နောက်ထပ်အစေခံတစ်ယောက်ထားရသေးတာပေါ့
Vol. 46 Ch. 638
အန်လင်းသည်လည်း အူကြောင်ကြောင်ဖြင့် တီနာအား ကြည့်ရှုလိုက်သည်။
"ပြောဖို့မေ့သွားလို့။ နောက်တစ်ခါဆို သွေးမျိုးနွယ်စု စစ်သည်တော်တွေ အားလုံးကို မသတ်ပစ်လိုက်နဲ့နော်။ ကျောင်းသားတွေအတွက် နည်းနည်းပါးပါး ချန်ထားပေးလိုက်။ မဟုတ်ရင် သူတို့ပျင်းနေကြလိမ့်မယ်။"
"ကောင်းပြီလေ။"
တီနာ ခေါင်းညိတ်ကာ လေးလေးနက်နက် မေးလိုက်သည်။
"ရန်သူအရေအတွက် ဘယ်လောက်ကို ချန်ထားပေးရမလဲ။"
"အာ...."
အန်လင်လည်း အတွေးများသွားရသည်။ ထိုသည်မှာ ပြဿနာတစ်ခုပင်။ ကျောင်းသားများ၏ တိုက်ပွဲအတွေ့အကြုံအတွက် ရန်သူမည်မျှ ချန်ပေးထားသင့်သနည်း။
မြို့နံရံပေါ်တွင် ရှိနေသော အတန်းဖော်များကိုသာ လှမ်းမေးရတော့သည်။
"မင်းတို့တစ်ယောက်ချင်းစီအတွက် ရန်သူဘယ်လောက်လောက် ချန်ပေးထားရမလဲ။"
အတန်းဖော်များ: "......"
ဒီလိုမေးခွန်းမျိုး မေးသင့်လို့လား....ဘယ်လောက်တောင် ကြောင်တောင်တောင်နိုင်လိုက်လဲ....
"အင်း....ငါးယောက်စီလောက်ဆို အဆင်ပြေမလား မသိဘူး။"
ကျောင်းသားတစ်ဦးမှ တွေဝေစွာ ပြောလိုက်သည်။
"သပလား....နင်ယောက်ျားရော ဟုတ်ရဲ့လား။ ငါးယောက်တည်းပေါ့လေ။ ငါကတော့ ဆယ်ယောက်ချနိုင်တယ်။"
အရပ်ရှည်ရှည်၊ ပိန်ပိန်သွယ်သွယ်နှင့် ကျောင်းသူတစ်ဦးမှ အထင်သေးစွာ တုံ့ပြန်သည်။
"ဟုတ်တယ်။ ဆယ်ယောက်က ပိုဖြစ်သင့်တယ်။"
အခြားသော ကျောင်းသားတစ်ဦးမှလည်း သဘောတူလိုက်သည်။
"တစ်ယောက်ကနေ ဆယ်ယောက်ကြားပေါ့ကွာ။ များများစိန်ခေါ်ရတော့လည်း ငါတို့တွေ တိုက်ပွဲအတွေ့အကြုံ ပိုရတာပေါ့။"
"ငါလည်း တစ်ယောက်ကနေ ဆယ်ယောက်ကြားကို ပိုသဘောကျတယ်။ ကိုယ်တိုက်နိုင်သလောက် ပမာဏပါ့။"
..........
အန်လင်းမှာ ကျောင်းသားကျောင်းသူများ၏ အမြင်ကို နားထောင်ကာ အားလုံးသည် ရန်သူများများ တိုက်ခိုက်ရန် အလိုရှိသည်ဟု ယူဆလိုက်သည်။
စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့် စစ်သည်တော်သာ မဟုတ်ပါက အင်မော်တယ် ဂိုဏ်းအသီးသီးမှ ပါရမီရှင်များဖြစ်သော ထိုကျောင်းသားများသည် တာအိုခန္ဓာအဆင့် ရန်သူများအား အေးအေးဆေးဆေး တိုက်ခိုက်နိုင်ပေလိမ့်မည်။
အန်လင်း စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် တီနာအား စကားဆိုလိုက်သည်။
"သူတို့တစ်ယောက်ချင်းအတွက် ရန်သူတစ်ရာစီ ချန်ထားပေးလိုက်။"
"ကောင်းပြီ။"
တီနာ ပြုံးကာသဘောတူလိုက်သည်။
အန်လင်း၏ အတန်းဖော်များ: "......"
