← Chapters

တစ်ခုခုမှားနေတာလား

Vol. 46 Ch. 635

တစ်ခုခုမှားနေတာလား

Vol. 46 Ch. 635

မြင့်မြတ်သောတမာန်တော်ရွေးချယ်ပွဲ စတင်တော့မည်ဆိုသော ဧကရာဇ်ရိတန်း၏ ကြေညာချက်ကြောင့် အားလုံး တိတ်ဆိတ်သွားကြသည်။

ထိုသည်မှာ အခမ်းအနား၏ အရေးအကြီးဆုံးသောအချိန် ဖြစ်သဖြင့် ဆက်လက်၍သာ စကားစမြည် ပြောဆိုနေပါက ဧကရာဇ်ရိတန်း၏ ကြောက်မက်ဖွယ် လက်သီးအား မြည်းကြည့်လိုက်ရပေလိမ့်မည်။

"မြင့်မြတ်သောတမာန်တော် မျိုးဆက်သစ်ကို ရွေးချယ်ပေးရန်အတွက် သွေးမျိုးနွယ်စုခေါင်းဆောင်ကြီးအား ရိုသေလေးစားစွာ ဖိတ်ကြားအပ်ပါတယ်ခင်ဗျား....."

ဧကရာဇ်ရိတန်း၏ အမူအရာမှာ လေးလေးနက်နက် ရှိလှသည်။

ကောင်းကင်ထက်တွင် ရှိနေသော တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူသည် အနက်ရောင်ခွက်တစ်ခုထဲမှ မဟူရာသွေးစက်တစ်စက်အား ရယူလိုက်သည်။

ထိုသွေးစက် ပေါ်ထွက်လာသည်နှင့် ကျောချမ်းဖွယ် အရှိန်အဝါမှာ ပတ်ဝန်းကျင် တစ်ခုလုံးအား လွှမ်းမိုးသွားလေသည်။ ကောင်းကင်တခွင်လုံးပင် ပြိုကျတော့မည်ဟု ထင်မှတ်ရပြီး သွေးမျိုးနွယ်စု ကျင့်ကြံသူများမှာလည်း ဘိုးဘေးဥသျှောင်ထံမှ စူးစိုက်ကြည့်ရှုခံနေရသလို ခံစားမိနေကြသည်။ ရှေးဟောင်းသွေးမျိုးဆက်၏ အရှိန်အဝါကြောင့် ပြင်းထန်သော ဖိအားများ ထွက်ပေါ်နေပြီး သွေးမျိုးနွယ်စု ကျင့်ကြံသူများအားလုံးမှာ ခေါင်းပင်မမော့ရဲကြပေ။

ထိုသည်မှာ သွေးမျိုးနွယ်စုခေါင်းဆောင်၏ သွေးစက်ပင် ဖြစ်သည်။

"သွားတော့....."

သွေးမြူများကြား ရှိနေသော တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူသည် လက်ချောင်းအား လှုပ်ရှားလိုက်သည်နှင့် သွေးမျိုးနွယ်စုခေါင်းဆောင်၏ သွေးစက်မှာ တောင်ထိပ်ပေါ်သို့ ဆင်းသက်လာပြီး ရုပ်ထု၏ မျက်ခုံးနှစ်ခုကြား နေရာသို့ စီးဝင်သွားသည်။

ဝုန်း.....

တုန်ခါမှုတစ်ခုနှင့်အတူ ထူးခြားသော အရှိန်အဝါများ ဖြာထွက်လာလေသည်။

ရှေးဟောင်းသွေးမျိုးဆက်ကြောင့် ရှိနေသော ကျောချမ်းဖွယ် ဖိအားများ ပျောက်ကွယ်သွားပြီး အားလုံးမှာ ဝန်ထုပ်ဝန်ပိုးကြီး လျော့ကျသွားသလို ခံစားလိုက်ရသည်။

သွေးမျိုးနွယ်စုခေါင်းဆောင်၏ ရုပ်ထုမှာလည်း အသက်ဝင်လာသည့်အလား ကြွယ်ဝသော သက်ရှိစွမ်းအင်များ ဖြာထွက်နေသည်ကို တွေ့လိုက်ရသည်။

"မြင့်မြတ်သောတမာန်တော်ကို ရွေးချယ်ပေးပါရန် သွေးမျိုးနွယ်စုခေါင်းဆောင်ကြီးအား ရိတန်းမှ တောင်းဆိုအပ်ပါတယ်။"

