အခန်း ၂၅၁
Vol. 26 Ch. 251
အခန်း (၂၅၁) - ဖုတ်ကောင်များကို ထိန်းချုပ်သူ
လှပသော အမျိုးသမီးက တဟားဟား ရယ်မောလိုက်ပြီး ကျူးလင်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"ငါကတော့ ဖုတ်ကောင် မဟုတ်ဘူးပေါ့... ငါ့လို လှပတဲ့ ဖုတ်ကောင်မျိုး နင်တို့ မြင်ဖူးလို့လား... ငါက ဘယ်သူလဲဆိုတာကိုတော့ သိဖို့ နင်တို့မှာ အခွင့်အရေး မရှိဘူး..."
ကျူးလင်က ထိုမေးခွန်းကို ကြားသောအခါ လေ့ဟောက်ကျန့်၏ ခန့်ညားလှပသော မျက်နှာကို ပြန်လည် မြင်ယောင်လာပြီး ပြောလိုက်သည်။
"မြင်ဖူးတာပေါ့... ငါကတော့ နင့်ထက် အများကြီး ပိုကြည့်ကောင်းတဲ့ ဖုတ်ကောင်တစ်ကောင်ကို တကယ် မြင်ဖူးတယ်..."
ထိုအမျိုးသမီးသည် ကျူးလင်က သူမကို ဒေါသထွက်အောင် တမင်သက်သက် ပြောနေခြင်းဖြစ်သည်ဟု ယူဆကာ ပြုံးလျက် ပြောလိုက်သည်။
"မိန်းကလေး... နင့်ရဲ့ ကလေးကွက်တွေက ငါ့အပေါ်မှာတော့ အသုံးဝင်မှာ မဟုတ်ဘူး..."
ကျူးလင်သည် သူမ၏စကားကို ကြားသောအခါ ဇဝေဇဝါ ဖြစ်သွားသည်။ ကျူးလင်က သူမ၏ ဆိုလိုရင်းကို မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် ထိုအမျိုးသမီးသည် သေသပ်စွာ ပြင်ဆင်ထားသော သူမ၏ လက်သည်းများကို ကြည့်ကာ ပျင်းရိငြီးငွေ့စွာ ပြောလိုက်သည်။
"ငါ့အချိန်တွေကို မဖြုန်းစမ်းနဲ့... နင်တို့ရဲ့ ခေါင်းဆောင်ကို ထွက်လာခိုင်းလိုက်..."
သူမ၏စကားကို ကြားပြီးနောက် ကျူးလင်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါနဲ့ပဲ စကားပြောလို့ရတယ်... ငါက ဒီဝူလင်စခန်းရဲ့ ခေါင်းဆောင်တွေထဲက တစ်ယောက်ပဲ..."
ထိုအမျိုးသမီးသည် ကျူးလင်၏စကားကို ကြားသောအခါ မော့ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ဝူလင်စခန်းကို ငါ့လက်ထဲ လွှဲပေးလိုက်... မဟုတ်ရင် နင်တို့အားလုံးကို သတ်ပြီး ဒီစခန်းကို ငါ့ဘာသာ သိမ်းပိုက်ရလိမ့်မယ်...”
“အညံ့ခံပြီး အသက်ရှင်တဲ့လမ်းကို ရွေးမလား... ဒါမှမဟုတ် ဒီနေရာမှာပဲ သေမလား... ရွေးချယ်မှုက နင်တို့လက်ထဲမှာပဲ..."
ကျူးလင်က စကားပြောရန် ပြင်လိုက်စဉ်မှာပင် နောက်ကွယ်မှ ရှို့ဝူ၏ နက်ရှိုင်းပြီး ဆွဲဆောင်မှုရှိသော အသံ ထွက်ပေါ်လာသည်။
"ငါတို့ နယ်မြေထဲအထိလာပြီး ငါတို့ကို ခြိမ်းခြောက်ရဲတာ တကယ့်ကို သတ္တိကောင်းတာပဲ..."
ထိုအမျိုးသမီးသည် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ပြီး ဒေါသတကြီး မေးလိုက်သည်။
"နင်က ဘယ်သူလဲ... ငါ့ကို ဒီလိုမျိုး စကားပြောရဲအောင် နင်က ဘာကောင်မို့လို့လဲ..."
