အခန်း ၁၃၁၄
Vol. 110 Ch. 1314
အခန်း ၁၃၁၄ -
သမိုင်းတစ်လျှောက် တုနှိုင်းမဲ့ ဘုရင်။
ကပ်ဘေးကြောင့် ကောင်းကင်ကြီး ပွင့်ထွက်သွားကာ ခမ်းနားထည်ဝါလှသော ပုဂ္ဂိုလ်များ ပေါ်လာခဲ့လေသည်။
နဂါးနီသခင်တစ်ယောက် မျက်လုံးများ ပြူးကျယ်သွားကာ မျက်နှာပေါ်တွင် ဇဝေဇဝါ ဖြစ်နေသောအရိပ်များ ပေါ်လာ၏။
ဤသည်မှာ မည်သူများနည်း။ နတ်ဘုရားများလော။ သို့မဟုတ်ကောင်းကင်ကို အုပ်စိုးသူများပင်လော။ အဘယ့်ကြောင့် ကပ်ဘေးကြီးအတွင်း ပေါ်လာရသနည်း။
ယနေ့ သူမမြင်တွေ့ခဲ့ရသောအရာများ အားလုံးသည် သူမ၏ နားလည်နိုင်စွမ်းကို လုံးဝ ကျော်လွန်နေသည်ဟု ခံစားလိုက်ရသည်။
စုရီသည်လည်း ကောင်းကင်ပေါ် ပျံတက်နေလျက်မှ ထိုပုဂ္ဂိုလ်များကို မြင်တွေ့ လိုက်ရသည်။
အလွန်ဝေးလံသော အချိန်မြစ်ကြီး တစ်ဖက်မှနေ၍ လှည့်ကြည့်လာြကခြင်းဖြစ်၏။ ထိုမြင်ကွင်းသည် သူ့အတွက် အနည်းငယ် ရင်းနှီးနေသလိုပေပင်။
ဤသည်မှာ မီးတောက်များ သိုင်းခြုံထားသည့် မီးငှက်ကိုစီးနင်းထားသော အမျိုးသမီး၊ ကြယ်ပေါင်း ဘီလီယံနှင့်ချီ၍ လှည့်လည်နေသော အလင်းကို နောက်ခံ ပြုထားသည့် အမျိုးသား၊ ခေါင်းသုံးလုံး လက်ခြောက်ဖက်ပါရှိနေသော တာအိုဘုန်းကြီး တစ်ပါးနှင့် ဓားပျံပေါ်တွင် ထိုင်နေသည့် အမျိုးသားတို့ဖြစ်သည်။
ထိုက်ဝူတောင် အပျက်အစီးထဲတွင် မီးတောက်လင်းယုန်မှ ပြန်ပြောင်းပြောပြခဲ့သော အကြောင်းအရာများနှင့်တူနေ၏။
“ ဒါဆို ဒီလူတွေက ဓမ္မအဆုံးခေတ်တုန်းက ထိုက်ဝဗူတောင်ကို ကျူးကျော် သိမ်းပိုက်လာတဲ့ နတ်ဘုရားတွေပဲ ဘာလို့ငါ့ရဲ့ကပ်ဘေးမှာ ပေါ်လာရတာလဲ ... ။ ”
စုရီမှ စိတ်လှုပ်ရှားသွားပြီး သံသယများ ပေါ်လာသည်။ ထိုစဉ်ငရဲဘုံကိုးပါးဓားပုံရိပ်သည် အသိစိတ်ပင်လယ်ထဲမှ တိုးထွက်လာကာ ကောင်းကင်ပေါ် ပျံတက်လာ၏။
“ ရွှီး ... ။ ”
ကျယ်လောင်သော လေဟာနယ် ပွတ်တိုက်သံနှင့်အတူ ပွင့်နေသောကောင်းကင်မှ တဆင့် ထိုနတ်ဘုရားများထံသို့ ဦးတည်သည်။
“ ဘောင်း ... ဘောင်း ... ဘောင်း ... ။ ”
