← Chapters

အခန်း ၁၃၁၅

Vol. 110 Ch. 1315

အခန်း ၁၃၁၅

Vol. 110 Ch. 1315

အခန်း ၁၃၁၅ -

အကျဉ်းသားများ ... ။

နဂါးနီသခင်၏ စိတ်အာရုံများ ကမောက်ကမဖြစ်နေစဉ်မှာပင် ကောင်းကင်နှင့် မြေပြင်ကို တုန်ဟည်းသွားစေသည့် ပြင်းထန်သော သက်ရောက်မှုကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် အလောင်းများ ပြန့်ကျဲနေသော တောင်တန်းအောက်ခြေရှိ အပျက်အစီး နယ်မြေတစ်ခုလုံးသည် ပြန်လည် အသက်ဝင်ချေပြီ။

အနက်ရောင် မြူခိုးများသည်လည်း အရပ်မျက်နှာအသီးသီးမှ လျင်မြန်စွာ စုစည်း လာလေသည်။

ထို့နောက် စူးရှပြီး ဆံပင်မွေးများ ထောင်ထွက်သွားစေလောက်မည့် စူးစူးဝါးဝါး အော်ဟစ်သံကြီးတစ်သံ ပဲ့တင်ထပ်လာ၏။

“ မသွားနဲ့ ငါတို့ကို ကယ်ပါ ... တောင်းပန်ပါတယ် ... ငါတို့ကို ကယ်တင် ပေးကြပါ။ ”

ထိုအသံသည် နဂါးနီသခင်၏ ဦးခေါင်းတစ်ခုလုံးကို ကွဲအက်တော့မယောင် ခံစားလိုက်ရစေပြီး ဝိညာဉ်ပင် ကြောက်စရာ ကောင်းသော သက်ရောက်မှုခံရ၏။

နှုတ်ခမ်းများကြားမှ နာကျင်စွာ ညည်းတွားသံ ခပ်တိုးတိုးလေးထွက်လာပြီး မျက်နှာတစ်ပြင်လုံး ရှုံ့မဲ့သွားလေသည်။

“ မင်းတို့ သေချင်နေတာပဲ။ ”

ထိုစဉ် စုရီ၏ အေးစက်သောအသံသည် ကောင်းကင်နှင့် မြေကြီးကြား ပဲ့တင်ထပ်လျက် သူမ နှလုံးသားထဲ ဝင်ရောက်လာ၏။

ဤစကားလုံး အနည်းငယ်သည် မိုးကြိုးအလား ပြင်းထန်လှပြီး ပတ်ဝန်းကျင် တစ်ခုလုံးရှိ ထိုအသည်းအသန် အော်ဟစ်သံများ အပေါ် လွှမ်းမိုးဖိနှိပ်ပစ်လိုက်လေသည်။

နဂါးနီသခင်ခမျာ အိပ်မက်ဆိုးကြီးမှ လန့်နိုးလာသကဲ့သို့ မျက်နှာ၌ ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး အသက်ရှူပင် မဝတော့ချေ။

“ ဒီအသံတွေက ဘယ်လိုလုပ် ဒီလောက်တောင် ကြောက်စရာ ကောင်းလွန်း နေရတာလဲ အခုလေးတင် ငါတို့အပေါ်ကို ကပ်ဘေးကြီးကျရောက်ခဲ့သလိုပဲ။ ”

အတွေးများဖြင့် ဦးခေါင်းကို လှည့်ကြည့်ချင်စိတ် ပြင်းပြနေသော်လည်း စုရီမှ လှည့်မကြည့်ရန် အမိန့်ပေးထားသဖြင့် မနည်း ထိန်းချုပ်လိုက်ရလေသည်။

“ မကြောက်နဲ့ သူတို့က ... လျှို့ဝှက်ဆန်းကြယ်တဲ့ တားမြစ်နယ်မြေထဲမှာ ပိတ်မိနေတဲ့ ရှေးဟောင်းဝိညာဉ်တွေပဲ သူတို့က အကျဉ်းသားတွေဖြစ်ပြီး ငါတို့ကို လိုက်မဖမ်းနိုင်ဘူး။ ”

စုရီမှ နွေးထွေးတည်ငြိမ်စွာ ပြောကြားလိုက်လေသည်။ သို့မှသာနဂါးနီ၏ စိတ်နှလုံး ပြန်လည်တည်ငြိမ်သွားတော့၏။

