အခန်း (၈၃-၈၄)
Vol. 9 Ch. 83-84
အခန်း ၈၃ - ရှင်းပြခြင်း။
ယဲ့ချန်က အပြောကောင်းကောင်းဖြင့် စတင်ရှင်းပြလေတော့သည်။
“တကယ်တော့ ကျွန်တော့်ဦးလေးက လေဖြတ်နေတာ မဟုတ်ပါဘူး။ သူက ထူးဆန်းတဲ့ ရောဂါတစ်ခု ခံစားနေရတာပါ။ ဒီရောဂါက ရှေးဟောင်းဆေးကျမ်းတွေထဲမှာ သစ်သားလူသားရောဂါလို့ မှတ်တမ်းတင်ထားတဲ့ ရှားပါးရောဂါတစ်မျိုး ဖြစ်ပါတယ်။ အစပိုင်းမှာ လူနာတွေဟာ လက်တွေခြေတွေ အားနည်းလာပြီး လှုပ်ရှားရခက်ခဲလာတတ်ပါတယ်။နောက်ပိုင်းမှာတော့ တစ်ကိုယ်လုံးက သစ်ခြောက်တုံးလိုမျိုး ဒါမှမဟုတ် လေဖြတ်လူနာလိုမျိုး လုံးဝလှုပ်ရှားလို့မရဘဲတောင့်တင်းသွားပါတော့တယ်။”
“‘သစ်သားလူသားရောဂါရဲ့ အလယ်အလတ်အဆင့်မှာတော့ ခြေလက်တွေနဲ့ ခန္ဓာကိုယ်အပါအဝင် ကိုယ်တွင်းတစ်ရှူးတည်ဆောက်ပုံတွေက သစ်သားလိုမျိုး အမျှင်ဓာတ်တွေအဖြစ် ပြောင်းလဲသွားပါတယ်။”
“နောက်ဆုံးအဆင့်ကို ရောက်ရင်တော့ ရင်ခေါင်းထဲက အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတွေအားလုံး လုံးဝ သစ်သားအဖြစ်ပြောင်းလဲသွားပြီး အဲဒီအချိန်မှာ လူနာ သေဆုံးသွားပြီလို့ သတ်မှတ်ရပါတော့တယ်။”
“ဒါပေမဲ့ ဒါနဲ့တင် မပြီးသေးပါဘူး။ လူနာ သေဆုံးသွားပြီးတဲ့နောက်မှာလည်း သစ်သားဖြစ်စဉ်က ဆက်လက်ဖြစ်ပေါ်နေဆဲပါ။တစ်ပတ်လောက်ကြာရင် လူနာရဲ့ခန္ဓာကိုယ်က သစ်သားရုပ်ထုတစ်ခုလို လုံးဝပြောင်းလဲသွားပြီး အားလုံးပြီးဆုံးသွားပါတော့တယ်။”
“ဒီရောဂါက ကုသမရနိုင်တဲ့ ရောဂါမျိုးပါ။”
ယဲ့ချန်၏ စကားကို ကြားလိုက်ရသောအခါ အနားရှိလူအားလုံး ကျောချမ်းသွားကြပြီး တုန်လှုပ်ခြောက်ခြားသွားကြသည်။ ဤသစ်သားလူသားရောဂါမှာ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှပေသည်။
“ကျွန်တော် ယွီရှီးတို့အိမ်ကို ရောက်ရောက်ချင်းမှာပဲ ဦးလေးဆီ သွားကြည့်ခဲ့ပါတယ်။ ဦးလေးရဲ့ ရောဂါလက္ခဏာတွေကသစ်သားလူသားရောဂါနဲ့ အတော်လေး ကိုက်ညီနေတာကို တွေ့ခဲ့ရတယ်။ ဒါကြောင့် ကျွန်တော် ဦးလေးရဲ့ ခြေလက်တွေနဲ့ခန္ဓာကိုယ်ကို လက်နဲ့ ပုတ်ကြည့်လိုက်တဲ့အခါ သစ်သားပုတ်သံလိုမျိုး တောက်တောက်ဆိုတဲ့ အသံ ထွက်လာခဲ့ပါတယ်။ ဒါကဦးလေးရဲ့ သစ်သားလူသားရောဂါဟာ အလယ်အလတ်အဆင့်ကို ရောက်နေပြီဆိုတာ ပြသနေတာပါ။ သူ့ရဲ့ ခြေလက်တွေနဲ့ခန္ဓာကိုယ်က သစ်သားလိုမျိုး အမျှင်ဓာတ်တွေ ဖြစ်နေပြီဆိုပေမဲ့ ကံကောင်းထောက်မစွာနဲ့ ကိုယ်တွင်းအင်္ဂါတွေကိုတော့ မထိခိုက်သေးပါဘူး။”
ထိုစကားကို ကြားမှ လင်းယွီရှီးလည်း ရုတ်တရက် သဘောပေါက်သွားတော့သည်။
သူတို့ စတင်တွေ့ဆုံစဉ်က ယဲ့ချန်သည် သူမ၏ဖခင်ကို ဘာကြောင့် အတင်းလိုက်ပုတ်နေမှန်း သူမ နားမလည်ဘဲကြောင်အမ်းအမ်း ဖြစ်နေခဲ့ရသည်။
“တကယ်တော့ သဘာဝတရားကြီးထဲက အရာအားလုံးမှာ ဓာတ်ကြီးငါးပါးရှိပါတယ်။ လူသားတွေကိုပဲ ကြည့်ကြည့်ပါ။ တရုတ်ရိုးရာဆေးပညာ ရှုထောင့်ကနေကြည့်ရင် နှလုံးက မီးဓာတ် အသည်းက သစ်သားဓာတ် သရက်ရွက်က မြေဓာတ် အဆုတ်က သတ္တုဓာတ်နဲ့ ကျောက်ကပ်က ရေဓာတ်ဖြစ်ပါတယ်။ ဓာတ်ကြီးငါးပါးလုံးမှာ လူသားတွေကိုထောက်ပံ့ပေးတဲ့ ကိုယ်ပိုင်ထူးခြားတဲ့ နည်းလမ်းတွေ ရှိကြပါတယ်။ ဒီဓာတ်ကြီးငါးပါးက တစ်ခုနဲ့တစ်ခု အပြန်အလှန် ပံ့ပိုးပေးသလို အပြန်အလှန်လည်း ထိန်းညှိပေးပြီး လူတိုင်းလိုအပ်တဲ့ အရာတွေကို မျှမျှတတ ရရှိစေပါတယ်။ တစ်ခါက ဒီမျှခြေ ပျက်စီးသွားပြီဆိုရင် သဘာဝတရားရဲ့ နိယာမနဲ့ ဆန့်ကျင်သွားပါတော့တယ်။ ဦးလေး သစ်သားလူသားရောဂါခံစားနေရတဲ့အကြောင်းရင်းကတော့ သူ့ခန္ဓာကိုယ်ထဲက ဓာတ်ကြီးငါးပါး ပျက်စီးပြီး သစ်သားဓာတ်တွေ အလွန်အမင်း များပြားနေလို့ပဲ ဖြစ်ပါတယ်။”