တစ်ယောက်ကနေ ဆယ်ယောက်ကြားဆိုတဲ့စကားကို အန်လင်းက နားမလည်တာလား.....
ဆယ်ယောက်လို့ ပြောတာလေ ဆယ်ဆလို့ ပြောတာမှ မဟုတ်တာ.....
.........
မြို့တော်၏ သွေးကန်အား ဖျက်စီးပစ်လိုက်ပြီးနောက် အန်လင်းတို့အားလုံး ဖရိုဖရဲ သတ္ထုအုတ်ခဲပေါ်တက်ကာ နောက်ထပ်နေရာတစ်ခုထံ ပျံဝဲသွားကြသည်။
စင်စစ်တွင်မူ တစ်ယောက်မှ ဆယ်ယောက်ကြားဟူသော စကားကို ကောင်းမွန်စွာ နားလည်ပါသော်လည်း စစ်သည်တော် ဆယ်ယောက်ကို တိုက်ခိုက်ရုံမျှဖြင့် တိုက်ပွဲအတွေ့အကြုံရရန် မဆိုထားနှင့် စိတ်ပင်ကျေနပ်မည် မဟုတ်ပေ။ ထိုသည်မှာ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ဆယ်ခုရှာခိုင်းသော မစ်ရှင်ကဲ့သို့ပင် စိတ်လှုပ်ရှားပင် မရှိပေ။
ထို့ကြောင့် အယောက်တစ်ရာအထိ မြှင့်တင်လိုက်ခြင်း ဖြစ်သည်။
ထိုမှသာ ကျောင်းသားများအတွက်လည်း စိန်ခေါ်မှု ဖြစ်စေပြီး လိုအပ်သော အတွေ့အကြုံများ ရရှိစေနိုင်လိမ့်မည်။
သူသည် ထိုသို့ဆုံးဖြတ်လိုက်ရခြင်းအပေါ် ကျေနပ်နေမိသည်။
..........
ဓားထောင်ချီမြို့တော်၌
သွေးမျိုးနွယ်စု စစ်သည်တော် နှစ်သောင်းသည် မြို့နံရံများတွင် အသင့်အနေအထားဖြင့် နေရာယူထားကြသည်။
အနီရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦးမှာ မြို့စားမင်းပုလ္လင်ပေါ်တွင် ရှိနေသည်။
အနက်ရောင်ဝတ်စုံနှင့် အမျိုးသားသည် အနီရောင်ဝတ်စုံနှင့် အမျိုးသားအား လက်ဖက်ရည်တစ်ခွက် ထည့်ပေးလိုက်သည်။
"မဟူရာအဆိပ်သခင်....ခင်ဗျား တကယ်ပဲ ကောင်းကင်ဘုံခုံရုံးက လွှတ်လိုက်တဲ့ ကျောင်းသားတွေကို အပြတ်ရှင်းမလို့လား။"
မြို့စားမင်း စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"ဟမ့်....သူတို့တွေက အနက်ရောင်စိမ့်တောရဲ့ အရှေ့ဘက်က မြို့တော်တွေအားလုံးကို ဖျက်စီးချင်မှတော့ ငါ့ကိုရက်စက်တယ်လို့ အဆိုးမဆိုနဲ့။"
မဟူရာအဆိပ်သခင်သည် မြင့်မြတ်သောတမာန်တော် ရွေးချယ်ပွဲတွင် လေဒင် ရှုံးနိမ့်ခဲ့ရသောကြောင့် အတော်ပင် စိတ်ဆင်းရဲနေခဲ့သည်။ ထိုသည်ကို ကောင်းကင်ဘုံခုံရုံးမှပါ စိတ်ဒုက္ခပေးလာသဖြင့် သည်းမခံနိုင်တော့ပေ။
သွေးမျိုးနွယ်စု ကျင့်ကြံသူများသည် အကြောက်အလန့် မရှိကြသောကြောင့် ကျောင်းသားများအား သတ်ဖြတ်ခြင်းအပေါ် မည်သို့မျှ ခံစားရမည် မဟုတ်ပေ။ ကောင်းကင်ဘုံခုံရုံးအား ဒေါသထွက်စေခဲ့လျှင်ပင် အနက်ရောင်စိမ့်တော၏ ဗဟိုဒေသ၌ ပုန်းကွယ်နေထိုင်၍ရပေသည်။
မြို့စားမင်း သဘောကျစွာ ပြုံးလိုက်သည်။
မဟူရာအဆိပ်သခင် ရှိနေမှတော့ အဲ့ကျောင်းသားတွေ အကုန်လုံးက အလောင်းကောင်နဲ့ မခြားတော့ပါဘူး.....
