အခန်း ၁၃၁၉
Vol. 110 Ch. 1319
အခန်း ၁၃၁၉ -
ကူကယ်ရာမဲ့ခြင်း ... ။
စုရီပုံရိပ်သည် ငွေရောင်ငရဲအာကာသ အပြင်ဘက်သို့ ပြောင်းရွေ့ထွက်ပေါ်လာသည့် အပေါ် ချင်းကျန်းတစ်ယောက် မယုံနိုင်အောင် ဖြစ်လာလေသည်။
“ ဒီကောင် ... ။ ”
ဒေါသနှင့် သံသယများကြောင့် မျက်နှာတစ်ပြင်လုံး မည်းမှောင်သွားတော့၏။ ထိုက်ဟဲအဆင့် ကျွမ်းကျင်သူသာလျှင် ဤသို့ ချက်ချင်း ဖောက်ထွက်နိုင်စွမ်း ရှိပေမည်။
မဟုတ်ပါက အင်မော်တယ်ဘုရင်သည် ဤအခြေအနေမှလွတ်မြောက်ရန် နည်းလမ်း လုံးဝမရှိချေ။
“ ပြိုကွဲ ... ။ ”
“ ဝှစ် ... ။ ”
ထိုစဉ် စုရီက အင်မော်တယ်ဘုရင် တာအိုစည်းမျဉ်းများဖြင့် ငွေရောင်အာကာသထံ ထိုးနှက်ချလိုက်သည်။
ကောင်းကင်မှ ကြယ်မြစ်ကြီး တစ်စင်း ကျဆင်းလာသကဲ့သို့ ထက်ရှသောဓားအလင်း အချို့ဆင်းလာခဲ့သည်။
“ ဝုန်း ... ။ ”
ငွေရောင်ငရဲအာကာသခမျာ ပြင်းစွာ တုန်ခါသွား၏။ အဘွားအိုခမျာ တုန်လှုပ်လျက် တာအိုကိုလောင်မြိုက်ပစ်လိုက်သည်။
ခဏတာအတွင်း တိုက်ပွဲသည် အကျပ်အတည်းဖြစ်ကာ တင်းမာသွားတော့၏။ အဘွားအိုသည် ဒေါသတကြီးဖြင့် စုရီကို လိုက်လံ ဖမ်းဆီးလေသည်။
စုရီမှလည်း နေရာအနှံ့အပြားတွင် ပြန်လည်ထွက်ပေါ်လာကာ မနားတမ်းထိုးနှက် ဖျက်ဆီးနေ၏။
အင်မော်တယ်ဘုရင်တစ်ပါးမှ ထိုက်ဟဲအဆင့်ပြိုင်ဘက်ကို အစွန်းသို့တွန်းပို့ နေခြင်းပေပင်။
“ ငါ မင်းကို ကူညီမယ်။ ”
ရုတ်တရက် ချင်းကျန်းက အလင်းတန်းအလား စုရီအနားရွေ့ပြောင်း ရောက်ရှိလာသည်။
“ သွား ... ။ ”
ခရမ်းရောင် ကျောက်စိမ်းပေတံကို ဆင့်ခေါ်လျက် ပြင်းထန်လှသော ခရမ်းရောင် မိုးကြိုးမုန်တိုင်းကြီးတစ်စင်း လွှတ်ထုတ်ကာ စုရီထံပိုင်းချလိုက်သည်။
“ ဂျိန်း ... ။ ”
စုရီမှ လှောင်ပြုံးဖြင့် ဓားတံဆိပ်တစ်ခု ဖန်တီးလိုက်ကာ ထိုခရမ်းရောင်မုန်တိုင်းကြီးထံ ပစ်ခတ်ဖျက်ဆီးလိုက်သည်။
တစ်ဆက်တည်းမှာပင် သူ့ပုံရိပ်သည် ချင်းကျန်းထံသို့ ပြေးဝင်သွားတော့၏။ ပေတံကို တောင်ပြိုကျသည့်အလား ဖယ်ရှားခံလိုက်ရ သဖြင့် ချင်းကျန်းတစ်ယောက် နောက်သို့ ဆုတ်ခွာလိုက်ရသည်။
ထိုက်ဝူအဆင့် ကျင့်ကြံမှုသည် စုရီကို လုံးဝမယှဉ်နိုင်ကြောင်း ပြသနေ၏။ ထို့ကြောင့် နတ်ဘုရားတ့ဆိပ်တစ်ခုကိုထုတ်ကာ ပြေးလာ နေခဲ့သော စုရီထံ ပစ်ပေါက်လိုက်ရသည်။
“ ပေါက်ကွဲစမ်း ... ။ ”
“ ဂျိန်း ... ။ ”