ကောင်းကင်တွင် ကပ်ဘေးအဖြစ် စုရုံးနေသော သတ်ဖြတ်လိုခြင်းရောင်ဝါများနှင့် ပြည့်နှက်နေသည့် မိုးကြိုးတိမ်တိုက် အားလုံး အပိုင်းပိုင်းပြတ်တောက်သွားကြ၏။
“ ဟမ့် ... ။ ”
ထိုအချိန်တွင် ကောင်းကင်ပြင်ပမှ လျှို့ဝှက်ဆန်းကြယ်သော နတ်ဘုရားများထဲမှ တစ်ပါးသည် စူးရှသေးသွယ်သောငရဲဘုံကိုးပါး ဓားအလင်းကို သတိထားမိသွားကာ ချက်ချင်း လှုပ်ရှားလာခဲ့သည်။
ဤသည်မှာ ဓားပျံကို စီးနင်းထားသော အမျိုးသားဖြစ်၏။ အမျိုးသားက အချိန်မြစ်ကို ဖြတ်ကျော်ကာ လက်လှမ်းလိုက်ခြင်းပေပင်။
သူ ပျံသန်းရာလမ်းတစ်လျှောက် ဓားအလင်းများလှိုင်းအသွင် ပြန့်ကားလာလျက် ငရဲဘုံကိုးပါးဓားထံ စူးစိုက်ကြည့်နေ၏။
“ နောက်ဆုတ် ... ။ ”
သို့သော် လမ်းတစ်ဝက်တွင် အဆိုပါအမျိုးသားကို ပိတ်ဆို့ရန် တာအိုဥပဒေ စည်းမျဉ်းများစွာ အရပ်ရပ်မှ ပျံသန်း ထွက်ပေါ်လာတော့သည်။
“ ဝုန်း ... ။ ”
တစ်ဖက်တွင် ကပ်ဘေးမိုးတိမ်များ ပျောက်ကွယ်သွားပြီး အလင်းမိုးရေစက်အဖြစ် ပြောင်းလဲကာ စုရီအပေါ် ရွာကျလာ၏။
ကောင်းကင်ပြင်ပရှိ မြင်ကွင်းများလည်း ပျောက်ကွယ်သွားကာ အဆုံးမဲ့ ကောင်းကင်ယံ အမိုးခုံးသာ ကျန်ရှိခဲ့တော့သည်။
ထိုကောင်းကင်အမိုးခုံးနောက်မှ မကျေမနပ်ဖြစ်သွားခဲ့သည့် သက်ပြင်းချသံကို မှိန်ဖျော့စွာ ကြားလိုက်ရ၏။
တစ်ချိန်တည်းမှာပင် ငရဲကိုးဘုံကိုးပါး ဓားသည်လည်း အသိစိတ်ပင်လယ်အတွင်းသို့ ပြန်လည်ရောက်ရှိလာကာ အနည်းငယ် လှုပ်ရှားနေတော့သည်။
ဓားပျံစီးနင်းသော အမျိုးသားကို ရှာဖွေနေပုံရလေ၏။ ထိုလူသည် ကောင်းကင် တာအိုကို ချိုးဖောက်၍ပင် သူ့ကိုဖမ်းယူရန် ကြိုးစားလာခြင်းအပေါ် ဒေါသဖြစ်ခြင်းပင်။
ဤအဖြစ်အပျက်ကြောင့် နတ်ဘုရားများသည် အင်မော်တယ်မြေပေါ်သို့ တိုက်ရိုက်ဆင်းသက်လာနိုင်ခြင်း မရှိသော်မှ သူ ရှိနေသည်ကို စောင့်ကြည့်သိရှိနေကြောင်း စုရီ သဘောပေါက်သွားသည်။