သို့သော် ထိုစဉ်မှာပင် သွေးနီရောင် နတ်ဘုရားမီးလျှံတစ်ခုသည် သူတို့ရှေ့တွင် ထူးဆန်းစွာ တောက်ပလာသည်။

ထိုမီးလျှံများသည် စုရုံလျက် အံ့အားသင့်ဖွယ်ကောင်းစွာပင် အဖိုးကြီး တစ်ဦး မျက်နှာသဏ္ဍာန် ပြောင်းလဲသွား၏။

“ ငါတို့ကိုကယ်တင်ပေးပါ ငါတို့က နတ်ဘုရားတွေရဲ့ရန်သူပဲ ငါတို့လွတ်မြောက်ရင် အဲဒီနတ်ဘုရားတွေကို သတ်ဖို့ မင်းကို ကူညီပေးနိုင်ပါတယ်။ ”

စုရီမှ တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း ဘယ်ဘက်လက်ဖြင့် နဂါးနီ၏မျက်လုံးများကို ဖုံးအုပ်ပေးလိုက်ကာ ညာဘက်လက်တွင် သေမျိုးဓားပေါ်လာပြီး ခုတ်ပိုင်းချလိုက်သည်။

“ ဘန်း ... ။ ”

ထိုနတ်ဘုရားမီးလျှံ မျက်နှာကြီးသည် တစ်စစီ ကွဲအက်သွား၏။ သို့သော်ကြမ်းတမ်းပြီး အိုမင်းလှသော အသံသည် ပတ်ဝန်းကျင်တွင် ပိုမိုပဲ့တင်ထပ်လာပြန်သည်။

“ နတ်ဘုရားတွေက မင်းကို ပစ်မှတ်ထားနေပြီဆိုတာ မင်းမသိဘူးလား မင်း ရှေ့ဆက်ရမယ့်လမ်းမှာ အဆုံးမရှိတဲ့ ဘေးဒုက္ခတွေကို ကြုံချင်လား ...

... နတ်ဘုရားတွေဆိုတာ ငါတို့ရဲ့ ဘုံရန်သူတွေမို့ ငါတို့ကိုကယ်တင်ပေးတာက မင်းကိုယ်မင်း ကယ်တင်တာပဲ။ ”

စုရီကမူ လျစ်လျူရှုလျက် အရှိန်မြှင့်ကာ အပျက်အစီးနယ်မြေထံမှ အမြန်ဆုံးထွက်ခွာရန် ကြိုးစားနေတော့၏။

လမ်းတစ်လျှောက် အနက်ရောင် မြူခိုးများသည် သူ့ကိုတားဆီးရန်နှင့် မနားတမ်း ဝိုင်းအုံစုစည်းလာချေပြီ။

ဤအနက်ရောင်မြူခိုးများသည် သေမင်းချီများဖြစ်ပြီး စုရီကို မထိခိုက်စေသော်မှ သူ့လှုပ်ရှားမှုအပေါ် ဟန့်တားစေသည်။

“ တာအိုအစ်ကို ... မြန်မြန်တားထားလိုက်စမ်းပါ သူ့ကို လုံးဝ ထွက်ပြေးခွင့်မပေးနိုင်ဘူး။ ”

ထိုစဉ် ရုတ်တရက် အမျိုးသမီးတစ်ဦး၏ ဒေါသတကြီး အော်ဟစ်သံ ကောင်းကင်ယံမှ ထွက်ပေါ်လာပြန်၏။

ချက်ချင်းပင် အခြားသော ပိတ်လှောင်ခံထားရသူများ၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

“ ဟုတ်တယ် အဲဒီဓားက တားမြစ် ကပ်ဘေးတွေကိုတောင် ဖြိုခွဲနိုင်စွမ်းရှိနေတယ် နတ်ဘုရားတွေလည်း ဒါကို မခုခံနိုင်ဘူး ... ။ ”

“ မှန်တယ် ... ဒါက သေချာပေါက် ငါတို့ရဲ့နတ်ဘုရားအကျဉ်းထောင်ကို ဖြိုခွဲဖို့ အကူအညီပေးနိုင်မှာ သေချာတယ်။ ”

“ မြန်မြန်လုပ် ... အားလုံး အတူတူ လှုပ်ရှားကြရအောင်။ ”

သူတို့၏အသံများတွင် လောဘတကြီး စိတ်လှုပ်ရှားမှုများနှင့် ရန်လိုမှုများပြည့်နေပြီး ဖုံးကွယ်ရန်ပင် မကြိုးစားကြတော့ချေ။