ပေတစ်သောင်း ဧရိယာအတွင်း မိုးကြိုးမုန်တိုင်းများ ပြည့်နှက်နေသည့် တားမြစ် နယ်မြေကြီးဖြစ်သွားတော့၏။
သို့သော် စုရီပုံရိပ်သည် ပြေးနေလျက်မှ ချက်ချင်းပျောက်ကွယ်သွား၏။ မိုးကြိုးစွမ်းအင် အလင်းတန်းသည် လွဲချော်သွားချေပြီ။
“ သေလိုက်စမ်း လိပ်လိုကောင်။ ”
ဤနတ်ဘုရားတံဆိပ်သည် သာမန်ရတနာမဟုတ်ချေ။ အသက်ဘေးကြုံရ ချိန်များတွင် အသုံးပြုရမည့် အသက်ကယ် ဝှက်ဖဲတစ်ချပ်ဖြစ်သည်။ သို့သော် ယခုအခါတွင် လုံးဝဖြုန်းတီးမိသွား၏။
ဖုန်မှုန့်များနှင့် မီးခိုးများအကြား စုရီပုံရိပ်သည် အခြားတစ်ဖက်တွင် ပြန်လည် ထွက်ပေါ်လာပြီး သူ့ထံပြေးဝင်လာခဲ့ပြန်သည်။
ချင်းကျန်းသည် အဘွားအိုနှင့်မတူဘဲ သူ၏စစ်မှန်သောကျင့်ကြံမှုကို ထုတ်မသုံးဝံ့မှန်း သဘောပေါက်ထားသည်။ ထို့ကြောင့် ဤလူကို သန်ရန်သာ အာရုံစိုက်နေခဲ့ပြီး အဖွားအိုအပေါ် လျစ်လျူရှုလေသည်။
“ သခင်လေး ... မြန်မြန်။ ”
အဘွားအိုသည် ကောင်းကင်ကို ဖြတ်ကျော်ပျံသန်းကာ ချင်းကျန်းထံကူညီရန် အပြေးအလွှား လိုက်ပါလာသည်။
သို့သော် ထိုအချိန်တွင် ချင်းကျန်း၏ ခန္ဓာကိုယ်သည် ရုတ်တရက်တောင့်တင်းသွားပြီး မျက်နှာအမူအရာ ပျက်ယွင်းသွားကာ၊
“ သတိထား။ ”
-ဟု အော်ဟစ်လျက် အဝေးသို့ ဆုတ်ခွာ ရှောင်တိမ်းသွားတော့သည်။
အဘွားအိုတစ်ယောက် အံ့အားသင့်ကာ ကောင်းကင်ထံ မော့ကြည့်လိုက်၏။ ထိုအရပ်၌ တားမြစ်စွမ်းအားများ စုစည်းလာနေပြီး မှုံဝါးဝါး မီးခိုးရောင်တိမ်တိုက်ကြီးကို မြင်လိုက်ရသည်။
“ မကောင်းတော့ဘူး။ ”
ဤသည်မှာ နတ်ဘုရားများ၏ တားမြစ်ကပ်ဘေးပေပင်။ အဘွားအိုခမျာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွား၏။
တာအိုအာကာသကို ရုတ်သိမ်းပြီး သူမ၏ အရှိန်အဝါများကို အမြန်ဆုံး ဖိနှိပ်လိုက်သည်။ ထို့နောက် အဝတ်အိတ်ကို ကျောပြင်ပေါ်သို့ ကမန်းကတန်း ပြန်လွယ်ကာ ထွက်ပြေး၏။
သို့သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ရုန်းကန်မှုများအားလုံး နတ်ဘုရား ကပ်ဘေးအောက်တွင် အချည်းနှီးပေပင်။
မိုးကြိုးတိမ်တိုက်ကြီးမှ မီးခိုးရောင် လျှပ်စီးအလင်းတန်းကြီးအဖြစ် ပြောင်းလဲကာ ချက်ချင်း ကျဆင်းလာခဲ့သည်။
“ ဘန်း ... ။ ”
အဘွားအိုခမျာ တားမြစ်အလင်းတန်း ထိမှန်ခြင်းကို ခံလိုက်ရသည်။ ကျောပြင်ပေါ်ရှိ မီးခိုးရောင်အဝတ်အိတ်သည် ကွဲကြေလျက် အမှုန်အဖြစ်ပြောင်းလဲသွားလေသည်။
