အခန်း ၂၅၈
Vol. 26 Ch. 258
အခန်း (၂၅၈) - ကာကွယ်ရေး ဓားအစီရင်
ကျူးလင်သည် သူမ၏ ဝိညာဉ်နန်းတော်ထဲမှ သေးငယ်သော အလံငယ် ၁၀၈ ခုကို ထုတ်ယူလိုက်၏။ သူမ၏ လက်ထဲရှိ အလံများကို မြင်သောအခါ ရှို့ဝူက ခပ်ဖွဖွ ရယ်မောကာ ပြောလိုက်သည်။
"လင်အာ... မင်းက ဒီစခန်းကို ကာကွယ်ဖို့အတွက် ကာကွယ်ရေး ဓားအစီရင်ကို သုံးမလို့လား... ဒါက နည်းနည်းတော့ လက်လွန်ရာကျမနေဘူးလား..."
ကျူးလင်က သူ့ကိုကြည့်ကာ ပြောလိုက်သည်။
"ကျွန်မက တခြားအစီရင်ကို ထပ်လုပ်ဖို့ ပျင်းလို့လေ... စခန်းရဲ့ ဘေးကင်းမှုကို သေချာစေဖို့ ပိုပြီး အစွမ်းထက်တဲ့ အစီရင်တွေကို သုံးတာ အကောင်းဆုံးပဲ...”
“ဒါ့အပြင် ဒီကာကွယ်ရေး ဓားအစီရင်က အရမ်းကို ပြောင်းလဲရလွယ်ကူပြီး အသုံးပြုရတာလည်း လွယ်တယ်...”
“အနာဂတ်မှာ ကျီယန်က စခန်းကို ထပ်ပြီးတိုးချဲ့ဖို့ ဆုံးဖြတ်ခဲ့ရင် ကျွန်မက အစီရင်အသစ်တစ်ခုကို ထပ်လုပ်စရာမလိုဘဲ အစီရင်ရဲ့ အတိုင်းအတာကိုပဲ ညှိလိုက်ရုံပဲလေ..."
သူမ၏ စကားကို ကြားရသောအခါ ရှို့ဝူက ပြုံးလျက် မေးလိုက်သည်။
"ကိုယ့်အကူအညီ လိုလား..."
သူမက ခေါင်းခါယမ်းကာ ပြောလိုက်သည်။
"ဒီအစီရင်က နတ်ဘုရားစွမ်းအင် လိုအပ်တာ... အစီရင်ကို မပြောင်းလဲရင် ရှင့်ရဲ့စွမ်းအင်ကိုသုံးပြီး ဒီအစီရင်ကို တည်ဆောက်လို့ ရမှာမဟုတ်ဘူး..."
ရှို့ဝူက သက်ပြင်းချလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်လေသည်။
"ကိုယ် အားတဲ့အချိန်ကျရင် အစီရင်အသစ်တွေ ဖန်တီးဖို့ လိုနေပြီထင်တယ်... မဟုတ်ရင် မင်းက ကိုယ့်ကို အခု အသုံးမဝင်တော့ဘူးလို့ ထင်နေတော့မှာပဲ..."
