← Chapters

အခန်း ၉၉၀

Vol. 94 Ch. 990

အခန်း ၉၉၀

Vol. 94 Ch. 990

အခန်း (၉၉၀) - ကံကြမ္မာအခွင့်အရေး၊ အင်မော်တယ်လောကမှ ဝူထုံသစ်ပင် (၃)

"ရှင်က ဖီးနစ်အင်မော်တယ်စံအိမ်တော်မှာ အခွင့်အရေး ထပ်တွေ့ထားသေးတာလား... အတိအကျဆိုရင် ဘာအခွင့်အရေးလဲ..."

"သေချာတာပေါ့... အကူအညီတစ်ခုခု လိုအပ်မယ်ဆိုရင်လည်း အားမနာဘဲ ပြောပါ..."

"မီးပင်လယ်ကို ဖြတ်ရမယ်ဆိုရင်တောင်မှ ကျမက နောက်ဆုတ်မှာ မဟုတ်ပါဘူး..."

ဖုန်းရှီးတာအိုအရှင်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။ သူမသည်လည်း ကျေးဇူးသိတတ်သူဖြစ်သဖြင့် ကျိုးစွေ့၏ အသက်ကယ်ကျေးဇူးကို တုံ့ပြန်လိုသည်မှာ သဘာဝပင် ဖြစ်၏။

"ကျုပ်နောက်ကို လိုက်ခဲ့..."

ကျိုးစွေ့က ဖုန်းရှီးတာအိုအရှင်ကို ဆွဲကိုင်လိုက်ပြီး ‘တည်နေရာပြောင်းကူ’ကို အသုံးပြုလိုက်သည်။

ရွှစ်...

အသံတစ်သံနှင့်အတူ လူနှစ်ယောက်၏ ပုံရိပ်များက လက်ခနဲဖြစ်သွားပြီးနောက် ‘ကံကြမ္မာကူ’၏ လမ်းညွှန်မှုအတိုင်း ဖီးနစ်အင်မော်တယ်စံအိမ်တော်၏ အနက်ရှိုင်းဆုံးနေရာသို့ ချက်ချင်းဆိုသလို ရောက်ရှိသွားခဲ့ချေပြီ။

"ဒီ... ဒီနေရာက ဘယ်နေရာလဲ..."

ဖုန်းရှီးတာအိုအရှင်က ယခုအချိန်အထိ မည်သည့်အရာများ ဖြစ်ပျက်သွားသည်ကို နားမလည်သေးပေ။ ထို့အပြင် ကျိုးစွေ့ကဲ့သို့ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က မည်သည့်အတွက်ကြောင့် တည်နေရာရွှေ့ပြောင်းနိုင်သနည်း ဆိုသည်ကိုလည်း မသိရှိချေ။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူမသည် မျက်မှောက်ရှိ မြင်ကွင်းကြောင့် အလွန်အမင်း တုန်လှုပ်သွားခဲ့ပြီ ဖြစ်သောကြောင့်ပင်။

ကျိုးစွေ့နှင့် ဖုန်းရှီးတာအိုအရှင်တို့ နှစ်ယောက်၏ အရှေ့တွင် ဧရာမ အနီရောင်စွမ်းအင်နံရံကြီးတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရ၏။ ၎င်း၏အပေါ်တွင် ဖီးနစ်အစီအရင်စာလုံးများက ထူထပ်သိပ်သည်းစွာ ထွင်းထုထားပြီး အလွှာများစွာရှိသော အကာအကွယ်တစ်ခုကို ဖြစ်ပေါ်‌နေစေသည်။

၎င်းက ကြက်ဥတစ်လုံးကဲ့သို့ မျက်မှောက်ရှိ ဤနယ်မြေတစ်ခုလုံးကို (၃၆၀) ဒီဂရီ လုံးစေ့ပတ်စေ့ အပြည့်အဝလွှမ်းခြုံထားလေသည်။

နတ်ဘုရားအာရုံခံစားမှု စွမ်းအားများပင်လျှင် အတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်စွမ်း မရှိပေ။

ဤနယ်မြေကို တားမြစ်အစီအရင်များဖြင့် ဖုံးလွှမ်းထား၏။ မဟာယာနအဆင့် ကျင့်ကြံသူများဖြစ်သည့်တိုင် အတွင်းသို့ အတင်းအကျပ် ဝင်ရောက်နိုင်ရန် မစဉ်းစားသင့်ချေ။

ဤအကာအကွယ်၏ ကြောက်မက်ဖွယ်ကောင်းသော အတိုင်းအတာကို သူမ အာရုံခံမိနေသည်။ ၎င်းက ဝိညာဉ်ကမ္ဘာတွင် ရောက်ရှိနိုင်သော အမြင့်ဆုံးအဆင့်ကို ကျော်လွန်နေသည်မှာ သေချာလှသည်။

"မသေချာဘူး... ဒါပေမဲ့ ဒီနေရာက ကျုပ်ရှာတွေ့ထားတဲ့ အခွင့်အရေးရှိတဲ့ နေရာတစ်ခုပဲ..."