“ဓာတ်ကြီးငါးပါး နိယာမအရ သတ္တုက သစ်သားကို အောင်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော် ဦးလေးကို ကုသတဲ့အခါအိမ်နီးနားချင်းတွေဆီက သတ္တုပစ္စည်းတွေ အများကြီး ငှားခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ ဒီပစ္စည်းတွေထဲက သတ္တုစွမ်းအင်တွေကို သုံးပြီး ဦးလေးရဲ့ ခန္ဓာကိုယ်ထဲက ပျက်စီးနေတဲ့ သစ်သားဓာတ်တွေကို ထိန်းညှိပေးဖို့ပဲ ဖြစ်ပါတယ်။”
“ဒါဆို ဘာဖြစ်လို့ ကျင်းတူးပြီး လူနာကို အရှင်လတ်လတ် မြှုပ်နှံလိုက်ရတာလဲ။”
ကျွမ်းကျင်ပညာရှင်တစ်ဦးက စူးစမ်းချင်စိတ်အပြည့်ဖြင့် မေးလိုက်သည်။
“ဒါကိုတော့ ငါသိတယ်။”
ညွှန်ကြားရေးမှုးလော့၏ မျက်လုံးများ တောက်ပသွားသည်။
“မြေက သတ္တုကို ဖြစ်ထွန်းစေတယ် မြေဓာတ်က သတ္တုဓာတ်ကို ပိုမိုအားကောင်းအောင် ကြီးထွားအောင်နဲ့ အားဖြည့်ပေးနိုင်လို့ပဲ။”
“အင်း... ညွှန်ကြားရေးမှုးလော့က ကောင်းကောင်းနားလည်သားပဲ။”
ယဲ့ချန်က ခေါင်းငြိမ့်ပြလိုက်သည်။
ညွှန်ကြားရေးမှုးလော့သည် ယဲ့ချန်၏ ချီးကျူးမှုကို ရရှိလိုက်သဖြင့် သူ၏ကျောင်းသားဘဝတုန်းက ဆရာဖြစ်သူ၏ ချီးမွမ်းခြင်းခံရသကဲ့သို့ အတိုင်းထက်အလွန် ဝမ်းသာသွားခဲ့သည်။ သူရရှိလိုက်သော အောင်မြင်မှုနှင့် ဂုဏ်ယူမှု ခံစားချက်မှာဖော်ပြ၍ပင် မရနိုင်ပေ။
ညွှန်ကြားရေးမှုးလော့နှင့် ပညာရှင်များအားလုံး မှတ်စုများကို အပြင်းအထန် လိုက်ရေးနေကြသည်။ သူတို့ ပြန်ရောက်သည်နှင့်သစ်သားလူသားရောဂါကုသမှုနှင့် ပတ်သက်၍ ဆေးပညာဆိုင်ရာ သုတေသနစာတမ်းတစ်စောင်ကို သေချာပေါက် တစ်ညလုံးမအိပ်ဘဲ ရေးသားကြပေလိမ့်မည်။
“ယွီရှီး... အခုတော့ ဦးလေးရဲ့ ခန္ဓာကိုယ်ထဲက သစ်သားဓာတ်တွေ တော်တော်များများ ပြေလျော့သွားပြီး မျှခြေအခြေအနေကိုပြန်ရောက်သွားပါပြီ။ ဒါပေမဲ့ သူ့ရဲ့ ခြေလက်တွေကတော့ အနည်းငယ် တောင့်တင်းနေပါသေးတယ်။ ဒါကြောင့် နောက်ပိုင်းဦးလေး အိပ်တဲ့အခါ အိပ်ရာဘေးမှာ သတ္တုပစ္စည်းလေးတွေ ထားပေးပါ။ ပြီးတော့ အပင်တွေက သစ်သားဓာတ်အုပ်စုဝင်တွေဖြစ်ပြီး ဟင်းသီးဟင်းရွက်တွေမှာ သစ်သားဓာတ်တွေ အပြည့်ရှိပါတယ်။ နောက်ပိုင်းမှာ ဦးလေးကို သတ်သတ်လွတ် ဟင်းလျာတွေအတတ်နိုင်ဆုံး ရှောင်ခိုင်းပြီး အသား ပိုကျွေးပေးပါ။”
“ဟုတ်ကဲ့ ယဲ့ချန် ငါ နားလည်ပါပြီ နားလည်ပါပြီ။”
လင်းယွီရှီးက စိတ်လှုပ်ရှားစွာဖြင့် အသံများတုန်ရင်ရင်း ခေါင်းငြိမ့်ပြလိုက်သည်။
ဖခင်ဖြစ်သူကို တွဲထားရင်း သူမသည် ကမ္ဘာကြီးတစ်ခုလုံးကို ပွေ့ဖက်ထားရသကဲ့သို့ တကယ်ကြီး ခံစားနေရသည်။ ဒါတွေအားလုံးကို ယဲ့ချန်က သူမအား ပေးသနားခဲ့ခြင်း ဖြစ်သည်။