ထိုစကားကို ကြားသောအခါ ကျူးလင်က မျက်စောင်းထိုးလိုက်ပြီး အစီရင်အသစ်ကို စတင် တည်ဆောက်တော့၏။
ပြင်ဆင်မှုများ ပြီးဆုံးပြီးနောက် သူမသည် ဗောဓိပင်၏ မီးသွေးမှ ပြုလုပ်ထားသော မင်ကို အသုံးပြု၍ မြေပြင်ပေါ်တွင် အစီရင်ကို ရေးဆွဲလေသည်။
သူမ မြေပြင်ပေါ်တွင် ကာကွယ်ရေး ဓားအစီရင်ကို ရေးဆွဲရန် အလုပ်ရှုပ်နေသည်ကို မြင်သောအခါ ရှို့ဝူသည် ဘေးတွင် ရပ်လျက် စိတ်ရှည်စွာဖြင့် ကြည့်ရှုနေတော့သည်။
ကျူးလင်သည် အစီရင်ကို အပြီးသတ်ရန် အချိန်အများကြီး မယူလိုက်ရချေ။
အစီရင်ကို ရိုးရှင်းစွာ ညှိနှိုင်းပြီးနောက် ကျူးလင်သည် အလံ ၁၀၈ ခုကို အစီရင်ပေါ်တွင် ချထားလိုက်၏။ မိနစ်အနည်းငယ် ကြာပြီးနောက် သူမသည် လက်ဟန်တစ်ခု ပြုလုပ်လိုက်ရာ နောက်တစ်စက္ကန့်တွင် အစီရင်က လင်းထိန်သွားလေသည်။
အလံများ တစ်ခုပြီးတစ်ခု လင်းထိန်လာသည်နှင့်အမျှ ကာကွယ်ရေး ဓားအစီရင်သို့ ပေါင်းစပ်ထားသော ရှုပ်ထွေးသည့် မန္တန်များသည် တစ်ခုပြီးတစ်ခု စတင်အသက်ဝင်လာတော့၏။
အလံများနှင့် မန္တန်များအားလုံး လင်းထိန်သွားသောအခါ ကျူးလင်က လက်နှစ်ဖက်ကို စုစည်းလိုက်ရာ အစီရင်သည် ကောင်းကင်ယံသို့ ပျံတက်သွားလေသည်။ အစီရင်သည် ဝေဟင်တွင် မျောလွင့်နေစဉ် အစီရင်၏ အတိုင်းအတာသည်လည်း ဆက်တိုက် ကြီးမားလာတော့၏။
မိနစ်အနည်းငယ် ကြာပြီးနောက် အစီရင်သည် ဝူလင်စခန်းတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
အစီရင်သည် လုံလောက်စွာ ကြီးမားသွားသည်ကို မြင်သောအခါ ကျူးလင်က လက်ဟန်တစ်ခုကို ဖန်တီးကာ အော်ဟစ်လိုက်၏။
"ကာကွယ်ရေး ဓားအစီရင်... အဋ္ဌမမြောက်ကွက် ကွင်း... ဓားအတားအဆီး..."
စကားဆုံးသည်နှင့် အစီရင်သည် အသက်ဝင်သွားပြီး ရေခဲပြာရောင် အတားအဆီးတစ်ခုက ကောင်းကင်ယံမှ မြေအောက်အထိ ဝူလင်စခန်းတစ်ခုလုံးကို ဖြည်းညင်းစွာ ဖုံးလွှမ်းသွားကာ ပြီးပြည့်စုံသော စက်ဝိုင်းပုံသဏ္ဌာန် ဖြစ်ပေါ်လာ၏။
အတားအဆီး ပြီးဆုံးသွားပြီးနောက် သူမက သက်ပြင်းချကာ ပြောလိုက်သည်။
"ငါ့ရဲ့ လက်ရှိကျင့်ကြံမှု အဆင့်နဲ့ဆိုရင် ဒီကာကွယ်ရေး ဓားအစီရင်ကို သုံးဖို့က မလွယ်ဘူး..."
သူမ၏ အနည်းငယ် ဖြူလျော်နေသော မျက်နှာကို ကြည့်ကာ ရှို့ဝူက သူမကို ထောက်ပံ့ရန်အတွက် လက်မောင်းကို ဆွဲကိုင်လိုက်ပြီး ပြောလိုက်သည်။
"မင်းရဲ့မျက်နှာက သိပ်မကောင်းဘူး... အခု ပြန်ကြရအောင်..."