ကျိုးစွေ့က လက်သီးကို ဆုပ်လိုက်သည်။

‘ကံကြမ္မာကူ’က ယခင်ကထက် ပိုမိုစိတ်လှုပ်ရှားလာပုံရပြီး ၎င်းအတွင်းသို့ ဝင်ရောက်ရန် သူ့ကို ရူးသွပ်စွာ တိုက်တွန်းနေသည်ကို သူ ခံစားမိနေသည်။

ဖီးနစ်အင်မော်တယ်စံအိမ်တော်၏ အကြီးမားဆုံးသော အခွင့်အရေးမှာ ဤအကာအကွယ်၏ အတွင်းတွင် တည်ရှိနေခြင်းပင် ဖြစ်၏။ အကယ်၍သာ ရရှိနိုင်ခဲ့ပါက အဆုံးအစမဲ့သော အကျိုးကျေးဇူးများကို ရရှိမည်မှာ သေချာလှသည်။ သူ၏ ကျင့်ကြံမှုနှင့် စွမ်းအားကိုလည်း အတိုင်းအဆမရှိ မြင့်တက်လာစေနိုင်ပေမည်။

"ဒါက အဋ္ဌမအဆင့် အစီအရင်လောက် ရိုးရှင်းတာ မဟုတ်ဘူး..."

"အဋ္ဌမအဆင့် အစီအရင်ကို ကျော်လွန်နေတဲ့ အင်မော်တယ်အစီအရင် ဖြစ်လောက်တယ်... မဟုတ်ရင် ဒီလောက်အထိ ကြောက်စရာကောင်းနေမှာ မဟုတ်ဘူး..."

"ကြည့်တာတောင်မှ ဘာမှန်း သေချာနားမလည်ဘူး..."

ကျိုးစွေ့၏ မျက်လုံးများက ဤဧရာမ အနီရောင်အကာအကွယ်ကြီးကို ကြည့်နေလိုက်၏။

ဤစွမ်းအင်အကာအကွယ်၏ အနက်ရှိုင်းဆုံး အတွင်းပိုင်းတွင် ဥပဒေသမျဉ်းကြောင်းများ အစီအရီပေါ်ထွက်နေပြီး တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားကာ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းအစီအရင်များကို ဖြစ်ပေါ်စေကြောင်း သူ အာရုံခံမိနေသည်။

အကယ်၍ သတ္တိရှိရှိဖြင့် အတင်းအကျပ် ဝင်ရောက်ရန် ကြိုးစားပါက အင်မော်တယ်အစီအရင်၏ ချေမှုန်းသတ်ဖြတ်ခြင်းကို ခံရမည်မှာ သေချာလှသည်။ ဤသည်က မဟာယာနအဆင့် ကျင့်ကြံသူများပင် ခုခံနိုင်စွမ်းမရှိသော စွမ်းအားမျိုး ဖြစ်ပေသည်။

အမှန်အတိုင်း ဆိုရလျှင် သူကိုယ်တိုင်ပင် အကာအကွယ်အတွင်းသို့ မည်သို့ဝင်ရောက်ရမည်ကို အတိအကျ မသိရှိချေ။

"ထူးဆန်းတယ်... အတွင်းထဲကနေ တစ်ခုခုက ကျမကို ခေါ်နေသလို ခံစားရတယ်... အထဲကို ဝင်လာဖို့ ခေါ်နေတာပဲ..."

ထိုအချိန်မှာပင် ဖုန်းရှီးတာအိုအရှင်က တစ်စုံတစ်ခုကို ကြားလိုက်ရပုံပေါ်ပြီး တစ်ကိုယ်လုံးမှာ ခေါ်ဆိုခြင်းခံလိုက်ရသကဲ့သို့ ဖြစ်သွားလေသည်။

သူမသည် ခန္ဓာပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူဖြစ်နေသော်ငြား သူမ၏ခြေထောက်များက အလိုအလျောက် ရှေ့သို့ တိုးသွားလေသည်။ သူမ၏ လက်တစ်ဖက်ကလည်း အကာအကွယ်အပေါ်သို့ ညင်သာစွာ တင်လိုက်၏။

ဝုန်း...