ဤအခိုက်အတန့်တွင် ယဲ့ချန်အပေါ် ထားရှိသော သူမ၏ ခံစားချက်များကျေးဇူးတင်မှု၊ စိတ်လှုပ်ရှားမှုတို့မှာ စကားလုံးဖြင့်ဖော်ပြရန် အလွန်ခက်ခဲလှပေသည်။ သူမ၏ စိတ်ထဲတွင် ယဲ့ချန်အတွက်ဆိုလျှင် မည်သည့်အရာမဆို လုပ်ပေးရန် အသင့်ရှိနေခဲ့ပြီ။
သူ့ရှင်းပြချက် ပြီးဆုံးသွားပြီးနောက် ယဲ့ချန်သည် လင်းယွီရှီးတို့ မိသားစုသုံးယောက်ရှိရာသို့ ပြေးသွားခဲ့သည်။
တီ...ဂုဏ်ယူပါသည် အိမ်ရှင်၊ တာဝန်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါပြီ- 【လင်းယွီရှီးဖခင်၏ ထူးဆန်းသောရောဂါကို ကုသပေးရန်】
ဖုန်းရွှေနှင့် ရုပ်ရည်လက္ခဏာပညာ (အခြေခံ)ကျွမ်းကျင်မှုစာအုပ်ကို ရရှိခဲ့ပြီး စနစ်သိုလှောင်ခန်းထဲသို့ အလိုအလျောက်သိမ်းဆည်းလိုက်ပါပြီ။
ပြုပြင်ရေးစွမ်းအင် ၀.၁ ရရှိသည်။
စနစ်ပြုပြင်မှု ၂.၁% ပြီးစီးသွားပါပြီ။
“ရှောင်ချန် ငါ အခု လမ်းလျှောက်ကြည့်ချင်တယ် ရမလား။”
ဦးလေးလင်း၏ မျက်လုံးအိမ်များ ရဲတောက်နေပြီးလှောင်အိမ်ထဲမှ ပျံထွက်ခွင့်ရလိုက်သည့် ငှက်ငယ်လေးတစ်ကောင်ကဲ့သို့ အလွန် စိတ်လှုပ်ရှားနေကာ ကလေးတစ်ဦးကဲ့သို့ရူးကြောင်ကြောင် ပြုံးနေခဲ့သည်။
“ငါ မတ်တတ်မရပ်နိုင် လမ်းမလျှောက်နိုင်ခဲ့တာ ငါးနှစ်တောင် ရှိပြီ ငါ လမ်းလျှောက်ပြီးအရာအားလုံးကို ကြည့်ချင်တယ်...”
ယဲ့ချန်က ရှေ့သို့တိုးကာ ဦးလေးလင်း၏ ခန္ဓာကိုယ်ကို အနည်းငယ် ခေါက်ကြည့်လိုက်ရင်း အသံကို နားထောင်လိုက်သည်။
“ဦးလေးအခြေအနေ တော်တော်လေး ကောင်းမွန်ပါတယ်။ အဝေးကြီးနဲ့ အကြာကြီး လမ်းမလျှောက်သရွေ့ အဆင်ပြေပါတယ်။နောက်ထပ် ဆယ်ရက်လောက် ဂရုတစိုက် နားနားနေနေ နေလိုက်ရင် ရောဂါမဖြစ်ခင်ကလိုပဲ သန်သန်မာမာ ပြန်ဖြစ်သွားလိမ့်မယ်။ မှတ်ထားပါဦးနောက်ပိုင်း အသားတွေ ငါးတွေ များများစားပါ အစားမရှောင်ပါနဲ့။”
“ရှောင်ချန် ငါ... ငါ ဘာပြောရမှန်းတောင် မသိတော့ဘူး။ ယွီရှီးတစ်ယောက် မင်းကို ရှာတွေ့ခဲ့တာ တကယ် ကံကောင်းတာပဲ။”
လီဟွီလည်း ဘာပြောရမှန်း မသိတော့ပေ။ သူမသည် ယဲ့ချန်ကို ကြည့်လေလေ ပို၍ သဘောကျလေလေ ဖြစ်နေသည်။ ယောက္ခမက သမက်ကို ကြည့်လေလေ ပိုကြည်နူးလေလေဆိုသည့် ရှေးစကားအတိုင်းပင်။
“ရှောင်ချန်... ဦးလေးနဲ့ အဒေါ်က စကားကောင်းကောင်းတွေ မပြောတတ်ပါဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် မင်းနဲ့ ယွီရှီးတို့ရဲ့ဆက်ဆံရေးကို ငါတို့ သဘောတူပါတယ်။ မင်းက တကယ့်ကို အရည်အချင်းရှိတဲ့သူပါ ယွီရှီး မင်းကို ရတာ ကံကောင်းပါတယ်။သူက ငါတို့နဲ့အတူ ဒုက္ခတွေ အများကြီး ခံခဲ့ရရှာတာ။ အခု မင်းနဲ့ ရှိနေပြီဆိုတော့ ငါတို့ စိတ်အေးရပါပြီ။”
လီဟွီက မျက်ရည်များ စီးကျရင်း ပြောလိုက်သည်။
“ရှောင်ချန် နောက်ဆိုရင် ဦးလေးနဲ့ အဒေါ်က မင်းကို ငါတို့ သားအရင်းတစ်ယောက်လိုပဲသဘောထားမှာမို့ ကိုယ့်ကိုယ်ကိုယ် လူစိမ်းလို မသတ်မှတ်ပါနဲ့။”
“ဟုတ်ကဲ့ပါ ဦးလေးနဲ့ အဒေါ်ရယ်။ ယွီရှီးနဲ့ ကျွန်တော်က အရမ်းရင်းနှီးပါတယ်။ ကျွန်တော်တို့ နောက်မွေးမယ့် ကလေးတွေအတွက် နာမည်တွေတောင် စဉ်းစားထားပြီးပြီ။”
ယဲ့ချန်က ပြုံးစိစိဖြင့် ပြောလိုက်သည်။
“မင်းတို့မှာ ကလေးရနေပြီလား။”
ဦးလေးလင်းက အံ့အားသင့်လျက် ဝမ်းသာသွားကာ သမီးဖြစ်သူ၏ ဗိုက်ကို ကြည့်လိုက်သည်။
“အခုမှ ကိုယ်ဝန်ရှိစမို့ ထင်တယ် ငါ မသိလိုက်ဘူး။”
