← Chapters

အခန်း ၁၃၁၈

Vol. 110 Ch. 1318

အခန်း ၁၃၁၈

Vol. 110 Ch. 1318

အခန်း ၁၃၁၈ -

ထိုက်ဟဲအဆင့် တာအိုအာကာသ ... ။

“ စုစည်းလိုက် ... ။ ”

စုရီက လေထုအလယ် ပျံသန်းလျက်မှ လက်ဖဝါးကိုဆုပ်ကိုင်လိုက်၏။ အင်မော်တယ် ဘုရင် ဥပဒေစည်းမျဉ်းများ စုစည်းသွားပြီး ဓားတစ်လက်အဖြစ် ဖွဲ့တည်လာသည်။

ထို့နောက် လက်ကောက်ဝတ်ကို လှည့်လိုက်ကာ ဓားကိုဝှေ့ယမ်းပြီး အဖွားအို၏ လက်ဖဝါးထံ ခုတ်ပိုင်းချလိုက်၏။

ကမ္ဘာတုန်ဟည်းစေနိုင်သော နတ်သက်တံ့ထွက်ပေါ်လာကာ လက်ဖဝါးနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။

“ ဘန်း ... ။ ”

ပြင်းထန်သော ပေါက်ကွဲမှုနှင့်အတူ ဓားစွမ်းအင်များ အက်ကွဲပျက်စီးသွားခဲ့တော့၏။ သို့သော် တစ်ပြိုင်နက်တည်းမှာပင် အဘွားအို၏ ပြင်းထန်လှသော လက်ဖဝါးစွမ်းအားမှာလည်း ပျက်ပြယ်သွားခဲ့ရလေသည်။

လေဟာနယ်တစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားပြီးနောက် အနားရှိ ပင်လယ်ပြင်သည် လှိုင်းလုံးကြီးများ ထကြွလာ၏။

စုရီတစ်ယောက် ခန္ဓာကိုယ် အနည်းငယ် ယိမ်းယိုင်သွားပြီး ခြေလှမ်းဆယ်လှမ်းကျော်ခန့် နောက်သို့ ဆုတ်ခွာသွားခဲ့ရလေသည်။

အဘွားအိုပြသလာသည့် ခွန်အားသည် သာမန်ထိုက်ဟဲအဆင့် ကျွမ်းကျင်သူတွေထက် များစွာသာလွန်နေ၏။

တစ်ဖက်တွင် အဘွားအိုသည်လည်း အလွန်အံ့အားသင့်သွားသည်။ သူမ၏တံဆိပ်ကို ချိုးဖျက်ပြီးသည့်တိုင် စုရီကိုတစ်ချက်တည်းနှင့် အနိုင်မယူနိုင်သည့်အပေါ် မယုံကြည့်နိုင်ချေ။

“ သေစမ်း ... ။”

သည့်နောက် တုံ့ဆိုင်းမနေတော့ဘဲ ထပ်မံတိုက်ခိုက်ရန် ပြေးဝင်လိုက်၏။ ချက်ချင်း ပြင်းထန်သော တိုက်ပွဲကြီးဖြစ်ပေါ်လာသည်။

အင်မော်တယ် ဘုရင်တစ်ပါး၏ ဥပဒေစည်းမျဉ်းများဖြင့် ဖွဲ့စည်းထားသော ဓားကိုကိုင်ဆောင်ကာ စုရီမှ တုန့်ပြန်နေ၏။

လက်ရှိအချိန်တွင် သူ့မူလအပေါ် ထုတ်ဖော်မိမည်စိုးသဖြင့် ဝင်စားခြင်းဥပဒေကို မထုတ်ဖော်ဝံ့ဘဲ လက်ဗလာနှင့်သာ တိုက်ခိုက်နေရသည်။

အဘွားအိုမှာမူ ထိုက်ဟဲအဆင့် တာအိုဥပဒေများကို အပြည့်အဝထုတ်ဖော်ကာ ကောင်းကင်နှင့် မြေကြီးပင် ပြိုကွဲစေနိုင်မည့် ဖျက်ဆီးခြင်း ရောင်ဝါများ ထုတ်လွှတ်နေ၏။

