← Chapters

အခန်း ၂၅၄

Vol. 26 Ch. 254

အခန်း ၂၅၄

Vol. 26 Ch. 254

အခန်း (၂၅၄) - ကံကြမ္မာစာအုပ်အား ရှာဖွေခြင်း

ကျိချွမ်းသည် လင်ကျန်းကို ပြန်မဖြေဘဲ လက်ဟန်တစ်ခုကိုသာ လျင်မြန်စွာ ပြုလုပ်လိုက်၏။ နောက်တစ်စက္ကန့်တွင် သံသရာကျောက်တုံး၏ အထက် ကောင်းကင်ယံ၌ အစီအရင်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာလေသည်။

ထိုအစီအရင် ပြီးပြည့်စုံသွားသောအခါ ရွှေရောင်အလင်းတန်းများဖြင့် ဖွဲ့စည်းထားသည့် သံကြိုးကိုးစင်းသည် အစီအရင်ထဲမှ ပျံသန်းထွက်ပေါ်လာပြီး သံသရာကျောက်တုံးကို ရစ်ပတ်ချည်နှောင်လိုက်တော့၏။

သံကြိုးများက သံသရာကျောက်တုံးကို တင်းကျပ်စွာ ချည်နှောင်ထားသောကြောင့် သံသရာကျောက်တုံးကြီး ထပ်မံကွဲအက်ခြင်းမှ တားဆီးပေးလိုက်နိုင်လေသည်။

သံသရာကျောက်တုံး၏ ကွဲအက်မှုများ ရပ်တန့်သွားသောအခါမှ ကျိချွမ်းသည် သက်ပြင်းတစ်ချက် ချလိုက်နိုင်တော့သည်။ ထို့နောက် သူက လင်ကျန်းဘက်သို့ လှည့်ကြည့်ကာ လက်နှစ်ဖက်ကို ပူးယှက်၍ အနည်းငယ် ဦးညွှတ်ပြီး လျှောက်တင်လိုက်၏။

"ကောင်းကင်ဧကရာဇ်မင်းမြတ်ကို တင်ပြရရင်... ခုနတင် တစ်ယောက်ယောက်က သံသရာကျောက်တုံးကို အသုံးပြုပြီး ရှေးဟောင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါးကို ရှင်သန်ထမြောက်အောင် ပြုလုပ်ဖို့ ကြိုးစားခဲ့ပါတယ်..."

“ကံကောင်းထောက်မစွာနဲ့ ကျွန်တော်တို့ စောစောစီးစီး သိရှိသွားလို့ ရှင်သန်ထမြောက်ခြင်း အခမ်းအနားကို အချိန်မီ တားဆီးနိုင်ခဲ့တာပါ..."

လင်ကျန်းသည် ကျိချွမ်း၏ စကားကို ကြားသောအခါ အံ့ဩသွားလေသည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူက မေးမြန်းလိုက်၏။

"အဲဒီလူက ဘယ်သူလဲဆိုတာ မင်း သိလား..."

ကျိချွမ်းသည် လက်ချောင်းများကို တွက်ချက်ကြည့်ပြီးနောက် ခေါင်းခါယမ်းကာ ပြောလိုက်သည်။

"ဒီလူက လောကဘုံခြောက်ပါးထဲက မဟုတ်ဘူး... ကျွန်တော် သူ့ဝိညာဉ်ကို ခြေရာမခံနိုင်ဘူး..."

သူ၏အဖြေကို ကြားပြီးနောက် လင်ကျန်းသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ကျိချွမ်းကို ကြည့်ကာ ထပ်မံမေးမြန်းလိုက်ပြန်သည်။

"နတ်ဘုရား ကျိချွမ်း... သံသရာကျောက်တုံးကို ပြုပြင်ဖို့ နည်းလမ်း ရှိလား..."

