အခန်း ၁၃၂၀
Vol. 110 Ch. 1320
အခန်း ၁၃၂၀ -
မိတ်ဆွေဟောင်းကြီးသတင်း ... ။
ဤသည်မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ အမျိုးသမီးသည် ရိုးရှင်းသော ဖျင်ကြမ်းအဝတ်အစားများကို ဆင်မြန်းထားသော်လည်း သာလွန်ထူးခြားသော လေထုကိုပေးဆောင်နေ၏။
အထူးသဖြင့် သူမ၏ သွယ်လျဖြောင့်တန်းသော ကျောက်စိမ်းကဲ့သို့ ပေါင်တံများသည် ကျက်သရေရှိရှိဖြင့် ဆွဲဆောင်မှုများ ရှိလာစေသည်။
အမျိုးသားဖြစ်သူသည် ခါးတွင် ဓားရှည်တစ်လက်ချိတ်ဆွဲလျက် အေးစက်စက် ခက်ထန်သော အမူအရာ ရှိနေ၏။
ရှစ်နင်နှင့် သူမ၏ အစေခံ အမျိုးသား ဖန်ကျူဖြစ်သည်။ ရှစ်နင်က ပင်လယ်ပြင်တွင် လွင့်မျောနေသော လှေငယ်တစ်စင်းကို သတိထားမိကာ ဆင်းသက်လာ၏။
“ ဘာတွေအလျင်လိုနေတာလဲ။ ”
စုရီမှ ရှစ်နင်ကို မြင်သည်နှင့် မေးမြန်းလိုက်သည်။ ဖန်ကျူက သူမအစား ဝင်ရောက် ဖြေကြားပေးလာ၏။
“ သခင်မလေးက မင်းရဲ့ ဘေးကင်းရေးအတွက် စိုးရိမ်နေတာ ဒါကြောင့် မင်းကိုရှာဖို့ အလျင်လိုနေတာပါ။ ”
စုရီမှ နားလည်သွားသည်။ ရှစ်နင်သည် ချင်းကျန်းမှ သူ့ကိုတိုက်ခိုက်လိမ့်မည်ဟု မှန်းဆ ထားသဖြင့် သွေးဝဲပင်လယ်သို့ လိုက်လာခဲ့ခြင်း ဖြစ်လေသည်။
သို့သော် သူမရောက်လာချိန်တွင် တိုက်ပွဲမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်၏။ ရှစ်နင်မှ ပတ်ဝန်းကျင်ထံ ဝေ့ကြည့်ကာ၊
“ ချင်းကျန်းနဲ့ တွေ့ခဲ့လား။ ”
-ဟု မေးမြန်းလိုက်သည်။ စုရီမှ ခေါင်းညိတ်ပြလိုက်ပြီး မနေ့က ဖြစ်ပျက်ခဲ့သည့် တိုက်ပွဲအကြောင်း ပြန်ပြောပြ၏။
ဖြစ်စဉ်ကို နားထောင်ပြီးနောက် ရှစ်နင်တစ်ယောက် မျက်ခုံးများ အနည်းငယ် ပင့်လိုက်လေသည်။
သူမ၏ တောက်ပသော မျက်ဝန်းများက ထူးဆန်းသော အလင်းရောင်များဖြင့် လက်ခနဲ ဖြတ်ပြေးသွား၏။ ဖန်ကျူမှာမူ အလွန်အမင်း အံ့အားသင့်လျက်၊
“ ချင်းကျန်းဘေးက အစေခံအဖွားကြီးရွှီးကွေယင်ကို မင်းတကယ် သတ်လိုက်တာလား ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ သူမက ...