“အဖေ သူလျှောက်ပြောတာတွေကို လျှောက်မယုံနဲ့။”
လင်းယွီရှီး၏ မျက်နှာမှာ ရဲတောက်သွားသည်။
“သူက တစ်ခါတလေကျရင်အရမ်းနောက်တတ်တာ။”
“ရှောင်ချန်က ဘာလို့ ဒီလိုပြောရမှာလဲ သူ စောစောက သစ်သားလူသားရောဂါနဲ့ ဓာတ်ကြီးငါးပါးအကြောင်း ရှင်းပြသွားတာတွေက တကယ့်ကို အဟုတ်ကြီးပဲ။ ပညာရှင်တွေတောင် အံ့ဩသွားကြတာပဲလေ။”
ယောက္ခမဖြစ်သူ လီဟွီကမူ သူမ၏ သမက်ဘက်မှ ကာကွယ်ပြောဆိုပေးနေတော့သည်။
ဤအခိုက်အတန့်တွင် ကျန်းသခင်လေးသည် ယဲ့ချန်လင်းယွီရှီးနှင့် မိသားစုသုံးယောက်တို့ ပျော်ပျော်ရွှင်ရွှင်၊ ရင်းရင်းနှီးနှီးစကားပြောရယ်မောနေကြသည်ကို ကြည့်ကာ မနာလိုစိတ်များကြောင့် ဆက်၍ မအောင့်အီးနိုင်တော့ပေ။
သူ၏ မျက်နှာမှာ ဒေါသကြောင့် မည်းမှောင်နေပြီး ရေပင် ထွက်လာတော့မည့်အတိုင်း ဖြစ်နေသည်။ သူသည် ဒေါသအလွန်ထွက်နေသဖြင့် ယဲ့ချန်ကို သတ်ပစ်ချင်စိတ် ပေါက်နေခဲ့ပြီ။
သူ လင်းယွီရှီးကို စတွေ့ကတည်းက သူမကို သေချာပေါက် ပိုင်ဆိုင်ရမည်ဟု ကျိန်ဆိုထားခဲ့သည်။ အတင်းအကျပ် လုပ်ရမည်ဆိုလျှင်ပင်။ သူမ၏ အချစ်ကို ယဲ့ချန်က လုယူသွားသည်ကို သူ ဘယ်လိုမှ လက်မခံနိုင်ပေ။
ကျန်းသခင်လေးသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး မှတ်စုများကို အာရုံစိုက် ရေးမှတ်နေသည့် ညွှန်ကြားရေးမှုးလော့ထံသို့ လျှောက်သွားခဲ့သည်။
“ညွှန်ကြားရေးမှုးလော့ ကျွန်တော့်မှာ အဲဒီယဲ့ချန်နဲ့ ပုဂ္ဂိုလ်ရေးတွေ ရှိနေတယ်။ ညွှန်ကြားရေးမှုးက ဝင်ပါချင်လို့လား။”
ကျန်းသခင်လေးသည် ညွှန်ကြားရေးမှုးလော့ကိုလည်း အနည်းငယ် ဂျောက်ကျနေသည်။ အကယ်၍ ညွှန်ကြားရေးမှုးလော့က ယဲ့ချန်ကို ကာကွယ်ပေးချင်ပါက သူ ပေါ်တင်လုပ်၍ ရမည်မဟုတ်ပေ။
ညွှန်ကြားရေးမှုးလော့က ကျန်းသခင်လေးကို လှည့်ကြည့်လိုက်ရာ မျက်လုံးများထဲတွင် လှောင်ပြောင်သရော်မှုများ ပြည့်နှက်နေသည်။
“ဒါက ငါနဲ့ မဆိုင်ပါဘူး။ ငါ ဝင်စွက်ဖက်စရာ အကြောင်းမရှိဘူး။ မင်း လုပ်စရာရှိတာကိုသာ လုပ်ပါ။ ဒါပေမဲ့ ကျန်းသခင်လေး... ငါ မင်းကို သတိပေးလိုက်မယ် တစ်ခါတလေကျရင် လွန်လွန်ကဲကဲ လုပ်မိတာတွေက မင်းပေးဆပ်ရမယ့် တန်ဖိုးတစ်ခုအဖြစ် ပြန်ဖြစ်လာတတ်တယ်။ မင်းရဲ့ အမြင်ကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ထားသင့်တယ်။ ကဲ... ငါပြောချင်တာ ဒါပါပဲ။ ကိုယ့်ဘာသာကိုယ် သေသေချာချာ စဉ်းစားပေါ့။”
ယဲ့ချန်၏ နောက်ကွယ်တွင် ထန်မိသားစုတစ်ခုလုံး ရှိနေသည်ကို ညွှန်ကြားရေးမှုးလော့ ကောင်းကောင်းသိသည်။ ထိုအရာနှင့် ယှဉ်လျှင် ကျန်းသခင်လေးသည် ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်သည်။
သူသည် ဤကိစ္စတွင် အာဏာမရှိသလို ဝင်စွက်ဖက်ရန်လည်း မရဲပေ။ အကယ်၍ တစ်ခုခု မှားယွင်းသွားပါက ထန်မိသားစုကအလွယ်တကူ လွှတ်ပေးမည်မဟုတ်ပေ။
“ကောင်းပြီ ညွှန်ကြားရေးမှုးလော့က ဝင်မပါဘူးဆိုရင်တော့ကောင်းတာပေါ့ ကျွန်တော် ဘာလုပ်ရမလဲဆိုတာ သိပြီ။”
ကျန်းသခင်လေးသည် အမုန်းတရားများကြောင့် မျက်စိကွယ်ကာ ဆင်ခြင်တုံတရား လက်လွတ်ဖြစ်နေပြီး ညွှန်ကြားရေးမှုးလော့စကားများ၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို သေသေချာချာ နားမလည်ခဲ့ပေ။