ထို့ကြောင့် သွေးဝဲပင်လယ်ပြင်တွင် တာအိုတေးသံများ ကျယ်လောင်စွာပဲ့တင်ထပ် နေချေပြီ။

နတ်ဘုရားအလင်းများသည်လည်း အရပ်ရပ်သို့ ဖြာထွက်နေကာ အဘွားအိုသည် စုရီအပေါ် ဖိနှိပ်ထားတော့၏။

သူမ၏ ထိုက်ဟဲအဆင့် ဥပဒေစည်းမျဉ်းများသည် ငွေရောင်အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံ ထက်မှ အဆုံးမဲ့ပြိုကျနေသည်။

လမ်းကြောင်းတစ်လျှောက် အရာအားလုံးအပေါ် ခြေမှုန်းနိုင်ကာ စွမ်းအား အရ ယနေ့ခေတ် မည်သည့် အင်‌မော်တယ် ဘုရင်တစ်ပါးကိုမဆို အလွယ်တကူ သုတ်သင်ပစ်နိုင်သည်။

သူမကဲ့သို့ ထိုက်ဝူအဆင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် ယင်းကိုခုခံနိုင်စွမ်း ရှိတော့မည်မဟုတ်ချေ။ သို့သော် ဤသည်မှာ စုရီအပေါ် သက်ရောက်မှု မရှိချေ။

ကြောက်မက်ဖွယ်ကောင်းသော ထိုနှိမ်နင်းမှုကြီးကို ရင်ဆိုင်နေရသော်လည်း သူသည် နောက်သို့ ဆုတ်မသွားသည့်အပြင် ပို၍ ရဲရင့်ကြမ်းကြုတ်လာသည်။

တိုက်ပွဲဝင်ဆန္ဒများ လောင်မြိုက်လျက် အဖွားအိုကို မျက်နှာခြင်းဆိုင် တုန့်ပြန်နေသည်။ သူ့ဓားသည် ကောင်ကင်ဘုံကိုးပါးနှင့် ငရဲကြီး ရှစ်ထပ်ကို ထိုးဖောက်တော့မည့်အလားပင်။

ဓားချက်များသည် အဆက်မပြတ် ဟန့်တားပယ်ဖျက်ခံနေရသော်လည်း တိုက်ပွဲဝင် ဆန္ဒကို လုံးဝယုတ်လျော့သွားခြင်း မရှိချေ။

အဝေးမှ စောင့်ကြည့်နေသော ချင်းကျန်းတစ်ယောက် တုန်လှုပ်ခြောက်ခြား လာတော့၏။

သူသည် နတ်ဘုံမှလာသူဖြစ်ပြီး ထိုက်ရွှမ်အဆင့်ကျင့်ကြံမှုကို ပိုင်ဆိုင်ထားရာ အတွေ့အကြုံနှင့် အသိပညာမှာ အင်မော်တယ် နယ်မြေမှ လူများထက် များစွာ သာလွန်သည်။

သို့သော် အင်မော်တယ်ဘုရင်တစ်ပါးသည် ထိုက်ဟဲအဆင့် ကျွမ်းကျင်သူတစ်ဦးထံမှ ဤမျှ တုန့်ပြန် ရင်ဆိုင်နိုင်စွမ်းရှိနေသည်ကိုမူ လုံးဝ မမြင်ဖူး၊မကြားဖူးခဲ့ချေ။

“ ဒီကောင်က သူ့ရဲ့ကျင့်ကြံမှုအဆင့်ကို တမင်သက်သက် ဖုံးကွယ်ထားတာပဲ ဖြစ်ရမယ် မဟုတ်ရင် ဒီလို စွမ်းအားမျိုးကို ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မှာလဲ။ ”

ဆန်းကြယ်သော ရတနာများနှင့် လျှို့ဝှက်နည်းစနစ်များသည် လူတစ်ဦး၏ ကျင့်ကြံမှုကို ဖုံးကွယ်ထားနိုင်၏။

