အခန်း ၁၃၁၂
Vol. 110 Ch. 1312
အခန်း ၁၃၁၂ -
တာအိုနှလုံးသားလှောင်အိမ်ကို ချိုးဖျက်ခြင်း။
ချက်ချင်းပင် ချူးယွင်ကျားအသွင်သည် အရူးအမူးဖြစ်လာ၏။ ထိုက်ဝူအဆင့် ကျင့်ကြံမှု အပေါ် မီးကဲ့သို့လောင်ကျွမ်းကာ အပြည့်အဝ ထုတ်ဖော်ပြသခဲ့သည်။
ထိုအချိန်တွင် နဂါးနီသခင်သည် ခန္ဓာကိုယ်တောင့်တင်းသွားပြီး နှလုံးသား၌ပင် မကြုံစဖူး ဖိနှိပ်မှုကို ခံလိုက်ရ၏။
ယင်းသည် တောင်ပြိုကျခြင်းနှင့် ဆူနာမီလှိုင်းများအလား စိတ်ပျက်အားငယ်မှုကို ဖြစ်ပေါ်လာစေသည်။
မျက်နှာတစ်ပြင်လုံး ဖြူဖျော့သွားပြီး ရွှေရောင်မျက်လုံးများ ပြူးကျယ်လျက် ခုခံရန် ပြင်လိုက်လေသည်။
သို့သော် ထိုခဏမှာပင် စိတ်ပျက်အားငယ်နေသော သူ့နှလုံးသားထဲ၌ ဖော်ပြ၍မရသော မကျေနပ်မှုနှင့် ဒေါသများ တိုးဝင်လာခဲ့သည်။
သူမသည် မွေးစားဖခင်အတွက် လက်စားမချေရသေးသောကြောင့် သေခြင်း တရားကို ထိုင်မစောင့်လိုသည်မှာ သဘာဝပေပင်။
ထိုအခိုက်အတန့်၌ နဂါးနီသခင်သည် မျိုးဆက်သွေးများနိုးထလာပြီး မျက်လုံးများမှာ ကြောက်စရာကောင်းသော အလင်းရောင်များ တောက်ပလာခဲ့သည်။
ရုတ်ချည်း အနီရောင် နဂါးတစ်ကောင် ထွက်ပေါ်လာကာ ကောင်းကင်၌ ဒေါသတကြီး ဟိန်းဟောက်ပျံသန်းတော့၏။
နဂါးရောင်ဝါများ ပေါက်ကွဲလျက် ကောင်းကင်နှင့်မြေကြီး တုန်ဟည်းကုန်သည်။ အဆုံး၌ နဂါးလက်သည်းကြီးတစ်ဖက် လွင့်ပျံသွားချေ၏။
အလားအလာနှင့် ကျင့်ကြံမှုအားလုံးကို လောင်မြိုက်တိုက်ခိုက်လိုက်ခြင်း ဖြစ်လေသည်။ လေဟာနယ်သည် တရစ်ရစ်ပြိုကျလာပြီး အဖျက်စွမ်းအားတစ်ခုက ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားခဲ့၏။
“ ဘန်း ... ။ ”
ရလာဒ်အနေဖြင့် နဂါးနီသခင်သည် မီးလျှံမြားတစ်စင်းကဲ့သို့ ပြင်းစွာလွင့်စင်သွားပြီး ပေရာပေါင်းများစွာအကွာသို့ လွင့်စဉ်သွားသည်။
နှုတ်ခမ်းများမှ သွေးများ စီးကျလျက် ညာဘက်လက်အရိုးများ ကျိုးကြေကုန်ခဲ့ကာ သွေးချင်းချင်းနီသွားခဲ့သည်။
အဆုံးတွင် သူမသည် ချူးယွင်ကျား၏ အပြင်းထန်ဆုံးတိုက်ခိုက်မှုကို တားဆီးနိုင်သော် ငြားလည်း ပြင်းထန်သော ဒဏ်ရာရရှိလာ၏။