ဓမ္မအဆုံးခေတ်တွင် နတ်ဘုရားများ ပူးပေါင်းချန်ထားခဲ့သော တားမြစ်စည်းမျဉ်း၏ စွမ်းအားတစ်ခုဖြစ်၏။
ထိုက်ဟဲနှင့် ထိုက်ရွှမ်အဆင့် ကျွမ်းကျင်သူများကို ပစ်မှတ်ထားဖျက်ဆီးပစ်ရန် ရည်ရွယ်ချေပြီ။
အဘွားအိုသည် ထိုက်ဟဲအဆင့်ကို အပြည့်အဝထုတ်ဖော်ကတည်းက ဤကပ်ဘေး ပေါ်လာလိမ့်မည်ကို ချင်းကျန်းသိထား၏။
သို့သော် ဤမျှ ပြင်းထန်လိမ့်မည်ကို မတွက်ဆထားသဖြင့် မြင်တွေ့လိုက်ရသည့် အချိန်တွင် သူ့ကျောရိုးတစ်လျှောက် အေးစက်သွားလေသည်။
တစ်ချက်တည်းဖြင့် အဘွားအိုခမျာ ပြင်းထန်သောဒဏ်ရာများရရှိပြီး အုတ်မြစ်ကို ပျက်စီးလုနီးပါး ဖြစ်စေခဲ့သည်။
ထိုအခိုက်အတန့်တွင် စုရီ၏ပုံရိပ်သည် အဘွားအို၏ရှေ့တွင် ရုတ်တရက်ပေါ်လာပြီး ဖျပ်ခနဲခုတ်ပိုင်းချလိုက်၏။
“ မင်း ဝံ့သလား ... ။ ”
ချင်းကျန်း၏ အော်ဟစ်သံမဆုံးခင် သွေးစွန်းနေသော ဦးခေါင်းပြတ်ကြီးတစ်လုံးမှာ လေထဲသို့ လွင့်စင်သွားတော့သည်။
အဘွားအို၏ မျက်ဝန်းများတွင် ထိတ်လန့်ခြင်း၊ နာကျင်ခြင်းနှင့် ဒေါသများစွာ စွဲထင်သေဆုံးသွားခဲ့၏။
သူမကဲ့သို့ ထိုက်ဟဲအဆင့် ကျွမ်းကျင်သူတစ်ဦးသည် အင်မော်တယ်ဘုရင် တစ်ပါးလက်တွင် သေဆုံးရလိမ့်မည်ဟု အိမ်မက်ပင် မမက်ခဲ့ဖူးချေ။
ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် လေထုအလယ်တွင် ပြာမှုန်များအဖြစ်သို့ လွင့်စင်ပျောက်ကွယ်သွားကုန်၏။
စုရီက ဓားကိုပြန်လည်သိမ်းဆည်းကာ သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်လေသည်။ ဤတိုက်ပွဲသည် အမှန်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှ၏။
သူသည် ထွက်မပြေးဘဲ ဤနတ်ဘုရားကပ်ဘေး ကျရောက်လာမည့် အချိန်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်လေသည်။
ယခုအခါတွင် ဤအဘွားအိုကို အတိမ်းအစောင်းမရှိ သတ်ဖြတ်နိုင်ခဲ့ပြီဖြစ်ရာ ထိုက်တန်ချေ၏။
ဤမြင်ကွင်းကြောင့် ချင်းကျန်း၏ မျက်လုံးများတွင် ဒေါသမီးများတောက်လောင် လာပြီး တစ်ကိုယ်လုံးတုန်ယင်နေချေပြီ။
စုရီက ချင်းကျန်း၏ ထိုကဲ့သို့ ဒေါသထွက်နေသော်လည်း ဘာမှမလုပ်ရဲသည့် ပုံစံကိုကြည့်ကာ မထီမဲ့မြင်ပြုံးလိုက်ပြီး၊
“ အမှိုက်ကောင် ... အခုထိတောင် မင်းငါ့ကိုတိုက်ခိုက်ဖို့ မင်းရဲ့စစ်မှန်တဲ့ခွန်အားကို မပြသရဲသေးဘူးလား။ ”
