← Chapters

အခန်း ၂၅၉

Vol. 26 Ch. 259

အခန်း ၂၅၉

Vol. 26 Ch. 259

အခန်း (၂၅၉) - ပထမဆုံး နေရောင်ခြည်

စားပွဲပေါ်သို့ အစီရင်ခံစာကို ပစ်တင်လိုက်ရင်း လေ့ထီလျန်သည် ဒေါသကို ထိန်းချုပ်ရန် မျက်ခုံးနှစ်ဖက်ကို ပွတ်သပ်လိုက်၏။ ကြာရှည်စွာ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် သူသည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး မေးလိုက်သည်။

"ချီချန်က ဒီလောက်များပြားတဲ့ ရိက္ခာတွေကို ယူပြီး ထွက်သွားတာကို ဘာလို့ ဘယ်သူမှ ငါ့ဆီ လာမတင်ပြကြတာလဲ..."

ကိုယ်ရေးလက်ထောက်က သူ၏မျက်မှန်ကို အသာအယာ ပင့်တင်လိုက်ပြီးနောက် ပြောလိုက်သည်။

"လက်နက်သိုလှောင်ရုံက စစ်သားတွေက သခင်လေး ရိက္ခာယူတာကို ဥက္ကဋ္ဌ ခွင့်ပြုထားတယ်လို့ ထင်ခဲ့ကြတာပါ... ဒါကြောင့် သူတောင်းတဲ့ ရိက္ခာတွေကို ထုတ်ပေးလိုက်ကြတာပါ..."

ထိုအဖြေကို ကြားလိုက်ရသောအခါ လေ့ထီလျန်သည် သွေးတိုးတက်လာသလို ခံစားလိုက်ရ၏။ သူသည် ဒေါသကို အတင်းအကျပ် ဖိနှိပ်ရင်း လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ ခေတ္တမျှ ကြာပြီးနောက် သူသည် သက်ပြင်းပြင်းပြင်းတစ်ချက် ချလိုက်ပြီး ပြောလိုက်သည်။

"စည်းကမ်းမလိုက်နာတဲ့ စစ်သားတွေကို အပြစ်ပေးလိုက်... ချီချန်အတွက်ကတော့ သူ့ကိုရှာဖို့ စွမ်းအားရှင်အဖွဲ့တစ်ဖွဲ့ လွှတ်လိုက်... ငါ သူ့ကို အသက်ရှင်လျက် လိုချင်တယ်..."

အရာရှိက အမိန့်များကို မှတ်သားလိုက်ပြီး ခေါင်းညိတ်ကာ တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။

"ဟုတ်ကဲ့ပါ ဥက္ကဋ္ဌ..."

ထိုသို့ပြောပြီးနောက် သူသည် ရုံးခန်းထဲမှ ထွက်ခွာသွားတော့၏။ တံခါးပိတ်သွားသည်နှင့် လေ့ထီလျန်သည် ရုတ်တရက် ပြင်းထန်စွာ ချောင်းဆိုးတော့သည်။

သူသည် အချိန်အတော်ကြာ ချောင်းဆိုးပြီးမှသာ အနိုင်နိုင် ရပ်တန့်သွား၏။ လေ့ထီလျန်သည် သူ၏ အားအင်ချိနဲ့နေသော ခန္ဓာကိုယ်ကို စားပွဲပေါ်တွင် မှီထားရင်း အသက်ကို ပြင်းပြင်းရှူကာ သွေးများ ပေကျံနေသည့် သူ၏လက်ဖဝါးကို စိုက်ကြည့်နေမိသည်။

သူသည် သွေးပေနေသော လက်ဖဝါးကို ဆုပ်လိုက်ပြီး ဒေါသတကြီးဖြင့် အက်ရှရှအသံဖြင့် ရေရွတ်လိုက်သည်။

"ဘာလို့ အားလုံးက ငါ့ကို ဆန့်ကျင်ဖို့ပဲ ရွေးချယ်ကြတာလဲ... ချီချန်တောင်မှ ငါ့ကို သစ္စာဖောက်ရဲတယ်ပေါ့... ငါ့အချိန်တွေ မကုန်ဆုံးခင် ဟောက်ကျန့်ကို အမြန်ဆုံး ဖမ်းမိအောင် ဖမ်းရမယ်..."

