ချိပ်ပိတ်နယ်မြေ၏ အရှင်သခင်
Vol. 93 Ch. 1273
ထိုဝတ်စုံနက်ဖြင့်အဘိုးအိုက သူ့ရှေ့ရှိ အဖြစ်သနစ်များကို မယုံကြည်နိုင်ဟန်ဖြင့် စူးစိုက်ကြည့်နေသည်။ ထို့အတူ သူ့မျက်လုံးထဲတွင် လောဘတက်နေဟန်လည်း အပြည့်ရှိသည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ရှေ့သို့ နောက်တစ်ကြိမ် ဆက်တိုးသည်။
သို့ရာတွင် သူ အနားရောက်လာသည်နှင့် ဧရာမတံခါးက ရုတ်တရက် ဖြည်းဖြည်းချင်း ပွင့်လာသည်။ ထိုသို့ ပွင့်ဟလာသည်နှင့် အားကောင်းသောအလင်းတစ်ခု တောက်ပလာပြီး အဘိုးအိုကို ထွေးခြုံသည်။
ထိတ်လန့်နာကျင်စွာအော်သံ ပဲ့တင်ထပ်လာ၏။ အဘိုးအို၏ မျက်လုံးထဲတွင် ကြောက်ရွှံ့မှူတို့ အထင်းသား ဖြစ်ပေါ်သည်။ သူက ရှေ့ဆက်မတိုးတော့ဘဲ နောက်ပြန်ဆုတ်သည်။
"ချိပ်...ချိပ်ပိတ်နယ်မြေရဲ့ အရှင် ပြန်နိုးထ လာတာလား..."
အဘိုးအို၏ခန္ဓာကိုယ်သည် လောင်ကျွမ်းခံရသည့်အလား အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာတော့သည်။ ထိုအလင်းက သူကဲ့သို့ အစွမ်းထက်သူကိုပင် အရည်ပျော်စေမည့်အလား ထင်ရသည်။
ထိုတံခါးပွင့်ဟလာသည်နှင့် လောကကို တုန်လှုပ်စေမည့် အော်ရာတစ်ခု ပျံ့လွင့်လာသည်။ ထိုအော်ရာက ချိပ်ပိတ်နယ်မြေအစီအရင်အစပ်နားတစ်လျှောက် ပျံ့နှံ့၏။
ချိပ်ပိတ်နယ်မြေအစီအရင်သည် ထာဆန်ထွက်ခွာလာပြီးနောက် သိပ်မကြာခင်တွင် ထပ်မံ ပြောင်းလဲလေ၏။ အရင်က လုံးဝမထွက်ပေါ်လာခဲ့သော အစီအရင်၏နောက်ဆုံးစိတ်ဝိညာဥ်သည်ပင် ထွက်ပေါ်လာခဲ့တော့သည်။
အစီအရင်နောက်ဆုံးစိတ်ဝိညာဥ်(ဝါ)ကိုးခုမြောက်စိတ်ဝိညာဥ်သည် ကျောက်စိမ်းပြားတစ်ခု ဖြစ်သည်။ ထိုကျောက်စိမ်းပြား ပေါ်လာချိန်တွင် နယ်မြေချိပ်ပိတ်ခြင်းအစီအရင်အနှံ့တွင် လှိုင်းဂယက်များ ပေါ်လာသည်။ အတောမသတ်နိုင်သော တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။
ထိုအခိုက်အတန့်တွင် ရှေးဟောင်းကြယ်အဖွဲ့အစည်းမှ အစွမ်းထက်သောလူများသည် သူတို့စိတ်ကို တုန်လှုပ်စေနိုင်သည့် အော်ရာတစ်ခုကို ခံစားမိသည်။ အချိန်ကြာမြင့်လွန်းစွာ ရှင်သန်ခဲ့ကြသော မွန်းစတားအိုအချို့ကတော့ ထိုအော်ရာကို သိကြပေ၏။
သည်အော်ရာက သူတို့ကို တုန်လှုပ်စေခဲ့ရုံသာမက ကြောက်လန့်သည် အတွေးများပါ ဖြစ်ပေါ်လာစေသည်။
"ချိပ်ပိတ်နယ်မြေရဲ့ အရှင်သခင်..."