အထူးသဖြင့် သူ အဆင့်ချိုးဖြတ်ချိန်တိုင်း ဖြစ်ပေါ်လာသည့် တားမြစ်ကပ်ဘေးများသည် ထိုနတ်ဘုရားများ၏အာရုံကို ဆွဲဆောင် ထားနိုင်ပုံရချေပြီ။
စုရီတစ်ယောက် မျက်မှောင်ကြုတ် လိုက်ပြီးနောက် မထီမဲ့မြင်အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
ဤနတ်ဘုရားများသည် အမှန်ပင် သူရဲဘောကြောင်လွန်း၏။ ကပ်ဘေးလေးတစ်ခု တည်းဖြင့် ဤမျှလောက် ဆူညံနေကြသည်မှာ ရယ်စရာပေပင်။
“ ငါ့ကို စောင့်ကြည့်နေတာလား ... ကောင်းပြီ တစ်နေ့မှာ ငါဟာ အချိန်မြစ်ဆီကို ဖြတ်ကျော်ပြီး မင်းတို့အားလုံးကို အဆုံးသတ် ပေးလိုက်မယ်။ ”
စုရီမှ ပြုံးလျက် လေထုအလယ် ဟစ်ကြွေးလိုက်သည်။ ပိုင်းပိုင်းကွဲသွားသော ကပ်ဘေးမိုးတိမ်များမှာ အလင်းရေတံခွန်အဖြစ် သူ့ထံတိုးဝင်လာနေ၏။
ဤအခိုက်အတန့်တွင် ကျင့်ကြံမှုသည် ကြီးမားသော ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ လာရတော့သည်။
“ ဟမ့် ... ဒီလိုမျိုး ... ကပ်ဘေးကို ဖြတ်ကျော်ပြီး အဆင့်သစ်ဆီ တက်ရောက် သွားတာလား ... ။ ”
နဂါးနီသခင်က မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။ ဓားချက်တစ်ချက်တည်းနှင့် ကောင်းကင်ကိုပိုင်းဖြတ်ကာ ကပ်ဘေးကြီးထံ ဖြတ်ကျော်သွားခြင်းပေပင်။
အင်မော်တယ်ဘုရင်တစ်ပါးဖြစ်ရန် ဤမျှလွယ်ကူနေသည်လော။ ကောင်းကင်သည် မည်သည့်အချိန်မျှစကာ ထိုသို့မျက်နှာသာ ပေးတတ်သွားသနည်း။
တစ်ဖက်တွင် စုရီ၏ ပြောင်းလဲမှုမှာ တစ်နေ့နှင့် တစ်ညလုံး ကြာမြင့်ခဲ့သည်။ သူ၏ ဝိညာဉ်၊ ကျင့်ကြံမှု၊ တာအိုခန္ဓာကိုယ်နှင့် တာအို ဥပဒေများအားလုံးသည် လုံးဝကွာခြားလာ၏။
ဤသည်မှာ အင်မော်တယ်နယ်ပယ်၏ စတုတ္ထအဆင့်ဖြစ်သော အင်မော်တယ်ဘုရင် ဖြစ်သည်။
ထိုအဆင့်သို့ ရောက်ရှိသူများသည် ကိုယ်ပိုင်စကြဝဠာကြီးတစ်ခု ပိုင်ဆိုင်နိုင်ကာ တာအိုအာကာသကို အသက်သွင်းနိုင်ပြီဖြစ်၏။
မိမိခန္ဓာကိုယ်၏ ပြောင်းလဲမှုများကို ခံစားလျက် စုရီတစ်ယောက် အကန့်အသတ်မဲ့ မာနတရားများ ခံစားလာရသည်။