သူမ၏ အကြည့်များ ရှို့ဝူပေါ်သို့ ကျရောက်သွားသည့် တစ်ခဏချင်းမှာပင် ပြောလက်စ စကားလုံးများက လည်ချောင်းဝ၌ တစ်ဆို့သွားတော့သည်။ ရှို့ဝူ၏ ချောမောခန့်ညားမှုကို မြင်လိုက်ရသောအခါ ထိုအမျိုးသမီးက နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ရင်း ချွဲနွဲ့စွာ မေးလိုက်သည်။
"အစ်ကိုကြီး... အရမ်းခန့်တာပဲ... ရှင်က ဒီစခန်းရဲ့ ခေါင်းဆောင်လား..."
ရှို့ဝူသည် အေးစက်သော မျက်လုံးများဖြင့် ထိုအမျိုးသမီးအား ရွံရှာဖွယ်ရာ သတ္တဝါတစ်ကောင်ကဲ့သို့ တစ်ချက် ကြည့်လိုက်ပြီးနောက် ကျူးလင်၏ ဘေးသို့ လျှောက်လှမ်းလာခဲ့သည်။
သူသည် သူမ၏လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး စိုးရိမ်တကြီး စစ်ဆေးကြည့်ရှုကာ မေးလိုက်သည်။
"အဆင်ပြေရဲ့လား..."
သူ၏ မျက်ခုံးအစုံ အနည်းငယ် တွန့်ကွေးသွားသည်ကို မြင်သောအခါ ကျူးလင်က ပြုံးလျက် ပြောလိုက်သည်။
"ကျွန်မ အဆင်ပြေပါတယ်... ဒီဖုတ်ကောင်တွေက ကျွန်မရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး..."
သူမ၏စကားကို ကြားသောအခါ ရှို့ဝူက ခေါင်းညိတ်ပြလိုက်ပြီးနောက် ထိုအမျိုးသမီးနှင့် သူမ၏ ဖုတ်ကောင်များကို လှည့်ကြည့်လိုက်သည်။
ထိုဖုတ်ကောင်များသည် ဝူလင်စခန်းသို့ ဝင်ရောက်ပူးပေါင်းခဲ့ကြသော အဆင့်မြင့်ဖုတ်ကောင်များနှင့် မတူညီဘဲ ကွဲပြားနေသည်ကို မြင်သောအခါ ရှို့ဝူက မျက်ခုံးကို အနည်းငယ် ပင့်လိုက်ရင်း စိတ်ထဲမှ တွေးတောလိုက်မိသည်။
'သူမရဲ့ စွမ်းရည်က ဖုတ်ကောင်တွေကို ထိန်းချုပ်တာလား... ဒါပေမဲ့ သူမက ဒီကူးစက်ခံထားရတဲ့ သာမန်ဖုတ်ကောင်တွေကိုပဲ ထိန်းချုပ်နိုင်ပုံရတယ်... လျှို့ဝှက်ဓာတ်ခွဲခန်းထဲက ဖုတ်ကောင်တွေကိုတော့ ထိန်းချုပ်နိုင်ပုံမပေါ်ဘူး...'
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူက အေးစက်စွာ ပြောလိုက်သည်။
"မင်းက ငါတို့စခန်းကို သိမ်းပိုက်ဖို့ ရောက်လာတာလို့ ကြားတယ်... ငါတို့နဲ့ ရန်သူဖြစ်ဖို့ တကယ်ပဲ ဆုံးဖြတ်ထားတာလား..."
ရှို့ဝူက သူမအပေါ် အလွန်အေးစက်စွာ ဆက်ဆံနေသည်ကို မြင်သောအခါ ထိုအမျိုးသမီးက မကျေမနပ် ဖြစ်သွားပြီး ပြောလိုက်သည်။
"သိမ်းပိုက်တယ်ဆိုတာ ဘာကိုပြောတာလဲ... ကျွန်မက ဒီစခန်းကို လာလည်ရုံသက်သက်ပါ... ဒါပေမဲ့..."
ထိုအမျိုးသမီးသည် ကျူးလင်ကို စက္ကန့်အနည်းငယ်မျှ ကြည့်လိုက်ပြီးနောက် ဝမ်းနည်းပူဆွေးသော အသံဖြင့် ပြောလိုက်သည်။
"ဒီမိန်းမက သာမန်လူတွေအပါအဝင် လူတိုင်းကို စခန်းထဲ ဝင်ခွင့်ပေးပြီး ကျွန်မတို့ကိုကျတော့ ပေးမဝင်ဘူး... သူမက ကျွန်မကို နှိပ်စက်နေတာ... အစ်ကိုကြီး... ရှင့်ဘက်က ကူညီပေးရမယ်..."
