်းက အလွန်လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။
၎င်းတို့သည် ပြင်ပမှ ဝင်ရောက်လာသော သူခိုးများနှင့် တူညီပြီး အိမ်ရှင်၏အိမ်ထဲသို့ ဝင်ကာ ရတနာများကို ခိုးယူရန် ကြိုးစားနေကြခြင်း ဖြစ်၏။
အကယ်၍ ဤနေရာရှိ ကာကွယ်ရေးစနစ်ကို သွားရောက်ထိမိပါက မည်သို့သေဆုံးသွားမည်ကိုပင် သိလိုက်ရမည် မဟုတ်ပေ။
အခြားတစ်ဖက်တွင်။
ဖီးနစ်အင်မော်တယ်စံအိမ်သို့ ဝင်ရောက်လာသော မဟာယာနအဆင့် ကျင့်ကြံသူများသည် ထျန်းဖန်မျိုးနွယ်စုမှသာ မဟုတ်ဘဲ အခြားသော ပင်လယ်နယ်မြေများမှ အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုများလည်း ပါဝင်လေသည်။
၎င်းတို့သည်လည်း ဖီးနစ်အမိန့်ပေးတံဆိပ်များကို တိတ်တဆိတ် ရရှိထားကြပြီး ဖီးနစ်အင်မော်တယ်စံအိမ်ထဲသို့ လျှို့ဝှက်စွာ ဝင်ရောက်လာခဲ့ကြသည်။
"ထျန်းဖန်မျိုးနွယ်စုရဲ့ ကံက အရမ်းကောင်းလွန်းတယ်... တိုက်တိုက်ဆိုင်ဆိုင် ဖီးနစ်အင်မော်တယ်စံအိမ်ကို ရသွားတာပဲ... ဒီနှစ်တွေတစ်လျှောက် ဖီးနစ်အင်မော်တယ်စံအိမ်ကနေတစ်ဆင့် သူတို့ ဘယ်လောက်တောင် အကျိုးအမြတ်တွေ ရသွားခဲ့လဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး..."
"ဟုတ်ပါ့... ဖီးနစ်အင်မော်တယ်စံအိမ်ထဲက ရရှိခဲ့တဲ့ အခွင့်အရေးများစွာကနေ ထျန်းဖန်မျိုးနွယ်စုက မဟာယာနအဆင့် ကျင့်ကြံသူများစွာကို မွေးထုတ်ပေးနိုင်ခဲ့တာ... ဒါကြောင့်မလို့ ထျန်းဖန်မျိုးနွယ်စုက ဒီနှစ်တွေထဲမှာ ဒီလောက်တောင် အားကောင်းလာတာပေါ့..."
"ဘာပဲဖြစ်ဖြစ် ဖီးနစ်အင်မော်တယ်စံအိမ်ဆိုတာ ပိုင်ရှင်မဲ့ပစ္စည်းပဲ... ထျန်းဖန်မျိုးနွယ်စု ဝင်လာနိုင်ရင် ကျုပ်တို့လည်း ဝင်လာနိုင်တာပေါ့..."
"အမှန်ပဲ... ဒီတစ်ကြိမ်တော့ ထျန်းဖန်မျိုးနွယ်စုကို ဆုံးရှုံးမှုကြီးကြီးမားမား ဖြစ်အောင် လုပ်ရလိမ့်မယ်..."
"အနာဂတ် ကြယ်ကွဲပင်လယ်က သေချာပေါက် ကျုပ်တို့မျိုးနွယ်စုရဲ့ ကမ္ဘာဖြစ်လာမှာပဲ..."
