အခန်း ၂၅၂
Vol. 26 Ch. 252
အခန်း (၂၅၂) - စွမ်းရည်မြှင့်တင်ဆေး
အခြေအနေမဟန်တော့သည်ကို မြင်သဖြင့် ထိုမိန်းမသည် ကျောပိုးအိတ်ထဲမှ ဖန်ပုလင်းအသေးလေးတစ်လုံးကို ထုတ်ယူလိုက်၏။ သူမသည် ပုလင်းအဖုံးကို ဖွင့်လိုက်ပြီးနောက် ခေတ္တမျှ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် ပုလင်းငယ်လေးထဲရှိ အနီရောင်အရည်များကို တစ်ကျိုက်တည်း မော့သောက်ချလိုက်လေသည်။
အနီရောင်အရည်များကို သောက်ပြီးနောက် စက္ကန့်အနည်းငယ်အကြာတွင် သူမသည် တစ်ကိုယ်လုံး ပူနွေးလာပြီး စွမ်းအင်များ ပိုမိုအားကောင်းလာကာ ဖုတ်ကောင်များကို ထိန်းချုပ်ရသည်မှာ ပိုမိုလွယ်ကူလာသည်ဟု ခံစားလိုက်ရ၏။
သူမ၏ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာပြီး တိုးတိုးလေး ရေရွတ်လိုက်လေသည်။
"အဲဒီလူက ငါ့ကို တကယ်မလိမ်ခဲ့ဘူးပဲ... ဒီစွမ်းရည်မြှင့်တင်ဆေးက အရမ်းအစွမ်းထက်တာပဲ... ဒီဆေးရှိရင် ငါ ဘယ်သူ့ကိုမှ ကြောက်စရာမလိုတော့ဘူး... နှမြောစရာကောင်းတာက ဒီဆေးရဲ့ အာနိသင်က ခေတ္တခဏပဲ ခံတာပဲ..."
ထိုမိန်းမသည် ဆန်းကြယ်သောဆေးရည်ကို သောက်ပြီးနောက် စိတ်လှုပ်ရှားနေချိန်တွင်ပင် ကျူးလင်သည် ဖုတ်ကောင်များမှာ ရုတ်တရက် ပိုမိုသန်မာပြီး လျင်မြန်ဖြတ်လတ်လာကြောင်း သတိပြုမိလိုက်၏။
သူမသည် ဖုတ်ကောင်များ၏ လက်သည်းများနှင့် သွားများကို ရှောင်တိမ်းရင်း ၎င်းတို့ကို ကန်ထုတ်ကာ တစ်ပြိုင်နက်တည်းမှာပင် ခေါင်းများကို တစ်ချက်တည်းဖြင့် ဖြတ်ချလိုက်လေသည်။
သူမက အနီးနားရှိ ဖုတ်ကောင်များ၏ ခေါင်းများကို ဖြတ်ချလိုက်သည့် ကာလတွင်ပင် အခြားဖုတ်ကောင်တစ်စုသည် ၎င်းတို့၏ လက်သည်းများနှင့် အစွယ်များကိုဖြဲပြကာ သူမထံသို့ တိုးဝင်လာပြန်၏။
အန္တရာယ်ကို အာရုံခံမိသော ကျူးလင်သည် တိုက်ခိုက်မှုများကို ကာကွယ်ရန် သူမ၏ ဓားကို မြှောက်လိုက်သော်လည်း မြေပြင်မှ နွယ်ပင်များ ရုတ်တရက် ထွက်ပေါ်လာပြီး သူမ၏ ခြေလက်များကို တုပ်နှောင်လိုက်လေသည်။
အမည်းရောင်စက်လုံးအတွင်း၌ ဖုတ်ကောင်ကို ပိတ်လှောင်ထားသည့် ရှို့ဝူသည် သူမ နွယ်ပင်များဖြင့် တုပ်နှောင်ခံထားရသည်ကို အဝေးမှ လှမ်းမြင်လိုက်ရသဖြင့် လက်ညှိုးကို ခါထုတ်လိုက်၏။
နောက်တစ်စက္ကန့်တွင် ကျူးလင်၏ ခြေလက်များကို တုပ်နှောင်ထားသည့် နွယ်ပင်များသည် ရှို့ဝူ၏ ဟင်းလင်းပြင်ဓားသွားများကြောင့် အပိုင်းပိုင်း ပြတ်တောက်သွားတော့သည်။
သူသည် နွယ်ပင်များကို ဆင့်ခေါ်နေသော ဖုတ်ကောင်ကို သတိပြုမိသွားပြီး ၎င်း၏ စွမ်းရည်ကို အသုံးပြုကာ ထိုဖုတ်ကောင်၏ ဦးခေါင်းပတ်လည်ရှိ ဟင်းလင်းပြင်ကို ဖရိုဖရဲဖြစ်သွားစေကာ ဖုတ်ကောင်၏ ဦးခေါင်းကို ဖရဲသီးတစ်လုံးကဲ့သို့ ကြေမွသွားအောင် ဖျက်ဆီးလိုက်၏။