ထိုစကားများ ထွက်ပေါ်လာသည်နှင့် ထန်ဝေ့၊ ကင်းစောင့်ရဲဘော်များနှင့် ဝူလင်စခန်းမှ အရပ်သားများအားလုံးက ထိုအမျိုးသမီးကို အံ့ဩတုန်လှုပ်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
သူမ၏ မျက်နှာပေးပြောင်းလဲမှုသည် စီချွမ်ဇာတ်သဘင်မှ မျက်နှာဖုံးပြောင်းလဲသည့် အနုပညာထက်ပင် မြန်ဆန်လှပေသည်။
ထို့ပြင် သူမသည် ရှို့ဝူထက် အသက်ကြီးကြောင်း လူတိုင်းက အလွယ်တကူ မြင်နိုင်သော်လည်း ရှို့ဝူအား "အစ်ကိုကြီး" ဟုခေါ်ဝံ့သေးသည်။ ဤအမျိုးသမီးသည် တကယ့်ကို အရှက်မရှိလွန်းလှပေသည်။
သူမ၏စကားကို မည်သူမျှ ဂရုမစိုက်သည်ကို မြင်သောအခါ ထိုအမျိုးသမီးက အံကြိတ်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။
"နင်တို့အားလုံးက ငါ့ကို လျစ်လျူရှုရဲကြတယ်ပေါ့... ငါ နင်တို့ကို အလွတ်ပေးမှာ မဟုတ်ဘူး..."
စကားဆုံးသည်နှင့် ဖုတ်ကောင်များသည် ရုတ်ချည်းပင် စတင်လှုပ်ရှားလာကြတော့သည်။ ထန်ဝေ့က တံတိုင်းအနောက်မှ ရပ်နေရင်း စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
"သတိထားကြ..."
ထန်ဝေ့၏စကား ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ကျူးလင်သည် ရပ်နေသော နေရာမှ ပျောက်ကွယ်သွားပြီး ရှို့ဝူကလည်း လက်ကို မြှောက်ကာ သူ၏စွမ်းရည်ကို လှုပ်ရှားစေလိုက်သည်။
ကျင့်စဉ်များ ပြန်လည် နာလန်ထူလာပြီးနောက် သူ၏အစွမ်းများသည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ လက်ရှိအချိန်တွင် သူသည် ဝူလင်စခန်း၌ အင်အားအကောင်းဆုံး သဘာဝလွန်စွမ်းရည်ရှင်ဖြစ်နေပြီး ဤအဆင့်မြင့်ဖုတ်ကောင်များကို ခုခံကာကွယ်ရန်မှာ သူ့အတွက် အခက်အခဲ မရှိပေသည်။
သူ၏စွမ်းရည်ကို လှုပ်ရှားစေပြီးနောက် နောက်တစ်စက္ကန့်တွင် သူသည် လက်နှစ်ဖက်ကို ဘေးသို့ ဖြန့်လိုက်ရာ ကောင်းကင်ယံ၌ ကြီးမားလှသော အနက်ရောင် စက်လုံးကြီးတစ်လုံး ထွက်ပေါ်လာခဲ့သည်။
ထိုအနက်ရောင် စက်လုံးကြီး ပေါ်လာသည်နှင့် တစ်ပြိုင်နက် အနီးအနားရှိ ဖုတ်ကောင်များသည် အနက်ရောင်စက်လုံးအတွင်းသို့ ဆွဲစုပ်ခံရပြီး ပိတ်လှောင်ခြင်း ခံလိုက်ရတော့သည်။
သုံးစက္ကန့်ခန့် ကြာပြီးနောက် အနက်ရောင် စက်လုံးကြီးအတွင်းမှ မည်းနက်သော သွေးများနှင့် ကြေမွနေသော အသားစများ ယိုစီးကျလာခဲ့သည်။
ထန်ဝေ့နှင့် အခြားသူများသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ထိုအနက်ရောင် စက်လုံးကြီးအတွင်းမှ သွေးပျက်ဖွယ် ကစဉ့်ကလျား ဖြစ်ပျက်မှုများကို မြင်ယောင်ရင်း တုန်လှုပ်ချောက်ချားသွားကြရရှာသည်။