သို့သော် နှလုံးသားထဲတွင် ဖော်ပြ၍မရသောဝမ်းမြောက်မှု ပေါ်ပေါက်လာ ခဲ့သည်။ ဤသည်မှာ ထိုက်ဝူအထွတ်အထိပ် အဆင့် အဖိုးကြီးတစ်ယောက်၏ သတ်ဖြတ်လိုသော တိုက်ခိုက်မှုဖြစ်၏။
အဝေးတွင် ချူးယွင်ကျား၏ မျက်လုံးများ မှေးစင်းသွားကာ မျက်နှာကြီးအေးစက်တင်းမာ သွားသည်။ အင်မော်တယ်ဘုရင်အဆင့်ရှိသော နဂါးနီတစ်ကောင်မှ သူ့လက်ဖဝါးကို တားဆီးထားခဲ့၏။
“ ဟမ့် ... ထိုက်ကျင်းနယ်ပယ် အတားအဆီးကိုကျော်ဖြတ်ဖို့ ဒီကြောက်ရွံ့မှုကို အရင်ဆုံး ဖြိုခွင်းရမယ် ... နတ်ဘုရားတွေနဲ့ ဗုဒ္ဓတွေကိုသတ်ပစ်ပြီး ရဲရင့်တဲ့ တာအို နှလုံးသားကို တည်ဆောက်ပါ။ ”
စုရီအသံက နဂါးနီသခင် နားထဲဝင်ရောက်လာသည်။ ထို့နောက်တွင် စုရီ ပုံရိပ်သည် ချူးယွင်ကျားရှေ့မှောက် ရုတ်တရက် ပေါ်လာတော့၏။
သူ့လက်ထဲမှ ဓားတွင် ထက်ရှလွန်းသော ဓားရည်ရွယ်ချက်များနှင့် ပြည့်နှက်နေလျက်ဖြင့် ဒေါသတကြီး ခုတ်ပိုင်းချလိုက်သည်။
“ ရွှပ် ... ။ ”
“ ဝုန်း ... ။ ”
ဤဓားချက်သည် ကောင်းကင်နှင့် မြေကြီးကိုပိုင်းဖြတ်သွားသည့်အလား လွှမ်းမိုးပြီး ပြင်းထန်သော အဟုန်ကြောင့် ချူးယွင်ကျား၏ ကျောရိုးတလျှောက် အေးစက်သွား၏။
“ ခုခံစမ်း ... ။ ”
ချူးယွင်ကျားတစ်ယောက် သူ၏ ငွေရောင်ဧရာမတူကြီးကို ထုတ်ယူလိုက်ကာ ဆံပင်နှင့်မုတ်ဆိတ်များ လွင့်ပျံလျက် တာအို အလင်းစက်ကွင်းပေါင်း (၁၃)ကွင်းကို ဖန်တီးလိုက်လေသည်။
သူ့ခန္ဓာကိုယ်တဝိုက် တာအိုဥပဒေ အလွှာ(၁၃)လွှာ ဖြစ်တည်လာ၏။ ဤသည်မှာ ငွေရောင်ဒိုမိန်းများပေပင်။
ထိုက်ဝူအဆင့်၏ ကြောက်မက်ဖွယ် ကောင်းသောစွမ်းအားကြောင့် ပေ(၃)သောင်း ဧရိယာအတွင်း ချက်ချင်း လင်းထိန်သွား၏။
လေဟာနယ်ပြိုကွဲလျက် ကောင်းကင်နှင့် မြေကြီးတစ်ဝိုက်ရှိ အနက်ရောင်မြူခိုးများ လုံးဝ ပျောက်ကွယ်သွားခဲ့ချေပြီ။
“ ဘုန်း ... ။ ”
နောက်တစ်ခဏတွင် နားကွဲမတတ် ပေါက်ကွဲသံကြီးထွက်ပေါ်လာ၏။ ဓားချက်သည် ထိုဒိုမိန်း(၁၃)လွှာကို တစ်လွှာပြီးတစ်လွှာ ပေါက်ကွဲကာ အပိုင်းပိုင်းပြတ်သွားစေသည်။