နတ်ဘုရားစွမ်းအင်များကို ကုန်ဆုံးစေခဲ့ပြီးနောက် အနည်းငယ် ပင်ပန်းနွမ်းနယ်နေသဖြင့် ကျူးလင်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ရာ သူတို့နှစ်ဦးသည် ဗီလာသို့ ပြန်လာခဲ့ကြတော့သည်။
ကမ္ဘာမြေပေါ်သို့ တတိယမြောက် အအေးလှိုင်း ရောက်ရှိလာသည်နှင့်အမျှ ဝူလင်စခန်း၏ အပြင်ဘက် အပူချိန်သည် နောက်ဆုံးတွင် အနုတ် ၇၅ ဒီဂရီ ဆဲလ်စီးယပ်စ်ဟူသော အံ့ဩဖွယ်ကောင်းသည့် ကိန်းဂဏန်းသို့ ရောက်ရှိသွားလေတော့သည်။
လက်ရှိတွင် ထိုအဆင့်မြင့် ဖုတ်ကောင်များ၊ မျိုးပြောင်းသတ္တဝါများနှင့် သဘာဝလွန် စွမ်းအားရှင်များမှလွဲ၍ မည်သည့်သက်ရှိမျှ အပြင်ဘက်တွင် မရှင်သန်နိုင်ကြချေ။
ထို့ကြောင့် နောက်ဆုံး အအေးလှိုင်း ကမ္ဘာကြီးကို လွှမ်းမိုးသွားပြီးနောက် ၅ ရက်အကြာတွင် ဝူလင်စခန်း၏ ဒေသခံများကို စခန်းက ရိက္ခာများ ထောက်ပံ့ပေးမည့်အကြောင်း ကျီယန်က ကြေညာခဲ့သည်။
ထိုသတင်း ထွက်ပေါ်လာသောအခါ လူထု၏ စိုးရိမ်ပူပန်မှုများသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။
ခေါင်းဆောင်များ၏ သနားညှာတာမှုနှင့် ဒေသခံများ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ဝူလင်စခန်းသည် တဖြည်းဖြည်းချင်း ကိုယ့်ခြေကိုယ်ပေါ် ရပ်တည်နိုင်လာခဲ့၏။
ဝူလင်စခန်းမှ ဒေသခံများသည် ပျော်ရွှင်စရာကောင်းသော ဘဝကို ဖြတ်သန်းနေကြသော်လည်း အပြင်ဘက်ရှိ အသက်ရှင်ကျန်ရစ်သူများမှာမူ နေ့စဉ် ရှင်သန်နိုင်ရေးအတွက် ရုန်းကန်နေကြရရှာသည်။
အက်စ်မြို့နှင့် မလှမ်းမကမ်းရှိ စွန့်ပစ်ထားသော အဆောက်အအုံတစ်ခုအတွင်း ပုန်းအောင်းနေရင်း လေ့ချီချန်သည် မြေပြင်ပေါ်တွင် ဖြန့်ခင်းထားသော မြေပုံကို ကြည့်လိုက်၏။ သူသည် မြေပုံကို ခေတ္တမျှ လေ့လာပြီးနောက် အငယ်ဆုံးအဖွဲ့ဝင်ကိုကြည့်ကာ မေးလိုက်သည်။
"ကျင်းရွှမ်း... ငါတို့ဆီမှာ အခု လက်ရှိ ရိက္ခာ ဘယ်လောက် ကျန်သေးလဲ..."
ခယ်ကျင်းရွှမ်းသည် သူ၏ ဟင်းလင်းပြင်သိုလှောင်မှုအတွင်းကို စစ်ဆေးကြည့်ပြီးနောက် ပြောလိုက်၏။
"ရိက္ခာတွေကတော့ နောက်ထပ် တစ်လစာလောက် ခံဦးမှာပါ... ဒါပေမဲ့ ဓာတ်ဆီကတော့ သိပ်မခံတော့ဘူး... လမ်းခရီးက ခက်ခဲပြီး ရာသီဥတုကလည်း အရမ်းအေးနေတော့ ကျွန်တော်တို့က ပုံမှန်ထက် ဓာတ်ဆီ ပိုသုံးလိုက်ရလို့လေ..."
သူ့အဖြေကို ကြားပြီးနောက် လေ့ချီချန်သည် မြေပုံကို တစ်ဖန် ပြန်ကြည့်လိုက်သည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူသည် မြေပုံပေါ်သို့ တောက်တောက်ခေါက်ကာ ပြောလိုက်လေသည်။
"ငါတို့ အခုရှိနေတဲ့နေရာက ဝူလင်စခန်းနဲ့ ကီလိုမီတာ ၈၀၀ ကျော်လောက် ဝေးသေးတယ်... ပုံမှန်အခြေအနေဆိုရင်တော့ ရက်အနည်းငယ်အတွင်း ရောက်နိုင်ပေမယ့် အခုကတော့ စခန်းကိုရောက်ဖို့ အနည်းဆုံး တစ်ပတ်လောက် ကြာလိမ့်မယ်..."