စုရီက ဓားချက်များ ထုတ်ဖော်လိုက်၏။ အလောင်းများ ပြန့်ကျဲနေသော အပျက်အစီးမြေ တစ်ခုလုံး ပြင်းစွာ တုန်ခါသွားလေသည်။

လေဟာနယ် ဖရိုဖရဲဖြစ်သွားပြီး ကောင်းကင်အနှံ့ မြူနက်များဖုံးလွှမ်းသွားကာ အလင်းရောင်များပင် မှေးမှိန်သွား၏။

ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းစွမ်းအားသည် ဒီရေတက်သကဲ့သို့ စုရီအပေါ် ဝန်းရံပိတ်ဆို့လာသည်။

နဂါးနီတစ်ယောက် လုံးဝ တုန်ခါနေ၏။ စုရီသည် သူမကို မည်သည့်မြင်ကွင်းမျှ မမြင်ရန် ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ကာကွယ်ပေး လိုက်ရလေသည်။

သို့တိုင် သူမသည် ယခုအခါ အလွန်ကြောက်စရာကောင်းသော ကပ်ဘေး ဖြစ်ပွားနေသည်ကို ကောင်းစွာ သိရှိထား၏။

စုရီတစ်ယောက် မျက်မှောင်ကျုံ့သွားပြီး ခြိမ်းခြောက်မှုကို ပြင်းထန်စွာခံစားလာရသည်။ အသက်ပြင်းပြင်းရှူလျက် တွန့်ဆုတ်မနေဘဲ အင်‌မော်တယ်ဘုရင်အဆင့် ကျင့်ကြံမှုအား အသက် သွင်းလိုက်တော့၏။

ကြီးကျယ်ခမ်းနားသော တာအို ဥပဒေအလင်းများ အဆုံးမဲ့ဖြာထွက်လာကာ အနက်ရောင်မြူခိုးများကို ချက်ချင်း တွန်းလှန် ဖျက်ဆီးလေသည်။

ထိုအချိန်တွင် သဏ္ဍာန်မဲ့စွမ်းအား တစ်ခုသည် အပျက်အစီးနယ်မြေတစ်ခုလုံးကို လွှမ်းမိုးသွားကာ အသံရှင်များသည် ကြောက်လန့်တကြားဖြစ်ကုန်၏။

“ ထွက်သွား ... ။ ”

ဓားချက် ကျရောက်ရာနေရာတွင် ကောင်းကင်နှင့် မြေပြင်သည် စက္ကူကြမ်းကဲ့သို့ ကွဲအက်သွားပြီး လေထုအလယ်တွင် ရှည်လျား ဖြောင့်တန်းသော အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။

“ ဝုန်း ... ။ ”

တောင်များ ပြိုကျကာ မြေပြင်များ ကွဲအက်လျက် အချိန်မီ မရှောင်တိမ်းနိုင်သော အသံရှင်အလောင်းများစွာသည် ပြာအဖြစ်သို့ ပြောင်းလဲသွားတော့၏။

ကောင်းကင်နှင့် မြေကြီးကြား ပြည့်လျှံနေသည့် ထူထပ်သော မြူခိုးများလည်း လမ်းကြောင်းတစ်ခုအဖြစ် ပွင့်သွားခဲ့သည်။

“ ဝှစ် ... ။ ”

စုရီမှ အလျင်အမြန် ပြေးဝင်လိုက်တော့သည်။ သူတို့နှစ်ဦးထွက်ခွာ ပျောက်ကွယ်သွားပြီးနောက် အချိန်အတော် ကြာမှသာ ထိုအက်ကွဲကြောင်းများ ပြန်လည် ပိတ်သွားခဲ့လေသည်။

အလောင်းများ ပြန့်ကျဲရာ နယ်မြေသည် ချက်ချင်းသေမင်းတမျှ တိတ်ဆိတ်လျက် မြူများ ပြန်လည်ဖုံးလွှမ်းသွား၏။

အပျက်အစီးနယ်မြေ၏ အက်ကွဲကြောင်းကြီးအတွင်းမှ မျက်ဝန်း တစ်စုံသည် ခါးသီးသော အကြည့်များဖြင့် ကျန်ရစ်ခဲ့လေသည်။

“ ဒါ တကယ်ပဲ အင်မော်တယ်ဘုရင် တစ်ပါးပိုင်ဆိုင်တဲ့ ဓားတာအိုလား နှမြောစရာပဲ နောက်ဆုံးတော့ ငါတို့ဆွဲမထားနိုင်ခဲ့ဘူး။ ”

“ စိတ်မပူနဲ့ ... ငါတို့ နည်းနည်းလေး ထပ်စောင့်ရအောင် ... လွန်ခဲ့တဲ့ နှစ်တွေတုန်းက စူးစမ်းသူတွေရဲ့ ပြောစကားအရ အင်‌မော်တယ် နယ်မြေမှာ ပြောင်းလဲမှုတွေ ဖြစ်တော့မယ် ...