-ဟု လှောင်ပြောင်တော့သည်။
“ မင်း ... ။ ”
ချင်းကျန်းခမျာ ဒေါသဖြင့် တစ်ကိုယ်လုံး တုန်ရီနေခဲ့သည်။ သူသည် နတ်ဘုရားနယ်မြေ၌ ကြီးပြင်းလာသော နတ်ဘုရားသားတော် တစ်ပါးဖြစ်၏။
မည်သည့် ရန်သူကိုမဆို မကြောက်မရွံ့ ရင်ဆိုင်ခဲ့ဖူးသူသည်။ သို့သော် ယနေ့တွင်ဤမျှ အရှက်မဲ့သော လိပ်လိုကောင်သည် အမှိုက်အဖြစ် ခေါ်ဆိုနေ၏။
“ မျှော်လင့်ထားတဲ့အတိုင်းပဲ မင်းက သူရဲဘောကြောင်တဲ့ နတ်ဘုရားသားတော်ပဲ။ ”
စုရီက ထပ်မံ၍ရန်စလိုက်၏။
“ အခုလို စိတ်ဓာတ်မျိုးနဲ့ဆိုရင် ... မင်း ဘယ်တော့မှ နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ ”
“ မင်း ... ။ ”
ဤတစ်ကြိမ်တွင် ချင်းကျန်းသည် မုန်းတီးစွာဖြင့် လက်ညှိုးငေါက်ငေါက်ထိုးကာ ပေါက်ကွဲသွားတော့၏။
“ ဘာဖြစ်လို့လဲ ငါ ပြောတာ မှားလို့လား။ ”
စုရီမှ လှောင်ပြုံးများဖြင့် အလင်းတန်းအသွင်ပြောင်းလဲကာ ပြေးဝင် လိုက်တော့သည်။ ချင်းကျန်းအမြင်တွင် စုရီ၏ လုပ်ရပ်များသည် သူ့ဂုဏ်သိက္ခာနှင့် မာနကို လုံးဝနင်းချေခြင်းမည်နေ၏။
သို့သော် နောက်ဆုံးတွင် အံကြိတ်လျက် ချက်ချင်းလှည့်ပြေးသည်။ အဖွားအိုသေဆုံးခြင်း ဖြစ်စဉ်သည် သူ့ကို ပြင်းစွာသတိပေးနေ၏။
ဒေါသသည် သူ့လမ်းအတွက် အကြီးမားဆုံးကျဆုံးစရာပေပင်။ တစ်ဖက်လူမှ ထိုအချင်းအရာကို အခွင့်အရေးယူကာ သူ့ကို ရန်စနေခြင်းဖြစ်၏။
ယခုအချိန်၌ ထိပ်တိုက်ရင်ဆိုင်ခြင်းဖြင့် ထိုလူယုတ်မာကို သတ်နိုင်ကောင်းသတ်နိုင်မည် ဖြစ်သော်လည်း သူ့အုတ်မြစ်တွင်လည်း သက်ရောက်ရှိရှိနိုင်ပေမည်။
ထိုသို့သော ပေးဆပ်မှုမှာ သူ့အတွက် ကြီးမားလွန်း၏။ နတ်ဘုရားနယ်မြေကြီးတွင်ပင် နတ်ဘုရားဖြစ်လာရန် အခွင့်အလမ်းမှာ လွန်စွာ နည်းပါးနေသည်။
ထို့ကြောင့် သူတို့ကဲ့သို့ လူငယ်များက စွန့်စားကာ ဤအင်မော်တယ်နယ်မြေထံပါးသို့ ဆင်းသက်လာခဲ့ရခြင်းဖြစ်၏။
စုရီက လိုက်လံဖမ်းဆီးခြင်း မပြုခဲ့ချေ။ ကြွက်တစ်ကောင်ကို ချောင်ပိတ်ရိုက်လိုသော် သေသည်အထိ ပြန်၍တိုက်ခိုက်လာနိုင်၏။
တစ်ဖက်လူသည် ကြွက်တစ်ကောင် မဟုတ်ချေ။ နတ်ဘုရားသားတော်တစ်ပါးပင်။ ထိုသို့သော တည်ရှိမှုများသည် အသက်ဘေး ကြုံရပါက တွန့်ဆုတ်ခြင်းမရှိ ဝှက်ဖဲများစွာကို ထုတ်သုံးလာမည်မှာ သေချာချေ၏။
မည်သို့ပင်ဆိုစေကာမူ ဤတိုက်ပွဲသည် အလွန်အန္တရာယ်များလှသော်လည်း ထိုက်ဟဲ အဆင့် ကျွမ်းကျင်သူကို သတ်နိုင်ခဲ့၏။