ကျိချွမ်းသည် ချည်နှောင်တားဆီးထားသော သံသရာကျောက်တုံးကို တစ်ချက် ကြည့်လိုက်ပြီးနောက် လင်ကျန်းကို ကြည့်ကာ ခေါင်းခါလျက် ပြောလိုက်သည်။

"သံသရာကျောက်တုံးကို ပြုပြင်နိုင်တဲ့ တစ်ဦးတည်းသောသူက ရှေးဟောင်းနတ်ဘုရား ယွီယိပါပဲ... သူမကလွဲလို့ ကျန်တဲ့သူတွေ မပြုပြင်နိုင်ပါဘူး..."

သူ့စကားကို ကြားသောအခါ လင်ကျန်းသည် လက်သီးကို တင်းတင်းဆုပ်လိုက်မိ၏။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူက စစ်သူကြီးအား ကြည့်ကာ မိန့်ကြားလိုက်သည်။

"သံသရာကျောက်တုံးမှာ တစ်ခုခု ထူးခြားတာရှိရင် ငါ့ဆီ ချက်ချင်း သတင်းပို့ပါ..."

စစ်သူကြီးနှင့် စစ်သည်များသည် လက်ချင်းပူးယှက်ကာ ညီညာစွာ လျှောက်တင်လိုက်ကြ၏။

"ဒီလက်အောက်ငယ်သား အမိန့်တော်ကို နာခံပါ့မယ်..."

ထို့နောက် လင်ကျန်းသည် ကျိချွမ်းအား ကြည့်ကာ မိန့်ကြားလိုက်သည်။

"နတ်ဘုရား ကျိချွမ်း... သံသရာကျောက်တုံးကို ကာကွယ်စောင့်ရှောက်ဖို့ ကိစ္စကို မင်းဆီပဲ အပ်နှံခဲ့ပါရစေ..."

ကျိချွမ်းသည် လက်နှစ်ဖက်ကို ပူးယှက်ကာ ဦးညွှတ်လျက် လျှောက်တင်လိုက်သည်။

"အမိန့်အတိုင်းပါ မင်းကြီး..."

ထိုအမိန့်များကို ပေးအပ်ခဲ့ပြီးနောက် လင်ကျန်းသည် အဖြူရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကံကြမ္မာနန်းဆောင်ဆီသို့ ပျံသန်းသွားတော့၏။

သူသည် ကံကြမ္မာနန်းဆောင်သို့ ရောက်ရှိသောအခါ ဥယျာဉ်ထဲတွင် စီမင်တစ်ယောက် စာဖတ်ရင်း လက်ဖက်ရည် သောက်နေသည်ကို တွေ့လိုက်ရလေသည်။

စီမင်သည် သူ ဝင်ရောက်လာသည်ကို မြင်သောအခါ လင်ကျန်းကို ပြုံးပြလျက် ထိုင်ခုံမှ ထကာ အနည်းငယ် ဦးညွှတ်ပြီး မေးမြန်းလိုက်၏။

"မင်းကြီး... ဒီနေ့ ကျွန်တော့်ရဲ့ ကံကြမ္မာနန်းဆောင်ဆီ ဘာကိစ္စများရှိလို့ ကြွမြန်းလာရတာလဲ..."

လင်ကျန်းသည် လက်ဝှေ့ယမ်းပြကာ ပြောလိုက်သည်။

"အခုလေးတင် ကြီးမားတဲ့ ကိစ္စတစ်ခု ဖြစ်ပွားခဲ့တယ်..."

သူ နေရာယူပြီးနောက် စီမင်သည်လည်း ပြန်လည်ထိုင်ကာ မေးမြန်းလိုက်လေသည်။

"မင်းကြီး... ဘာဖြစ်လို့လဲ... ကြည့်ရတာ အရမ်း စိုးရိမ်ပူပန်နေပုံရတယ်..."

လင်ကျန်းသည် သူ့ကို ကြည့်ကာ မေးမြန်းလိုက်၏။

"ကြယ်တာရာနတ်မင်း စီမင်... မင်းဆီမှာ မိစ္ဆာနတ်ဘုရားနဲ့ ရှေးဟောင်းနတ်ဘုရား တစ်ကျိပ်နှစ်ပါးတို့အကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအကြောင်း မှတ်တမ်းတွေ ရှိလား..."