သူ၏ စကားကို ကြားပြီးနောက် ဒုခေါင်းဆောင်က မြေပုံကို ကြည့်ကာ နေရာတစ်ခုကို ညွှန်ပြလျက် ပြောလိုက်သည်။
"ဒီနေရာနားမှာ ဓာတ်ဆီဆိုင်တစ်ဆိုင်တော့ ရှိမယ်ထင်တယ်... ငါတို့ ဓာတ်ဆီတွေ ထပ်စုဆောင်းပြီးမှ ဝူလင်စခန်းကို ဆက်သွားလို့ ရတာပဲ..."
လေ့ချီချန်သည် ဒုခေါင်းဆောင်၏ အကြံပြုချက်ကို ကြားပြီးနောက် ပြောလိုက်၏။
"ကျိယွီရဲ့ အကြံပြုချက်က ကောင်းပါတယ်... ဒါပေမဲ့ အဲဒီဓာတ်ဆီဆိုင်မှာ ဓာတ်ဆီမရှိရင် ခရီးကြာနေမှာ ကျန်တဲ့ဓာတ်ဆီနဲ့ ဝူလင်စခန်းကို ရောက်အောင် သွားနိုင်မှာမဟုတ်ဘူး..."
ထိုစကားထွက်လာသည်နှင့် လူတိုင်း တိတ်ဆိတ်သွားကြလေသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် အဖွဲ့ဝင်တစ်ဦးက ပြောလိုက်သည်။
"ခေါင်းဆောင်... ကျွန်တော် အစ်ကိုပိုင်ရဲ့ အကြံကို သဘောတူတယ်... ဓာတ်ဆီဆိုင်ကို မသွားဘူးဆိုရင် ဝူလင်စခန်းကို သွားဖို့ ဓာတ်ဆီ လုံလောက်မှာ မဟုတ်ဘူး...”
“ကျွန်တော်တို့ဆီမှာ ရှိတာတွေနဲ့ အဲဒီကိုရောက်ဖို့ မဖြစ်နိုင်မှတော့ ဓာတ်ဆီဆိုင်ကိုအရင်သွားပြီး ဘာလို့ မလောင်းကြေးမထပ်ကြည့်ရမှာလဲ..."
“အဲဒီမှာ ဓာတ်ဆီမရှိရင်လည်း ဝူလင်စခန်းကို ခြေကျင်ပဲ သွားကြတာပေါ့... တကယ်လို့ ဓာတ်ဆီ ထပ်မတွေ့ရင်လည်း နောက်ဆုံးတော့ ဝူလင်စခန်းကို ခြေကျင်ပဲ သွားရမှာပဲလေ..."
သူ၏ စကားကို ကြားပြီးနောက် လေ့ချီချန်က ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
"ကျူးကျန့်လည်း ကျိယွီရဲ့ အကြံပြုချက်ကို သဘောတူတယ်ဆိုတော့ ငါတို့ ဓာတ်ဆီဆိုင်ကို အရင်သွားမယ်... ပြီးမှ ဝူလင်စခန်းကို ဆက်သွားကြတာပေါ့..."
ဆုံးဖြတ်ချက် ချပြီးနောက် လေ့ချီချန်နှင့် အခြားသူများသည် ခေတ္တမျှ အနားယူပြီး အက်စ်မြို့နှင့် ဝူလင်စခန်းကြားရှိ ဓာတ်ဆီဆိုင်သို့ ကားမောင်းထွက်ခဲ့ကြသည်။
သူတို့ ဓာတ်ဆီဆိုင်သို့ သွားရာလမ်းတွင် ရှိနေစဉ် လျှို့ဝှက်အဖွဲ့အစည်း၏ ရုံးချုပ်ရှိ သူ၏ ရုံးခန်းအတွင်း၌ လေ့ထီလျန်သည် အစီရင်ခံစာများကို ဖတ်ရှုနေလေသည်။