အခန်း ၉၈၅
Vol. 94 Ch. 985
အခန်း (၉၈၅) - တာအိုလက်တွဲဖော် ဖုန်းရှီးတာအိုအရှင်၊ အလှပဂေးလေးနှင့် ရမ္မက်ခြောက်ပါးလောကီအသီး (၃)
တစ်ခဏမျှ မျက်နှာချင်းဆိုင်လိုက်ရုံဖြင့် မဟာယာနအဆင့် ကျင့်ကြံသူသုံးဦး အသတ်ခံလိုက်ရပြီး ဤနေရာ၏ မြေဩဇာများအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။
ကျန်ရှိနေသော မဟာယာနအဆင့် ကျင့်ကြံသူများမှာမူ သဘာဝကျစွာပင် အသေအလဲ ကြောက်ရွံ့သွားကြလေသည်။ ယခုအခါတွင် ၎င်းတို့သည် ရမ္မက်ခြောက်ပါး လောကီသစ်သီးကို မလိုချင်တော့ဘဲ ဤနေရာမှ အမြန်ဆုံး ထွက်ပြေးကာ လွတ်မြောက်ရန်သာ လိုလားနေကြတော့သည်။
ဝုန်း… ဝုန်း… ဝုန်း…
ဤအခိုက်အတန့်တွင် ထိုရမ္မက်ခြောက်ပါး လောကီသစ်ပင်ကြီး လှုပ်ခတ်လာသည်ကို မြင်တွေ့လိုက်ရသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ အဆုံးအစမဲ့ အနီရောင်မြူခိုးများ ထွက်ပေါ်လာပြီး ကီလိုမီတာ တစ်သန်းပတ်လည်ကို အလွယ်တကူ လွှမ်းခြုံသွားပုံရ၏။
အနီရောင်မြူခိုးများနှင့် ထိတွေ့မိသော သက်ရှိတိုင်းသည် လောကီစိတ်ကူးယဉ်ကမ္ဘာအတွင်းသို့ ကျဆင်းသွားပြီး ရုန်းထွက်နိုင်မည် မဟုတ်ချေ။
တစ်ချိန်တည်းမှာပင် ရမ္မက်ခြောက်ပါး လောကီနန်းတော်၌ နေထိုင်ကြသော မဟာယာနအဆင့်သားရဲရိုင်း ဆယ်ကောင်ကျော်သည်လည်း လှုပ်ရှားလာကာ တိုက်ခိုက်မှုများကို စတင်လိုက်ကြသည်။
၎င်းတို့သည် ရမ္မက်ခြောက်ပါး လောကီစွမ်းအင်များကို လုံးဝ မကြောက်ရွံ့ကြဘဲ မည်သည့် သက်ရောက်မှုကိုမျှ မခံရသည့်အပြင် ပို၍ပင် ကြမ်းကြုတ်လာကြလေသည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့ကိုယ်တိုင်က ရမ္မက်ခြောက်ပါး လောကီသစ်ပင်နှင့် တွဲဖက်ရှင်သန်နေသော သားရဲရိုင်းများ မဟုတ်ပါလော။
များစွာသော မဟာယာနအဆင့် ကျင့်ကြံသူများသည် ခက်ခဲပင်ပန်းစွာ ရုန်းကန်နေရုံမှလွဲ၍ တခြားမတတ်နိုင်ကြပေ။ ၎င်းတို့သည် တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ခုခံနိုင်ရန် ကြိုးစားရင်း အစွမ်းကုန် ထုတ်သုံးနေကြရသည်။
'တကယ်ကို ကြောက်စရာကောင်းတာပဲ... ဒါက မဟာယာနအဆင့် ကျင့်ကြံသူတွေလား...'
'ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတွေနဲ့ ယှဉ်လို့မရနိုင်တာ သေချာတယ်...'