ဖုတ်ကောင်များ၏ လက်သည်းများက ကျူးလင်၏ ခန္ဓာကိုယ်ကို မထိုးဖောက်မီ ၂ စက္ကန့်အလိုတွင် ပင်းကျန့်သည် သူမ၏ ရှေ့၌ ရုတ်တရက် ထွက်ပေါ်လာပြီး ဖုတ်ကောင်၏ လက်သည်းများကို ပိတ်ဆို့လိုက်၏။
သူ၏ခန္ဓာကိုယ်ကို ဖုတ်ကောင်၏ လက်သည်းများ ထိုးဖောက်သွားသည်ကို မြင်လိုက်ရသောအခါ ကျူးလင်သည် တုန်လှုပ်ခြောက်ခြားစွာဖြင့် မျက်လုံးများ ဝိုင်းစက်သွားရရှာသည်။
သူမသည် ထင်ယောင်ထင်မှား နယ်ပယ်တစ်ခုထဲသို့ ကျဆင်းသွားသကဲ့သို့ သူမ၏ မျက်ဝန်းများမှာ အာရုံစူးစိုက်မှု ကင်းမဲ့သွားပြီး ခန္ဓာကိုယ်အတွင်းရှိ ဓားချီစွမ်းအင်များမှာ ပြင်းထန်စွာ တိုးဝှေ့ထွက်ပေါ်လာတော့သည်။
ရွှပ်… ရွှပ်… ရွှပ်…
တစ်ချိန်တည်းမှာပင် ပင်းကျန့်၏ မျက်လုံးများသည် နီမြန်းသွားပြီး သူမ၏ ဓားချီစွမ်းအင်များက ဖုတ်ကောင်များကို ရက်ရက်စက်စက် ခုတ်ထစ်ပစ်လိုက်၏။ တစ်စက္ကန့်အကြာတွင် ပင်းကျန့်သည် အရှိန်အဟုန်ပြင်းစွာဖြင့် ဖုတ်ကောင်များကို စတင်သတ်ဖြတ်လေတော့သည်။
ပင်းကျန့်သည် အမည်းရောင်သွေးများ ပေကျံနေရင်း ဖုတ်ကောင်များကို သတ်ဖြတ်နေချိန်တွင် တိုက်ပွဲကွင်းပြင်၏ အလယ်ဗဟို၌ အေးဆေးစွာ ရပ်နေသော ကျူးလင်ကို မြင်လိုက်ရသဖြင့် ထန်ဝေ့နှင့် အခြားသူများမှာ ဆွံ့အသွားကြ၏။
ဤအခိုက်အတန့်တွင် သူတို့သိထားသည့် တည်ငြိမ်ပြီး နူးညံ့သိမ်မွေ့သော ကျူးလင်သည် မိစ္ဆာတစ်ကောင်နှင့် ပို၍ပင် တူညီနေတော့သည်။
မကြာမီ ဖုတ်ကောင်အားလုံးကို ပင်းကျန့်က သတ်ဖြတ်လိုက်လေသည်။ ပင်းကျန့်သည် ကြေမွနေသော ဖုတ်ကောင်၏ ဦးခေါင်းထဲမှ သူ၏လက်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး ထိုနေရာတွင်ပင် လှုပ်ရှားမှုမရှိဘဲ ရပ်နေ၏။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ကျူးလင်သည် ဖြည်းညင်းစွာ သတိပြန်လည်လာသည်။ အဝေးတွင် ရပ်နေသော ပင်းကျန့်၏ မျက်လုံးများမှာလည်း ဖြည်းညင်းစွာ ပုံမှန်အတိုင်း ပြန်လည်ဖြစ်ပျက်သွား၏။
သူသည် ယခုလေးတင် ဘာဖြစ်သွားသည်ကို သိရှိသွားပြီး မိမိကိုယ်ကိုယ် မည်မျှညစ်ပတ်ပေရေနေသည်ကို မြင်လိုက်ရသောအခါ ပင်းကျန့်သည် ရွံရှာလွန်းသဖြင့် မူးလဲမတတ် ဖြစ်သွားရရှာသည်။ သူသည် သခင်မဖြစ်သူဘက်သို့ လှည့်ကြည့်လိုက်ပြီး မျက်ခုံးများကို တင်းတင်းကြုတ်ကာ ပြောလိုက်လေသည်။
"သခင်မ... နောက်တစ်ခါဆိုရင် ကိုယ့်စိတ်ခံစားချက်ကို ထိန်းချုပ်လို့ ရမလား... ကျွန်တော် ဘယ်လောက်တောင် ညစ်ပတ်သွားလဲ ကြည့်ပါဦး... အရမ်းရွံဖို့ကောင်းတာပဲ..."