ထို့ကြောင့် သူ့အမြင်တွင် ဤလူငယ်သည် ထိုက်ကျင်းနယ်ပယ်မှ တစ်စုံတစ်ယောက်အဖြစ် ယူဆလာမိချေပြီ။

“ ဒါပေမယ့် လီရွှမ်ကြွယ်က ဘာဖြစ်လို့ သူ့ကျင့်ကြံမှုကို ဖုံးကွယ်ထားရတာလဲ ... သူ့မှာ ဘယ်လို ရည်ရွယ်ချက် ရှိနေလို့လဲ ... ။ ”

ဤအတွေးက ချင်းကျန်းကို သံသယများ ဝင်ရောက်လာစေသည်။ တစ်ဆက်တည်းမှာပင် ရှစ်နင်ကို သတိရသွားပြီး၊

“ ဒါတွေအားလုံးက ရှစ်နင်ရဲ့ အစီစဉ်များလား။ ”

-ဟု တွေးတောမိလာ၏။

“ သေလိုက်တော့ ... ။ ”

ထိုအချိန်တွင် တိုက်ပွဲအတွင်း စုရီ၏ပုံရိပ်သည် နောက်ပါးသို့လွင့်ထွက်သွား၏။ ကောင်းကင်ယံမှ ပေတစ်ရာခန့် ကျယ်ဝန်းသော ငွေရောင်အလင်းတန်းကြီး လိုက်ပါလာသည်။

“ ဝှစ် ... ။ ”

စုရီခမျာ အသက်ရှူရန် အချိန်မရှိတော့ဘဲ ကမ္ဘာတစ်သောင်းသစ်ပင်စွမ်းအားကို အသုံးပြု လိုက်ရတော့၏။

သူ့ပုံရိပ်သည် ဟင်းလင်းပြင်ထဲတွင် ထပ်မံပျောက်ကွယ်သွားပြီး သတ်ဖြတ်လိုသော တိုက်ခိုက်မှုထံမှ ရှောင်တိမ်းနိုင်ခဲ့သည်။

အဘွားအိုတစ်ယောက် ဒေါသနှင့် မုန်းတီးမှုများ ပြင်းထန်လာကာ အံကြိတ်လိုက် လေသည်။ ဤ‌ရွေ့လျားမှုသည် အမှန်သည်ပင် သူမကို ဒုက္ခဖြစ်စေသည်။

ပြင်းထန်သော တိုက်ခိုက်မှုတိုင်းကို ဤထူးဆန်းလှသော တည်နေရာ‌ရွေ့ပြောင်းခြင်း နည်းစနစ်သုံးကာ အကြိမ်ပေါင်းများစွာ ပယ်ရှားနိုင်ခဲ့၏။

ယင်းသည် လိပ်တစ်ကောင်ကို ဖမ်းရန် ကြိုးစားနေရသည့် ကြွက်တစ်ကောင်အလား စိတ်ပျက်အားငယ်စေသည်။

စုရီတစ်ယောက် အဝေး၌ ပြန်ပေါ်လာလေသည်။ လက်ရှိကျင့်ကြံမှုအရ အဘွားအိုနှင့် နှိုင်းယှဉ်သော် ခွန်အားသည် များစွာ ကွာခြားနေဆဲ ဖြစ်၏။

အင်မော်တယ်ဘုရင်နှင့် ထိုက်ကျင်းနယ်ပယ်ကြား ခြားနားချက်သည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ပေပင်။

သို့သော် စုရီမှ နောက်မဆုတ်ခဲ့ချေ။ ယင်းသည်မာနကြောင့် မဟုတ်ဘဲ သူ့အုတ်မြစ် အခြေအနေကြောင့်ဖြစ်သည်။

အဝေးမှကြည့်သော် အင်‌မော်တယ် ဘုရင်တစ်ပါး ဖြစ်သော်လည်း သူ့အရှိန်အဝါမှာ ထိုက်ဟဲအဆင့်ရှိအဘွားအိုနှင့် ရင်ဘောင်တန်း နိုင်လုနီးပါး ဖြစ်သည်။

