← Chapters

အန်လင်း၏အစစ်အမှန်စွမ်းအား

Vol. 46 Ch. 639

အန်လင်း၏အစစ်အမှန်စွမ်းအား

Vol. 46 Ch. 639

အစေခံလား.....

မဟူရာအဆိပ်သခင်မှာ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသော အန်လင်း၏ စကားကြောင့် မူးနောက်နောက်ပင် ဖြစ်သွားရသည်။

ဒီကောင်က ငါ့ကိုအားနည်းလွန်းလို့ သူ့အစေခံ လုပ်ပစ်မယ် ပြောနေတာလား.....

"မဟူရာအဆိပ်သခင်....အဲ့ကောင်စုတ်လေးက ရူးနေပြီနဲ့တူတယ်။ ခင်ဗျားအတွက် ကျုပ်ကိုယ်တိုင် ဖမ်းပေးမယ်။"

မြို့စားမင်းမှာ ဒေါသထွက်နေရသည်။

သူသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ဖြစ်သောကြောင့် အလယ်အလတ် အဆင့်သာရှိသော အန်လင်းမှ စကားကြီး စကားကျယ်များ ပြောနေသောအခါ မဟူရာအဆိပ်သခင် စိတ်ပြေစေရန် အမှန်တကယ် ပညာပေးချင်လာသည်။

"မလိုပါဘူး။"

မဟူရာအဆိပ်သခင်၏ မျက်ဝန်းထဲတွင် ရက်စက်ခြင်း အငွေ့အသက်များ ကိန်းအောင်းနေသည်။

"သူ့ကို ငါကိုယ်တိုင်ပဲ ပြပေးလိုက်မယ်။ ငရဲဆိုတဲ့ အရာကိုပေါ့။"

သူသည် မြေပြင်အား ဆောင့်နင်းလိုက်သည်နှင့် အရိုးအေးမတတ် လေကြမ်းများနှင့်အတူ အဆိပ်မြူများမှာ ကောင်းကင်တခွင် ပျံ့နှံ့သွားသည်။ ကြောက်မက်ဖွယ် စွမ်းအင်သည် သွေးမျိုးနွယ်စု စစ်သည်တော်များနှင့် ကျောင်းသားများအား သွေးအန်တော့မလို ဖြစ်သွားစေသည်။

အန်လင်း၏ ရှေ့တွင်ရှိနေသော တီနာမှာ ဓားအားဆွဲကိုင်လျက် ကြည်လင်စွာ မေးလိုက်သည်။

"သခင်....သူတို့ကို ဘယ်လိုလုပ်ကြမလဲ။"

အန်လင်း၏သွေးသည် မည်မျှထူးခြားကြောင်း သူမ သိရှိနေသောကြောင့် ထိုသွေးအား ကြာပွင့်နှလုံးသား ရေခဲဓားပေါ် သုတ်ပေးစေချင်မိသည်။ သခင်၏သွေးပါသော ဓားဖြင့်သာ တိုက်ပွဲဝင်ရပါက အလွန်ပင် ခံစား၍ ကောင်းပေလိမ့်မည်။

သို့သော် အန်လင်း၏ ဆုံးဖြတ်ချက်ကြောင့် သူမ အကြီးအကျယ် စိတ်ပျက်သွားရသည်။

"နာလေး....ကျောင်းသားတွေကို ကာကွယ်ပေးလိုက်နော်။ မဟူရာအဆိပ်သခင်ကိုတော့ ငါပဲရှင်းလိုက်မယ်။"

အန်လင်း၏ မျက်ဝန်းထဲတွင် တိုက်ပွဲစိတ်ဆန္ဒများ တောက်လောင်နေပြီး အတော်ပင် တိုက်ခိုက်ချင်နေပုံ ရသည်။

သူသည် စစ်နတ်ဘုရားခန္ဓာ စဦးအဆင့်သို့ ရောက်ရှိလာချိန်မှစ၍ ပြင်းပြင်းထန်ထန် မတိုက်ခိုက်ဖူးသေးပေ။

စစ်နတ်ဘုရား ရှင်းထျန်းနှင့် ဧကရာဇ်ဇီဝေးတို့အား ရင်ဆိုင်ခဲ့ပြီးနောက် သူ၏သန်မာမှုနှင့်ပက်သတ်၍ ယေဘုယျ နားလည်မှုအပြင် စစ်နတ်ဘုရား တိုက်ပွဲစိတ်ဆန္ဒများကိုပါ ရရှိခဲ့သည်။ ထိုနားလည်မှုများအား ပိုမိုတိုးတက်လာစေရန်အတွက် ကောင်းမွန်သော တိုက်ပွဲတစ်ခုကို လိုအပ်နေပေသည်။

"ရူးနေတဲ့ကောင်ပဲ။"