ထို့နောက် တုန့်တိုင်းခြင်းမရှိ ဤအရပ်မှချက်ချင်းဆုတ်ခွာကာ ဘေးကင်းရာ၌ ခွန်အားများပြန်လည်ရယူရန် ဆုံးဖြတ် လိုက်တော့သည်။
သူ့အတွက် ဒဏ်ရာရခြင်း မရှိသော်မှ ကမ္ဘာတစ်သောင်သစ်ပင်၏ နယ်နိမိတ်များကို ချိုးဖျက်ခြင်းစွမ်းအား အသုံးပြုခဲ့ရသဖြင့် တာအို စွမ်းအင်များစွာ ကုန်ခန်းသွားခဲ့ရ၏။
လက်ရှိ ခန့်မှန်းချက်အရ ဤနယ်နိမိတ်များချိုးဖျက်ခြင်း စွမ်းအားအပေါ် အများဆုံးနှစ်ကြိမ်ခန့်သာ ထပ်မံအသုံးပြု နိုင်တော့မည် ဖြစ်သည်။
ကမ္ဘာတစ်သောင်းသစ်ပင်၏ စွမ်းအားများ ပြန်လည်ဖြည့်တင်းရန်အတွက်လည်း လဝက်မျှ ကြာမြင့်နိုင်ပေဦးမည်။
ရက်အနည်းငယ် ကုန်လွန်ပြီးနောက် ဆိတ်သုဉ်းသော ကျွန်းငယ်လေးတစ်ခုပေါ်တွင် စုရီတစ်ယောက် မျက်ဝန်းများ ပြန်ဖွင့်လာ၏။
“ သစ်ရိုင်းကျွန်းကို သွားဖို့အချိန်တန်ပြီ။ ”
နဂါးနန်းတော် အပျက်အစီးနယ်မြေ ဖွင့်လှစ်ရန် ချိန်းဆိုမှုအတွက် ခြောက်ရက်သာ ကျန်ရှိပေတော့သည်။
ဤသွေးဝဲပင်လယ်မှ ထိုသစ်ရိုင်းကျွန်းသို့ ခရီးနှင်ရန် အနည်းဆုံး သုံးရက်ခန့် ကြာမြင့်မည် ဖြစ်သည်။ လမ်းခရီးတွင် အခက်အခဲများ ကြုံရပါက ပိုမိုကြာမြင့်နိုင်ချေ၏။
“ မင်း ကောင်းကင်ဆန္ဒမီးဖိုထဲမှာပဲနေပါ နဂါးနန်းတော် အပျက်အစီးတွေထဲ ရောက်ရင် မင်းရဲ့မျိုးဆက်သွေးအတွက် နဂါးမျိုးနွယ်နဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ ရှိမလားဆိုတာ ငါ ကြည့်ပေးမယ်။ ”
စုရီက နဂါးနီသခင်ကို ဆက်သွယ် ပြောကြားလိုက်သည်။ နဂါးနီသည် ထိုက်ယီ ဂိုဏ်း၏ အဓိက ပစ်မှတ်ထားခြင်းကို ခံထားရသူ ဖြစ်လေသည်။
ထို့ကြောင့် သူနှင့်အတူ ရှိနေသည်ကို တစ်စုံတစ်ဦးမှ မြင်တွေ့သွားသော စစ်မှန်သော အထောက်အထားမှာ မလွဲမသွေ ဖော်ထုတ် ခံရမည် ဖြစ်၏။
“ နားလည်ပါပြီ။ ”
နဂါးနီမှ နာခံစွာ သဘောတူလိုက်သည်။ စုရီတစ်ယောက် လှေငယ်တစ်စင်းထုတ်ယူကာ ပင်လယ်ပြင်အတိုင်း ခရီးဆက်လာ၏။
ပင်လယ်ကြမ်းပြင်အောက်ရှိ သားရဲကြီးငယ်များစွာသည် သူ့ရောင်ဝါကြောင့် ထကြွလာသော်လည်း ကောင်းကင်ဆန္ဒမီးဖိုကြီး အတွင်းရှိ နဂါးနီ၏ ကြီးစိုးလွန်းသောသွေးရနံ့ကို ခံစားမိကာ ပြန်လည်ငုပ်လျိုးကုန်သည်။
ထိုစဉ် အခြားတစ်ဖက်၌ ကောင်းကင်ပေါ်ဖြတ်ပျံကာ ခရီးနှင်နေသော လူရိပ်နှစ်ရိပ်ကို မြင်လိုက်ရလေသည်။
***