အခြားမျိုးနွယ်စုမှ မဟာယာနအဆင့်များစွာက တစ်ယောက်တစ်ပေါက် ဆွေးနွေးနေကြပြီး ကြီးမားသော လျှို့ဝှက်ကြံစည်မှုကြီးတစ်ခုကို ဖုံးကွယ်ထားပုံရလေသည်။
၎င်းတို့သည်လည်း ဖီးနစ်အင်မော်တယ်စံအိမ်ကို ထျန်းဖန်မျိုးနွယ်စု ကြီးစိုးနေသည်ကို ကြည့်မရဖြစ်နေသည်မှာ ထင်ရှားလှပြီး ဤတစ်ကြိမ်တွင် ထျန်းဖန်မျိုးနွယ်စုကို မဖြစ်မနေ သင်ခန်းစာပေးရန် ရည်ရွယ်ထားကြသည်။
ဤမျှ အရေးကြီးသော ကျင့်ကြံခြင်း အရင်းအမြစ်များကို အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုများပင်လျှင် အလွယ်တကူ လက်လွှတ်မခံလိုကြပေ။
သံသယဖြစ်ဖွယ်မရှိ ၎င်းတို့သည်လည်း ဖီးနစ်အင်မော်တယ်စံအိမ်ကို အချိန်ကြာမြင့်စွာ တပ်မက်နေခဲ့ကြပြီး ၎င်းထံမှ သတင်းအချက်အလက်မြောက်မြားစွာကို ရယူထားခဲ့ကြသည်။
ဤတစ်ကြိမ် စစ်ဆင်ရေးတွင် ၎င်းတို့အနေဖြင့် သေချာပေါက် ရလဒ်ကောင်းများ ရရှိနိုင်မည် ဖြစ်၏။
ဖီးနစ်အင်မော်တယ်စံအိမ်ထဲရှိ ရတနာများကို ၎င်းတို့က မရရအောင် ရယူရန် ဆုံးဖြတ်ထားကြလေသည်။
...
အခြားမျိုးနွယ်စုမှ မဟာယာနအဆင့်များ၏ အောက်လုံးများ၊ အကြံအစည်များနှင့် အင်မော်တယ်စံအိမ်အတွင်းရှိ လျှို့ဝှက်လှုပ်ရှားမှုများကို ခေတ္တဘေးဖယ်ထားလိုက်ရပေမည်။
ဤအရာအားလုံးက ကျိုးစွေ့နှင့် များများစားစားသက်ဆိုင်မှု မရှိပေ။ သူသည် ပြင်ပလူတစ်ယောက်သာ ဖြစ်လေ၏။
ယွီရှန်းအာတို့နှင့် လမ်းခွဲပြီးနောက်တွင် ကိုယ်ပွားကျိုးစွေ့သည် ဖီးနစ်အင်မော်တယ်စံအိမ်၏ အနက်ရှိုင်းဆုံးနေရာဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
သူသည် ‘ပစ္စည်းရှာဖွေကူ’၏ လမ်းညွှန်မှုအတိုင်း အရှေ့မြောက်ဘက်ဆီသို့ ထွက်ခွာသွား၏။
အဘယ်ကြောင့်ဆိုသော် ဖုန်းရှီးတာအိုအရှင် ပိတ်မိနေသည့် နေရာမှာ ဖီးနစ်အင်မော်တယ်စံအိမ်၏ နေရာတစ်နေရာတွင် ဖြစ်သောကြောင့်ပင်။
မည်သို့ပင်ဆိုစေ သူ ဤတစ်ကြိမ် ဖီးနစ်အင်မော်တယ်စံအိမ်အတွင်းသို့ ဝင်ရောက်လာခြင်း၏ အကြီးမားဆုံး ရည်ရွယ်ချက်မှာ ဖုန်းရှီးတာအိုအရှင်ကို ကယ်တင်ရန်ဖြစ်ကြောင်း မမေ့လျော့ထားပေ။
မှန်ပေသည်၊ ဖုန်းရှီးတာအိုအရှင်က သူ၏ကယ်တင်မှုကို လိုအပ်ချင်မှ လိုအပ်မည်ဟု တွေးတောမိလေသည်။
ဤသည်က ဖုန်းရှီးတာအိုအရှင်အတွက် အခွင့်အရေးတစ်ခုလည်း ဖြစ်နေနိုင်ပေသည်။