တိုက်ပွဲရှည်ကြာလာသည်နှင့်အမျှ အဖွားအိုသည် တုန်လှုပ်ခြောက်ခြားခြင်းဖြင့် ဒေါသများ ပိုမိုပြင်းထန်လာ၏။

တစ်ဖက်လူ၏ တိုက်ပွဲဝင်စွမ်းအားမှာ ယုတ်လျော့သွားခြင်းမရှိချေ။ သူမအတွက် ထိုသူ၏ဓားမှာ အခက်ခဲဆုံးအရာပေပင်။

အချိန်မရွေး နေရာမရွေးပေါ်လာနိုင်ကာ အသက်ကိုခြိမ်းခြောက်နိုင်နေသည်။ ဤကဲ့သို့ အခြေအနေမျိုး သူမအတွက် ပထမဆုံးအကြိမ် ကြုံရခြင်းပေပင်။

“ ငါ ဒီထက်ပိုပြီး တုံ့ဆိုင်းနေလို့ မရတော့ဘူး။ ”

အဘွားအိုမှ ဆုံးဖြတ်ချက်ချကာ လက်နှစ်ဖက်အထက်သို့ မြှောက်၍ ဟစ်အော် လိုက်တော့သည်။

“ အသက်ဝင် ... ။ ”

ချက်ချင်းပင် ပတ်ဝန်းကျင်ကြီး ရုတ်တရက်ပြောင်းလဲသွားလေသည်။ ထည်ဝါ ကျယ်ပြောလှသော တာအိုအာကာသတစ်ခု ထွက်ပေါ်လာ၏။

ထိုအာကာသထဲတွင် လပြည့်ဝန်းကြီးများအလား တောက်ပသော အလင်းစက်ဝိုင်းကြီးများ မရေမတွက်နိုင်အောင် ပေါ်လာသည်။

မြေပြင်ထက်တွင်မူ အဆုံးမရှိသော သွေးပင်လယ်ကြီး တစ်စင်း ဖြစ်တည်နေခဲ့၏။ ထိုသွေးပင်လယ်ထဲတွင် မရေမတွက်နိုင်သော နတ်ဘုရားများနှင့် နတ်ဆိုးများ၏ ဝိညာဉ်များ မျောပါနစ်မြုပ်နေကြသည်။

ဤတာအိုအာကာသသည် အင်မော်တယ်ဘုရင်များ ထိန်းချုပ်ထားနိုင်သည့် သာမန်တာအိုအာကာသနှင့် မတူညီချေ။ ၎င်းကို ထိုက်ဟဲအဆင့် ကျွမ်းကျင်သူမှ ဖန်တီးထားခြင်း ဖြစ်ပြီး ကမ္ဘာတစ်ခု၏မိခင်ချီများနှင့် ချိန်ဆက်နိုင်သည်။

ထို့ကြောင့် အမှန်တကယ် တည်ရှိနေသော ကမ္ဘာတစ်ခုအလား ခံစားလာရစေ၏။ ထိုက်ဟဲ အဆင့် ကျွမ်းကျင်သူတစ်ဦး၏ အစွမ်းသတ္တိကို တိုင်းတာရာတွင် ၎င်းတို့ ထိန်းချုပ်နိုင်သော တာအိုအာကာသသည် အဓိကဖြစ်သည်။

တာအိုအာကာသ အားကောင်းလေ၊ ၎င်းတို့၏စွမ်းအားမှာ ပိုမို ကြောက်စရာကောင်း နိုင်လေဖြစ်၏။

ဤအဘွားအို စုစည်းလိုက်သော တာအိုအာကာသမှာ ‘ငွေရောင်ငရဲသန့်စင်ခြင်း’ အာကာသဟု အမည်ရပြီး၊ အဆင့်မြင့်ဆုံးတာအို ဥပဒေကိုးခုဖြင့် ဖွဲ့စည်းထားသည်။

ထိုကြောင့် အဆိုပါ တာအိုအာကာသ ပေါ်လာသည်နှင့် စုရီတစ်ယောက် ချက်ချင်း ပိတ်မိသွားခဲ့လေသည်။