ကျူးလင်သည် သူ့ကို တောင်းပန်တိုးလျှိုးစွာ ပြုံးပြလိုက်ပြီး ပြောလိုက်သည်။
"တောင်းပန်ပါတယ်... ဘာဖြစ်လို့လဲတော့ ငါမသိဘူး... ဒါပေမဲ့ နင့်ရဲ့ရင်ဘတ်ကို ဖုတ်ကောင်ရဲ့လက်သည်းတွေ ထိုးဖောက်သွားတာကို မြင်လိုက်ရတဲ့အချိန်မှာ ငါ အသိစိတ်လွတ်သွားတာပဲ... ထင်ယောင်ထင်မှား နယ်ပယ်တစ်ခုထဲ ရောက်သွားသလိုပဲ..."
ထိုသို့ ပြောပြီးနောက် သူမသည် ပင်းကျန့်၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ပုံစံကို သန့်စင်ရန် သန့်စင်ခြင်းမန္တန်ကို ရွတ်ဖတ်လိုက်၏။
သူ၏အဝတ်အစားများပေါ်တွင် ဖုန်မှုန့်တစ်စွန်းတစ်စပင် မရှိတော့သည်ကို မြင်လိုက်ရသဖြင့် ပင်းကျန့်သည် သူ၏အဝတ်အစားများကို နမ်းရှူကြည့်ကာ ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။
ထို့နောက် သူသည် ကျူးလင်ကို ကြည့်ကာ ပြောလိုက်သည်။
"သခင်မ... ကျုပ် အခု ပြန်တော့မယ်..."
ထိုစကားကို ချန်ထားရစ်ပြီး သူသည် ကျူးလင်၏ စိတ်ဝိညာဉ်နန်းတော်ထဲသို့ ပြန်လည်ဝင်ရောက်သွားတော့သည်။
ပင်းကျန့် စိတ်ဝိညာဉ်နန်းတော်ထဲသို့ ပြန်လည်ရောက်ရှိသွားသောအခါ ကျူးလင်သည် ဓားကို နတ်ဘုရားစမ်းရေကန်အောက်သို့ ပြန်လည်ထားရှိလိုက်၏။
တစ်ချိန်တည်းမှာပင် ရှို့ဝူသည် ထိုအဖြစ်အပျက်အားလုံးကို ကြည့်ရင်း မျက်ခုံးကြုတ်လိုက်၏။ ကျူးလင်သည် သူမ အဘယ်ကြောင့် အသိစိတ်လွတ်သွားသည်ကို မသိသော်လည်း ရှို့ဝူကမူ သိရှိပေသည်။ သူသည် သူမကို စိုက်ကြည့်ကာ တွေးတောနေမိလေသည်။
'လင်အာ... မင်း အဲဒီနေ့ကို မှတ်မိသေးရဲ့လား... ငါ ဘယ်သူလဲဆိုတာကိုရော မင်း မှတ်မိသေးရဲ့လား...'
ရှို့ဝူသည် အတိတ်ကို ပြန်လည်တွေးတောနေစဉ် ထိုမိန်းမသည် သွေးတစ်လုတ်ကို အော့အန်လိုက်၏။
ဖုတ်ကောင်အားလုံးကို ဆုံးရှုံးလိုက်ရပြီးနောက် သူမသည် ပြင်းထန်သော တုံ့ပြန်ဒဏ်ကို ခံစားလိုက်ရရှာသည်။ နှုတ်ခမ်းပေါ်မှ သွေးများကို သုတ်လိုက်ရင်း ထိုမိန်းမသည် လက်သီးကို တင်းတင်းဆုပ်ကာ နာကျည်းမှုအပြည့်ဖြင့် ပြောလိုက်လေသည်။
"ငါ တွမ့်ရှင်းနီ... တစ်နေ့ကျရင် သေချာပေါက် ပြန်လာပြီး ငါ့ရဲ့ဖုတ်ကောင်တပ်ဖွဲ့ကို ဖျက်ဆီးပစ်တဲ့အတွက် မင်းတို့ကို တန်ဖိုးကြီးကြီး ပေးဆပ်စေရမယ်..."