တီနာနှင့် အန်လင်းတို့သည် အနည်းငယ်ပင် ကြောက်ရွံ့ပုံ မပေါ်သောကြောင့် အထင်သေးခံရသလို ခံစားလိုက်ရသောကြောင့် လက်သီးတစ်လုံး ပစ်သွင်းပေးလိုက်သည်။

အရာအားလုံးကို ဝါးမြိုနိုင်သည်ဟု ထင်မှတ်ရသော မဟူရာအဆိပ်ငွေ့များမှာ လက်သီးတဝိုက်တွင် ဝေ့ဝဲနေပြီး ကျောချမ်းဖွယ် လေခွင်းသံများနှင့်အတူ အသံအကာအရံတစ်ခုပင် ဖြစ်ပေါ်လာသည်။ သာမန် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးသာ ထိုအဆိပ်ငွေ့များနှင့် တိုက်ခိုက်ခံရပါက ဗလာနတ္ထိအဖြစ် အငွေ့ပျံ ပျောက်ကွယ်သွားပေလိမ့်မည်။

မြို့စားမင်းသည်ပင် ထိုတိုက်ခိုက်မှုကို တွေ့လိုက်သည်နှင့် တတ်နိုင်သမျှ အဝေးထွက်သွားကာ အန်လင်းအား သနားသလို ကြည့်ရှုလိုက်သည်။

မဟူရာအဆိပ်သခင်သည် ထိုလူငယ်လေး၏ ခန္ဓာအား ဖျက်စီးကာ အံ့ဖွယ်အာရုံအား ဆွဲထုတ်လျက် ဖြည်းညင်းစွာ နှိပ်စက်လိုနေသည်မှာ သိသာလှသည်။ ထိုအချိန်သို့ရောက်လျှင် သေဆုံးခြင်းသည် ကောင်းချီးတစ်ခုဖြစ်ကြောင်း ထိုလူငယ်လေး နားလည်သွားပေလိမ့်မည်။

အန်လင်းသည် တပိုင်၏ ကျောပေါ်မှဆင်းကာ မဟူရာအဆိပ်သခင်ထံ ပျံဝဲသွားသည်။ သူသည် တိုက်ခိုက်မှုအား မရှောင်ရှားပဲ အသံအကာအရံအား ချိုးဖြတ်ကာ ကမ္ဘာမြေစွမ်းအင်များ ပါဝင်နေသော ရွှေရောင်လက်သီးဖြင့် တုံ့ပြန်လိုက်သည်။

ဝုန်း....

စွမ်းအင်နှစ်ခု ထိပ်တိုက်တွေ့ဆုံသွားသည်နှင့်အတူ ကျယ်လောင်သော ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားသည်။

မြို့စားမင်းမှာ မြင်လိုက်ရသော မြင်ကွင်းကြောင့် မယုံကြည်နိုင် ဖြစ်နေမိသည်။

စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် လူငယ်လေး၏ လက်သီးတစ်ချက်ကြောင့် မဟူရာအဆိပ်သခင်မှာ အဝေးသို့ လွင့်ထွက်သွားလေသည်။

ရွှေရောင်လက်သီးသည် မဟူရာအဆိပ်ငွေ့များအား ဖြိုခွင်းကာ မဟူရာအဆိပ်သခင်၏ ခန္ဓာကိုယ်ပေါ် ကျဆင်းလာပြီးနောက် ယခုကဲ့သို့ ရုပ်ပျက်ဆင်းပျက် အခြေအနေများ ဖြစ်သွားရခြင်းပင်။

မဟူရာအဆိပ်သခင်သည် တောင်တစ်လုံးနှင့် ရိုက်မိသွားသလို နာကျင်သွားရသည်။

"ယီးထဲမှ.....မင်းကဘယ်သူလဲ။"

မဟူရာအဆိပ်သခင်မှာ ပါးစပ်အဟောင်းသားဖြစ်နေပြီး စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူထံမှ ထိုသို့တိုက်ခိုက်ခံလိုက်ရသည်ကို မယုံကြည်နိုင် ဖြစ်နေမိသည်။

"ငါလား.....ငါကမင်းအဖေလေ။"

အန်လင်း မောက်မာစွာ စကားဆိုလိုက်ပြီးနောက် စစ်နတ်ဘုရား ခန္ဓာ၏ စွမ်းအင်အား အလုံးစုံ အသက်သွင်းကာ မဟူရာအဆိပ်သခင်ထံ ပြေးဝင်သွားသည်။

မဟူရာအဆိပ်သခင်မှာ ဒေါသထွက်သွားရပြီးနောက် အံကြိတ်ကာ လေကိုဖမ်းဆွဲလိုက်သည်နှင့် မီတာတစ်ထောင်အတွင်းရှိ လေထုမှာ ကျုံ့ဝင်လာလေသည်။

လေဟာနယ်ချိပ်စည်း.....