ပြင်ပနယ်မြေ(ဝါ)ရှေးဟောင်းကြယ်အဖွဲ့အစည်းနှင့် ယှဥ်ပါက ချိပ်ပိတ်နယ်မြေမှ လူများသည် ထိုဖိအားကို များစွာ မခံစားလိုက်ရပေ။ ကြယ်အဖွဲ့အစည်းလေးခု၏ အစွမ်းထက်ဆုံးသူများကသာ ၎င်းအော်ရာကို ခံစားမိပေ၏။ နတ်ဘုရားကလန်ရှိ အခန်းတစ်ခုတွင် ကောင်လေးတစ်ယောက် ထိုင်နေ၏။ ထိုသူ၏ပုံပန်းကသာ ကောင်လေးတစ်ယောက်နှင့် တူ၏။သို့သော် သူ့ဆံပင်များက မီးခိုးရောင် ဖြစ်နေသည်။ သူက ဤနေရာတွင် နှစ်ပေါင်းများစွာ မလှုပ်မရှားသည့်အလား ထိုင်လျက်ရှိသည်။
သို့သော်ငြားလည်း ဤအခိုက်အတန့်၌ သူ့မျက်တောင်တို့က တုန်ခါသွားပြီး ရုတ်တရက် မျက်လုံးဖွင့်လာ၏။
"ဆရာ့ရဲ့အော်ရာ..."
မိုးကောင်းကင်ဘုံနယ်မြေတွင်လည်း ချင်းလင်က ငြိမ်သက်စွာ ကျင့်ကြံလျက် သူ့စွမ်းအားကို တတ်နိုင်သမျှ အမြန်ပြရရှိရန် ကြိုးစားနေသည်။ သို့ရာတွင် သည်အခိုက်အတန့်၌ သူ့မျက်လုံးမှာ တောက်ပလာခဲ့သည်။ ရုတ်တရက် သူက မတ်တပ်ထရပ်ပြီး အကွာအဝေးတစ်ခုထံ ကြည့်ကာ အသက်ခပ်ပြင်းပြင်း ရှုထုတ်လိုက်၏။
"ဆရာ..."
လေကောင်းကင်ဘုံနယ်မြေမှာ မရေမတွက်နိုင်သော ခြင်သားရဲများ ရှိလေသည်။ ပြိုပျက်နေသည့် ကောင်းကင်ဘုံနယ်မြေအစိတ်အပိုင်းတစ်ခုပေါ်တွင် အကြီးအကဲတစ်ယောက် ထိုင်နေသည်။ ထိုအဘိုးအိုက ကျောက်အဖြစ်သို့ ပြောင်း၍ ရုပ်တုတစ်ခုကဲ့သို့ပင်။
သို့ရာတွင် ဤအခိုက်အတန့်၌ ရုပ်တု၏မျက်လုံးနှစ်လုံးမှာ အက်ကြောင်းများ ဖြစ်ပေါ်လာသည်။ အက်သံနှင့်အတူ ထိုအဘိုးအိုက မျက်လုံးဖွင့်လာလေသည်။
"ဟိုလူအိုကြီးရဲ့ အော်ရာ..." ထိုအဘိုးအို၏မျက်လုံးထဲတွင် ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်သည်။ မေ့ဖျောက်ထားသောမှတ်ဉာဏ်များစွာဟာ သူ့ခေါင်းထဲတွင် ပြန်လည် ပြည့်နှက်လာသည်။ အချိန်အတန်ကြာပြီးနောက် သူ့မျက်လုံးမှာ ပြန်မှိတ်သွားပြီး နောက်တစ်ဖန် ရုပ်တုဖြစ်သွားလေ၏။
လျှပ်စီးကောင်းကင်ဘုံနယ်မြေ အောက်ရှိ ကြယ်အဖွဲ့အစည်းတစ်ခုတွင် ကျင့်ကြံခြင်းဂြိုဟ်တစ်လုံးပေါ်ရှိ တောင်ထိပ်တစ်ခုပေါ်၌ အမျိုးသမီးတစ်ဦး ထိုင်နေသည်။ သူမက အတိတ်ကိုအောက်မေ့ဟန်ဖြင့် ကောင်းကင်ထက်ကို ကြည့်သည်။ သူမ၏မျက်လုံးထဲတွင်လည်း ရှုပ်ထွေးမှုတို့ ရှိသည်။
"ငါ မမှတ်မိဘူး ဖြစ်နေတယ်...ဒါ ဘယ်သူ့ရဲ့အော်ရာလဲ.. ဒီအော်ရာဟာ ရင်းနှီးလွန်းတယ်...အရမ်းရင်းနှီးလွန်းတယ်..."