ထိုအချိန်မှာပင် ဖုန်းရှီးတာအိုအရှင်၏ မျက်ခုံးနှစ်ခုကြားရှိ ဖီးနစ်အစီအရင်စာလုံးက တုန်ခါလာပြီး ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်လာသည်။ ဖီးနစ်ပုံရိပ်ယောင်တစ်ခုက သူမ၏ ကိုယ်ပေါ်မှ ပျံသန်းထွက်ပေါ်လာပြီး အတောင်ပံခတ်ကာ ကောင်းကင်ဆီသို့ မော့၍ အော်ဟစ်လိုက်ပုံရလေသည်။

ဤအချိန်တွင် ဖီးနစ်ပုံရိပ်ယောင်နှင့် ဤစွမ်းအင်အကာအကွယ်တို့က ပဲ့တင်ထပ်သွားပုံရသည်။ နောက်တစ်စက္ကန့်တွင် ထိုစွမ်းအင်အကာအကွယ်၌ ဧရာမ ရေဝဲကြီးတစ်ခု ပေါ်လာလေသည်။

ကျိုးစွေ့နှင့် ဖုန်းရှီးတာအိုအရှင်တို့ နှစ်ယောက်မှာ တုံ့ပြန်ရန် အချိန်ပင်မရလိုက်ဘဲ ချက်ချင်းဆိုသလို ရေဝဲကြီး၏ မျိုချခြင်းကို ခံလိုက်ရ၏။ ထို့နောက် သူတို့က အကာအကွယ်၏ အတွင်းတွင် ပေါ်လာတော့သည်။

'ဖုန်းရှီးတာအိုအရှင်ရဲ့ အကူအညီ လိုအပ်တာ မဆန်းတော့ဘူး...'

'ဖုန်းရှီးတာအိုအရှင်ရဲ့ စွမ်းအားသာ မပါရင် အကာအကွယ်အတွင်းကို ဝင်ရောက်နိုင်မှာ မဟုတ်ဘူးလား...'

'ဒီနေရာက ဖီးနစ်အင်မော်တယ်စံအိမ်တော်ရဲ့ အဓိကအကျဆုံးနေရာများ ဖြစ်နေမလား...'

ကျိုးစွေ့၏ မျက်လုံးများက တလက်လက် တောက်ပသွားသည်။

သူသည် အလန့်တကြား မဖြစ်သွားဘဲ ဆန့်ကျင်ဘက်အနေဖြင့် အလွန်တည်ငြိမ်နေ၏။ သူ အကာအကွယ်အတွင်းသို့ ရုတ်တရက် ဝင်ရောက်သွားရခြင်းအတွက် အနည်းငယ် အံ့အားသင့်သွားသော်ငြား အလျင်အမြန်ပင် တည်ငြိမ်သွားလေသည်။

မည်သို့ပင်ဖြစ်စေ ယခုကြည့်ရသည်မှာ မည်သည့်အန္တရာယ်မှ ရှိနေပုံမပေါ်ချေ။

အကယ်၍ သူသာ ပင်မခန္ဓာကိုယ်ဖြစ်နေပါက အနည်းငယ် ထိတ်လန့်သွားမည်မှာ သေချာလှသည်။ သို့သော် ယခုအခါသူသည် ကိုယ်ပွားတစ်ခုသာ ဖြစ်နေသဖြင့် ကိစ္စမရှိပေ။ အကြောက်တရား ဟူသည့် ခံစားချက်မျိုး အလျဉ်းမရှိချေ။

ဤအချိန်တွင် သူ ပတ်ဝန်းကျင်ကို စတင်စစ်ဆေးကြည့်လိုက်ရာ သူ့အရှေ့၌ ဧရာမ နန်းတော်ကြီးတစ်ခု ပေါ်လာသည်ကို ရုတ်ချည်း တွေ့လိုက်ရ၏။ ၎င်းအပေါ်ရှိ ဆိုင်းဘုတ်တွင် ဖီးနစ်နန်းတော်ဟူသည့် အင်မော်တယ်လောကစာလုံး (၃) လုံးကို ရေးသားထားလေသည်။