ထိုသို့ ပြောပြီးနောက် သူသည် ဆက်သွယ်ရေးစက်ကို ကောက်ကိုင်ကာ လျှို့ဝှက်ကုဒ်နံပါတ်တစ်ခုကို နှိပ်လိုက်၏။ ခေတ္တမျှ စောင့်ဆိုင်းပြီးနောက် တစ်ဖက်လူက ဖုန်းကို လက်ခံဖြေကြားလိုက်သည်။

သုံးစက္ကန့်မျှ တိတ်ဆိတ်သွားပြီးနောက် ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော အသံတစ်သံက ပြန်လည်ထွက်ပေါ်လာသည်။

"အင်း..."

လေ့ချန်ယွင်၏ ပျင်းရိသောအသံကို ကြားရသောအခါ လေ့ထီလျန်သည် စိတ်ကို တည်ငြိမ်အောင် သက်ပြင်းတစ်ချက်ချလိုက်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။

"ချန်ယွင်... အဖိုး တောင်းထားတဲ့ ပရိုဂရမ်ကို ပြီးပြီလား..."

လေ့ချန်ယွင်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး တောင့်တင်းနေသော လည်ပင်းကို ပွတ်သပ်ရင်း အိပ်ချင်မူးတူးအသံဖြင့် ပြောလိုက်သည်။

"အဆင်သင့်ဖြစ်ပြီ..."

ထိုသို့ပြောပြီးနောက် သူသည် ကီးဘုတ်ပေါ်တွင် စာရိုက်လိုက်ပြီး ဆက်ပြောလိုက်သည်။

"ကျွန်တော် ဌာနချုပ်ရဲ့ ဆာဗာဆီကို ပို့လိုက်ပြီးပြီ..."

လေ့ထီလျန် တစ်စုံတစ်ခု မပြောနိုင်မီမှာပင် လေ့ချန်ယွင်သည် ဖုန်းကို ချပစ်လိုက်လေသည်။ သူသည် ဆက်သွယ်ရေးစက်ကို နားမှ ခွာလိုက်ပြီးနောက် စားပွဲပေါ်တွင် မှောက်လျက် ဆက်လက် အိပ်ပျော်သွားတော့၏။

ရုံးခန်းအတွင်း၌မူ လေ့ထီလျန်သည် ဒေါသကြောင့် ရင်ဘတ်ထဲတွင် ကျောက်တုံးကြီးတစ်ခုဖြင့် ဖိထားသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် အလွန်အမင်း နေရခက်လှသဖြင့် ဆက်သွယ်ရေးစက်ကို လွှင့်ပစ်လိုက်ကာ ဒေါသတကြီး ဆဲရေးလိုက်လေသည်။

"ကျေးဇူးမသိတတ်တဲ့ လူယုတ်မာတွေ..."

လေ့ထီလျန်က လေ့ချီချန်နှင့် လေ့ဟောက်ကျန့်တို့ကို အရူးအမူး ရှာဖွေနေချိန်တွင် အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။

တတိယအကြိမ်မြောက် အအေးလှိုင်း ဖြတ်သန်းသွားသည့် အချိန်မှစ၍ ဝူလင်စခန်းကို ပိတ်ဆို့ထားခဲ့သဖြင့် စခန်းအတွင်းရှိ လူများသည် လုပ်စရာ သိပ်မရှိဘဲ နေ့ရက်များကို အေးချမ်းစွာ ဖြတ်သန်းနေကြသည်။

သူတို့ကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ ကမ္ဘာပေါ်သို့ တတိယအကြိမ်မြောက် အအေးလှိုင်း ရိုက်ခတ်ပြီးနောက် သုံးလကျော်ပင် ကုန်လွန်သွားခဲ့လေပြီ။

တစ်နေ့တွင် ကျူးလင်သည် ကျင့်ကြံနေစဉ် ပြင်ပမှ‌ အော်ဟစ်သံများနှင့် ဆူညံသံများကြောင့် အနှောင့်အယှက် ဖြစ်သွားရ၏။ သူမသည် မျက်လုံးများကို ဖွင့်လိုက်ပြီးနောက် ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