သည်အခိုက်အတန့်၌ လျှပ်စီးကောင်းကင်ဘုံနယ်မြေအောက် ကြယ်အဖွဲ့အစည်းတစ်ခုရှိ ကျင့်ကြံခြင်းဂြိုဟ်တစ်လုံးပေါ်ရှိ တောင်တစ်လုံးပေါ်တွင် အိပ်စက်နေသော လူငယ်တစ်ယောက် ရှိသည်။ သူက ခေါင်းမော့ကာ အကွာအဝေးတစ်ခုထံ စူးစိုက်ကြည့်ရင်း သူ့ခန္ဓာကိုယ်မှာ တုန်ခါသွားသည်။
"ဒီအဘိုးအိုကို သေလောက်အောင်လန့်သွားစေတာပဲ။ ဒီအော်ရာဟာ ငါ့ကို ဖမ်းဖို့အတွက်နဲ့ ကောင်းကင်ဘုံနယ်ပယ်ပိုင်နက်က မွန်းစတားအိုအချို့ လာနေကြတာလို့ ငါ ထင်မိတယ်။ ဒါပေမဲ့ ဒီအော်ရာကို ဘာကြောင့် ရင်းနှီးသလိုလို ခံစားမိရတာလဲ..."
ထိုလူငယ်မှာ ဝမ်လင်းနတ်ဘုရားပြစ်ဒဏ်ကို ရင်ဆိုင်ရစဥ်အတွင်း အက်ကြောင်းထဲမှ လွတ်မြောက်ခဲ့သည့်သူပင်။
ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကြောင့် ဖြစ်ပေါ်လာသည့် တံခါးပွင့်ဟလာချိန်၌ လူတစ်ယောက် ဖြည်းဖြည်းချင်း လှမ်းထွက်လာသည်။
ဝတ်စုံနက်နှင့် အဘိုးအိုက နောက်သို့ ဆက်တိုက်ဆုတ်နေသည်။ တံခါးထံမှ ကြောက်မက်ဖွယ်အလင်းကလည်း လွင့်ပြယ်လေ၏။ ထိုအခါ ဝတ်စုံနက်အဘိုးအိုသည် မျက်မှောင်ကြုတ်သွားသည်။
"သူက ချိပ်ပိတ်နယ်မြေရဲ့ အရှင်သခင် မဟုတ်ဘူး။ ဒီလူက ချိပ်ပိတ်နယ်မြေရဲ့ ဒုတိယမြောက်အရှင်သခင်များ ဖြစ်နေမလား။ သူ့အော်ရာက အားမကောင်းဘူးပဲ။ ငါ့ကို ကြောက်လန့်စေတာက ဒီတံခါးနောက်က လူသာ ဖြစ်တယ်..."
တံခါးကနေ လှမ်းထွက်လာသော သူသည် ဝမ်လင်းပင်။
သူ့ထံ၌ ခန္ဓာကိုယ် ရှိမနေဘဲ သူဟာ မူလစိတ်ဝိညာဥ်သပ်သပ်သာ ဖြစ်နေ၏။
အဘိုးအို၏မျက်လုံးက တလက်လက် ဖြစ်သည်။ ထို့နောက် သူက အံတင်းတင်းကြိတ်ကာ သူ့ညာလက်ကို ဝေ့ယမ်း၍ ရှေ့တိုးလာတော့သည်။
"ဒီလူ့ကို သတ်ပြီး ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို လုယူရမယ်။ ငါသာ ဒီလို လုပ်နိုင်ခဲ့ရင် အုပ်စိုးသူနဲ့ ပတ်သတ်ပြီး စိတ်ပူနေစရာ မလိုတော့ဘူး..."