ယင်းသည် အဆုံးမဟုတ်သေးချေ။ ငွေရောင်ဧရာမပေါင်တူကြီးမှာ ချူးယွင်ကျား၏ လက်ထဲမှလွင့်စင်သွားပြီး သူသည်ပင် လုံးဝ ပြုတ်ကျသွားတော့သည်။
မြေပြင်သည် ဥက္ကာပျံကြီး ပြုတ်ကျသည့်အလား ပေထောင်ပေါင်းများစွာ အကွာအဝေးတွင် ဖုန်မှုန့်တိမ်တိုက်များ အလိပ်လိပ်တက်လာချေပြီ။
မြင်ကွင်းများ ငြိမ်သက်သွားချိန်၌ မြေပြင်တွင် လဲလျောင်းနေသောချူးယွင်ကျား အသွင်ကို မြင်လိုက်ရသည်။
ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေလျက် မျက်နှာသည် သေလောက်အောင်ဖြူဖျော့နေပြီး မျက်လုံးများ ပြူးကျယ်ကာ တစ်ခုခုပြောရန် ကြိုးစားနေသကဲ့သို့ နှုတ်ခမ်းများ လှုပ်ရှားလာနေ၏။
သို့သော် မည်သည့်အသံမျှ ထွက်မလာတော့ချေ။ သူ့မျက်ခုံးနှစ်ဖက်ကြားမှ အနီရောင်မျဉ်းဖြောင့်တစ်ကြောင်း အောက်သို့ ချက်ချင်းပြေးဆင်းသွားလေသည်။
ထိုမျဉ်ဖြောင့်ထံမှ သွေးများနှင့် ဓားအလင်းများတောက်ပစွာ စိမ့်ထွက်လာကာ တစ်စစီပေါက်ကွဲသေဆုံးသွား၏။ ဝိညာဉ်ပင် မကျန်ခဲ့ချေ။
ဓားတစ်ချက်တည်းဖြင့် ထိုက်ဝူအဆင့်ကျွမ်းကျင်သူ တစ်ယောက်၏ ခံစစ်ကိုချေမှုန်းကာ သတ်ပစ်လိုက်၏။ ထိုက်ဝူ အဆင့်ကျွမ်းကျင်သူသည် မည်သည့်အချိန်မှ စကာ ဤမျှအားနည်းသွားရသနည်း။
ဤဓားချက်သည် ကမ္ဘာမြေတုန်ခါစေပြီး ကောင်းကင်ကို အံ့အားသင့်စေလောက်အောင် အံ့မခန်းဆန်းကြယ်ချေပြီ။
“ ဘိုးဘေး ... ။ ”
ဝူရှန်းတောင်ခါးပန်းရှိ အင်မော်တယ်ဘုရင်များမှာ ဝမ်းနည်းကြေကွဲ နေသောအသွင်ဖြင့် အော်ဟစ်လိုက်၏။
ထိုက်ဝူအဆင့် သူတို့ဘိုးဘေးသည်ပင် ဓားတစ်ချက်အတွင်း ကြွေလွင့်သွားသည်လော။ ဤစုရီသည် လုံးဝဘီလူးတစ်ကောင်ပေပင်။
“ မြန်မြန် ... ။ ”
လူတိုင်းလှည့်ပြေးကြသည်။ ထိတ်လန့်တကြား အော်ဟစ်သံများနှင့်အတူ ပတ်ဝန်းကျင်တစ်ခုလုံး ပွက်လောရိုက်သွား၏။
သို့သော် စုရီသည် ယနေ့တွင် လူသတ်ရန်ဆုံးဖြတ်ထားသဖြင့် သူ့ပုံရိပ်သည် ပျောက်ကွယ်သွားလေသည်။
နောက်တစ်ခဏတွင် ဓားစွမ်းအင်များ ကောင်းကင်ယံမှ ဟိန်းဟောက်ကျဆင်းလာပြီး ကောင်းကင်ဘုရင်များ တစ်ယောက်ပြီး တစ်ယောက် သေဆုံးကုန်ကြ၏။