... ထိပ်တန်း ထိုက်ဟဲအဆင့် ကျွမ်းကျင်သူတစ်ယောက်ပဲ ... အင်မော်တယ် ဘုရင်တစ်ပါးက သတ်နိုင်တယ်ဆိုတာ အဓိပ္ပါယ်မရှိပါဘူး။ ”
-ဟု ရေရွတ်လိုက်၏။ စုရီက ရှင်းပြရန် ပျင်းရိလာသဖြင့်၊
“ သူမကို နတ်ဘုရားကပ်ဘေး ထိမှန်သွားတယ်။ ”
-ဟုသာ ဖြေကြားခဲ့သည်။
“ ချင်းကျန်းက ဒီအတိုင်း ရပ်ကြည့်နေတာလား ... အဲဒီကောင်လေးရဲ့ ကျင့်ကြံမှုက ထိုက်ရွှမ်အဆင့် ပြီးပြည့်စုံခြင်းကို ရောက်နေပါပြီ ... သူက ဘာလို့ ... ။ ”
“ ဒါက ပုံမှန်ပါပဲ ... ချင်းကျန်းက အနာဂတ်မှာ နတ်ဘုရားတစ်ပါးဖြစ်လာဖို့ သူ့ရဲ့ တာအိုအုတ်မြစ်ကို အထိခိုက်မခံနိုင်ဘူး ... ဒါကြောင့် သူ စစ်မှန်တဲ့ စွမ်းအားကို ထုတ်သုံးဝံ့မှာမဟုတ်ဘူး။ ”
ရှစ်နင်က ဖန်လျူမေးခွန်းကို ဖြတ်ပြောလိုက်၏။ ဖန်ကျူတစ်ယောက် တိတ်ဆိတ်သွားလေသည်။
ချင်းကျန်းမှ စစ်မှန်သော စွမ်းအားကို ထုတ်မသုံးလျှင်ပင် သူနှင့် အဖွားကြီးရွှီးကွေယင် ပိုင်ဆိုင်သည့်စွမ်းအားမှာ ထိုက်ဝူအဆင့် ကျင့်ကြံသူတစ်ဦးအပေါ် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းရှိသည်။
သို့သော် ဤလီရွှမ်ကြွယ်သည် ကနဦး အင်မော်တယ်ဘုရင် အဆင့်တွင်သာ ရှိနေ၏။ ထိုနှစ်ဦးကို မည်သို့ ယှဉ်ပြိုင်နိုင်ခဲ့သနည်း။
ထိုသို့သော လူငယ်သည် သူ၏ မိန်းကလေးရှစ်ထံ ချဉ်းကပ်ခဲ့သည်မှာ လျှို့ဝှက် အကြံအစည်များ ရှိနေနိုင်ပေမည်။
“ ငါအခုပဲ သစ်ရိုင်းကျွန်းကို သွားနေတာ မင်းတို့စိတ်မရှိရင် အတူတူလိုက်လာလို့ရတယ်။ ”
စုရီက ပြုံးလျက် ဖိတ်ကြားလိုက်သည်။ ရှစ်နင်မှ ခေါင်းညိတ်ပြီး၊
“ ဒါဆိုရင်တော့ အားနာမနေတော့ဘူး။ ”
-ဟု ဆိုကာ သုံးယောက်သား လှေငယ်ပေါ်တက်၍ ခရီးဆက်ခဲ့ကြ၏။ စုရီက ဝိုင်တစ်ငုံသောက်လိုက်ပြီး၊
“ မင်းရဲ့ အခြေအနေက မကောင်းဘူးလို့ ချင်းကျန်းပြောတာကို ကြားခဲ့ရတယ် အဆင်ပြေ ခဲ့ရဲ့လား။ ”
-ဟု မေးမြန်းလိုက်၏။
“ စိတ်ပူစရာ မရှိပါဘူး အဆင်ပြေတယ်၊ ငါ့မှာပြောစရာရှိတယ် လွန်ခဲ့တဲ့ရက်အနည်းငယ် လောက်က နတ်ဆိုးတစ်ထောင်ကျွန်းအနားမှာ ထူခြားတဲ့ လှေငယ်လေးတစ်စင်းကို တွေ့ခဲ့ရတယ်။ ”
“ ဟုတ်လား သူက ဘယ်လိုလဲ။ ”
စုရီမှ စိတ်ဝင်စားလာသည်။
“ တကယ်ပဲ ဆန်းကြယ်တယ် ငါသူ့ကို မမြင်နိုင်ဘူး ... ဒါပေမယ့် သူက ငါ့ကိုဖောက်မြင် နေတယ်လို့ ခံစားခဲ့ရတယ် ... ပြီးတော့ ထူးထူးခြားခြား ငါ့ကိုဖော်ရွေနေတယ်။ ”
ရှစ်နင်မျက်နှာတွင် နားမလည်နိုင်သော အရိပ်အယောင်အချို့ ဖြတ်ပြေးသွားလေသည်။ စုရီပင် မျက်ခုံးပင့်လျက်၊
“ အဲဒီလှေပေါ်မှာ တစ်ယောက်ယောက် ရှိနေလို့လား။ ”
“ မရှိဘူး ... အရာအားလုံးရှင်းတယ် ဒါပေမယ့် ငါ့ရဲ့ရတာနကြေးမုံကို ထုတ်ယူကြည့် လိုက်တော့ လှေပေါ်မှာ မှုန်ဝါးဝါးရပ်နေတဲ့ အရိပ်တစ်ရိပ်ကို မြင်လာရတယ် ...