အဝေးမှ ကျိုးစွေ့သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ နှလုံးသားမျက်လုံးစွမ်းအားမှတစ်ဆင့် အဝေးရှိ တိုက်ပွဲအခြေအနေကို အာရုံခံနေခဲ့သည်။ သူ၏ စိတ်နှလုံးထဲတွင်လည်း အလွန်အမင်း တုန်လှုပ်နေမိလေသည်။
ထိုနန်းတော်အတွင်း၌ မျိုးနွယ်ခြားမျိုးနွယ်စုမှ မဟာယာနအဆင့် ကျင့်ကြံသူ ဆယ်ဦးကျော်နှင့် မဟာယာနအဆင့်သားရဲရိုင်း ဆယ်ကောင်ကျော်တို့ လုံးထွေးတိုက်ခိုက်နေကြရာ ကောင်းကင်ပြို၍ မြေကြီးကွဲအက်သွားမတတ်၊ နေနှင့် လတို့ပင် အလင်းရောင် ကင်းမဲ့သွားမတတ် ဖြစ်နေတော့သည်။
မိုင်သန်းချီကျယ်ဝန်းသော ဧရိယာတစ်ခုလုံး တုန်ခါနေပြီး တစ်ဝုန်းဝုန်းမြည်သံများ ထွက်ပေါ်ကာ အဆုံးအစမဲ့ လှိုင်းတံပိုးများ ထကြွလာခဲ့သည်။ အဆင့်မြင့် မြေငလျင်ကြီးတစ်ခု လှုပ်ခတ်သွားသည်နှင့်ပင် တူညီနေချေသည်။
ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများသည် လေဟာနယ်စွမ်းအားများကို ချုပ်ကိုင်ကာ ခန္ဓာကိုယ်ကို ချက်ချင်း နေရာရွှေ့ပြောင်းနိုင်သည်ဟု ဆိုပါလျှင် မဟာယာနအဆင့် ကျင့်ကြံသူများမှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ၎င်းတို့သည် ကောင်းကင်နှင့် မြေကြီး၏ ဥပဒေသစွမ်းအားများကို လှုပ်ခတ်နိုင်နေပြီဖြစ်ပြီး တိုက်ခိုက်ရာတွင် ဥပဒေသစွမ်းအားများကို စတင်အသုံးပြုနိုင်နေပြီ ဖြစ်၏။
ဤသို့ဖြစ်ရခြင်းကြောင့်ပင် ၎င်းတို့၏ ကျပန်းတိုက်ခိုက်လိုက်သော စွမ်းအားသည် ကီလိုမီတာသန်းချီ၍ ဖျက်ဆီးပစ်နိုင်စွမ်းရှိကာ လူ့လောကရှိ အင်မော်တယ်များနှင့် တူညီနေပေသည်။
လောကလူသားများက ၎င်းတို့ကို အင်မော်တယ်တစ်ပိုင်းများဟု ခေါ်ဆိုကြခြင်းမှာ ယင်းအချက်မှ မြစ်ဖျားခံလာခြင်းပင် ဖြစ်လေသည်။
ယခုအချိန်တွင် သူသည် ထိုမဟာယာနအဆင့် အင်မော်တယ်တစ်ပိုင်းများနှင့် အလွန်အလှမ်းကွာဝေးနေသည့်တိုင် ထိုသူများ၏ ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းရည်ကို ခံစားနေရဆဲပင် ဖြစ်၏။
အကယ်၍ ၎င်းတို့၏ တိုက်ပွဲအတွင်းသို့သာ ပါဝင်ပတ်သက်မိသွားပါက တိုက်ပွဲဂယက်ကြောင့်ပင် ချက်ချင်း အသတ်ခံရမည်ကို စိုးရိမ်ရလေသည်။
ဤအချိန်တွင် အနီရောင်မြူခိုးမျှင်များသည် သဘာဝကျစွာပင် ကျိုးစွေ့၏ ခန္ဓာကိုယ်ပေါ်သို့ ပျံ့နှံ့ရောက်ရှိလာခဲ့သည်။
ချက်ချင်းပင် သူ၏ဝိညာဉ်မှာ ဤအနီရောင်မြူခိုးများ၏ ဆွဲငင်မှုကြောင့် စိတ်ကူးယဉ်ကမ္ဘာအတွင်းသို့ ဆွဲသွင်းခံလိုက်ရသကဲ့သို့ ဖြစ်သွားကြောင်း သူ တွေ့ရှိလိုက်ရ၏။