ဧကရာဇ်ရိတန်း အရိုအသေ ပေးလိုက်သည်။

ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူ သုံးဆယ့်ခြောက်ဦးမှာ တညီတညွတ်တည်း သွေးများဖောက်ထုတ်လိုက်ကြသည်။ ၎င်းတို့၏ သွေးစက်များသည် ကောင်းကင်ထက်သို့ ပျံဝဲသွားကာ သွေးမျိုးနွယ်စုခေါင်းဆောင်၏ ဆုံးဖြတ်ချက်အား စောင့်ဆိုင်းနေလေသည်။

စောင့်ကြည့်နေကြသော အနက်ရောင်ဝတ်စုံနှင့် သွေးမျိုးနွယ်စု ကျင့်ကြံသူများမှာ အသက်ရှူသံများပင် မြန်ဆန်လာရသည်။

သွေးမျိုးနွယ်စုခေါင်းဆောင်သည် လေဒင်နှင့် အာဒါ နှစ်ဦးထဲမှ တစ်ဦးကိုသာ ရွေးချယ်လိမ့်မည်ဟု တထစ်ချ ယုံကြည်ထားကြသည်။

သွေးစက်ရွေးချယ်ခြင်း ခံရသူသည် မြင့်မြတ်သောတမာန်တော် မျိုးဆက်သစ် ဖြစ်လာပေလိမ့်မည်။

ယခင် မြင့်မြတ်သောတမာန်တော်သည် ကောင်းကင်ထက်ရှိ သွေးမြူများကြား ရှိနေသော တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ဧကရာဇ်အန်းမန်ပင်။ ၎င်းသည် မြင့်မြတ်သောတမာန်တော် ဖြစ်လာခဲ့သည်မှာ နှစ်တစ်သောင်း ကြာမြင့်ခဲ့လေပြီ။ ရွေးချယ်ပွဲ အခမ်းအနား ကျင်းပရန် မည်မျှကြာမြင့်သည်ကို ကြည့်ချင်းအားဖြင့် မြင့်မြတ်သောတမာန်တော်၏ အဆင့်အတန်းသည် လွန်စွာမြင့်မားမည်ဖြစ်ကြောင်း သိရှိနိုင်သည်။

မြင့်မြတ်သောတမာန်တော် မျိုးဆက်သစ်သည်လည်း သွေးမျိုးနွယ်စု၏ တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူဖြစ်လာရန် ရာခိုင်နှုန်း အတော်များသည်။

ထိုမြင့်မြတ်သောတမာန်တော် မျိုးဆက်သစ်သည် လေဒင်နှင့် အာဒါ နှစ်ဦးထဲမှ တစ်ဦးသာ ဖြစ်လိမ့်မည်။

သွေးနီရောင် ရုပ်ထုမှာ စတင်လှုပ်ရှားလာသည်။ ၎င်း၏ လှုပ်ရှားမှုများသည် နှေးကွေးလွန်းလှပါသော်လည်း အားလုံးမှာ အပြည့်အဝ အာရုံစိုက်နေကြပြီး ဧကရာဇ်အန်းမန်နှင့် ဧကရာဇ်ရိတန်းတို့သည်ပင် စိတ်လှုပ်ရှားနေကြသည်။

သွေးမျိုးနွယ်စုခေါင်းဆောင်သည် လက်ထဲတွင် ရှိနေသော အရိုးခေါင်းဖြင့် တစ်နေရာအား ညွှန်ပြလိုက်သည်။

လေဒင်၏ မျက်နှာမှာ တည်ငြိမ်နေပါသော်လည်း စိတ်ထဲတွင် ဗြောင်းဆန်ရွှင်မြူးနေလေပြီ။

အာဒါမှာ အနည်းငယ် စိတ်ပျက်ကာ သက်ပြင်းချလိုက်သည်။

သူမနှင့် လေဒင်တို့သည် ဆန့်ကျင်ဘက်အရပ်တွင် ရှိနေကြပြီး သွေးမျိုးနွယ်စုခေါင်းဆောင်၏ အရိုးခေါင်း ညွှန်ပြနေသည်မှာ လေဒင်ရှိရာဘက် ဖြစ်သည်။

စောင့်ကြည့်နေသော သွေးမျိုးနွယ်စု ကျင့်ကြံသူများမှာ အမူအရာ အမျိုးမျိုး ဖြစ်နေကြသည်။ အချို့မှာ ပျော်ရွှင်နေပြီး အချို့မှာ အားမလိုအားမရ ဖြစ်နေသည်။ အချို့ဆိုလျှင် အံတကြိတ်ကြိတ်နှင့် ဒေါသပင် ထွက်နေကြသေးသည်။ မည်သို့ပင်ဆိုစေကာမူ အရာအားလုံးမှာ သွေးမျိုးနွယ်စုခေါင်းဆောင်၏ ရွေးချယ်မှုပေါ်တွင်သာ မူတည်နေပေသည်။