... သူက ငါအဲဒီရတနာကြေးမုံနဲ့ မြင်နိုင်မှန်းသိတာနဲ့ ချက်ချင်း ထွက်ပြေး သွားတော့တယ်။ ”
ထို့နောက် နှစ်ယောက်သား တိတ်ဆိတ်သွားတော့၏။ ဤသည်မှာ ကြယ်ပျံ လှေဖြစ်ပေမည်။ ယခုကဲ့သို့ နဂါးနန်းတော် အပျက်အစီးပွင့်တော့မည့် အချိန်တွင် ထွက်ပေါ် လာခဲ့သည်မှာ ပုံမှန်မဟုတ်ချေ။
တစ်ဖက်တွင် ရှစ်နင်သည် အခြားတစ်ဖက်သို့ အာရုံပြောင်းသွားကာ စုရီထံ တွန့်ဆုတ်စွာကြည့်၏။
“ မင်းမှာ ပြောစရာရှိလား။ ”
စုရီမှ မေးမြန်းလိုက်သည်။ ဖန်ကျူက ရှစ်နင်ထံကြည့်ကာ၊
“မိန်းကလေး ... မင်းတာအိုလီကို ဒုက္ခမပေးချင်ဘူးဆိုတာ ဒီအဖိုးကြီးသိပါတယ် ဒါပေမဲ့ သူလည်း ငါတို့နဲ့အတူ နဂါးနန်းတော် အပျက်အစီးတွေဆီ သွားမှာမို့ ...
... ငါ့အမြင်အရတော့ ဒီအကြောင်းကို ပြောပြထားသင့်တယ်မဟုတ်လား မဟုတ်ရင် ဒီပြဿနာကြီးထဲ မသိဘဲ ပါလာနိုင်တယ်။ ”
-ဟု တိုက်တွန်းလိုက်၏။
“ ပြောပါ ... ငါ ကူညီနိုင်တာ ရှိရင် ကူညီပေးပါ့မယ်။ ”
စုရီမှလည်း ပြုံးလျက် ခေါင်းညိတ်ပြ၏။ အဆုံးတွင်ဖန်ကျူသည် ရှစ်နင်ထံလှည့်ကြည့်ပြီး ဟန့်တားခြင်းမပြုကြောင်း မြင်ချိန်၌ အကြောင်းအရာကို ပြောကြားလာ၏။
“ ဒီကိစ္စက ရိုးရှင်းပါတယ် ... ငါတို့မိန်းကလေးရဲ့ ရန်သူတစ်ယောက်လည်း နဂါးနန်းတော် အပျက်အစီး ခရီးစဉ်မှာ ပါဝင်လာပါတယ်။ ”
“ သူက အရမ်း အစွမ်းထက်လို့လား။ ”
စုရီ ပြန်မေးလိုက်သည်။ ဖန်ကျူက မျက်မှောင်ကြုတ်ကာ လေးနက်သောအသံဖြင့် သက်ပြင်းချကာ၊
“ တာအိုလီက အင်မော်တယ်မြေမှာ ရှင်သန်ရတာမို့ နတ်ဘုရားနယ်မြေရဲ့ကိစ္စကို နားမလည်တာ သဘာဝပါ ...
... ဒီတစ်ခါ အင်မော်တယ်မြေကို ဆင်းသက်လာတဲ့ နတ်ဘုရားသားတော်တွေထဲ သူ့ကို ပြိုင်ဘက်ကင်းပါရမီရှင်လို့တောင် တင်စားကြတယ် သူက ...
... ဒီမတိုင်မီက နတ်ဘုရားအဖြစ် တက်လှမ်းခွင့်ရခဲ့ပေမယ် သာမန်နတ်ဘုရား အဆင့် တာအိုစည်းမျဉ်းတွေကို မကျေနပ်လို့ စွန့်လွှတ်ခဲ့တယ် ... ။ ”
-ဟု ရှင်းပြလာသည်။
ဖန်ကျူအမူအရာအရ ထိုသူသည် မည်မျှအစွမ်းထက်ကြောင်း စုရီမှန်းဆနိုင်သည်။ ထို့ကြောင့် စိတ်ဝင်စားသွားကာ၊ ‘သူ့နာမည်က ဘယ်သူလဲ’-ဟု မေးလိုက်၏။
“ မိုးပြာနတ်ဘုရားရဲ့ မျိုးဆက် ... နတ်ဘုရားနယ်မြေကြီးရဲ့ ရှေးဟောင်းမျိုးနွယ်စု တစ်ခုဖြစ်တဲ့ ချင်းမျိုးနွယ်က ချင်းရှောင်ပဲ။ ”
ထိုနာမည်ကို ကြားလိုက်ချိန်တွင် တည်ငြိမ်လွန်းသော စုရီသည်ပင် ပါးစပ်ထဲရှိ ဝိုင်များကို ချက်ချင်း ထွေးထုတ်လိုက်မိ၏။
ဤသည်မှာ တစ္ဆေငိုချောက်ကမ်းပါးတွင် သူ့လက်ချက်ကြောင့် အာကာသဥမင်မှတဆင့် ပြန်လည်ဆုတ်ခွာသွားခဲ့သော နတ်ဘုရား သားတော်ပေပင်။
“ တာအိုလီ ... မင်းဘာဖြစ်တာလဲ။ ”
စုရီတစ်ယောက် အံ့အားသင့်လျက် ဝိုင်များကို ထွေးထုတ်လာသဖြင့် ဖန်ကျူခမျာ မျက်မှောင်ကြုတ်သွားသည်။
“ ဘာမှ မဖြစ်ဘူး ... ဆက်ပြောပါ။ ”
သို့သော် ဖန်ကျူသည် ဆက်ပြောရန် စိတ်ပျက်သွားကာ၊
“ အတိုချုပ်ပြောရရင် အဲဒီလူက မိန်းကလေးရဲ့ ရန်သူပဲ ဒီခရီးစဉ်အတွက် သူက နတ်ဘုရားနယ်မြေက အင်အားစုတွေအပေါ် စုစည်းပြီး မဟာမိတ်အဖွဲ့ ဖွဲ့ထားတယ် ...