ထိုအချိန်တွင် ကျန်းသခင်လေးက လင်းယွီရှီး၏ အကြီးဆုံးနှင့် ဒုတိယဦးလေး မိသားစုဝင်များကို မျက်စိပ်တစ်ဖက် မှိတ်ပြလိုက်သည်။ လင်းယွီရှီး၏ အကြီးဆုံးဦးလေးသည် ယဲ့ချန်ထံသို့ တိုက်ရိုက် လျှောက်သွားခဲ့သည်။
“ဟေး... ကောင်စုတ်.ကျန်းသခင်လေးက မင်းနဲ့ သီးသန့် စကားပြောချင်လို့တဲ့။”
အကြီးဆုံးဦးလေးက ယဲ့ချန်ကို ဒေါသတကြီး စိုက်ကြည့်ရင်း ပြောလိုက်သည်။
“မင်းတို့ ဘာလိုချင်သေးတာလဲ မင်းတို့က ညီအစ်ကို သံယောဇဉ်ကို ဖြတ်တောက်ပစ်ခဲ့ပြီးမှတော့ ငါ့ဘက်က မင်းတို့ကို ပြောစရာ စကားမရှိတော့ဘူး အခုချက်ချင်း ထွက်သွားကြစမ်း ထွက်သွားကြတော့။”
ဦးလေးလင်းကအော်ဟစ်လိုက်သည်။
“ဒီနေ့ ဘယ်သူမှ ရှောင်ချန်ကို အကျပ်ကိုင်လို့ မရစေရဘူး မဟုတ်ရင် ငါ အသက်နဲ့လဲပြီး တိုက်ပွဲဝင်မယ်။”
“တတိယညီ မင်း အော်မနေနဲ့ဦး မင်း ရောဂါပျောက်သွားတာ ကောင်းပါတယ်။ ဒါပေမဲ့ ဘာထူးလဲ။ မင်းကတော့ တစ်သက်လုံး အောက်ခြေတန်းစားအဖြစ်ပဲ နေသွားရမှာပဲ။ မင်း ငါတို့ကို ယွမ် ၂ သန်း ပေးစရာ ကျန်သေးတယ်နော်။”
အကြီးဆုံးဦးလေးက ခပ်တင်းတင်း ပြောလိုက်သည်။
“မင်းက တကယ်ပဲ ဒီကောင်စုတ်ကို မင်းရဲ့ သမက်အဖြစ် သတ်မှတ်နေတာလား။ တကယ်ရယ်စရာကောင်းတာပဲ။ ချမ်းသာတဲ့ သမက်လောင်းကို ငြင်းပြီး အမှိုက်ပုံထဲက အမှိုက်ကို ကောက်ယူလိုက်တယ်ပေါ့။”
“ပါးစပ်ပိတ်စမ်း။”
ဦးလေးလင်းမှာ ဒေါသထွက်လွန်းသဖြင့် အသက်ရှူပင် ပြင်းထန်လာခဲ့သည်။
“ရပါတယ် ဦးလေးရယ် စိတ်မဆိုးပါနဲ့ဦး။ ဒါကို ကျွန်တော် ကိုင်တွယ်ပါ့မယ်။”
ယဲ့ချန်က ဦးလေးလင်း၏ ပုခုံးကို တည်ငြိမ်စွာပုတ်ပေးလိုက်ပြီး လင်းယွီရှီးကိုပြောလိုက်သည်။
အခန်း ၈၄ - ဖုန်းဝင်လာပြီ။
ယဲ့ချန်သည် ဆိုဖာပေါ်တွင် ခြေတင်ချိတ်ထိုင်လျက် ရှိနေသည်။
ကျန်းသခင်လေးသည် လင်းယွီရှီး၏ ဦးလေးများနှင့် မိသားစုဝင်များကို ခေါ်ဆောင်ကာ ယဲ့ချန်၏ မျက်နှာချင်းဆိုင်တွင် ရပ်နေသည်။
“ကောင်လေး၊ သေချာနားထောင်စမ်း။ ငါ အခု မင်းကို အရင်ဆုံး ယဉ်ယဉ်ကျေးကျေး ပြောမယ် အဲဒီနောက်မှ ငါတို့ တိုက်ခိုက်ကြတာပေါ့။”
ကျန်းသခင်လေးက ယဲ့ချန်ကို ရက်စက်ကြမ်းကြုတ်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ သူက အိတ်ထဲမှ ချက်လက်မှတ်စာအုပ်ကို ထုတ်ကာ ကိန်းဂဏန်းအချို့ကို လက်စွမ်းပြ ရေးသားလိုက်တော့သည်။
“နားထောင်စမ်း ဒီမှာ ယွမ် ၂ သန်းရှိတယ်။ ဒါက မင်းတစ်သက်လုံး အိပ်မက်တောင် မမက်ဖူးတဲ့ ပိုက်ဆံပဲ ဒီပိုက်ဆံကို ယူပြီး မင်း သွားနိုင်သလောက် ဝေးဝေးကို ထွက်သွားတော့ယွီရှီးက ငါမျက်စိကျထားတဲ့ မိန်းကလေးပဲ မင်းလို အောက်တန်းစားက ထိပါးလို့ရတဲ့သူ မဟုတ်ဘူး။”
ပြောပြီးသည်နှင့် ကျန်းသခင်လေးက ထိုချက်လက်မှတ်ကို ယဲ့ချန်၏ ခြေရင်းသို့ ပစ်ချလိုက်သည်။