ထိုသည်မှာ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများသာ ပြုလုပ်နိုင်သော ထူးခြားစွမ်းရည်ဖြစ်ပြီး စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ မရောက်သေးသောသူများအား သတ်ကွင်းထဲမှ သိုးများလို အလုံးစုံ အေးခဲသွားစေနိုင်သည်။

မဟူရာအဆိပ်သခင်၏ မျက်ဝန်းများမှာ ရက်စက်ခက်ထန်နေသည်။ ထိုလူငယ်လေးသည် မည်မျှပင် သန်မာနေပါစေ လေဟာပြင်စွမ်းအင်အား သိရှိနားလည်ခြင်း မရှိသေးပါက ခံနိုင်ရည် ရှိမည်မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ အနီရောင် အလင်းတန်းတစ်ခုသည် သူ၏စိတ်ကူးများနှင့်အတူ လေထုအေးခဲခြင်းကိုပါ ဖျက်စီးပစ်လိုက်သည်။

အန်လင်း၏ကျောဘက်တွင် လေတောင်ပံများ ရုပ်လုံးပေါ်လာကာ မိစ္ဆာရှင်းဓားနှင့်အတူ မဟူရာအဆိပ်သခင်ထံ ပျံဝဲသွားသည်။

လေစိတ်ဝိဉာဉ်နည်းစနစ်နှင့် လေဓားတို့အား ပေါင်းစည်းထားသောကြောင့် အန်လင်း၏ လှုပ်ရှားမှုမှာ လွန်စွာလျင်မြန်နေပြီး အဖြူရောင် အလင်းတန်းမျှကိုသာ မြင်နေရသည်။ မဟူရာအဆိပ်သခင်၏ အဆိပ်ငွေ့များ လွှမ်းခြုံလာသည့်တိုင် အန်လင်းမှာ ရှောင်ရှားခြင်း မရှိပေ။

သူက ငါ့ရဲ့အဆိပ်မြူတွေထဲတောင် ဝင်လာရဲတယ်ပေါ့....ဒင်းကသေချင်နေတာပဲ.....

မဟူရာအဆိပ်သခင် ပျော်ရွှင်သွားသည်။

သို့သော် အောင်ပွဲမခံနိုင်ခံမှာပင် အန်လင်းမှာ သူ၏ရှေ့သို့ အကောင်လိုက်ကြီး ရောက်ရှိလာလေသည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။"

မဟူရာအဆိပ်သခင် မျက်ဝန်းများ ပြူးကျယ်သွားရသည်။

စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်ကို မဆိုထားနှင့် ဟင်းလင်းပြင်သို့အပြန် စဦးအဆင့်များသည်ပင် မည်သည့်ခုခံကာကွယ်ရေးမှ မပါပဲ အဆိပ်မြူများထဲ ဝင်ရောက်လာပါက များစွာထိခိုက်သွားပေလိမ့်မည်။ ထို့အပြင် သူ၏ရှေ့တွင် ရှိနေသော လူငယ်လေးမှာ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အလယ်အလတ် အဆင့်သာ ရှိသေးပေသည်။

မဟူရာအဆိပ်သခင် အံ့အားသင့်နေစဉ်မှာပင် မိစ္ဆာရှင်းဓားမှာ ပျံဝဲလာတော့သည်။ သူသည် ဟင်းလင်းပြင်သို့အပြန် စဦးအဆင့် ဖြစ်ပါသော်လည်း အန်လင်း၏ ဓားချက်အရှိန်အား ရှောင်ရှားနိုင်မည်မဟုတ်ဟု ခံစားနေရသည်။

ရွှပ်.....

မဟူရာအဆိပ်သခင်မှာ လျင်မြန်စွာ ဆုတ်ခွာလိုက်ပါသော်လည်း မိစ္ဆာရှင်းဓား၏ ဓားချက်ကြောင့် ခန္ဓာကိုယ် ဆုတ်ပြဲကာ သွေးများပန်းထွက်လာသည်။

မြို့စားမင်းနှင့် သွေးမျိုးနွယ်စု စစ်သည်တော်များမှာ အံ့အားသင့်နေရလေပြီ။

ပြောတုန်းကတော့…ကျောင်းသားတွေကိုသမပစ်မယ်ဆို....အခုတော့ သူကချည်း သမခံနေရပါလား.....

မဟူရာအဆိပ်သခင်သည် မဟူရာဆိပ်နယ်မြေတစ်ခုလုံးကို ချုပ်ကိုင်ထားသူ ဖြစ်ပါသော်လည်း စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် လူငယ်လေး၏ ဆော်ပလော်တီးခြင်းကို ခံနေရသည်။

ဒီမဟူရာအဆိပ်သခင်က အတုကြီးများလား.....