ထိုသို့ ပြောပြီးနောက် သူမသည် ကျူးလင်နှင့် ရှို့ဝူတို့ကို စူးစိုက်ကြည့်ကာ လစ်ထွက်သွားတော့သည်။ သူမသည် ယခင်က ချန်ထားခဲ့သော ခြေရာများအတိုင်း လျှောက်လှမ်းကာ ထူထပ်သောမြူခိုးများထဲမှ အဆင်ပြေပြေဖြင့် ထွက်ခွာသွားနိုင်ခဲ့လေသည်။
ဝူလင်စခန်းသို့ ပြန်ရောက်သောအခါ ရှို့ဝူသည် စိတ်လွင့်နေသော ကျူးလင်ကို စဉ်းစားတွေးတောစွာဖြင့် ကြည့်လိုက်၏။ သူသည် သူမ၏လက်ကို ဆုပ်ကိုင်ထားရင်း ထန်ဝေ့ကို ကြည့်ကာ ပြောလိုက်သည်။
"ရှောင်ဝေ့... မင်း ဆေးရုံကိုသွားပြီး စစ်ဆေးမှုလုပ်သင့်တယ်... ဖုတ်ကောင်တွေ တိုက်ခိုက်တုန်းက မင်း သွေးအန်ခဲ့တယ်လို့ ငါ ကြားတယ်..."
ထန်ဝေ့သည် လမ်းဘေးတွင် မတ်တတ်ရပ်နေကြပြီး ထိုင်နေကြသော လူအုပ်ကြီးကိုကြည့်ကာ ပြောလိုက်သည်။
"ဒီနေ့ သူတို့အတွက် နေစရာနေရာ စီစဉ်ပေးဖို့ ရှိသေးတယ်... သူတို့ နေရာချထားပြီးမှပဲ ငါ ဆေးရုံကို သွားလိုက်တော့မယ်..."
ရှို့ဝူသည် လူအုပ်ကြီးကို ကြည့်ပြီးနောက် ပြောလိုက်သည်။
"မင်း သူတို့အတွက် စိတ်ပူစရာမလိုပါဘူး... လောင်ယန်က သူတို့ကို စောင့်ရှောက်ပေးလိမ့်မယ်... မင်းကတော့ အခြေအနေတွေ ပိုဆိုးမလာခင် ဆေးရုံကို အမြန်ဆုံးသွားတာ ပိုကောင်းလိမ့်မယ်..."
ထန်ဝေ့သည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ကောင်းပြီ... ဒါဆိုရင် သူတို့ထဲက အများစုက နှင်းကိုက်နာတွေ ခံစားနေရပြီး ငတ်မွတ်နေကြတယ်လို့ လောင်ယန်ကို ပြောပြပေးပါဦး..."
သူ၏အသံထဲမှ စိုးရိမ်ပူပန်မှုများကို ကြားရသောအခါ ရှို့ဝူသည် သက်ပြင်းချလိုက်ပြီး စိတ်ထဲမှ တွေးတောနေမိ၏။
'သူကတော့ သူစိမ်းတွေအပေါ် အရမ်းကောင်းလွန်းနေတုန်းပဲ...'
ရှို့ဝူသည် သူ့ကို ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။
"အင်း... ငါ သူ့ကို ပြောပြလိုက်မယ်..."
ထန်ဝေ့သည် အခြားဒဏ်ရာရရှိထားသော အစောင့်များနှင့်အတူ ထွက်ခွာသွားပြီးနောက် ရှို့ဝူသည် ဝန်ထမ်းများအား ယခုလေးတင် ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကို ကျီယန်အား ပြောပြရန် ခိုင်းစေခဲ့ပြီး ကျူးလင်နှင့်အတူ ဗီလာသို့ ပြန်လာခဲ့၏။
တံခါးပွင့်သွားသောအခါ ကျန်းကျင့်နန်သည် သူ၏ဆရာဖြစ်သူမှာ ရှို့ဝူနှင့်အတူ ပြန်လာသည်ကို မြင်လိုက်ရသဖြင့် ပြောလိုက်လေသည်။
"ဆရာ... ပြန်ရောက်လာပြီပဲ..."
သူမ စိတ်လွင့်နေသည်ကို မြင်သောအခါ ကျန်းကျင့်နန်သည် သူမအနားသို့ တိုးသွားပြီး သူမ၏ အခြားလက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်၏။ သူသည် ရှို့ဝူကို ကြည့်ကာ မေးလိုက်သည်။
"အစ်ကိုကြီးရှို့ဝူ... ဆရာ့ကို ဘာဖြစ်လို့လဲ... ဘာလို့ ဒီလိုပုံစံ ဖြစ်နေတာလဲ..."