... ကြည့်ရတာ နတ်ဘုရားနယ်ပယ် ဒီကမ္ဘာကိုပြန်ဝင်လာတော့မယ် ထင်တယ် ဒါဆို နတ်ဘုရားတွေလည်း ပြန်ပေါ်လာလိမ့်မယ်။ ”

“ မင်းက အဲဒီ နတ်ဘုရားတွေကို ယုံကြည်နေတုန်းပဲလား ... အဲဒီ နှလုံးသားမရှိတဲ့ အတ္တသမားတွေကြောင့်သာ မဟုတ်ရင် ရှေးဦးခေတ်ကတည်းက ငါတို့ ဒီမှာ ပိတ်မိနေစရာ အကြောင်းမရှိဘူး။ ”

စကားသံများသည် တဖြည်းဖြည်း တိုးညင်းသွားပြီး အဆုံး၌ပြန်လည်ပျောက်ကွယ် သွားတော့သည်။

ရေမျက်နှာပြင်ထက်တွင် လှေငယ်လေးတစ်စင်းသည် လှိုင်းလုံးကြီးများကို ဖြတ်ကျော်ကာ အရှိန်အဟုန်ဖြင့်စီးမျောနေ၏။

စုရီက သက်သာရာရသွားပြီး နဂါးနီကို ရင်ခွင်ထဲမှထုတ်ပေးလိုက်သည်။ သေးငယ်သော ခန္ဓာကိုယ်လေးသည် ကြောက်ရွံ့မှုကြောင့် သူ့ကို တင်းကျပ်စွာ ဖက်ထားဆဲဖြစ်၏။

“ မင်း ငါ့ကို တစ်သက်လုံး ဒီလိုဖက်ထားဖို့တော့ ... စိတ်ကူးမရှိဘူး မဟုတ်လား။ ”

စုရီမှ စနောက်လိုက်သည်။ တစ်ဆက်တည်းမှာပင် သူမ၏ခန္ဓာကိုယ်သည် တကယ်ပင်နူးညံ့ပြီး သင်းပျံ့သောရနံ့လေး ရှိနေကြောင်း သတိထားမိလိုက်၏။

သို့မှသာ နဂါးနီသည် တုန်လှုပ်သွားကာ စုရီကို ဖက်ထားရာမှ ချက်ချင်း လွှတ်လိုက်ပြီး မတ်တတ်ရပ်လိုက်လေသည်။

“ ဧကရာဇ်သခင် ... ငါ ... ။ ”

“ မေ့လိုက်ပါ ငါတို့ ဘေးကင်းသွားပြီ။ ”

စုရီမှ ပေါ့ပေါ့ပါးပါး ထိုင်ချလိုက်ပြီး ဝိုင်အိုးကိုထုတ်ယူလိုက်၏။ နဂါးနီတစ်ယောက် ရှက်ရွံ့မှုများ ပျောက်ကွယ်လျက် ပြန်လည် တည်ငြိမ်လာကာ၊

“ စီနီယာ အဲဒါဘာတွေလဲ။ ”

-ဟု မေးမြန်းလေသည်။

“ ဒီနယ်မြေမှာက ရှေးဦးခေတ်တုန်းက ထိုက်ကျင်းအဆင့် ဝိညာဉ်တွေကိုဖမ်းဆီးခဲ့တဲ့ နတ်ဘုရားထောင်တစ်ခုဖြစ်မယ်။ ”

ဝမ်ယဲ့အနေဖြင့် ထိုနေရာကို စူးစမ်းရန်ဝင်ရောက်ခဲ့စဉ်က ပိတ်ဆို့ထားသဖြင့် သူ ကြုံဆုံခြင်း မရှိခဲ့ချေ။

ယခုအခါ ကောင်းကင်တာအို ပြောင်းလဲလာမှုကြောင့် ထိုအကျဉ်းသားများမှာ ပြင်ပလောကသို့ အတိုင်းအတာတစ်ခုအထိ ဝင်ရောက်စွက်ဖက်လာနိုင်ခြင်းပေပင်။