“မင်း ကံကောင်းလို့ ယွီရှီးအဖေရဲ့ရောဂါကို ကုသပေးနိုင်ရုံနဲ့ မင်းကြိုက်သလို လုပ်လို့ရမယ်လို့ မထင်နဲ့ဦး ငါ မင်းကို အမှန်အတိုင်း ပြောပြမယ်လူတစ်ယောက်က ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဘယ်လောက်ပဲ ထူးချွန်ထူးချွန် အာဏာစွမ်းအားတွေရဲ့ ရှေ့မှာတော့ ဒူးထောက် အရှုံးပေးရတာပဲ ငါ့အဖေက ယန်မြို့တော်မှာ... ရွှီအုပ်စု ရဲ့ အဆင့်မြင့် အရာရှိကြီးတစ်ယောက်ဖြစ်ပြီး ငါ့အမေကလည်း ရှအုပ်စု ရဲ့ အဆင့်မြင့် အရာရှိကြီးတစ်ယောက်ပဲ မင်းမှာ ငါ့ကို တိုက်ခိုက်ဖို့ ဘာအရည်အချင်း ရှိလို့လဲ။ ဘာနဲ့ လာပြိုင်မလို့လဲ။ ဒါက သစ်ပင်ကို လှုပ်ခါဖို့ ကြိုးစားတဲ့ ပိုးကောင်လေးလိုပဲတကယ်ကို ရယ်စရာကောင်းလွန်းတယ်။ ပိုက်ဆံကို ယူပြီး ထွက်သွားစမ်း။”
“ရွှီအုပ်စု ရှအုပ်စု။”
ယဲ့ချန်၏ မျက်နှာထားမှာ အနည်းငယ် ထူးဆန်းသွားသည်။
“ဟားဟားဟား... တိုက်ဆိုင်လိုက်တာ။”
“ကျန်းသခင်လေးက တကယ် သတ္တိရှိတာပဲ။”
ဒုတိယအဒေါ်က ချက်ချင်းပင် ဖားလိုသော အပြုံးဖြင့် ပြောလိုက်သည်။
“တစ်ခါတည်းနဲ့ ယွမ် ၂ သန်းတောင် ဒီလို သဘောထားကြီးမားတဲ့ ပုံစံနဲ့ဆိုရင် နောင်တစ်ချိန်မှာ သေချာပေါက်ကြီးပွားတိုးတက်မယ့်သူပဲ။”
ထိုစဉ်မှာပင်။
တီ...
ဒုတိယအဒေါ်၏ ဖုန်းထဲသို့ စာတို ဝင်လာသံ ထွက်ပေါ်လာခဲ့သည်။
သူမက ဖုန်းကို ထုတ်ယူကာ ကြည့်လိုက်ရာ ရုတ်တရက် မျက်နှာပျက်သွားပြီး ယင်ကောင်တစ်ကောင်ကို ဝါးမျိုလိုက်ရသကဲ့သို့တောင့်တင်းသွားတော့သည်။
ပိုက်ဆံ ရောက်လာပြီ။
သူမ၏ ဘဏ်အကောင့်ထဲသို့ ယွမ် ၂ သန်း ဝင်လာခဲ့ပြီ ဖြစ်သည်။
ဤအခိုက်အတန့်တွင် သူမသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ယဲ့ချန်ကို တစ်လှည့် ကျန်းသခင်လေးကို တစ်လှည့်ကြည့်လိုက်သည်။ အခြေအနေက အနည်းငယ် ရှုပ်ထွေးသွားပုံရသည်။
ယဲ့ချန်သည် ဖုန်းတစ်ကောလ်တည်းဖြင့် တကယ်ပင် ယွမ် ၂ သန်းကို သူမ၏ အကောင့်ထဲသို့ လွှဲပေးနိုင်ခဲ့ပြီး လင်းယွီရှီးမိသားစု၏ အရင်းရော အတိုးပါ ရှိသမျှ အကြွေးအားလုံးကို ဆပ်ပေးလိုက်ခြင်း ဖြစ်သည်။
ဒါဆိုလျှင်သာမန်လူတစ်ယောက်က ဖုန်းတစ်ကောလ်တည်းဖြင့် ယွမ် ၂ သန်းကို ချက်ချင်းလွှဲခိုင်းနိုင်ဖို့ တကယ်ပဲ ဖြစ်နိုင်ပါ့မလား။ပြီးတော့ ကျန်းသခင်လေး ပေးနေသည့် ယွမ် ၂ သန်းကိုရော သူက တကယ်ပဲ တန်ဖိုးထားပါ့မလား။
တစ်ချိန်တည်းမှာပင် ယဲ့ချန်၏ စနစ်ဘက်တွင်။
တီ... ဂုဏ်ယူပါသည် အိမ်ရှင်၊ တာဝန်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါပြီ- 【လင်းယွီရှီးအတွက် ယွမ် ၂ သန်း ပြန်လည်ပေးဆပ်ရန်】
အရည်အသွေးမြင့် ပန်းတောက်သား ပရိဘောဂတစ်စုံကို ရရှိခဲ့ပြီး စနစ်သိုလှောင်ခန်းထဲသို့ အလိုအလျောက် သိမ်းဆည်းလိုက်ပါပြီ။
ပြုပြင်ရေးစွမ်းအင် ၀ ရရှိသည်။
စနစ်ပြုပြင်မှု ၂.၁% ပြီးစီးသွားပါပြီ။
ပိုက်ဆံက နောက်ဆုံးတော့ အကောင့်ထဲ ရောက်သွားခဲ့ပြီ။
“ကျွန်တော်က ကျေးဇူးရှိရင် ပြန်ဆပ်ပြီး ရန်ကြွေးရှိရင် အဆပေါင်းများစွာ ပြန်ချေပတတ်တဲ့ လူမျိုးပါ။ ယွီရှီး ခင်ဗျားတို့ကိုပေးစရာရှိတဲ့ အကြွေးတွေကို ကျွန်တော် ပေးဆပ်ပြီးပြီ။ အခုကတော့ သူမအတွက် ကျွန်တော် လက်စားချေပေးရမယ့် အလှည့်ပဲ။”
ယဲ့ချန်က လှောင်ပြောင်သရော်ရင်း ပြုံးလိုက်ပြီး ကုန်းကာ မြေပြင်ပေါ်မှ ချက်လက်မှတ်ကို ကောက်ယူလိုက်သည်။
“ဟားဟားဟား ဟုတ်တယ် ပိုက်ဆံကို ယူပြီး အခုချက်ချင်း ထွက်သွားတော့။”
ကျန်းသခင်လေးက ရူးသွပ်စွာ ရယ်မောလိုက်သည်။
“ယွီရှီးက ငါ့အပိုင်ပဲ။”