ဤအခိုက်အတန့်တွင် လောကီရေးရာ အရပ်ရပ်ကို သူ မြင်တွေ့လိုက်ရပုံပေါ်ပြီး သာမန်လူတစ်ယောက်အဖြစ် အသွင်ပြောင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ရမ္မက်ခြောက်ပါးဖြစ်သော အသက်ရှင်ခြင်း၊ သေဆုံးခြင်း၊ နား၊ မျက်စိ၊ နှုတ်၊ နှာခေါင်းတို့သည်လည်း ချက်ချင်း လှုံ့ဆော်ခံလိုက်ရလေသည်။ တကယ့်အဖြစ်အပျက်ထဲတွင် ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့နေရသကဲ့သို့ပင် ဖြစ်၏။ ၎င်းမှာ နှလုံးသားမိစ္ဆာကပ်ဘေး၏ စိတ်ကူးယဉ်ကမ္ဘာအတွင်းသို့ ကျဆင်းသွားခြင်းနှင့် များစွာကွာခြားမှု မရှိတော့ချေ။
သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ကိုယ်ပွားကျိုးစွေ့၏ ခန္ဓာကိုယ်ပေါ်ရှိ ‘အိပ်မက်ဝိညာဉ်ကူ’သည် ချက်ချင်း လှုပ်ရှားလာခဲ့သည်။ ပါးစပ်ကို ဟလိုက်ပြီး ဤရမ္မက်ခြောက်ပါး လောကီစွမ်းအင်များကို စတင်ဝါးမြိုလိုက်ရာ အရသာရှိသော အစားအစာများအလား ၎င်း၏ ဗိုက်ထဲသို့ အကုန်ဝင်ရောက်သွားလေတော့သည်။
ချက်ချင်းပင် ကိုယ်ပွားကျိုးစွေ့သည်လည်း သတိပြန်လည်လာခဲ့၏။
'အရမ်းအစွမ်းထက်တာပဲ... ဒါက ရမ္မက်ခြောက်ပါး လောကီစွမ်းအင်လား...'
‘မတော်လို့ ‘အိပ်မက်ဝိညာဉ်ကူ’သာ မရှိခဲ့ဘူးဆိုရင် ငါ ဒီလိုစိတ်ကူးယဉ်ကမ္ဘာထဲကနေ လုံးဝ ရုန်းထွက်နိုင်မှာ မဟုတ်ဘူး...'
ကျိုးစွေ့၏ မျက်လုံးများတွင် အလင်းရောင်တစ်ချက် လက်သွားပြီး အလွန်အမင်း အံ့ဩတုန်လှုပ်သွားခဲ့တော့သည်။
သူသည် ကိုယ်ပွားတစ်ခုသာ ဖြစ်သော်ငြား ပုံရိပ်ယောင်အတတ်များအပေါ် ခုခံနိုင်စွမ်းမှာ ယေဘုယျ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့်အရာ မဟုတ်ပေ။
သို့တိုင်အောင် ရမ္မက်ခြောက်ပါး လောကီစွမ်းအင်ကို ရှူရှိုက်မိလိုက်သည့် တစ်ခဏအတွင်းမှာပင် လောကီစိတ်ကူးယဉ်ကမ္ဘာအတွင်းသို့ ရုန်းမထွက်နိုင်လောက်အောင် ကျဆင်းသွားခဲ့ရဆဲပင်။
သာမန်ကျင့်ကြံသူများဆိုလျှင်မူ ပို၍ပင် ခုခံနိုင်မည် မဟုတ်ချေ။ ထိုမဟာယာနအဆင့် ကျင့်ကြံသူများ ဤမျှလောက် ထိတ်လန့်တုန်လှုပ်နေကြသည်မှာလည်း အံ့ဩစရာ မဟုတ်တော့ပေ။
အကယ်၍ ၎င်းတို့သာ စိတ်ကူးယဉ်ကမ္ဘာအတွင်းသို့ ကျရောက်သွားပါက သူတစ်ပါး သတ်ဖြတ်ခြင်းကို ခံရုံသာရှိတော့မည်ဖြစ်ပြီး တစ်ဖက်လူ၏ အစာများ ဖြစ်သွားကြမည်သာ။
'နေဦး... ဖုန်းရှီးတာအိုအရှင်က အဲ့ဒီ ရမ္မက်ခြောက်ပါး လောကီနန်းတော်ဆိုတဲ့ နေရာမှာ ပိတ်မိနေတာလား...'
'မဟာယာနအဆင့် ကျင့်ကြံသူတွေတောင် မခုခံနိုင်တာကို ဖုန်းရှီးတာအိုအရှင်က ဘယ်လိုလုပ်ပြီး တောင့်ခံထားနိုင်တာလဲ...'