အဘိုးအိုသည် ခုချိန်တွင် အနက်ရောင်မြူများဖြင့် ခြုံလွှမ်းထား၏။ သူက အစွမ်းထက်အလင်းကို ခုခံလျက် ဝမ်လင်းထံ သွားသည်။ သို့သော် သူ့ပတ်လည်ရှိ မြူများမှာ လွင့်ပါးပျောက်ကွယ်နေသည်။ မြူများအတွင်းမှ အနက်ရောင်လက်သည်းကုတ်ချက် ဆန့်ထွက်လာကာ ဝမ်လင်းကို ကုတ်ဆွဲသည်။
ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်၏။ သူက တတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏ မူလစွမ်းအင်ရင်းမြစ်ကို ခံစားမိသည်။ သို့သော် သူသည် အလွန်အမင်း တည်ငြိမ်လှ၏။ သူက နီးကပ်လာသည့် လက်သည်းချက်ကို အေးစက်စက် ကြည့်ပြီး တံခါးနောက် ခြေတစ်လှမ်း ပြန်ဆုတ်လိုက်သည်။
အဘိုးအို အနားရောက်လာချိန်တွင် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က အစွမ်းထက်အလင်းကို ထုတ်လွှတ်သည်။ တစ်ချိန်တည်းမှာ တံခါးချပ်အပြင်ဘက်တွင် ဧရာမလက်ကြီးတစ်ဖက် ပေါ်လာပြီး အဘိုးအိုထံ ကြမ်းတမ်းစွာ ဆန့်တန်းလာသည်။
ထိုအဘိုးအိုပတ်လည်ရှိ အနက်ရောင်မြူများက သည်လက်ကြီးကို ခုခံနိုင်ရန် မူလစွမ်းအင်ရင်းမြစ်အဖြစ်သို့ ပေါက်ကွဲထွက်သည်။ ထိုမှသာ သူသည် ဝမ်လင်းကို သတ်နိုင်မည့် အခွင့်အရေး ရရှိနိုင်ပေမည်။
သို့သော်ငြားလည်း ပြိုကွဲလာသည့်အနက်ရောင်မြူများမှာ လက်ကြီးကို တစ်စက်လေးပင် မဟန့်တားနိုင်ချေ။ ၎င်းက အဘိုးအိုထံ ချက်ခြင်း ရောက်ရှိလာ၏။
အဘိုးအိုသည် မည်သို့ ရှောင်ပါစေ ထိုလက်ကြီးထံမှ မလွတ်ပေ။ သူက အံတင်းတင်းကြိတ်၏။ ထို့နောက် အဘိုးအိုသည် သူ့လျှာထိပ်ကို ကိုက်၍ သွေးများ ထွေးထုတ်ကာ သူ့ခန္ဓာကိုယ်မှာ သုံးယောက်ခွဲထွက်သွားလေ၏။ နှစ်ယောက်က လက်ကြီးထံ ဦးတည်ပြီး တစ်ယောက်က ဝမ်လင်းရှိ တိုးဝင်လာသည်။
ထိုအခိုက်မှာ သည်ဧရာမလက်ကြီးက လက်သီးစုပ်ကာ မြန်နှုန်းနှစ်ဆ တင်၍ အဘိုးအို၏ကိုယ်ပွားနှစ်ယောက်ထံ ထိုးချလိုက်သည်။ ထို့နောက် ၎င်းက မြန်ဆန်စွာ ပြန်ဆုတ်၍ ဝမ်လင်းထံ တိုးဝင်လာသည့်ကိုယ်ပွားကို ဖမ်းဆုပ်ပြီး ကြမ်းတမ်းစွာ ညှစ်ချေပစ်သည်။
"ငါ့မူလခန္ဓာကိုယ် ဒီမှာ ရှိရင်တော့ ငါ တိုက်ခိုက်နိုင်ကောင်း နိုင်လိမ့်မယ်...ဒါပေမဲ့ ခုချိန်မှာတော့..."