သူ့၏ လောကအမြင်တွင် လူသားများမှာ မိစ္ဆာငယ်လေးများဖြစ်ပြီး ငွေကြေးမှာမူ အရာအားလုံးကို သတ်ပစ်နိုင်သည့် မိစ္ဆာကြီးဖြစ်သည်။ ယဲ့ချန်ကဲ့သို့ သာမန်ကောင်အတွက် ယွမ် ၂ သန်းဆိုသည်မှာ သူ့ကို ဝယ်ယူရန် လုံလောက်သည်ထက် ပိုသည်ဟု သူ ယူဆထားသည်။
သို့သော် မမျှော်လင့်ဘဲ။
ယဲ့ချန်က မီးခြစ်ကိုထုတ်၍ မီးညှိကာ ထိုချက်လက်မှတ်ကို ပြာဖြစ်အောင် ရှို့ပစ်လိုက်တော့သည်။
“တောက် မင်းလို ကျေးဇူးကန်းတဲ့ ကောင်စုတ်။”
ယဲ့ချန်၏ လှုပ်ရှားမှုက ကျန်းသခင်လေးကို ဒေါသအလွန်ထွက်သွားစေပြီး၊သူ၏ ဖုံးကွယ်ထားသော မျက်နှာဖုံးကို ဆုတ်ခွာကာ ယဲ့ချန်ကို ဝါးစားမတတ် ရက်စက်ကြမ်းကြုတ်သော မျက်လုံးများ ပေါ်ထွက်လာစေသည်။
ကျန်းသခင်လေးသည် ဒေါသကြောင့် မျက်နှာပျက်ယွင်းလျက် ယဲ့ချန်ထံသို့ တစ်လှမ်းချင်း လျှောက်သွားခဲ့သည်။ သူ၏ စိတ်ထဲတွင် ဖော်မပြနိုင်သော နာကျည်းမှုနှင့် မလိုမုန်းထားမှုများ ပြည့်နှက်နေသည်!
“ကျန်းသခင်လေး သူ့ကို သတ်ပစ်လိုက်။”
အကြီးဆုံးဦးလေး၏ သားကြီးကလည်း ရှေ့သို့ တိုးလာခဲ့သည်။
ထို့ပြင် လင်းယွီရှီး၏ အခြားဝမ်းကွဲနှစ်ယောက်လည်း ရှေ့သို့ တိုးလာကြသည်။
သူတို့သည် ယဲ့ချန်ကို ဝိုင်းဝန်းတိုက်ခိုက်ရန် ပြင်နေကြခြင်း ဖြစ်သည်။
ဒုတိယအဒေါ်က တားဆီးချင်သော်လည်း ခဏမျှ ဝေခွဲမရဖြစ်သွားပြီးနောက် နောက်ဆုံးတွင် နှုတ်ဆိတ်နေလိုက်တော့သည်။
‘ဒီကောင်လေးမှာ တချို့သော နောက်ခံတွေ ရှိနေနိုင်ပေမဲ့ ကျန်းသခင်လေးနဲ့ ယှဉ်ရင်တော့ သူက ပြိုင်ဘက် မဟုတ်ပါဘူး ကျန်းသခင်လေးကို ဆန့်ကျင်ရင်တော့...’
သူ သေရလိမ့်မည်။ တကယ်တော့ ကျန်းသခင်လေး၏ နောက်ကွယ်တွင် ရှုမိသားစုနှင့် ရှမိသားစုဟူသော ဘီလူးကြီးနှစ်ကောင်ရှိနေသည်မဟုတ်ပါလား။
“ဟက်... ခင်ဗျားက အရင်ဆုံး ယဉ်ကျေးပြပြီးမှ အကြမ်းဖက်မယ်လို့ ပြောတာ တကယ် ကောင်းပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်ကလည်း အစကတည်းက အဲဒီလိုပဲ စီစဉ်ထားတာပါ။”
ယဲ့ချန်သည် မတ်တတ်ရပ်လိုက်ရာ မျက်လုံးများထဲတွင်အေးစက်လှသော အလင်းတန်းများ ဖြတ်ပြေးသွားခဲ့သည်။
“ကျန်းသခင်လေး ဟုတ်လား။ ကျွန်တော် ခင်ဗျားကို မကြည်တာကြာလှပြီ။ ခင်ဗျားက စချင်တယ်ဆိုမှတော့ ကျွန်တော်လည်း ကစားပေးရတာပေါ့။”
တီ...တာဝန် ဖန်တီးလိုက်ပါပြီ။
တာဝန်ရည်မှန်းချက်- အိမ်ရှင်သည် ကျန်းသခင်လေးကို ရိုက်နှက်ရမည်။
ဆုလာဘ်- စနစ်သည် တာဝန်၏ ခက်ခဲမှုကို ခွဲခြမ်းစိတ်ဖြာနေဆဲဖြစ်ပြီး.ဆုလာဘ်များကို နောက်မှ ပေးအပ်ပါမည်။
အမှန်တော့ ကျန်းသခင်လေးတွင် အတိုက်အခိုက် အရည်အချင်း အနည်းငယ် ရှိသည်။ သူသည် တိုက်ကွမ်ဒိုကို နှစ်ပေါင်းများစွာလေ့ကျင့်ခဲ့ဖူးပြီး နိုင်ငံခြားတွင် ပညာသင်ကြားစဉ်ကလည်း မနာလိုဝန်တိုမှုများကြောင့် ရန်ပွဲများစွာ ဖြစ်ပွားခဲ့ဖူးသော်လည်းတစ်ခါမျှ ရှုံးနိမ့်ခဲ့ဖူးခြင်း မရှိပေ။
သို့သော်လည်း ယဲ့ချန်မှာမူ နပန်း လက်ဝှေ့နှင့် သိုင်းပညာ နယ်ပယ်သုံးခုလုံးတွင် နိုင်ငံတော်အဆင့် ချန်ပီယံ အရည်အချင်းသို့ရောက်ရှိနေပြီဖြစ်ရာ ကျန်းသခင်လေးနှင့် ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင် ဖြစ်သည်။
မမျှော်လင့်ဘဲ ယဲ့ချန် လှုပ်ရှားလိုက်ပြီ။