မှောင်မိုက်နေသော ဆီးနှင်းတိမ်တိုက်များကို ဖြတ်သန်းကာ ကျရောက်လာသည့် နေရောင်ခြည်ကို ကြည့်ရင်း သူမသည် ခုတင်ပေါ်မှ ထရပ်လိုက်ပြီး အိပ်ခန်းထဲမှ ထွက်လာခဲ့လေသည်။

ဧည့်ခန်းထဲသို့ ရောက်သောအခါ မည်သူမျှ ရှိမနေသည်ကို သူမ တွေ့လိုက်ရ၏။ ပြတင်းပေါက်မှ မြင်တွေ့ခဲ့ရသည်များကို တွေးတောရင်း ကျူးလင်သည် ဗီလာအိမ်ကြီးထဲမှ ထွက်လာခဲ့သည်။

သူမ တံခါးဖွင့်လိုက်သည်နှင့် ပြင်ပမှ ပျော်ရွှင်တက်ကြွစွာ စကားပြောဆိုသံများကို ကြားလိုက်ရလေသည်။

ဗီလာအိမ်ရှေ့မှ ဖြတ်လျှောက်သွားသော အမျိုးသမီးတစ်ဦးက သူမ၏ အဖော်များကို ပြောလိုက်သည်။

"ဒီနေ့ ရာသီဥတုက အရမ်းကောင်းတာပဲ... လနဲ့ချီပြီး မှိုင်းညို့နေတဲ့ ဆောင်းရာသီ ကောင်းကင်ကြီးကိုပဲ ကြည့်နေခဲ့ရတာ... ဒီနေ့တော့ နောက်ဆုံးမှာ နေရောင်ခြည်ကို ခံစားလိုက်ရပြီ..."

ထိုစကားကို ကြားပြီးနောက် ကျူးလင်သည် အပြင်ဘက် အခြေအနေကို သွားရောက်ကြည့်ရှုရန် ဇုန် ၅ သို့ သွားရန် ဆုံးဖြတ်လိုက်၏။ သူမသည် မိနစ် ၃၀ ကျော်ကြာ လမ်းလျှောက်ပြီးနောက် အပန်းဖြေဇုန်နှင့် ဇုန် ၅ ကြားရှိ ဂိတ်တံခါးသို့ ရောက်ရှိလာခဲ့သည်။

ဂိတ်တံခါးဝတွင် စည်ကားနေသော လူအုပ်ကြီးကို မြင်သောအခါ ကျူးလင်သည် ကင်းစောင့်တစ်ဦးကို မေးလိုက်သည်။

"ဒီနေ့ ဘာလို့ လူတွေ အပြင်ကို ဒီလောက်အများကြီး ထွက်နေကြတာလဲ..."

ကင်းစောင့်က သူမကို ပြုံးပြကာ ပြောလိုက်သည်။

"မနေ့ညကတည်းက အပူချိန်က ပြန်တက်လာတာပါ... လက်ရှိ စခန်းအပြင်ဘက်က အပူချိန်က အနုတ် ၃၀ ဒီဂရီပဲ ရှိတော့တယ်...”

“ဒီနေ့မနက်တင် အစ်ကိုကျီက စခန်းပိတ်ဆို့ထားမှုကို ရုပ်သိမ်းကြောင်း ကြေညာလိုက်တယ်...”

“ဒါကြောင့် လူအများစုက သူတို့ရဲ့ စွမ်းအင်မြုတေတွေ ကုန်သလောက်ဖြစ်နေလို့ ဖုတ်ကောင်တွေ၊ သန္ဓေပြောင်းသားရဲတွေနဲ့ သန္ဓေပြောင်းအပင်တွေကို အမဲလိုက်ဖို့ ထွက်သွားကြတာပါ..."

ထိုအဖြေကို ကြားပြီးနောက် ကျူးလင်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

"နားလည်ပြီ... ပြောပြပေးလို့ ကျေးဇူးတင်ပါတယ်..."

ကင်းစောင့်က ရှက်ကိုးရှက်ကန်းဖြင့် သူ၏ပါးကို ကုတ်လိုက်ပြီး ပြောလိုက်သည်။

"မိန်းကလေးကျူးကလည်း အရမ်းယဉ်ကျေးတာပဲ... ဒါက ကျွန်တော့်တာဝန်ပါ..."