မည်သည့် အံ့ဩစရာမျှ ဖြစ်မလာခဲ့ချေ။ မြက်ပင်များကို လှီးဖြတ်လိုက်သကဲ့သို့ပေပင်။ လုပ်ငန်းစဉ်တစ်ခုလုံး ရိုးရှင်းသောဓားချက်များ ထုတ်လွှတ်ပေးခြင်းသာဖြစ်၏။
ကောင်းကင်မှ သွေးမိုးများ ရွာချလာပြီး တောင်တန်းကြီးတစ်ခုလုံး တုန်ခါနေလေသည်။ စုရီက ဓားကိုသိမ်းဆည်းလျက် ဝိုင်ဘူးထုတ်ကာ အားရပါးရ မော့သောက်လိုက်၏။
“ ကျေးဇူးတင်ပါတယ် စီနီယာ ... ဒီဂျူနီယာရဲ့ စိတ်နှလုံးထဲက ချည်နှောင်မှုကို ချိုးဖျက်နိုင်အောင် ကူညီပေးခဲ့တဲ့အတွက်။”
ထိုအချိန်တွင် နဂါးနီသည် သူ့ရှေ့သို့ တိုးလာပြီး လေးနက်စွာ ဦးညွှတ်လာချေသည်။ သူမ၏ နူးညံ့သိမ်မွေ့ပြီး လှပသောမျက်နှာတွင် ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေ၏။
“ မင်း ငါ့ကို အပြစ်မတင်ဘူးလား။ ”
“ ဒါက အပြစ်တင်ရမှာ မဟုတ်ပါဘူး သေရှင်တိုက်ပွဲတစ်ခုမဟုတ်ပေမယ့် သေခြင်း တရားကို ခံစားခွင့်ရလိုက်တာပါ။ ”
ဤသည်မှာ အမှန်တရားပေပင်။ သူမအတွက် နှလုံးသားထဲတွင် အမှန်တကယ် ကျေးဇူးတင်မှုများ ပြည့်နှက်နေခြင်းဖြစ်သည်။
သည်မတိုင်မီ သူမသည် ထိုက်ကျင်းနယ်ပယ်အပေါ် ကြောက်ရွံ့မှုရှိခဲ့၏။ ထိုနယ်ပယ်သည် အင်မော်တယ်နယ်မြေတွင် အထွတ်အထိပ်တည်ရှိမှုဖြစ်သည်။
သူမ ဖခင်ပင် သူမ ထိုအဆင့် ရောက်ရှိလာပါက လူအများ၏ပစ်မှတ်ထားခြင်း ခံရနိုင်သည်ဟု သတိပေးခဲ့ဖူး၏။
ထိုသတိပေးချက်သည် သူမရင်ထဲ ကြောက်ရွံ့မှုကို အစပျိုးပေးခဲ့သည်။ ယခုမူ စုရီ အကူအညီကြောင့် ထိုက်ဝူအဆင့်အဖိုးကြီး၏ သေစေလိုသော တိုက်ခိုက်မှုအပေါ် သူမ ရင်ဆိုင်ခွင့်ရလိုက်ပြီဖြစ်၏။
တိုက်ပွဲအတွင်း သူမသည်သာ ဆုတ်ခွာခဲ့ပါက ဖျောက်ဖျက်မရသော အရိပ်မှာ လုံးဝစွဲထင်ကျန်ရစ်စေတော့မည် ဖြစ်သည်။
“ ကောင်းပြီ ... မင်း ဒီမှာပဲနေပြီး ဒဏ်ရာတွေကို အရင်ကုသပါ သက်သာသွားရင် ဝူရှန်းတောင်ပေါ်ကိုတက်လို့ရတယ်။ ”
ထို့နောက် စုရီက ဝူရှန်းတောင်ထိပ်သို့ ဦးတည်ကာ တက်လှမ်းသွား၏။ ထိုစဉ် နဂါးနီ သခင်သည် ဒဏ်ရာများကို မကုသသေးဘဲ တိုက်ပွဲမြေပြင်ကို ရှင်းလင်းရေးလုပ်ခဲ့သည်။