“ သူတို့က နတ်ဘုရားတွေရဲ့ ရန်သူတွေလို့ ပြောနေကြပေမယ့် ကောင်းတဲ့ရည်ရွယ်ချက်မျိုး ရှိလှတာ မဟုတ်ဘူး ... ။ ”

နဂါးနီသခင်မှ နားလည် သွားသည်။ ဆိုလိုသည်မှာ ဤဝိညာဉ်များသည် ထိုက်ကျင်း နယ်ပယ် အကျဉ်းသားများ ဖြစ်ချေပြီ။

နတ်ဘုရားများမှ လှောင်ပိတ်ထားပုံရ၏။ ထို့ကြောင့် များစွာထိတ်လန့်နေစရာ မလိုချေ။ အဆုံးတွင် သက်ပြင်းချလျက် လှေပေါ်ထိုင်ချလိုက်ကာ၊

“ စီနီယာ ... ငါတို့ဘယ်ကို သွားကြမလဲ။ ”

-ဟု မေးမြန်းလိုက်သည်။

စုရီက ဝိုင်းအိုးကို ကိုင်လျက် လှေဦးပိုင်းထံမျှော်ကြည့်ကာ ‘သွေးဝဲပင်လယ် ကွေ့’ -ဟု ဖြေကြားလိုက်သည်။

နဂါးနန်းတော် အပျက်အစီးမြေပွင့်ရန် ဆယ်ရက်ခန့်လိုသေးသဖြင့် ကြယ်ပျံလှေကို စုံစမ်းရန် စိတ်ကူးထား၏။

၎င်းသည် ပဉ္စမမြောက်ဘဝ လီဖူယွီနှင့် ဆက်စပ်နေသော အရေးကြီးသည့်သဲလွန်စလေး ဖြစ်လေသည်။

သုံးရက်အကြာတွင် ပင်လယ် ရေမျက်နှာပြင်သည် သွေးနီရောင် ပြောင်းလဲ နေသည်ကို ထူးထူးခြားခြားမြင်လာရ၏။

“ ဂျိန်း ... ။ ”

ထိုသွေးနီပင်လယ်ပြင်တွင် လှိုင်းလုံးကြီးများနှင့်အတူ လေပြင်းမုန်တိုင်းများ တိုက်ခတ်နေပြီး ကောင်းကင်ယံ၌ မိုးကြိုးများ အဆက်မပြတ် ပစ်ခတ်နေသည်။

ဤသည်မှာ အရှေ့ပင်လယ်၏ အန္တရာယ်အရှိဆုံး တားမြစ်ဇုန်တစ်ခုဖြစ်သော သွေးဝဲပင်လယ်ကွေ့ပင် ဖြစ်၏။

လွန်ခဲ့သောခြောက်လခန့်က ဤနေရာ၌ ဆယ်ပေခန့်ရှည်သော ကြယ်ပျံလှေကို တွေ့ရှိခဲ့ သည်ဟု ဆိုထားသည်။

ထိုစဉ်က သွေးဝဲပင်လယ်ကွေ့၏ အနက်ရှိုင်းဆုံးနေရာမှ ဒဏ္ဍာရီလာ သတ္တဝါကြီး တစ်ကောင်၏ ကြောက်ရွံ့ထိတ်လန့်စွာ အော်ဟစ်နေသံကိုပင် ကြားခဲ့ရသည်။

စုရီက လှေငယ်ပေါ်ထရပ်ကာ သွေးရောင်ပင်လယ် ရေမျက်နှာပြင်ကြီးထံသို့ ဝေ့ဝဲအကဲခတ်တော့၏။ ပင်လယ်ရေပြင် အနှံ့ သွေးနီရောင်များ တောက်ပလျက် သွေးမြူများ ပိန်းပိတ်နေခဲ့သည်။

ထိုသွေးမြူများသည် မိုင်သုံးသောင်း ဧရိယာကိုဖုံးလွှမ်းထားပြီး အဖြစ်အပျက်သည် လွန်ခဲ့တဲ့ ခြောက်လက ဖြစ်ချေ၏၊

ထို့ကြောင့် သဲလွန်စရှာရန်မလွယ်ချေ။ ဤသို့တွေးတောနေစဉ်မှာပင် သွေးဝဲပင်လယ်၏ အနက်ရှိုင်းဆုံးအရပ်မှ တစ်စုံတစ်ရာ လှုပ်ရှားနေ သည်ကို ခံစားမိသဖြင့် ချက်ချင်း မျက်မှောင်ကျုံ့ လိုက်မိတော့သည်။

***

All Chapters