ကင်းစောင့်ကို နှုတ်ဆက်ပြီးနောက် ကျူးလင်သည် အပန်းဖြေဇုန်မှ ထွက်ခွာကာ ဇုန် ၅ အတွင်းသို့ ဝင်ရောက်လာခဲ့၏။

တံတိုင်းနောက်ကွယ်မှ အပန်းဖြေဇုန်နှင့်မတူဘဲ ဇုန် ၅ တွင် စွမ်းအားရှင်များသာ နေထိုင်ကြသည်မဟုတ်ပေ။

သာမန်လူများနှင့် လှည့်လည်သွားလာနေသော ကုန်သည်များ ပါဝင်လာမှုကြောင့် ဇုန် ၅ သည် သုံးလအတွင်းမှာပင် လူနေရပ်ကွက်တစ်ခုမှ ဈေးရပ်ကွက်တစ်ခုအဖြစ်သို့ ပြောင်းလဲတိုးတက်လာခဲ့လေသည်။

ကျူးလင်သည် ဈေးဆိုင်ခန်းများကို လှည့်ပတ်ကြည့်ရှုရင်း ဇုန် ၅ ၏ ဝင်ပေါက်ဆီသို့ အေးအေးလူလူ လျှောက်လှမ်းသွား၏။

မကြာမီမှာပင် သူမသည် ဇုန် ၅ ၏ ဝင်ပေါက်ဧရိယာသို့ ရောက်ရှိလာခဲ့သည်။ တာဝန်ပေးအပ်ရေးစင်တာနှင့် အဓိကဝင်ပေါက်ရှေ့တွင် ရှည်လျားစွာ တန်းစီနေသော လူအုပ်ကြီးကို မြင်သောအခါ သူမသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး တာဝန်ပေးအပ်ရေးစင်တာဆီသို့ လျှောက်သွားလိုက်လေသည်။

ကောင်တာနောက်ကွယ်တွင် ထိုင်နေသော ဝန်ထမ်းအမျိုးသမီးသည် သူမ လာသည်ကို မြင်သောအခါ ပြုံးရွှင်စွာ မေးလိုက်သည်။

"မိန်းကလေးကျူး... မင်္ဂလာနံနက်ခင်းပါ... ကျွန်မ ဘာကူညီပေးရမလဲရှင့်..."

ကျူးလင်က သူမကို ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။

"မင်္ဂလာနံနက်ခင်းပါ... ငါ တာဝန်စာရင်းကို ကြည့်လို့ရမလား..."

သူမ၏ တောင်းဆိုမှုကို ကြားသောအခါ ဝန်ထမ်းအမျိုးသမီးသည် မျက်ခုံးကို အသာအယာ ပင့်လိုက်ပြီးနောက် သူမအတွက် လုပ်ဆောင်နိုင်သည့် တာဝန်စာရင်းစာအုပ်ကို ထုတ်ပေးလိုက်၏။

စာအုပ်ကို သူမရှေ့တွင် တင်ပေးလိုက်ပြီးနောက် ဝန်ထမ်းအမျိုးသမီးက ပြောလိုက်သည်။

"ဒီမှာ ဖော်ပြထားတဲ့ တာဝန်တွေအားလုံးက လုပ်လို့ရပါတယ်ရှင့်... မိန်းကလေးကျူး အရင်ကြည့်ကြည့်လိုက်ပါ... ပြီးမှ တာဝန်တစ်ခုခုကို လက်ခံချင်သလားဆိုတာ ကျွန်မကို ပြောပေးပါနော်..."

ကျူးလင်သည် ဝန်ထမ်းအမျိုးသမီးကို ခေါင်းညိတ်ပြကာ စာအုပ်ကို ယူ၍ ဘေးတွင် သွားရပ်လိုက်၏။ သူမ တာဝန်စာရင်းကို စစ်ဆေးနေစဉ် ဝန်ထမ်းအမျိုးသမီးသည် ကောင်တာရှေ့တွင် မတ်တပ်ရပ်နေသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို ကြည့်ကာ မေးလိုက်သည်။

"ဦးလေး... ကျွန်မ ဘာကူညီပေးရမလဲရှင့်..."

လူလတ်ပိုင်း အမျိုးသားက ခေါင်းညိတ်ပြလိုက်ပြီး သူမအား တံဆိပ်တစ်ခုကို ပြသကာ ပြောလိုက်သည်။

"ငါ့ရဲ့ လစာကို ထုတ်ချင်လို့ပါ..."

All Chapters