သူ့အနေဖြင့် အင်မော်တယ်လောကစာလုံးများကို နားမလည်သော်ငြား နှလုံးသားမျက်လုံး၏ အသိအမှတ်ပြုခြင်းစွမ်းရည်က ထိုစာလုံးများ၏ အဓိပ္ပာယ်ကို ခွဲခြားသိမြင်နိုင်ပေသည်။ တစ်ခါမှ မမြင်ဖူးခဲ့သည့်တိုင် အင်မော်တယ်လောကစာလုံးများက မည်သည့်အဓိပ္ပာယ်ကို ကိုယ်စားပြုသနည်းဆိုသည်ကို သူ သိရှိနေသည်။

"ဒီနေရာမှာ ကျမကိုခေါ်နေတဲ့ အရာတစ်ခုခု ရှိနေပုံရတယ်..."

ဖုန်းရှီးတာအိုအရှင်မှာ သူမ၏ ခန္ဓာကိုယ်ဗီဇကို လုံးဝမထိန်းချုပ်နိုင်ပုံရလေသည်။ သူမက ဖီးနစ်နန်းတော်အတွင်းသို့ လျှောက်သွားလိုက်ပြီး မည်သည့်တွန့်ဆုတ်မှုမှ မရှိဘဲ နန်းတော်၏တံခါးပေါက်ကို တိုက်ရိုက်ဖြတ်ကျော်သွားတော့သည်။

မှန်ပေ၏၊ ကျိုးစွေ့ကလည်း မည်သည့်တွန့်ဆုတ်မှုမှ မရှိဘဲ ဖုန်းရှီးတာအိုအရှင်၏ နောက်မှလိုက်ကာ အတွင်းသို့ ဝင်ရောက်သွား၏။ နန်းတော်တွင် မည်သည့်ကာကွယ်ရေး အစီအမံမှ မရှိသကဲ့သို့ သူဝင်ရောက်လာခြင်းကို တားဆီးမည့် တားမြစ်အစီအရင်လည်း ရှိမနေချေ။

နန်းတော်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် သူ အသေအချာ ကြည့်လိုက်ရာ သူအရှေ့တွင် ပေါ်လာသည်မှာ မိုးထိအောင်မြင့်မားနေသော သစ်ပင်ကြီးတစ်ပင်ဖြစ်ကြောင်း တွေ့လိုက်ရသည်။

၎င်းက ဧက (၁၀၀၀၀) ကျော်ကျယ်ဝန်းပြီး ပေ (၁၀၀၀၀) ကျော် မြင့်မားကာ တိမ်တိုက်များထဲအထိ ထိုးထွက်နေပြီး အဆုံးအစကို လုံးဝမမြင်ရပေ။ သစ်ရွက်များကလည်း ထူထပ်သိပ်သည်းစွာဖြင့် အရပ်မျက်နှာအနှံ့သို့ ဖြာထွက်နေလေသည်။

၎င်းတွင် ထူထပ်သိပ်သည်းသော အနီရောင်သစ်ရွက်များနှင့် သစ်ကိုင်းများ ပေါက်ရောက်နေပြီး သစ်ပင်ကိုယ်ထည်တွင် ထူးဆန်းသော ဥပဒေသမျဉ်းကြောင်းများ အစီအရီ ပေါ်ထွက်နေ၏။

သစ်ပင်တစ်ပင်လုံးက တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်မီးလျှံများကို ထုတ်လွှတ်နေသည်။ ၎င်းကိုယ်ပေါ်ရှိ သစ်ရွက်တစ်ရွက်စီနှင့် သစ်ကိုင်းတစ်ကိုင်းစီက မီးတောက်စွမ်းအင်များဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသကဲ့သို့ ဖြစ်နေသည်။

ထို့အပြင် ဤကဲ့သို့သော မီးတောက်များက အတိုင်းအဆမရှိ မြင့်မြတ်လွန်းလှသည်။ သို့သော် သတ်ဖြတ်နိုင်စွမ်း ရှိပုံမရချေ။

မည်သည့်သက်ရှိမဆို ဤသစ်ပင်ကြီး၏အနီးသို့ ချဉ်းကပ်သွားပါက အတိုင်းအဆမရှိ နွေးထွေးမှုကို ခံစားရမည် ဖြစ်၏။ ကိုယ်ပေါ်ရှိ ဒဏ်ရာများမှာလည်း လျင်မြန်စွာ ပျောက်ကင်းသွားသကဲ့သို့ ဖြစ်နေသည်။