'ဘာဖြစ်လို့ အခုထိ အသက်ရှင်နေရသေးတာလဲ...'
ကျိုးစွေ့တစ်ယောက် လုံးဝကို ခေါင်းရှုပ်သွားခဲ့ရသည်။
မည်သို့ပင်ဆိုစေကာမူ ရမ္မက်ခြောက်ပါး လောကီသစ်ပင်သည် ဤမျှတိုင် ကြမ်းကြုတ်နေသည်ဖြစ်ရာ ဖုန်းရှီးတာအိုအရှင်မှာ စောစောစီးစီးပင် တစ်ဖက်လူ၏ ဝမ်းဗိုက်အတွင်းမှ အစာ ဖြစ်သွားလောက်ပြီ ဖြစ်၏။ ယခုအချိန်အထိ အသက်ရှင်ကျန်ရစ်ရန် လုံးဝ မဖြစ်နိုင်ချေ။
သို့သော်ငြား ‘ပစ္စည်းရှာဖွေကူ’နှင့် ‘ကံကြမ္မာကူ’တို့၏ စွမ်းအားက အမှားအယွင်းရှိမည်မဟုတ်ပေ။
ဖုန်းရှီးတာအိုအရှင် အသက်ရှင်နေဆဲဖြစ်ကြောင်း ပြသနေပါက သေချာပေါက် အသက်ရှင်နေဆဲသာ ဖြစ်ရပေမည်။
ဖုန်းရှီးတာအိုအရှင်၏ ခန္ဓာကိုယ်ထက်တွင် သူမ၏အသက်ကို ကာကွယ်ပေးနေသည့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုခု ရှိနေနိုင်သည်ဟုသာ ဆိုရပေမည်။
ထို့ကြောင့်ပင် သူမသည် ယခုတိုင် အသက်ရှင်နေဆဲဖြစ်ပြီး ရမ္မက်ခြောက်ပါးလောကီနန်းတော်ရှိ ရှေးဟောင်းသားရဲများ၏ စားသောက်ခြင်းကို မခံခဲ့ရခြင်း ဖြစ်ပေမည်။
သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ ရမ္မက်ခြောက်ပါးလောကီနန်းတော်အတွင်းသို့ ဝင်ရောက်ကြည့်ရှုလိုက်ပါက မည်သည့်အခြေအနေဖြစ်နေသည်ကို သိရှိရမည် မဟုတ်ပါလော။
ထို့အပြင် ‘ကံကြမ္မာကူ’၏ ညွှန်ပြချက်အရ ဆိုရလျှင် ဤနန်းတော်တွင် သူ၏ကိုယ်ပိုင် ကံကြမ္မာအခွင့်အရေး ရှိနေပုံရသည်။
တစ်နည်းအားဖြင့် ဆိုရသော် သူကိုယ်တိုင် ရမ္မက်ခြောက်ပါးလောကီနန်းတော်ထဲသို့ ဝင်ရောက်သွားပါက အန္တရာယ်များစွာ ကြုံတွေ့ရမည်မဟုတ်ပေ။
နောက်ထပ် နာရီအနည်းငယ် ကြာမြင့်သွားခဲ့ချေပြီ။
နောက်ဆုံးတွင် ထိုမဟာယာနအဆင့် ကျင့်ကြံသူများနှင့် မဟာယာနအဆင့် ရှေးဟောင်းသားရဲများအကြား အနိုင်အရှုံး ပေါ်ထွက်သွားခဲ့လေသည်။
ထိုအထဲမှ ထျန်းဖန်မျိုးနွယ်စု မဟာယာနအဆင့် ကျင့်ကြံသူတစ်ယောက်က သူ၏ခန္ဓာကိုယ်ထဲမှ လျှို့ဝှက်ရတနာတစ်ခုကို ထုတ်ယူလိုက်ပုံရပြီး ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင်အလင်းတန်းများက အနီရောင်မြူခိုးများကို ဆုတ်ဖြဲသွားကာ မဟာယာနအဆင့် ရှေးဟောင်းသားရဲများစွာကို ချက်ချင်း ဆုတ်ခွာသွားစေခဲ့သည်။