မဖြစ်နိုင်တာ....

မြို့စားမင်း ခေါင်းခါမိလိုက်သည်။ မဟူရာအဆိပ်သခင် ထုတ်ဖော်ထားသော အစွမ်းမှာ အတုဖြစ်ရန် ကြောက်မက်ဖွယ် ကောင်းလွန်းနေသည်။

ဖြစ်နိုင်သည်မှာ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် လူငယ်လေးသည် မဟူရာအဆိပ်သခင်ထက် အစွမ်းထက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

အင်း....အဲ့လိုပဲဖြစ်မယ်.....

မည်သို့ပင်ဆိုစေကာမူ သွေးမျိုးနွယ်စု ကျင့်ကြံသူများမှာ အမှန်တရားအား လက်မခံနိုင်ကြပေ။ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် လူငယ်လေးသည် ဟင်းလင်းပြင်သို့အပြန် အဆင့်များထက်ပင် သာလွန်နေသည်မှာ အဓိပ္ပါယ် မရှိပေ။

ထိုအချိန်တွင် ကျောင်းသားနှစ်ဆယ်မှာ အေးအေးဆေးဆေး ဖြစ်နေကြသည်။

"ဒါကငါတို့လေးစားတဲ့ နတ်ဘုရားအန်ပဲ။ အရမ်းမိုက်တယ်....ဟီး...."

ကျောင်းသူများ၏ မျက်ဝန်းထဲတွင် ကြယ်ပွင့်လေးများ တလက်လက် တောက်ပနေသယောင်ပင်။

"ကျောင်းသားအန်လင်း ရှိနေရင် ဘာမှပူစရာ မလိုဘူးလို့ ပြောသားပဲ။"

ကျောင်းသားတစ်ဦးမှာ သက်ပြင်းချလိုက်သည်။

"ဒီနှစ်ကုန်စာမေးပွဲမှာ ငါတို့အတွက် အကျိုးအရှိဆုံးက ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူတွေရဲ့ တိုက်ခိုက်တာကို ကြည့်ရတာပဲ။"

ကျောင်းသားတစ်ဦးလည်း ဝင်ပြောလိုက်သည်။

"ဒီတိုက်ပွဲက ငါ့ကိုအမြင်ကျယ်စေတယ်။"

"မှားနေပြီ။ ဒီတိုက်ပွဲက ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူတွေရဲ့ တိုက်ပွဲမဟုတ်ဘူး။"

အန်လင်း၏ ပရိသတ် ကျောင်းသူလေးမှာ အမှားပြင်ပေးသည်။

"ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူကို စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူက အပီကြိတ်တဲ့ပွဲ။"

..........

ကောင်းကင်ထက်တွင် ရှိနေသော မဟူရာအဆိပ်သခင်မှာ အလွန်အမင်း ဒေါသထွက်နေလေပြီ။

အဆိပ်ငွေ့များမှာ သူ၏ခန္ဓာကိုယ်မှ ပြင်းထန်စွာ ဖြာထွက်လာသည်။

"မင်းကငါ့ကို ဖိအားပေးနေတာပဲ။"

သူအော်ဟစ်လိုက်သည်။

"ငါတကယ် မသုံးချင်ပေမယ့် မင်းကဖိအားပေးနေတော့လည်း နှလုံးကျွမ်းအဆိပ်ကို မြည်းကြည့်လိုက်။"

မည်းနက်နေသော အဆိပ်ငွေ့များမှာ ဆူနာမီ လှိုင်းလုံးများအလား မြို့တော်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

သွေးမျိုးနွယ်စု ကျင့်ကြံသူများမှာ အဆိပ်ငွေ့များ၏ တိုက်စားမှုကြောင့် ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားရလေသည်။

မြို့စားမင်းမှာ ဒေါသတကြီး ရောက်ရှိလာပါသော်လည်း အဆိပ်ငွေ့များကြောင့် ဘာမှမတတ်နိုင်ပဲ ဖြည်းညင်းစွာ အရည်ပျော်ကျသွားသည်။

သူသည် အော်ဟစ်ဆဲဆိုရင်း အဆိပ်များ ဖယ်ထုတ်ရန် ကြိုးစားပါသော်လည်း မဟူရာသွေးအိုင်တစ်ခုအဖြစ်သာ ပြောင်းလဲသွားရသည်။

ကောင်းကင်နှင့်မြေပြင်မှာ မှောင်မိုက်သွားရပြီး တီနာ ကာကွယ်ပေးထားသော တပိုင်နှင့် ကျောင်းသားများကသာ အမှောင်ထုထဲမှ အလင်းစက်များသဖွယ် ကျန်ရစ်ခဲ့တော့သည်။

All Chapters