... ကျင်းကျိလျူနဲ့ ချင်းဝူတို့တောင် ... သူနဲ့အတူပူးပေါင်းကုန်တယ်လို့ ကြားထားတယ် ဒါကြောင့် မင်းငါတို့နဲ့အတူ ခရီးသွားမလား မသွားဖူးလား ဆုံးဖြတ်နိုင်တယ် တာအိုလီ။ ”
စုရီမှ ခေါင်းညိတ်လိုက်သည်။ ဖန်ကျူ ဤမျှစိုးရိမ်နေသည်မှာ အံ့သြစရာမဟုတ်ချေ။ နတ်ဘုရားသားတော်များ စုစည်းထားသော ပြိုင်ဘက်မှာ အမှန်ပင်ဒုက္ခပေးနိုင်၏။
“ မင်း ... အခုနောက်ဆုတ်ချင်ရင် မိန်းကလေးနဲ့ငါက မင်းအပေါ်ကိုအပြစ်တင်မှာ မဟုတ်သလို လှောင်ပြောင်မှာလည်း မဟုတ်ပါဘူး။ ”
စုရီမှ တိတ်ဆိတ်နေသဖြင့် ဖန်လျူက ထပ်ပြောလာလေသည်။ ရှစ်နင်တစ်ယောက် စုရီထံ တိတ်ဆိတ်စွာ ကြည့်နေ၏။
“ မင်းဘာလို့ ငါ့ကို နောက်ဆုတ်ဖို့ အကြိမ်ကြိမ်ပြောနေရတာလဲ။ ”
စုရီမှ ဖန်ကျူထံ ပြန်ကြည့်လိုက်၏။ ဖန်ကျူတစ်ယောက် စကားများပျောက်ဆုံးသွား လေသည်။ လက်ရှိ အင်မော်တယ်နယ်မြေတွင် ချင်းရှောင်ကဲ့သို့သော နတ်ဘုရားသားတော်ကို မည်သည့်အင်အားစုသည် ဆန့်ကျင်ဝံ့သနည်း။
သူ့စကားများမှာ လွန်အံ့မထင်ချေ။ တစ်လျှောက်လုံး တိတ်ဆိတ်နေသော ရှစ်နင်က ပြုံးလျက်ဖြင့် ဝင်ပြောလာသည်။
“ ဖန်ကျူက မင်းကို အန္တရာယ်မဖြစ်စေချင်လို့ ပြောတာပါ ... စိတ်ထဲ မထားပါနဲ့ တာအိုလီ။ ”
“ ကောင်းပြီ ... ငါတို့က အခု တစ်လှေတည်းစီးနေတဲ့ ခရီးဖော်တွေဖြစ်နေပြီ မုန်တိုင်းတွေကို အတူရင်ဆိုင်ရအောင်။ ”
“ ဒါပေမယ့် မင်းအတွက် မလိုအပ်ပါဘူး ရှောင်လို့ရတယ်မဟုတ်လား။ ”
“ ဘာလို့ရှောင်ရမှာလဲ ... သူက နတ်ဘုရားသားတော် ဖြစ်နေတာနဲ့တင် ဒီမှာ အရာအားလုံးလုပ်နိုင်မယ် ဘယ်သူပြောလဲ။ ”
ထိုစကားကြောင့် ရှစ်နင်နှင့် ဖန်ကျူက အချင်းချင်း ပြန်လှည့်ကြည့်လိုက်၏။ ဖန်ကျူမှ ဤမျှမောက်မာသောလူငယ်မျိုး သူ့ဘဝတွင် မမြင်ဖူးသဖြင့် သက်ပြင်းချလိုက်တော့သည်။
***