အင်မော်တယ်ဘုရင်အထက်တွင် မြင့်မြတ်သော ထိုက်ကျင်းနယ်ပယ်တစ်ခုသာ ကျန်ရှိတော့၏။
သူတော်စင်အင်မော်တယ် အဆင့်ဖြင့်ပင် ထိုနယ်ပယ်မှ ထိုက်ဝူအဆင့် မြင့်မြတ်သူများကို သတ်နိုင်နေသည်ဖြစ်ရာ ယခုအချိန်တွင် ဆိုဖွယ် မရှိတော့ချေ။
သူ့ခွန်အားမှာ သမိုင်းတစ်လျှောက် ယှဉ်နိုင်စရာမရှိလောက်အောင် မြင့်မားသော ပြိုင်ဘက်ကင်းဘုရင်တစ်ပါးဖြစ်လာပြီ ဖြစ်၏။
“ ငါ့ရဲ့ အတိတ်ဘဝတွေကို ပြန်ကြည့်ရင်တောင် ဒီဘဝရဲ့ဘုရင်အဆင့်က လမ်းသစ်တစ်ခုဆိုတာ မြင်သာနေတယ်။ ”
အတွေးများဖြင့် နတ်ဘုရား သားတော်များကို လက်ရည်စမ်းကြည့်ရန် ဆန္ဒများ တဖွားဖွားပေါ်လာသည်။
ယခုအခါတွင် ထိုက်ဝူအဆင့် မြင့်မြတ်သူများသည် သူ့အတွက် ခြိမ်းခြောက်မှု မဟုတ်တော့ချေ။ အဆုံး၌ ထိုအတွေးများကို ရပ်တန့်ကာ တာအိုပုလဲများထုတ်ယူလျက် ကျင့်ကြံမှုစုစည်းရန် စတင်လိုက်၏။
သာမန်အားဖြင့် တာအိုပုလဲတစ်လုံးသည် အင်မော်တယ်ဘုရင်တစ်ပါး၏ ပြိုင်ဘက်ကင်း တာအိုအုတ်မြစ်ကို တည်ဆောက်ပေးနိုင်သည်။
သူ့အတွက်မူ အုတ်မြစ်သည် အောက်ခြေမဲ့တွင်းကဲ့သို့ ဖြစ်နေသောကြောင့် နာရီဝက်အတွင်း ပုလဲတစ်လုံးကို သန့်စင်ကာ ရပ်တန့်မည့်လက္ခဏာ မပြခဲ့ချေ။
“ ဧကရာဇ်သခင်ကတော့ တာအိုကို အလွယ်တကူသက်သေပြနိုင်ပြီ ငါအတွက်ကော ဘယ်တော့ ထိုက်ဝူအဆင့်ကို လှမ်းနိုင်မလဲ။ ”
နဂါးနီသခင်က တစ်ယောက်တည်း ငေးငိုင်ကာ တွေးတောနေခဲ့တော့သည်။ ထိုစဉ် ဆံချည်မျှင်ကဲ့သို့ ပါးလွှာသော သွေးနီရောင် ချည်မျှင်သည် သူမ နောက်တွင်ပေါ်လာ၏။
လေဟာနယ် အက်ကွဲလျက် တိုးညှင်းစွာ ရွေ့လျားလာပြီး အဆုံး၌ အရိုးလက်ဖဝါးအသွင် ပြောင်းလဲကြီးထွားလာကာ သူမဦးခေါင်းထံ ဆုပ်ကိုင်လာတော့သည်။
“ ရွှပ် ... ။ ”
နဂါးနီသခင်သည် အတွေးထဲတွင် နစ်မြုပ်နေသဖြင့် ဤအချင်းအရာအပေါ် လုံးဝ သတိမထားမိချေ။
“ ဒါ ... ။”
သူမ သတိထားမိချိန်၌ အလွန် အန္တရာယ်များသော အခိုက်သို့ရောက်ရှိနေခဲ့ပြီး ရှောင်းတမ်းရန် နေရာလွတ်မရှိတော့သဖြင့် ထိတ်လန့်တကြား ငေးကြည့်နေခဲ့၏။