အဘိုးအိုသည် မချိပြုံးပြုံး၍ သူသည် သက်ပြင်းချကာ ပျောက်ကွယ် သွားတော့သည်။
အစကနေအဆုံးထိ ဝမ်လင်းသည် မထူးခြားနားဟန်ဖြင့်သာ ရှိနေသည်။ အဘိုးအို ပျောက်ကွယ်သွားပြီးနောက် ဝမ်လင်းနောက်ဘက်ရှိ တံခါးသည် တဖျပ်ဖျပ် လင်းလက်ကာ အလျင်အမြန် ပြန်ကြုံ့ပြီး ဝေဝါးလာလျက်
ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့အဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ၎င်းက ဝမ်လင်း၏မူလစိတ်ဝိညာဥ်ကို ယူဆောင်ပြီး ဤနေရာကနေ ထွက်ခွာလာ၏။ ထို့နောက် ၎င်းပုတီးစေ့က သည်ကြယ်အဖွဲ့အစည်းကို ချိုးဖျက်ကာ သဲလွန်စမရှိ ပျောက်ကွယ်သွားလေ၏။
ခုနစ်ရောင်စုံနယ်မြေ မှောင်နက်နေသည်မှာ နှစ်ပေါင်းတစ်ရာ ကြာမြင့်ခဲ့လေပြီ။ ယနေ့တွင် တောက်ပသောအလင်းက သည်နယ်မြေ၏အထက်ကောင်းကင်တွင် ပြန်ပေါ်လာလေ၏။ ထိုအလင်းက ခုနစ်ရောင်စုံနယ်မြေကို ခြုံလွှမ်းလာချိန်၌ ဝမ်လင်းအမြင်တွင် ခပ်ရေးရေးပုံရိပ်ယောင်တစ်ခု ပေါ်လာလေ၏။ သူက တောင်ထိပ်ပေါ်ရှိ သူ့ခန္ဓာကိုယ်ကို လှမ်းကြည့်ကာ သက်ပြင်းချသည်။
"အိပ်မက်တစ်ခုလိုပဲ...ဒီအိပ်မက်က နှစ်များစွာကြာရှည်လွန်းခဲ့တယ်..." ဝမ်လင်း၏မူလစိတ်ဝိညာဥ်က ထိုကဲ့သို့ ခပ်တိုးတိုးရေရွတ်၍ တောင်ထိပ်ပေါ်ရှိ သူ့ခန္ဓာကိုယ်ဖြင့် တဖြည်းဖြည်းချင်း ပေါင်းစည်းသည်။
အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက မျက်လုံးဖွင့်လာလေ၏။ သူ့ခန္ဓာကိုယ်ထံမှလည်း တစီစီအသံများ မြည်၏။
နှစ်ပေါင်းတစ်ရာ အိပ်ပျော်သွားပြီးနောက် သူသည် တဖန် ပြန်လည် မတ်တပ်ထရပ် လာပေပြီ။ သူ မတ်တပ်ရပ်လိုက်သည့် အခိုက်အတန့်၌ နိဗ္ဗာနဖြိုခွဲခြင်းနောက်ဆုံးအဆင့်အော်ရာသည် သူ့ထံကနေ ပျံ့လွင့်လာ၏။ ထိုအော်ရာက ဆက်လက်မြင့်တက်ကာ နိဗ္ဗာနသန့်စင်ခြင်းအထိတ်အထိပ်အဆင့်ထိ ချိုးဖျက်ရောက်ရှိလာ၏။ ထိုမျှနှင့် မရပ်သေးပါ။ ၎င်းအော်ရာက နောက်တဖန် တိုးတက်လာကာ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်သို့ ရောက်ရှိရန် တာဆူသည်။
ခုနစ်ရောင်စုံအပင်များထဲက အနီရောင်အပင်၏သစ်သီးအတွင်းမှ သူ စုပ်ယူခဲ့သော တာအိုဆန္ဒနှင့်မူလစွမ်းအင်တို့မှာ များပြားလွန်းလှပေသည်။ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က အများစုကို စုပ်ယူခဲ့ခြင်း ဖြစ်သော်လည်း ဝမ်လင်း ပထမဆုံးအကြိမ်အဖြစ် ထိုပုတီးစေ့မှ ချက်ချင်းပြန်ယူဆောင်ခဲ့သည့်အတွက်ကြောင့် သူလည်း တာအိုဆန္ဒနှင့် မူလစွမ်းအင် အတော်များများ ရလိုက်ပေသည်။