အနက်ရောင် စက်လုံးကြီးအတွင်းသို့ ဖုတ်ကောင်များ ပိုမို ဆွဲစုပ်ခံရလေလေ၊ အနက်ရောင် စက်လုံးကြီးအတွင်းမှ မည်းနက်သော သွေးများနှင့် ကြေမွပျက်စီးနေသော အသားစများ ပိုမို ကျဆင်းလာလေလေ ဖြစ်ပေသည်။
ရှို့ဝူက ဖုတ်ကောင်များကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်သည်ကို မြင်သောအခါ ကျူးလင်၏ နှုတ်ခမ်းအစုံသည် အနည်းငယ် ကွေးညွတ်သွားသည်။ ရှို့ဝူက စခန်းကို စောင့်ရှောက်ပေးထားသဖြင့် သူမအနေဖြင့် စိတ်ကြိုက် တိုက်ခိုက်နိုင်ပေသည်။
သူမ၏ တိုက်ပွဲအပေါ် စိတ်လှုပ်ရှားမှုကို အာရုံခံမိပြီး ပင်းကျန့်သည် စိတ်လှုပ်ရှားစွာ တုန်ယင်လျက် တိုးညင်းသော မြည်သံကို ထုတ်လွှတ်လိုက်သည်။ ပင်းကျန့်၏ စိတ်လှုပ်ရှားမှုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသောအခါ ဆူနာမီလှိုင်းလုံးကြီးတစ်ခုကဲ့သို့ ဓားချီစွမ်းအင်များ ဖြာထွက်လာတော့သည်။
ဘုန်း… ဝုန်း…
ဓားချီစွမ်းအင်များက အနီးအနားရှိ ဖုတ်ကောင်များကို ကြိုးပြတ်သွားသော စွန်ကဲ့သို့ လွင့်စင်သွားစေသည့် အချိန်တွင် ကျူးလင်သည် ကောင်းကင်ယံသို့ ခုန်တက်လိုက်ပြီး ထိုအမျိုးသမီးကို လိုက်လံရှာဖွေလိုက်သည်။
ကံဆိုးစွာပင် ထိုအမျိုးသမီးသည် ဖုတ်ကောင်များ စတင်တိုက်ခိုက်လာသည့် တခဏ၌ ပျောက်ကွယ်သွားခဲ့သည်။ သူမအား ရှာမတွေ့တော့သဖြင့် ကျူးလင်သည် ရှာဖွေခြင်းကို ရပ်တန့်လိုက်ပြီး အဆင့်မြင့်ဖုတ်ကောင်များနှင့် စတင်တိုက်ခိုက်တော့သည်။
သူမ၏ လက်ရှိကျင့်စဉ်အဆင့်ဖြင့်ဆိုပါက စွမ်းရည်ရှိသော သတ္တမအဆင့်ရှိ ဖုတ်ကောင်တစ်စုကိုပင် ယှဉ်ပြိုင်တိုက်ခိုက်ရန် လုံလောက်လှပေသည်။
ထို့ပြင် ဤအဆင့်မြင့်ဖုတ်ကောင်များသည် စတုတ္ထ သို့မဟုတ် ပဉ္စမအဆင့်မျှသာ ရှိကြပြီး ဉာဏ်ပညာလည်း မရှိကြချေ။ ၎င်းတို့ကို သတ်ဖြတ်ရန်မှာ သူမအတွက် အခက်အခဲ လုံးဝမရှိပေသည်။
သူမနှင့် ရှို့ဝူတို့ ဖုတ်ကောင်များကို သတ်ဖြတ်နေစဉ်တွင် လှပသော အမျိုးသမီးက အဝေးတစ်နေရာမှ စောင့်ကြည့်နေခဲ့သည်။
သူမသည် အံကို တင်းတင်းကြိတ်ကာ ကျူးလင်ကို ခုခံတိုက်ခိုက်ရန် ဖုတ်ကောင်များကို ထိန်းချုပ်ရန် စွမ်းအင်များကို ပိုမို အသုံးပြုလိုက်သည်။
ကံဆိုးစွာပင် သူမသည် ကျူးလင်နှင့် ရှို့ဝူတို့နှင့် နှိုင်းယှဉ်ပါက တိုက်ပွဲအတွေ့အကြုံ အလွန်နည်းပါးလှပေသည်။ ငါးမိနစ်ခန့်ကြာပြီးနောက်တွင် ဖုတ်ကောင်များ၏ ထက်ဝက်ကျော်သည် ရှင်းလင်းခြင်း ခံလိုက်ရတော့သည်။