မဟူရာအဆိပ်သခင်မှာလည်း မောက်မာစွာပြုံးနေသည်။
"အဲ့ကျောင်းသားတွေထဲက အဖွဲ့တစ်ဖွဲ့က တော်တော်လေး သန်မာတယ်။ သူတို့က မြို့တော်တစ်ခုကိုတောင် ဖျက်စီးပြီးပြီ။ တွက်ကြည့်ရသလောက်တော့ သူတို့ရဲ့ နောက်ပစ်မှတ်က ငါတို့ပဲ။ သူတို့ကိုပဲ အရင်ရှင်းပစ်လိုက်တာပေါ့။ တကယ့်စွမ်းအား အစစ်အမှန်ဆိုတာ ဘာလဲသိအောင် ပြပေးလိုက်မယ်။"
............
ဓားထောင်ချီမြို့တော်သည် သွေးမျိုးနွယ်စု အိမ်ခြေပေါင်း တစ်သိန်းကျော်ရှိပြီး စစ်သည်တော် နှစ်သောင်းမျှရှိသော မြို့ကြီးတစ်မြို့ ဖြစ်သည်။
သို့သော် စစ်သည်တော်များ ပြုလုပ်ထားသော အကာအကွယ် ဝင်္ကပါကြီးမှာ သွေးနီရောင် အလင်းတန်းနှင့်အတူ ပျက်စီးသွားပြီး ကြီးမားလှသော အနက်ရောင် အုတ်ခဲကြီးတစ်ခု ကောင်းကင်ထက်မှ ကျဆင်းလာသည်။
"ရန်သူတွေ ရောက်လာပြီ.....ရန်သူတွေ ရောက်လာပြီ..."
"အဲ့ဒါ ကောင်းကင်ဘုံခုံရုံးက ကျင့်ကြံသူတွေပဲ....တိုက်ခိုက်ကြ..."
မြို့တော်အတွင်း ဟစ်ကြွေးသံများ သောသောညံသွားသည်။
အုတ်ခဲပေါ်မှ ကျောင်းသားနှစ်ဆယ်သည် အမျိုးမျိုးသော လက်နက်များ ဆွဲကိုင်ကာ သွေးမျိုးနွယ်စု စစ်သည်တော်များအား မညှာမတာ တိုက်ခိုက်လိုက်ကြသည်။ ခေတ္တမျှသော အချိန်အတွင်းမှာပင် စစ်သည်တော် အရေအတွက်များစွာ ကျဆုံးသွားရသည်။
အန်လင်းသည် တိုက်ပွဲအား ကြည့်ရှုနေရင်းဖြင့် စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့် သွေးမျိုးနွယ်စု ကျင့်ကြံသူများအား လျှပ်စီးခြယ်လှယ်နည်းစနစ်ကို အသုံးပြုကာ ရှင်းထုတ်ပစ်နေသည်။
"အင်....ကျောင်းသားနှစ်ဆယ်ဆိုတော့ စစ်သည်တော် နှစ်ထောင်ပေါ့။ အဲ့ဒါဆို ငါက သောင်းရှစ်ထောင် သတ်ရမှာပဲ။"
တီနာမှာလည်း ရန်သူအရေအတွက်ကို တွက်ချက်နေသည်။
သူမသည် ပြည်သူများအား ထည့်မတွက်ပဲ စစ်သည်တော်များကိုသာ ရေတွက်လိုက်ခြင်း ဖြစ်သည်။
တီနာ၏ ကြာပွင့်နှလုံးသား ရေခဲဓားမှာ လင်းလက်တောက်ပလာသည်။ သူမသည် စစ်သည်တော် သောင်းရှစ်ထောင်အား ရှင်းထုတ်ပစ်တော့မည်ပင်။
ထိုအချိန်မှာပင် မြို့တော်ထဲ၌ သွေးနီရောင် အလင်းတန်းနှစ်ခု ပေါက်ကွဲသွားလေသည်။
ဓားပေါင်းများစွာမှာ အလင်းတန်းတစ်ခု၏ အနီးတဝိုက် ပျံဝဲနေကြသည်။
အခြားသော အလင်းတန်းမှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းပြီး မဟူရာမြူခိုးများ ဝေ့ဝဲလို့နေသည်။
ထိုအလင်းတန်းနှစ်ခု ပေါ်ထွက်လာသည်နှင့် ကောင်းကင်၏ ရောင်စဉ်များပင် မှေးမှိန်သွားရသည်။ ငါးကီလိုမီတာပတ်လည်ရှိ မြေပြင်မှာလည်း ငရဲပြင်အလား ပြောင်းလဲသွားသည်။