ချင်းကျန်းမှ ပြုံးသည်။ အဘွားအို၏ ငွေရောင်ငရဲသန့်စင်ခြင်း အာကာသနယ်မြေ၏ စွမ်းအားကို ကောင်းစွာ သိရှိထား၏။

ဤအာကာသကို ဖန်တီးစဉ်က နတ်ဘုရားတစ်ပါး၏ လမ်းညွှန်မှုပင် ရရှိခဲ့ဖူးရာ အတွင်း၌ ပိတ်မိသွားသူ မည်သူမဆို သေဘေး နှင့်သာ ရင်ဆိုင်ရပေမည်။

စုရီက မျက်မှောင်ကြုတ်လျက် တွေးတောနေခဲ့သည်။ ထိုက်ဟဲအဆင့်တွင် ကျွမ်းကျင်သူများကိုလည်း အဆင့်အမျိုးမျိုး ခွဲခြားထား၏။

တာအိုနယ်မြေ မစုစည်းနိုင်သူများသည် အားအနည်းဆုံး ဖြစ်ကြပြီး၊ စုစည်းနိုင်သူများမှာ သန်မာသူများဖြစ်သည်။ ထိုသူများအတွက်ပင် တာအိုအာကာသနယ်မြေ အရည်အသွေးအပေါ် မူတည်၍ အဆင့်သုံးဆင့်ခွဲပေးထားသည်။

ဒုတိယတန်းစား၊ ပထမတန်းစားနှင့် အထွတ်အထိပ်ဟူ၍ဖြစ်၏။ ဤအဘွားအိုသည် ပထမတန်းစားနှင့် အထွတ်အထိပ်အဆင့် ကြားတွင် ရှိနေသူပေပင်။

ဆိုလိုသည်မှာ တစ်ဖက်လူ၏ တာအိုအာကာသသည် ပြီးပြည့်စုံမှု မရှိသေးချေ။ ပြီးပြည့်စုံမှုဆိုသည်မှာ အရွယ်အစားအပေါ် စိတ်ကြိုက်ပြင်ဆင်နိုင်ခြင်းဖြစ်သည်။

ဤအချင်းအရာကို နားလည်သော် အာကာသအကျယ်အဝန်းအပေါ် ကမ္ဘာတစ်ခု အဖြစ်ပင် ပြောင်းလဲနိုင်သည်။

အရေးအကြီးအဆုံးမှာ မုန်ညင်းစေ့မျှ သေးငယ်သော သဲမှုန်တစ်မှုန်အဖြစ်ပင် ကျုံ့ဝင် ထားနိုင်၏။

သဲမှုန်တစ်မှုံသည် ကမ္ဘာကြီးတစ်ခု ဖြစ်လာနိုင်သလို သစ်ရွက်လေးတစ်ရွက်မှလည်း ဗောဓိပင်တစ်ပင် ဖြစ်လာနိုင်မည်။

ဤသည်မှာ အရွယ်အစားအပေါ် စိတ်ကြိုက်ပြောင်းလဲနိုင်ခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ပေပင်။

အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိပြီးနောက် ပထမဆုံးတိုက်ပွဲတွင်ပင် ဤမျှ အစွမ်းထက်သော ပြိုင်ဘက်နှင့် ရင်ဆိုင်ရ သည်မှာ စုရီအတွက် ကံဆိုးမှုပေပင်။

“ လီရွှမ်ကြွယ် ... မင်းဘာဖြစ်လို့ ဆက်မပြေးတော့တာလဲ။ ”

အဘွားအို၏ ပုံရိပ်သည် ငွေရောင်အာကာသအတွင်း ဖြစ်တည်လာသည်။ သူမ မျက်နှာသည် တင်းမာပြီး မျက်လုံးများထဲ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

“ ငါ တကယ် ထွက်ပြေးချင်ရင် မင်းရဲ့တာအိုအာကာသက ငါ့ကိုတားဆီးနိုင်မယ် ထ်ငနေတာလား။ ”

စုရီမှ တည်ငြိမ်စွာ မေးမြန်းလိုက်သည်။

“ မာနကြီးတယ်။ ”