သည်အခိုက်အတန့်တွင် ဝမ်လင်း၏ဆံပင်များက လေမတိုက်ပါဘဲ လွင့်ဝဲနေ၏။ သူ့ခန္ဓာကိုယ်ကနေလည်း ထူးဆန်းသောအော်ရာတစ်ခုကို ပေးစွမ်းနေသည်။ သူ့ဘယ်မျက်လုံးတွင် မီးအမှတ်အသား၊ညာမျက်လုံးတွင် လျှပ်စီးအမှတ်အသား ဖြစ်ပေါ်၏။ ၎င်းတို့က ပျံသန်းထွက်လာကာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသည်။ ၎င်းပေါင်းစည်းသွားသော အမှတ်အသားထဲ၌ တိုက်ပွဲ ဟူသည့် စာလုံးကောက်ကြောင်းလည်း ဖြစ်ပေါ်နေ၏။
၎င်းမှာ လောကတွင် လုံးဝ မပေါ်ပေါက်ဖူးသေးသော အမှတ်အသား ဖြစ်ပေသည်။ ၎င်းအမှတ်အသားက ဥပဒေသအသစ်တစ်ခု ဖြစ်၏။
ဤအခိုက်အတန့်တွင် ယင်းအမှတ်အသားက ဝမ်လင်း၏ မျက်ခုံးနှစ်ခုကြား ကျရောက်ကာ သူ့အမှန်အမှားနယ်ပယ်နှင့် တစ်သားတည်း ဖြစ်သွားသည်။ ယင်ယန်အမှတ်အသားကလည်း မီးနှင့်မိုးကြိုးပေါင်းစပ်ထားသော အမှတ်အသားပေါ်တွင် ပေါ်လာပြီး ဖြည်းဖြည်းချင်း လှည့်ပတ်သည်။ တဖြည်းဖြည်းဖြင့် ၎င်းက နတ်ဆိုးအလင်းပေးစွမ်းကာ ကြယ်တစ်ခုကဲ့သို့ ဖြစ်သည့်အထိ ကြုံ့သွားတော့သည်။ ထို့နောက် ၎င်းကြယ်က သူ့မျက်ခုံးနှစ်ခုကြားတွင် ဖုံးကွယ် ပျောက်သွားလေ၏။
အနှီကြယ်က မည်သို့ပင်ကြည့်ကြည့် ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ကြယ်ဖြင့် အလားသဏ္ဍန် တူလှသည်။ အကယ်၍သာ ကြယ်ကိုးလုံးရှေးဟောင်းနတ်ဘုရားတစ်ပါးထံ၌ ဥပဒေသဖြင့် ပြုလုပ်သည့် ဤကြယ် ဖြစ်ပေါ်ခဲ့ပါက ထိုရှေးဟောင်းနတ်ဘုရားကို ကြယ်ဆယ်လုံးရှေးဟောင်းနတ်ဘုရားဟု အထင်မှားပေလိမ့်မည်။
ထိုဥပဒေသကြယ် ပေါ်လာချိန်၌ ဝမ်လင်း၏ခန္ဓာကိုယ်မှ နိဗ္ဗာနဖြိုခွဲခြင်းအဆင့် တစ်ယောက်၏အော်ရာ ပေးစွမ်းလေသည်။
ဝမ်လင်းက အသက်ဝဝရှုသွင်း၏။ သူ့မျက်လုံးမှာ တောက်ပနေသည်။ သူက ညာလက်ကို ပင့်မြှောက်ကာ ချိပ်ဟန်များ ဖြစ်စေပြီး သူ့ခန္ဓာကိုယ်ကို ညွှန်သည်။ သူ့မျက်နှာက အနည်းငယ် နီမြန်းသွားသည်။ သို့သော် သူက မရပ်တန့်ဘဲ ဆက်၍ လက်ညွှန်သည်။ ချိပ်ပိတ်မှုများစွာ ချမှတ်ပြီးမှ သူသည် ရပ်တန့်သွား၏။
ထိုအခါ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော နိဗ္ဗာနဖြိုခွဲခြင်းအော်ရာသည် များစွာသောအတားအဆီးများအောက်၌ တဖြည်းဖြည်း လွင့်ပြယ်သွားတော့၏။
"ဒီအော်ရာဟာ ငါ့ကျင့်ကြံမှုအဆင့်ကို နိဗ္ဗာနဖြိုခွဲခြင်းအစောပိုင်းအထွတ်အထိပ်အဆင့် ဖြစ်စေဖို့ လုံလောက်တယ်။ ဒါပေမဲ့ ဒါကို အခုထိ ငါ အပြည့်အဝ နားမလည်သေးဘူး။ ငါ စုပ်ယူခဲ့တဲ့ တာအိုအားလုံးကို အပြည့်အဝ နားမလည်သေးဘဲနဲ့ ဒီကျင့်ကြံမှုအဆင့်ကို အသုံးပြုလိုက်မယ်ဆိုရင် ငါ ရှေ့ဆက်တိုးတက်ဖို့ မဖြစ်နိုင်လုနီးပါး ဖြစ်သွားလိမ့်မယ်။ ဒါဟာ ငါ့အနာဂတ်ကျင့်ကြံမှုအပေါ် ဆိုးကျိုးအများကြီး ဖြစ်သွားနိုင်တယ်..."