တလောကလုံး အမှောင်ကမ္ဘာ ဖြစ်တော့မည့်အလား ကောင်းကင်ထက်မှ အဆိပ်ရှိသော မဟူရာ အခိုးအငွေ့များနှင့်အတူ အဖျက်စွမ်းအင်များ ဖြာထွက်လာသည်။
ကျောင်းသားများမှာ သွေးနီရောင် အလင်းတန်းနှစ်ခုအားကြည့်ကာ မျက်နှာတစ်ခုလုံး ဖြူရော်ကုန်ကြရသည်။
စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူသာမက ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူပါ ရောက်ရှိလာသောကြောင့် ကျောင်းသူတစ်ဦးမှာ ဒူးပင်ထောက်ကျသွားမိသည်။ သူမသည် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူအား တစ်ကြိမ်တစ်ခါမှ ရင်မဆိုင်ခဲ့ဖူးပေ။
"မကြောက်ပါနဲ့။ ကျောင်းသားအန်လင်း ရှိနေတယ်လေ။ သူ့ကိုရင်ဆိုင်နိုင်မှာပါ။"
ကျောင်းသားတစ်ဦးမှ သူမအား နှစ်သိမ့်ပေးလိုက်သည်။
"ဟုတ်တယ်...နတ်ဘုရားအန်က ပြိုင်ဘက်ကင်းပဲ။"
အခြားသော ကျောင်းသားများလည်း ဟစ်ကြွေးလိုက်ကြသည်။
မဟူရာအဆိပ်သခင်၏ ရွှေရောင်ဆံနွယ်များသည် လေထဲတွင် မျောလွင့်နေပြီး သွေးနီရောင် မျက်ဝန်းများမှာ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ပြည့်လျှံနေသည်။
"မလောက်လေး မလောက်စား ကောင်တွေကများ မင်းတို့အဆင့်နဲ့ ပြိုင်ဘက်ကင်းပြီ ထင်နေလား။ မင်းတို့က မဟူရာအဆိပ်နယ်မြေထဲက မြို့တော်တွေကိုတောင် ကျူးကျော်ရဲတယ်ပေါ့လေ။ ဒီနေရာကို သိပ်ကြိုက်နေမှတော့ တသက်လုံး နေသွားလိုက်တော့။"
တပိုင်မှာ ဖင်တုန်နေပြီး အန်လင်းအား မော့ကြည့်မိသည်။
"အစ်ကိုကြီးအန်....ရှောင်ဇယ်ကို မြန်မြန်ခေါ်လိုက်တော့။ ရန်သူက သောက်ကျိုးနည်း ဟင်းလင်းပြင်သို့အပြန် အဆင့်ကြီး။"
"မလိုပါဘူး..ဟင်းလင်းပြင်သို့အပြန် အဆင့်လောက်ကိုများ...."
အန်လင်း လက်ခါပြလိုက်သည်။
"ရှောင်ဇယ်ကို တခြားအဖွဲ့တွေအတွက်ပဲ ထားထားပေးလိုက်ပါ။”
တပိုင် “…”
မဟူရာအဆိပ်သခင် ရက်စက်စွာပြုံးကာ အန်လင်းအား လှမ်းကြည့်လာသည်။
"ဟမ့်....စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အလယ်အလတ် အဆင့်ကများ။ မင်းက ဒီအဖွဲ့ရဲ့ ခေါင်းဆောင်မလား။ ဘာလို့ ထွက်မပြေးသေးတာလဲ။ ကြောက်သေးပန်းနေပြီလား။"
အန်လင်းမှာလည်း မဟူရာအဆိပ်သခင်အားကြည့်ကာ လျှာသပ်လိုက်သည်။
"ခင်ဗျားက အားနည်းပေမယ့် ဟင်းလင်းပြင်သို့အပြန် စဦးအဆင့် ရောက်နေပြီပဲ။ ကောင်းပြီလေ...နောက်အစေခံတစ်ယောက် ထပ်ထားရသေးတာပေါ့။"