ထို့နောက်မှသာ တောင်ခြေရင်း၌ ခြေချိတ်ထိုင်လျက် တရားမှတ်နေတော့သည်။ တစ်ချိန်တည်းမှာပင် စုရီသည် ဝူရှန်းတောင် ခါးပန်းသို့ ဆင်းသက်လိုက်၏။
ပြင်းထန်ပြီး အစွမ်းထက်သော တာအိုဥပဒေများသည် မိုးရွာချလိုက်သကဲ့သို့ သူ့အပေါ် ကျဆင်းလာသည်။
ယင်းသည် ကမ္ဘာပေါ်ရှိ မည်သည့် အင်မော်တယ်ဘုရင်ကိုမဆို အနိုင်ယူချေမှုန်း နိုင်လောက်သည့် ဖျက်ဆီးနိုင်စွမ်း ရှိ၏။
သို့သော် ထိုဥပဒေများသည် စုရီထံသို့ မရောက်မီမှာပင် ထူးဆန်းသောတာအိုတစ်ခုမှ ပိတ်ဆို့ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး သူ့ကို အနည်းငယ်မျှပင် မထိခိုက်စေနိုင်ခဲ့ချေ။
စုရီက ချူးပိုင်တျန်ကို ပြန်လည် သိမ်းဆည်းလိုက်သည်။ သည့်နောက် ခြေလှမ်း မရပ်တန့်ဘဲ ဆက်လက် တက်လှမ်းသွား၏။
လမ်းတစ်လျှောက် တာအိုဥပဒေ စည်းမျည်းများသည် ပိုမိုပြင်းထန်လာခဲ့ပြီး ပို၍ ကြောက်စရာကောင်းလာသည်။
ထိုဥပဒေများကို အနီးကပ် စစ်ဆေးကြည့်ပါက မတူညီသော ဥပဒေများမှ ဆင်းသက်လာကြောင်း ပြောနိုင်သည်။
သို့သော် ထိုဥပဒေတိုင်းတွင် သေခြင်းတရား၏ မှုန်မှိုင်းလေးလံလွန်းသော အငွေ့အသက်အချို့ ရစ်သိုင်းပါဝင်နေ၏။
တောင်ထိပ်သို့ ချဉ်းကပ်သွားသည်နှင့် ခံစားရသောဖိအားမှာ တရွေ့ရွေ့တိုးပွားလာခဲ့ လေသည်။ တောင်ထိပ်နှင့် ပေတစ်ထောင်ခန့် အကွာတွင် စုရီတစ်ယောက် အနည်းငယ် မောပန်းလာ၏။
“ ဒီမှာရှိနေတဲ့ ဥပဒေတွေက ကမ္ဘာပေါ်မှာ အသန်မာဆုံး အင်မော်တယ်ဘုရင်အဆင့်တာအို ဥပဒေတွေပဲ။ ”
စုရီမှ မျက်လုံးများ တောက်ပလာသည်။ သူသည် တာအိုကိုသက်သေပြပြီး အင်မော်တယ် ဘုရင် ဖြစ်လာရန်အတွက် မျှော်လင့်ထားကာ ဤတောင်တောင်သို့ လာခဲ့ခြင်းဖြစ်၏။
အကြောင်းရင်းမှာ ဤနေရာတွင် ထိုပြန့်ကျဲနေသော အင်မော်တယ်ဥပဒေများကို တာအိုပုလဲများအဖြစ် သန့်စင်နိုင်ခြင်းကြောင့် ဖြစ်ချေသည်။
ထိုကဲ့သို့သော အခွင့်အရေးမျိုးကို ပြင်ပကမ္ဘာတွင် မရနိုင်ချေ။ စုရီက ဆက်မတက် တော့ဘဲ ခြေချိတ်ထိုင်လိုက်ပြီး ကောင်းကင်ဆန္ဒ ဆေးမီးဖိုကို ဆင့်ခေါ်လေသည်။
“ ဝမ် ... ။ ”