အဘွားအိုမှ ဒေါသတကြီး အော်ဟစ်လျက် စုရီကို ကြိတ်ချေရန် ကြိုးစားတော့၏။ ငွေရောင် ငရဲနယ်မြေတစ်ခုလုံး လှုပ်ခတ်သွားချေပြီ။

ကောင်းကင်တွင် ပျံသန်းနေသော ငွေရောင်အလင်းစက်ဝန်းကြီးများမှာ ကိုးလုံး တိတိ ဖြစ်ပေါ်လာသည်။

မြေပြင်ရှိ အဆုံးမရှိသော သွေးပင်လယ်သည်လည်း ဟိန်းဟောက်လျက် နတ်ဘုရားနှင့် နတ်ဆိုးများ၏ ဝိညာဉ်များ တိုးထွက်လာချေပြီ။

ဤမြင်ကွင်းသည် ကမ္ဘာကြီးတစ်ခုလုံး စုရီကိုငြင်းပယ် ဆန့်ကျင်တိုက်ခိုက်နေသလိုပင်။ ပြင်ထန်ပြီး ကူကယ်ရာမဲ့စေသည်။

စုရီအတွက် မရဏအငွေ့အသက်ကို စတင်ခံစားလာရသည်။ လက်ရှိ သူ့ခွန်အားဖြင့် ဤတာအိုအာကာသကို ရင်ဆိုင်ရန် လုံးဝ မဖြစ်နိုင်ချေ။

ငရဲဘုံကိုးပါးဓားသည် ထိုအကျပ်အတည်း အပေါ် အလွယ်တကူဖြေရှင်းနိုင်သော်ငြားလည်း သူ့ အထောက်အထားကို ဖော်ထုတ်မိပေမည်။

ထို့ကြောင့် တုံ့ဆိုင်းမနေတော့ဘဲ လေဟာနယ်ကိုစုပ်ဖြဲကာ လှမ်းဝင်လိုက်သည်။ ဧရိယာတစ်သောင်းကို ပိတ်ဆို့ပေးထားသော ငွေရောင်နယ်မြေသည် စက္ကူတစ်စအလား ကွဲအက်လျက် စုရီပျောက်ကွယ်သွား၏။

ဤသည်မှာ ကမ္ဘာတစ်သောင်းသစ်ပင်၏ နတ်ဘုရားစွမ်းအားဖြစ်သည်။ အာကာသကြီး အတွင်း မည်သည့်အတားအဆီးမျှ သူ့ကို ဟန့်တားနိုင်ခြင်းမရှိချေ။

အထွတ်အထိပ်အဆင့်တွင် စကြာဝဠာကြီးများကြား အလွယ်တကူ ကူးလူး သွားလာနိုင်ပေမည်။ ထိုက်ဟဲအဆင့် တာအို အာကာသသည် သူ့ရှေ့၌ ဆိုဖွယ်မရှိချေ။

“ ဒါ ... ။ ”

တစ်ဖက်တွင် အဘွားအိုသည် အံ့အားသင့်လွန်းသဖြင့် မျက်ဝန်းများပြူးထွက် လုမတတ် ဖြစ်သွားခဲ့ရလေသည်။

ဤတာအိုအာကာသသည် အင်‌မော်တယ်မြေ၏ ကောင်းကင်တာအိုအပေါ် ပိတ်ဆို့ကာ မူလစည်းမျဉ်းများ၏စွမ်းအားထံ ချိတ်ဆက်ထားသည်။

သူမကဲ့သို့ ထိုက်ဟဲအဆင့် ကျွမ်းကျင်သူပိတ်မိလျှင်ပင် လွတ်မြောက်ရန် အခွင့်အရေး မရှိချေ။ သို့သော် ယခုအခါတွင် အင်မော်တယ်ဘုရင်တစ်ပါးသည် အလွယ်တကူ ချိုးဖျက်ကာ လွတ်မြောက်သွားခဲ့ပြီဖြစ်သည်။

ဤအခြေအနေသည် သူမ၏ အသိတရားများကို လုံးဝပြောင်းပြန်လှန်လိုက် သကဲ့သို့ ဖြစ်စေသည်။

***

All Chapters