"ဒါပေမဲ့လည်း ဒါကို လက်လွှတ်ဖို့ကျတော့လည်း နှမြောဖို့ ကောင်းလွန်းတယ်။ ဒါ့ကြောင့် အရင်ဆုံး ငါ ဒါကို ချိပ်ပိတ်ထားမယ်။ ငါ စုပ်ယူခဲ့တဲ့ တာအိုဆန္ဒအားလုံးကို နားလည်သွားမှ ငါ ဒီချိပ်ပိတ်မှုတွေကို တစ်ခုပြီးတစ်ခု ဖြေလျှော့မယ်။ အဲ့အချိန်ကျရင် ဘာအန္တရာယ်မှ မရှိတော့ဘူး။ ဒါ့အပြင် ငါ့ကျင့်ကြံမှုအဆင့်ကိုလည်း ပိုတောင် သန်မာစေလိမ့်ဦးမယ်..."
ဝမ်လင်းက အသက်ဝဝရှုသွင်းလိုက်၏။ သူ့မျက်လုံးထဲတွင်လည်း အေးစက်မှု ဖြတ်ပြေးသွားသည်၊
"ငါ့ နိဗ္ဗာနသန့်စင်ခြင်းအထွတ်အထိပ်အဆင့်နဲ့ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ရောက်ဖို့ ခြေလှမ်းတစ်ဝက်အလိုအဆင့်ရယ်၊ ငါ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်၊ ငါ့မန္တာန်တွေ၊ လက်နက်ရတနာတွေနဲ့ ဆိုရင် ငါဟာ နိဗ္ဗာနဖြိုခွဲခြင်းနောက်ဆုံးအဆင့် ဒါမှမဟုတ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတွေကို အနိုင်ယူနိုင်လောက်မလား...။ ငါ့အနေနဲ့ နိဗ္ဗာနဖြိုခွဲခြင်းနောက်ဆုံးအဆင့်ကျင့်ကြံသူတွေကိုတော့ အနိုင်ရသင့်တယ်။ နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူတွေကိုတော့ မတိုက်ခိုက်ရသေးဘဲ နိုင်၊မနိုင် ငါ မသိသေးဘူး။ အခွင့်အရေးပေးရင်တော့ ငါ နိဗ္ဗာနဖြိုခွဲခြင်း အထွတ်အထိပ်တစ်ယောက်နဲ့ တိုက်ခိုက်ကြည့်ရမယ်..."
ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားမှ ဖုံးကွယ်နေသောအမှတ်အသားကြယ်သည် အထိန်းအချုပ်မဲ့ကာ တလက်လက်တောက်ပပြီး အစွမ်းထက်တိုက်ပွဲဆန္ဒမှာ သူ့ကို ထွေးခြုံလေ၏။ ဝမ်လင်းက အသက်ဝဝရှုသွင်းကာ ထိုကြယ်ကိုဖိနှိပ်၍ မျက်မှောင်ကြုတ်သည်။ သူက ထိုသို့ဖြစ်ရခြင်းမှာ သူ စုပ်ယူခဲ့သောတာအိုများကို အပြည့်အဝနားမလည်ခြင်းကြောင့်ဖြစ်မှန်းသိပေသည်။
“ထွက်ခွာဖို့ အချိန်ကြပြီ။ ဒီနှစ်ပေါင်းများစွာ ကြာမြင့်ပြီးတဲ့နောက် ခြင်သားရဲက ဘာလုပ်နေမလဲ ငါ သိချင်မိတယ်။ ဒါ့အပြင် ဒီအပင်ထဲမှာ ငါ အိပ်ပျော်သွားခဲ့တာ နှစ်ပေါင်း ဘယ်လောက် ကြာသွားခဲ့ပြီလဲ။ အနည်းဆုံးတော့ နှစ်နှစ်ဆယ် ဒါမှမဟုတ် သုံးဆယ် ဖြစ်လိမ့်မယ်…”