ကောင်းကင်ဆန္ဒမီးဖိုသည် ခရမ်းရောင်အလင်းများ တောက်ပလျက်ဖြင့် လေထုအလယ် ဆယ်ပေနီးပါး ကြီးမားလာ၏။
တောင်တန်းကြီထံမှ ပြင်းထန်သော တာအိုဥပဒေစည်းမျဉ်းများက ချက်ချင်းပြေးဝင် လာသော်လည်း ဆေးမီးဖိုမှ ဝမ်းသာအားရ စုပ်ယူပစ်လိုက်တော့သည်။
“ ထွက်လာခဲ့ ... ။ ”
စုရီက တစ်စုံတစ်ရာကို ထပ်မံ ခေါ်ထုတ်လိုက်ပြန်သည်။ သူ့ဦးခေါင်းပေါ်တွင် စိမ်းလန်းနေသော သစ်ပင်ငယ်လေးတစ်ပင် ရုတ်တရက် ပေါ်လာတော့၏။
ထိုသစ်ပင်လေးသည် အကိုင်းအခက်များ လှုပ်ခါလျက် ဝမ်းသာအားရ တစ်ပတ်လည်သွား လေသည်။ ကမ္ဘာတစ်သောင်း သစ်ပင်ဖြစ်၏။
များမကြာခင် သွယ်လျပျော့ပျောင်းသော ပင်စည်လေးသည် တောင်တန်းထံမှ တာအိုကို လောဘတကြီး စုပ်ယူတော့သည်။
ထိုမြင်ကွင်းကြောင့် စုရီမှ ပြုံးလျက် တရားစထိုင်တော့သည်။ အဆင့်ချိုးဖြတ်ရန် ပြင်ဆင်တော့မည်ဖြစ်၏။ အာရုံပျံ့လွင့်စရာများ ရှင်းထုတ်ကာ ငြိမ်သက်သွားလေသည်။
အချိန်များ တရွေ့ရွေ့ကုန်လွန်လာ၏။ သုံးရက်ပြည့်ပြီးနောက် ကောင်းကင်ဆန္ဒမီးဖိုမှ တာအိုပုလဲသုံးခုကို သန့်စင်ပေးလာသည်။
သန့်စင်သော တာအိုပုလဲများသည် နေမင်းကြီးအလားတောက်ပပြီး ကြွယ်ဝသော စွမ်းအားများဝိုင်ရံနေ၏။
ဤသည်မှာ အသန့်စင်ဆုံးသော အင်မော်တယ်ဘုရင်အဆင့် တာအိုမူလစွမ်းအား ဖြစ်လေသည်။ အမျိုးအစား သုံးထောင်ခန့်ကို စုစည်းသန့်စင်ထားခြင်းဖြစ်၏။
ကမ္ဘာတစ်သောင်း သစ်ပင်သည်လည်း သုံးရက်အတွင်း ၎င်း၏ပင်စည်မှာ သိသိသာသာ ထူထဲလာပြီး အကိုင်းအခက်သစ်များစွာ ပေါက်ရောက်လာလေသည်။
အဆင်းသဏ္ဍန်သည် အင်မော်တယ် ကျောက်စိမ်းဖြင့် သွန်းလုပ်ထားသည့်အလား အံ့ဖွယ်ကောင်းနေ၏။
“ နောက်ထပ် ရက်အနည်းငယ်လောက် ထပ်စောင့်ရမယ် ... ဒီသန့်စင်တဲ့ တာအိုပုလဲလုံး သုံးလုံးတည်းနဲ့တော့ အကောင်းဆုံးအုတ်မြစ်ကို တည်ဆောက်နိုင်ဖို့ မလုံလောက်သေးဘူး။ ”
ခဏမျှစဉ်းစားပြီးနောက် ကျင့်ကြံမှုကို ချက်ချင်းဖိနှိမ်ထားလိုက်သည်။ ချူးယွင်ကျားကို သတ်ဖြတ်ပြီးချိန်မှစကာ သူ့အတားအဆီးပေါ် ကျော်ဖြတ်ရန် အဆင်သင့် ဖြစ်နေခဲ့၏။ သို့သော် တာအိုပုလဲများ စုဆောင်းလိုနေသေးသည်။
***