အရိုးခေါင်းမှ အနီရောင် အလင်းတန်းများ ပေါ်ထွက်လာသည်နှင့်အတူ သွေးစက်တစ်စက်မှာ ဆွဲယူခံလိုက်ရသည်။

လေဒင် အောင်ပွဲခံတော့မည့် အချိန်မှာပင် မျက်နှာပျက်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားရလေသည်။

အခြားသော သွေးမျိုးနွယ်စု ကျင့်ကြံသူများမှာလည်း သရဲတွေ့လိုက်သလို အေးခဲတောင့်တင်းကုန်သည်။

သွေးစက်တစ်စက် မဟုတ်ပဲ သုံးစက်မှာ သွေးမျိုးနွယ်စုခေါင်းဆောင်၏ ပါးစပ်ထဲ ဝင်ရောက်သွားသည်။

သွေးမျိုးနွယ်စုခေါင်းဆောင်သည် ကျေနပ်အားရနေဟန်ဖြင့် ပြုံးလိုက်ပြီးနောက် ဖြည်းညင်းစွာဖြင့် ရုပ်ထုအသွင်အတိုင်း ပြန်ဖြစ်သွားသည်။

ဧကရာဇ်ရိတန်းသာမက ကောင်းကင်ထက်တွင် ရှိနေသော ဧကရာဇ်အန်းမန်ပါ ကြောင်တောင်တောင် ဖြစ်သွားရသည်။

အာဒါမှာလည်း မျက်လုံးအပြူးသားဖြင့် လေဒင်၏ နောက်တွင်ရှိနေသော လူသုံးဦးအား ကြည့်ရှုလိုက်မိသည်။

သူမတင်မက အခြားသော ရွေးချယ်ခံများနှင့် အခမ်းအနားကို စောင့်ကြည့်နေသူများသည်လည်း မယုံကြည်နိုင် ဖြစ်နေသည်။

အများ၏ အာရုံစိုက်ခြင်းကို ရုတ်တရက် ခံယူလိုက်ရသော သွေးမျိုးနွယ်စု ကျင့်ကြံသူ သုံးဦးမှာလည်း ပြောင်းလဲသွားသော အခြေအနေများအပေါ် လိုက်မမှီနိုင် ဖြစ်ကုန်သည်။

ထိုကျင့်ကြံသူ သုံးဦးမှာ ကတ်စီဒီ၊ မာလင်နှင့် တိုဘိယတို့ဖြစ်ပြီး ၎င်းတို့သည် အခမ်းအနားအတွက် လူပိုသက်သက်ဟုသာ တွေးထင်ထားခဲ့ပါသော်လည်း ဖြစ်ပျက်သွားသော အကြောင်းအရာများမှာ ထင်မှတ်ထားသည်နှင့် တက်တက်စင်အောင် လွဲနေသည်။

လေဒင်မှာ နောက်သို့လှည့်ကြည့်လိုက်ပြီးနောက် တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပေ။

"ဘယ်....ဘယ်လိုလုပ် မင်းတို့ဖြစ်နေရတာလဲ။ ဘာ....ဘာတွေဖြစ်ကုန်တာလဲ။"

၎င်းတို့သုံးဦးသည် လက်ရှိရွေးချယ်ခံ သုံးဆယ့်ခြောက်ဦးထဲတွင် ပြောပရလောက်အောင် ထူးချွန်ကြသူများ မဟုတ်ပေ။ တိုဘိယ တစ်ဦးတည်းကသာ သွေးမျိုးနွယ်စုခေါင်းဆောင်၏ မြင့်မြတ်သောတမာန်တော်အဖြစ် ရွေးချယ်ခံရရန် အခွင့်အရေး အနည်းငယ် ရှိသည်။

မည်သို့ပင်ဆိုစေကာမူ သွေးမျိုးနွယ်စုခေါင်းဆောင်သည် ၎င်းတို့သုံးဦး၏ သွေးစက်များအား တစ်ချိန်တည်းတွင် စုပ်ယူသွားသောကြောင့် မည်သို့ဖြစ်ပျက်နေသည်ကို အမှန်တကယ် နားမလည်နိုင်တော့ပေ။

ဧကရာဇ်ရိတန်း၏ မျက်ဝန်းထဲမှ သွေးနီရောင် အလင်းတန်းများ ဖြာထွက်လာပြီးနောက် ကီလိုမီတာ ငါးဆယ်ဝန်းကျင်အား စစ်ဆေးလိုက်ပါသော်လည်း မည်သည့်ထူးခြားမှုမှ ရှိမနေပေ။