“ ဝုန်း ... ။ ”
ကံကောင်းထောက်မစွာဖြင့် ဓားအလင်းတစ်လက်မှ လေဟာနယ်အတွင်း ပေါ်လာကာ ထိုလက်ကို ဖြတ်တောက် ပေးသွားလေသည်။
“ ဝူး ... ။ ”
သို့သော် ထိုအရိုးလက်ဖဝါးသည် ဆယ်ပေကျော်ကြီးမားသော ဧရာမ ပါးစပ်ကြီး တစ်ခုအဖြစ် ပြောင်းလဲလျက် သူမကိုဝါးမျိုရန် အရူးအမူး ပြေးဝင်လာပြန်၏။
“ ရွှပ် ... ။ ”
“ ဘောင်း ဘောင်း ဘောင်း ... ။ ”
ဤတစ်ကြိမ်တွင်လည်း ဓားအလင်းတစ်လက်က ထိုပါးစပ်ပေါက်ကြီးကို ထိုးဖောက် ဝင်ရောက်သွားပြန်သည်။
ပါးစပ်ကြီးခမျာ ချက်ချင်းပေါက်ကွဲလျက် ပြာအဖြစ် ပြောင်းလဲသွားစဉ် လက်ကြီးတစ်ဖက် ပေါ်လာပြန်၏။
ရုတ်တရက် သဏ္ဍန်မဲ့စွမ်းအားတစ်ခုသည် နဂါးနီသခင်ပခုံးကိုဆွဲကိုင်လိုက်သကဲ့သို့ အမြန် ခေါ်ဆောင်သွားလေသည်။
“ မခုခံနဲ့ ... သတိရပါ၊ နောက်ပြန်လှည့်မကြည့်နဲ့။ ”
တိုးညှင်းသော စုရီအသံသည် သူမနားထဲဝင်ရောက်လာ၏။ သည့်နောက်တွင် လေဟာနယ်သည် ရွေ့ပြောင်းလိုက်သည့် အလား မြင်ကွင်းများ ပြောင်းလဲလာသည်။
စကြာဝဠာကြီးများ၊ ကြယ်တွေစုံနေသော ကောင်းကင်များ ကမ္ဘာများ ရုတ်ချည်းတဖျပ်ဖျပ် ပေါ်လာကာ သူမ အမြင်အာရုံများ ချက်ချင်း ပြောင်းလဲလာနေသည်။
ဤသည်မှာ ကမ္ဘာတစ်သောင်း သစ်ပင် စွမ်းအားဖြင့် စုရီတစ်ယောက် ဆိတ်သုဉ်းခြင်း တောင်ထံမှ ထွက်ခွာနေခြင်းဖြစ်၏။
နဂါးနီသခင်ခမျာ ပတ်ဝန်းကျင်ရှိ အာကာပြင်ပြတ်ရွေ့ကြောင်းများကို သတိထား မိလာသဖြင့် ကြောက်လန့်တကြားပေပင်။
သည့်ပြင် စုရီသည်သာ အချိန်မီ မကယ်တင်ခဲ့ပါက သူမ သေဆုံးသွားလောက်ပြီ ဖြစ်သည်။
သို့သော် သူမ နားမလည်နိုင်သည်မှာ စုရီသည် အဘယ့်ကြောင့် တိုက်ခိုက်ခြင်းမပြုဘဲ တွန့်ဆုတ်မှုမရှိ ချက်ချင်း ထွက်ပြေးရန်အတွက် ရွေးချယ်ခဲ့ရသည်ကိုပင်။
တစ်ဆက်တည်းမှာပင် သူမကို အဘယ်ကြောင့် နောက်ပြန်လှည့်မကြည့်ရန် သတိပေးခဲ့ရသနည်း။
ဤရှေးဟောင်းတောင်တန်းကြီး၏ ကြောက်စရာကောင်းသော တစ်စုံတစ်ရာသည် နိုးထလာခဲ့သည်လော။
***