အနီရောင်မြူခိုးများ ယာယီဆုတ်ခွာသွားချိန်ကို အခွင့်ကောင်းယူကာ ထိုထျန်းဖန်မျိုးနွယ်စု မဟာယာနအဆင့် ကျင့်ကြံသူများက ဒေါသတကြီး အော်ဟစ်လိုက်ကြပြီးနောက် ထျန်းဖန်ငှက်ကြီးများအဖြစ် ပြောင်းလဲသွားကြကာ အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် လေဟာနယ်အတွင်းသို့ ပုန်းကွယ်ဝင်ရောက်သွားပြီး ဤနေရာမှ အလျင်အမြန် ဆုတ်ခွာသွားကြလေသည်။
မဟာယာနအဆင့် ရှေးဟောင်းသားရဲများစွာက အလွန်ပင် မကျေမချမ်း ဖြစ်နေကြသော်ငြား တစ်ဖက်လူ ထွက်ခွာသွားသည်ကို အပြူးသား ကြည့်နေရုံမှလွဲ၍ ဘာမျှမတတ်နိုင်ကြပေ။
နောက်ဆုံးတွင် ၎င်းတို့က ဟိန်းဟောက်လိုက်ကြသော်လည်း ရမ္မက်ခြောက်ပါးလောကီနန်းတော်ကို စောင့်ကြပ်ရမည့် တာဝန်ကိုမူ စွန့်လွှတ်နိုင်ခြင်း မရှိကြသဖြင့် နန်းတော်အတွင်းသို့ ပြန်လည်ဆုတ်ခွာသွားကြလေတော့သည်။
သံသယဖြစ်ဖွယ်မရှိ ဤရှေးဟောင်းသားရဲများမှာလည်း ကြီးမားသော ဒဏ်ရာများကို ရရှိသွားခဲ့ကြသည်။
'ပြီးသွားပြီလား...'
ကျိုးစွေ့မှာမူ ဘေးလူတစ်ယောက်အနေဖြင့် အလွန်စိတ်ဝင်တစား ကြည့်ရှုနေခဲ့ပြီး ပြဇာတ်ကြီးတစ်ပုဒ်ကို ကြည့်နေရသကဲ့သို့ပင် ဖြစ်လေသည်။
ထိုမဟာယာနအဆင့် ကျင့်ကြံသူများက အမှန်တကယ် လွတ်မြောက်သွားခဲ့သည် မှန်သော်ငြား စုစုပေါင်း မဟာယာနအဆင့် (၁၃) ယောက်အနက် နောက်ဆုံးတွင် (၆) ယောက်သာ လွတ်မြောက်သွားနိုင်ခဲ့ပြီး ကျန်သော မဟာယာနအဆင့် (၇) ယောက်မှာ ဤနေရာတွင်ပင် သေဆုံးသွားခဲ့ကြရသည်။
ထိုမဟာယာနအဆင့် ရှေးဟောင်းသားရဲ ဆယ်ကောင်ကျော်မှာလည်း ထိုနည်းတူပင်ဖြစ်ပြီး အနည်းဆုံး ထက်ဝက်ကျော်ခန့် သေဆုံးသွားခဲ့ချေပြီ။
ဤတိုက်ပွဲ၏ ပြင်းထန်မှုအဆင့်မှာ မည်မျှရှိမည်ကို တွေးကြည့်ရုံဖြင့် သိနိုင်ပေသည်။
အကယ်၍ ပြင်ပလောကတွင်သာ ဖြစ်ပျက်ခဲ့ပါက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေမည့် တိုက်ပွဲကြီးတစ်ရပ် ဖြစ်လာနိုင်ပြီး မျိုးနွယ်စုများစွာ၏ အတက်အကျအပေါ် သက်ရောက်မှုရှိစေရန် လုံလောက်ပေလိမ့်မည်။
'အခု မဟာယာနအဆင့် ကျင့်ကြံသူတွေ ထွက်သွားကြပြီဆိုတော့ ဝင်သွားလို့ရပြီလား...'
ထိုအချိန်တွင် ကျိုးစွေ့၏ စိတ်ထဲ၌ လှုပ်ရှားသွားပြီး ‘ကံကြမ္မာကူ’၏ စွမ်းအားကို ချက်ချင်း အသက်သွင်းလိုက်လေသည်။
ချက်ချင်းပင် သတင်းအချက်အလက်တစ်ရပ်က သူ၏သိစိတ်ပင်လယ် နက်ရှိုင်းရာဆီသို့ ဝင်ရောက်လာခဲ့တော့၏။