သူ၏မေးခွန်းကို ကြားသောအခါ စီမင်သည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်ကာ ပြောလိုက်သည်။

"မင်းကြီး... တကယ်လို့ မင်းကြီးက မိစ္ဆာနတ်ဘုရားနဲ့ ရှေးဟောင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါးကြား စစ်ပွဲမှတ်တမ်းကို လိုချင်တယ်ဆိုရင် ကျွန်တော့်ရဲ့ ကံကြမ္မာနန်းဆောင်ကို လာမယ့်အစား နတ်ဘုရား မင်ယဲ့ဆီကို သွားသင့်ပါတယ်... သူ့ရဲ့နန်းဆောင်ထဲမှာ ဒီစစ်ပွဲရဲ့ မှတ်တမ်းတွေ ရှိသင့်ပါတယ်..."

လင်ကျန်းသည် စီမင်၏စကားကို ကြားပြီးနောက် ခေတ္တမျှ စဉ်းစားကာ ပြောလိုက်၏။

"ငါ လိုချင်တာက အဲဒီစစ်ပွဲနဲ့ ပတ်သက်ဆက်နွှယ်နေသူတွေရဲ့ ကံကြမ္မာစာအုပ်ပဲ..."

စီမင်သည် လင်ကျန်း၏ တောင်းဆိုချက်ကို ကြားသည်နှင့် ခေါင်းခါယမ်းကာ ပြောလိုက်သည်။

"မင်းကြီး... ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ... အဲဒီစစ်ပွဲနဲ့ ပတ်သက်သူတွေရဲ့ ကံကြမ္မာစာအုပ်ကို ကျွန်တော် မင်းကြီးအား မပြနိုင်ပါဘူး..."

လင်ကျန်းသည် မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

"ဘာဖြစ်လို့လဲ..."

စီမင်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ သူတို့နှစ်ဦးမှလွဲ၍ အခြားသူမရှိသည်ကို သေချာစေပြီးနောက် လင်ကျန်းအနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"အဲဒီကံကြမ္မာစာအုပ်တွေကို အချိန်နန်းဆောင်အောက်မှာ ချိတ်ပိတ်ထားတာပါ... မင်းကြီး... ကျွန်တော် အဲဒီကံကြမ္မာစာအုပ်ကို ပြချင်ရင်တောင် မပြနိုင်ပါဘူး... နတ်ဘုရား ဝေ့ကျဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ အချိန်နန်းဆောင်ထဲကို မဝင်ရောက်နိုင်ပါဘူး..."

စီမင်၏ တည်ကြည်လေးနက်သော မျက်နှာအမူအရာကို ကြည့်ပြီး လင်ကျန်းသည် ယခုအချိန်တွင် ထိုကံကြမ္မာစာအုပ်များကို ရရှိရန် နည်းလမ်းမရှိကြောင်း သိလိုက်၏။ သူ မျက်မှောင်ကြုတ်နေသည်ကို မြင်သော် စီမင်က ခေတ္တမျှ စဉ်းစားကာ အကြံပေးလိုက်သည်။

"မင်းကြီး...တကယ်လို့ မင်းကြီးက စစ်ပွဲနဲ့ ပတ်သက်တဲ့သူတွေရဲ့ ကံကြမ္မာကိုပဲ သိချင်တာဆိုရင် အချိန်နတ်ဘုရားကို ကူညီပြီး စုံစမ်းခိုင်းလို့ ရပါတယ်...”

“ဘာပဲဖြစ်ဖြစ် အဲဒီကံကြမ္မာစာအုပ်တွေက သူ့နန်းဆောင်အောက်မှာ ချိတ်ပိတ်ထားတာ ဖြစ်သလို သူက အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ကိုလည်း မြင်နိုင်စွမ်း ရှိတာပဲလေ..."

စီမင်၏ သတိပေးမှုကို ကြားလိုက်ရသဖြင့် လင်ကျန်းသည် မျက်လုံးများ အရောင်တောက်သွားတော့၏။ သူက ထိုင်ရာမှ ထရပ်ကာ ပြောလိုက်သည်။

"သတိပေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကြယ်တာရာနတ်မင်း စီမင်..."