မီးတောက်တစ်စစီက သူ၏ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာပြီး သူ၏ရိုးတွင်းခြင်ဆီများကို ဆေးကြောပေးကာ ခန္ဓာကိုယ်ကို အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာစေသကဲ့သို့ ခံစားရစေသည်။

ဤကဲ့သို့သော မီးတောက်မှာ အသက်စွမ်းအင်မီးတောက်၊ ပြန်လည်မွေးဖွားခြင်းမီးတောက်၊ ကုသခြင်းမီးတောက်များကဲ့သို့ပင် ဖြစ်ပြီး အဆုံးအစမဲ့သော အကျိုးကျေးဇူးများ ရှိနေသည်မှာ သေချာလှသည်။

ဝုန်း...

ချက်ချင်းပင် နှလုံးသားမျက်လုံး၏ အသိအမှတ်ပြုခြင်းစွမ်းအားက ချက်ချင်းဆိုသလို စတင်လှုပ်ရှားလာသည်။ ဧရာမ သတင်းအချက်အလက်တစ်ခုက ဒီရေလှိုင်းများကဲ့သို့ သူ၏ သိစိတ်ပင်လယ် နက်ရှိုင်းရာဆီသို့ စီးဝင်လာခဲ့ချေပြီ။

'ဒီလိုကိုး... ဒါက အင်မော်တယ်လောကမှာ နာမည်ကြီးတဲ့ ဝူထုံနတ်သစ်ပင်ပဲ...'

ကျိုးစွေ့က ရုတ်တရက် နားလည်သဘောပေါက်သွားလေသည်။

မျက်မှောက်ရှိ ဤနတ်သစ်ပင်မှာ အတိအကျ မည်သည့်ဇာတ်မြစ်ဖြစ်ကြောင်းကို သူ ချက်ချင်းဆိုသလို နားလည်သွားသည်။ ၎င်းမှာ နာမည်ကျော်ကြားလှသော ဝူထုံသစ်ပင်ပင် ဖြစ်၏။

ပြောစမှတ်များအရ ဤဝူထုံသစ်ပင်မှာ အစစ်အမှန်ဝိညာဉ် ဖီးနစ်ငှက်၏ အိမ်ဖြစ်ကြောင်း သိရသည်။ ဖီးနစ်များက သာမန်အချိန်တွင် ဝူထုံသစ်ပင်ပေါ်၌သာ နားခိုလေ့ရှိသည်။

ဒဏ္ဍာရီလာ ဝူထုံနတ်သစ်ပင်တွင် တွေးတော၍မရနိုင်သော စွမ်းရည်များနှင့် အစွမ်းသတ္တိများ ပါဝင်နေပြီး အဆုံးအစမဲ့သော အကျိုးကျေးဇူးများ ရှိနေသည်။ အမှန်အတိုင်း ဆိုရလျှင် ဝူထုံသစ်ပင်မှာ အောက်ကမ္ဘာတွင် လုံးဝလုံးဝ ပေါက်ဖွားလာနိုင်ခြင်း မရှိသော နတ်သစ်ပင်မျိုး ဖြစ်ပေသည်။

အင်မော်တယ်လောကမှသာလျှင် ဤကဲ့သို့သော ကောင်းကင်နှင့်မြေကြီး စိတ်ဝိညာဉ်အမြစ်မျိုးကို ပေါက်ဖွားစေနိုင်မည် ဖြစ်၏။ သူကိုယ်တိုင်ပင် ဤနေရာတွင် ဝူထုံသစ်ပင်နှင့် ဆုံတွေ့ရလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့သဖြင့် အမှန်တကယ်ပင် အံ့ဩစရာကောင်းလှပေသည်။

'ငါ တကယ်ပဲ ဝူထုံပင်ကို တွေ့လိုက်ရတာလား...'

'ဒါဆို ဒီနေရာက ဖီးနစ်အင်မော်တယ်စံအိမ်ရဲ့ အဓိကဗဟိုချက်အရပ် ဖြစ်နေတာလား...'

'ဟိုးရှေးရှေးတုန်းက ဖီးနစ်တွေ မှီတင်းနေထိုင်ခဲ့တဲ့ နေရာပေါ့...'

'ဖီးနစ်က သေမသွားဘဲ ဒီနေရာမှာပဲ နေထိုင်နေတာလည်း ဖြစ်နိုင်တယ်...'

ကျိုးစွေ့၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွားတော့၏။

All Chapters