ဧကရာဇ်အန်းမန်၏ လက်ဝါးထက်တွင် မဟူရာမျက်ဝန်းတစ်ခု ပေါ်ထွက်လာကာ သွေးမျိုးနွယ်စုခေါင်းဆောင် ရုပ်ထုအား သေသေချာချာ ကြည့်ရှုနေပါသော်လည်း မူမမှန်သောအရာ မရှိပေ။

ပတ်ဝန်းကျင် တစ်ခုလုံးမှာ လေလည်သံပင် ကြားရလောက်အောင် တိတ်ဆိတ်နေလေပြီ။

"တစ်ခုခု မှားနေတာလား။"

ဧကရာဇ်ရိတန်း စကားဆိုလိုက်သည်။

"သွေးမျိုးနွယ်စုခေါင်းဆောင်က ဘယ်တုန်းကများ ရွေးချယ်ခံ သုံးယောက်ရဲ့သွေးကို သုံးဆောင်ဖူးလို့လဲ။"

သူသည် ဧကရာဇ်အန်းမန်အား ပြောပြနေခြင်း ဖြစ်ပါသော်လည်း အခြားသော သွေးမျိုးနွယ်စု ကျင့်ကြံသူများကိုပါ ပြောပြနေသလို ခံစားရပေသည်။

ဧကရာဇ်ရိတန်းသည် ရလဒ်အား လက်မခံနိုင်ကြောင်း သိသာနေသည်။ မြင့်မြတ်သောတမာန်တော်အား ထောက်ပံ့ပေးအပ်ရသော ရင်းမြစ်များမှာ များပြားလွန်းလှသောကြောင့် ကျင့်ကြံသူ သုံးဦးအား တစ်ချိန်တည်းတွင် မပေးအပ်နိုင်ပေ။

"တစ်ခုခုက မှားနေတယ်ဆိုတာ သေချာသလောက်ပဲ။ မြင့်မြတ်သောတမာန်တော် ရွေးချယ်ပွဲကို ထပ်ကျင်းပကြတာပေါ့။"

ဧကရာဇ်ရိတန်း အကြုံပြုလိုက်သည်။

ကတ်စီဒီတို့ သုံးဦးမှာ ဒေါသထွက်သွားပါသော်လည်း ၎င်းတို့၏ အဆင့်အတန်းသည် ဧကရာဇ်ရိတန်းထက် များစွာနိမ့်ပါးနေသောကြောင့် စိတ်အလိုမကျ မဖြစ်ရဲပေ။

စောင့်ကြည့်နေသော သွေးမျိုးနွယ်စု ကျင့်ကြံသူများမှာ အံ့အားသင့်သွားပါသော်လည်း ထိုအကြံပြုချက်အား ထူးဆန်းသည်ဟု မထင်မိကြပေ။

အခြားသော ရွေးချယ်ခံများမှာမူ ဧကရာဇ်ရိတန်းအား တခဲနက် ထောက်ခံလိုက်ကြသည်။

၎င်းတို့၏ နှလုံးသားထဲတွင် မျှော်လင့်ချက်များ တောက်ပနေသည်။ ဟင်းလင်းပြင်သို့အပြန် စဦးအဆင့်သာရှိသော မာလင်သည်ပင် ရွေးချယ်ခံရသောကြောင့် ၎င်းတို့လည်း သွေးမျိုးနွယ်စုခေါင်းဆောင်၏ မျက်စိကျခြင်းကို ခံရနိုင်သည်။

ထိုသည်မှာ အခွင့်အရေး တစ်ခုပင်။

ဧကရာဇ်အန်းမန် တွေဝေသွားသည်။

"ဒါပေမယ့် သွေးမျိုးနွယ်စုခေါင်းဆောင်ရဲ့ သွေးစက်က တန်ဖိုးကြီးလွန်းတယ်။ နောက်တစ်ခါ ထပ်ပြီးရွေးချယ်ရင် ကုန်ကျစရိတ် မနည်းလောက်ဘူး။"

"အဲ့အတွက် ကုန်ကျစရိတ်ကို ကျုပ်ပဲကျခံပါ့မယ်။"

ဧကရာဇ်ရိတန်း အံကြိတ်ကာ ပြောလိုက်သည်။

ထို့နောက် လေဒင်အား လှမ်းကြည့်လိုက်လေသည်။

ဒါက ဖခင်မေတ္တာပဲ.....

လေဒင်မှာ ရင်ထဲထိသွားရသည်။

အဖေကောင်းတစ်ယောက်ဆိုတာ ဒါမျိုးပဲ....စိတ်ချပါ အဖေ....အဖေ စိတ်မပျက်စေရဘူး....

All Chapters