ထိုသို့ပြောပြီးနောက် သူသည် အဖြူရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အချိန်နန်းဆောင်ဆီသို့ ပျံသန်းသွားလေသည်။ စီမင်သည် အလောတကြီး ပျံသန်းထွက်ခွာသွားသော လင်ကျန်းကို တွေးတောစွာဖြင့် ကြည့်ရင်း ရေရွတ်လိုက်မိ၏။

'နတ်ဘုရားမ ယိဖေး ဟောကိန်းထုတ်ခဲ့တာတွေ တကယ်ပဲ ဖြစ်လာတော့မှာလား... ဒါဆိုရင်... မကြာခင်မှာ မိစ္ဆာနတ်ဘုရားနဲ့ ရှေးဟောင်းနတ်ဘုရား တစ်ဆယ့်နှစ်ပါးအကြား စစ်ပွဲက ထပ်ပြီး ဖြစ်ပွားတော့မှာလား...'

စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် စီမင်သည် ခေါင်းကို အမြန်ခါယမ်းကာ ပြောလိုက်၏။

"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး... ဒီတစ်ကြိမ်တော့ နတ်ဘုရားမ ယိဖေး မှားပြီးဟောကိန်းထုတ်တာလည်း ဖြစ်နိုင်တာပဲ..."

တစ်နာရီခန့် ကြာပြီးနောက် လင်ကျန်းသည် အချိန်နန်းဆောင်သို့ ရောက်ရှိလာခဲ့၏။ သူသည် နန်းဆောင်တစ်ခုလုံးကို လွှမ်းခြုံထားသော အကာအကွယ်အတားအဆီးကို ကြည့်ကာ လက်နှစ်ဖက်ကို ပူးယှက်၍ ယဉ်ကျေးစွာ လျှောက်တင်လိုက်သည်။

"လင်ကျန်းက နတ်ဘုရား ဝေ့ကျဲ့နဲ့ တွေ့ဆုံခွင့် တောင်းခံပါတယ်..."

သူ ခေတ္တမျှ စောင့်ဆိုင်းသော်လည်း ခွင့်ပြုချက်မရရှိသဖြင့် မိမိ၏စကားကို ထပ်မံ၍ လျှောက်တင်လိုက်ပြန်၏။

"လင်ကျန်းက နတ်ဘုရား ဝေ့ကျဲ့နဲ့ တွေ့ဆုံခွင့် တောင်းခံပါတယ်..."

အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် ကျောက်စိမ်းပြားတစ်ခုသည် သူ၏ရှေ့၌ ရုတ်တရက် ပေါ်ပေါက်လာလေသည်။ လင်ကျန်းသည် ထိုကျောက်စိမ်းပြားကို ယူလိုက်ပြီး အနည်းငယ် ဦးညွှတ်ကာ လျှောက်တင်လိုက်၏။

"ကျေးဇူးတင်ပါတယ် နတ်ဘုရား ဝေ့ကျဲ့..."

သူ ထွက်ခွာမည့်ဆဲဆဲတွင် ဝေ့ကျဲ့၏ အေးစက်လှသော အသံတစ်သံ ထွက်ပေါ်လာလေသည်။

"မင်းမှာ စွမ်းရည်မရှိရင် ဝင်မရှုပ်ပါနဲ့..."

ဝေ့ကျဲ့၏ သတိပေးမှုကို ကြားလိုက်ရသဖြင့် လင်ကျန်းက ပြောလိုက်၏။

"လင်ကျန်း နားလည်ပါပြီ... လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နတ်ဘုရား ဝေ့ကျဲ့..."

အချိန်နန်းဆောင်၏ အလယ်ဗဟိုတွင် တင်ပျဉ်ခွေထိုင်နေသော ဝေကျဲ့သည် မျက်လုံးများကို ဖွင့်လိုက်၏။ သူက ကျိုးပဲ့နေသော ဆံထိုးတစ်ခုကို ထုတ်ယူလိုက်ပြီး ပြောလိုက်လေသည်။

"ရှေးဟောင်းနတ်ဘုရား ယွီယိ... မင်း ပြန်လာရမယ့် အချိန်ရောက်ပြီ..."

All Chapters