ဝမ်လင်း၏မျက်လုံးသည် တောက်ပလျက် သူ့ကိုသူ ယုံကြည်မှု ပြည့်နှက်နေပြီး သူက ရှေ့ဆက်လျှောက်လာသည်။ သူက တောင်ထံကနေ ထွက်ခွာကာ ရှေ့တည့်တည့်သို့ ပျံသန်းသွားလေ၏။
“ဒီနေရာက ကိစ္စတွေ ပြီးပြီးဆိုတော့ ငါ လေကောင်းကင်ဘုံနယ်မြေရှိ သွားရမယ်။ ငါသာ ခြင်သားရဲအမြောက်အများကို စုဆောင်းနိုင်ခဲ့ရင် နတ်ဘုရားကလန်ကိုတောင် ချိုးဖျက်နိုင်စွမ်း ရှိလာနိုင်တယ်။ ထာဆန် ခုချိန်မှာ နိုးထလာပြီလား၊ မလာသေးဘူးလားတော့ ငါ မသိဘူး…”
သည်အခိုက်အတန့်တွင် ရှေးဟောင်းကြယ်အဖွဲ့အစည်းတွင် အဆုံးမဲ့ကြယ်များကြား၌ ထာဆန်သည် ကြယ်များကို စူးစိုက်ကြည့်နေ၏။ သူက အံတင်းတင်းကြိတ်ထားလျက် ရှိကာ အလွန်သုန်မှုန်၍ မကျေမချမ်း ဖြစ်နေသည်။ သူသည် ဒေါသဖြင့် ပြည့်နှက်နေ၏။ သူက သူတွေ့မြင်သမျှ သက်ရှိအားလုံးကို ဖျက်စီးပစ်ချင်စိတ် ပေါက်နေလေသည်။
သူက သည်နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ကို ချိုးဖျက်နိုင်ဖို့ များစွာအားစိုက်ထုတ်ခဲ့ရသည်။ အဆုံးသပ်၌ သူ့ကြယ်တစ်လုံးပင် ပျက်စီး၍ သူ့ကြယ်များကြား၌ ချိပ်ပိတ်ထားခဲ့သော တတိယအဆင့်ကျင့်ကြံသူများကိုပါ စတေးခဲ့ပြီးမှသာ သူက ဝမ်လင်းကို ဝါးမြိုဖို့အတွက် ဤအစီအရင်ကို ချိုးဖျက်လာနိုင်စွမ်း ရှိရုံမျှသာ ဖြစ်ခဲ့၏။ သို့ရာတွင် ခုချိန်၌ သူမည်မျှ ကြိုးစားပါစေ သူက ဝမ်လင်း၏အော်ရာကို ရှာမတွေ့နိုင် ဖြစ်နေ၏။
“သူက ချိပ်ပိတ်နယ်မြေမှာလည်း မရှိဘူး၊ ပြင်ပနယ်မြေမှာလည်း မရှိဘူး။ ဒါပေမဲ့ နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ထဲမှာ ငါ သူ့အော်ရာကို ခံစားမိတယ်။ သူက ဒီချိပ်ပိတ်ခြင်းအစီအရင်ထဲမှာများ ဝင်ပုန်းနေတာလား။ ဒါပေမဲ့ ဒီလိုလုပ်ဖို့က သူ့ကျင့်ကြံမှုအဆင့်နဲ့ မဖြစ်နိုင်ဘူး…”
သူသည် ကောင်းကင်ထက်သို့ အော်ဟစ်လိုက်လေ၏။ သူ့မျက်လုံးတို့က နီရဲလာပေသည်။ သူက အကွာအဝေးတစ်ခုမှ ကြယ်ကွင်းပြင်များရှိ ရှေးဟောင်းကျင့်ကြံသူအချို့ကိုလည်း သတိထားမိသည်။ သူ့ဒေါသကို ပေါက်ကွဲပစ်ရမည့် နေရာ မရှိသည့်အခါ ထာဆန်သည် လက်သီး လှုပ်ယမ်းကာ ထိုဦးတည်ရာအတိုင်း တဟုန်ထိုး တိုးဝင်သွားတော့သည်။
“သောက်ဝမ်လင်း…ဒီနတ်ဘုရားက မင်းကို တနေ့မှာ လာရှာမယ်။ ငါ မင်းကို ဝါးမြိုပစ်မှ ငါ့ရင်ထဲက ဒေါသဟာ နည်းနည်း လျော့ပါးသွားမှာ…”
***