သူသည် ရှေ့သို့ ပြေးဝင်လိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းသခင်လေး၏ အရှေ့တည့်တည့်သို့ ရောက်ရှိသွားခဲ့သည်။ သူ၏ အရှိန်မှာ မြန်လွန်းလှသဖြင့် ကျန်းသခင်လေးတစ်ယောက် စဉ်းစားရန်ပင် အချိန်မရလိုက်ပေ။
ထို့နောက် ယဲ့ချန်က လက်ကိုမြှောက်ကာ ကျန်းသခင်လေး၏ ဘယ်ဘက်ပါးပြင်ကို ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
ဖြန်းးးး
ကျယ်လောင်လှသော ပါးရိုက်သံကြီး ထွက်ပေါ်လာခဲ့သည်။ ကျန်းသခင်လေးသည် ထိုရိုက်ချက်ကြောင့် လေထဲတွင် တစ်ပတ်လည်သွားပြီးနောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားခဲ့သည်။
သူ၏ တန်ဖိုးကြီး ရွှေရောင်ဘောင်စပ် စိန်စီထားသော မျက်မှန်မှာ လွင့်ထွက်သွားပြီး မြေပြင်ပေါ်တွင် ကွဲအက်သွားခဲ့ကာ ဖိနပ်တစ်ဖက်လည်း ကျွတ်ထွက်သွားခဲ့သည်။ သူ၏ ပုံစံမှာ အလွန်စုတ်ပြတ်သတ်သွားပြီး ပါးတစ်ဖက်မှာလည်း ဝက်ခေါင်းကဲ့သို့ဖူးရောင်သွားခဲ့သည်။
“ကျန်းသခင်လေး။”
လင်းယွီရှီး၏ ဝမ်းကွဲသုံးယောက်လုံးမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီးနောက် ဒေါသတကြီး အော်ဟစ်ကာယဲ့ချန်ကို ဝိုင်းဝန်းတိုက်ခိုက်ကြတော့သည်။
ဘုန်းး
ဘုန်းးး
ဘုန်းးး
ယဲ့ချန်သည် လျှပ်စီးကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် လှုပ်ရှားကာ လက်သီးတစ်ချက်ခြေကန်ချက်တစ်ချက်နှင့် ပုခုံးကျော်လွှဲချခြင်း တစ်ချက်စီဖြင့် ထိုသုံးယောက်လုံးကို လွင့်ထွက်သွားစေခဲ့သည်။ သူတို့သည် မြေပြင်ပေါ်တွင် ညည်းတွားရင်း ပြန်မထနိုင်တော့ပေ။
သူတို့ကို ရိုက်နှက်ရသည်မှာ လူကြီးတစ်ယောက်က ကလေးကို ရိုက်နှက်နေရသကဲ့သို့ အလွန် လွယ်ကူလှပေသည်။
“တောက် မင်းကို ငါသတ်မယ် မင်းကို ငါသတ်ပစ်မယ် တိရစ္ဆာန်ကောင်။”
လင်းယွီရှီး၏ ဦးလေးများ ဒေါ်လေးများနှင့် ဝမ်းကွဲများမှာ မိသားစုဝင်များ အရိုက်ခံရသည်ကို မြင်သောအခါ ဒေါသတကြီးဖြင့် ခွေးရူးများကဲ့သို့ ဝိုင်းဟောင်ကြတော့သည်။ သို့သော်လည်း သူတို့သည် အော်ရုံသာ အော်နိုင်ကြပြီး ယဲ့ချန်၏ လက်ရုံးရည်ကို ကြောက်ရွံ့သွားကြသဖြင့် ရှေ့သို့ တိုးမလာရဲကြပေ။
ဤအချိန်တွင် ပါးရိုက်ခံရသဖြင့် ကြောင်အမ်းသွားသော ကျန်းသခင်လေးသည် သတိပြန်ဝင်လာပြီး မျက်နှာတစ်ခုလုံး ပြာနှမ်းလျက် အော်ဟစ်တော့သည်။
“မင်း ငါ့ကို ရိုက်တယ်ပေါ့။ မင်း တကယ်ကြီး ငါ့ကို ရိုက်ရဲတယ်ပေါ့။ ငါ့အဖေက ရှုအုပ်စုရဲ့ အဆင့်မြင့်အရာရှိကြီးတစ်ယောက်ကွ။ မင်း ငါ့ကို ရိုက်ရဲတယ် ဟုတ်လား။ ရွှီအုပ်စုက ဘာလဲဆိုတာ မင်းသိရဲ့လား။ မင်း သေဖို့သာပြင်ထားတော့ဘယ်သူမှ မင်းကို ကယ်နိုင်မှာမဟုတ်ဘူး ငါ့အဖေက မင်းကို သတ်လိမ့်မယ် အခု မင်း ဒူးထောက်ပြီး တောင်းပန်ရင်တောင် ဘာမှ ထူးတော့မှာမဟုတ်ဘူး။”
“ရွှီအုပ်စုက အဲဒီလောက်ကြီး အထင်ကြီးစရာ ကောင်းလို့လား။”
ယဲ့ချန်က ဆွံ့အစွာ ပြောလိုက်သည်။
ယဲ့ချန်သည် စိတ်ထဲမှနေ၍ အထင်သေးမိသည်။ ပြီးခဲ့သည့်အကြိမ်က Jinjiang Grand Hotelတွင် ရွှီအုပ်စု၏ သခင်လေးဖြစ်သူရွှီကုန်း သည် ဤကျန်းသခင်လေးထက် အဆပေါင်းများစွာ ပိုမိုအာဏာရှိသော်လည်းနောက်ဆုံးတွင်မူ ခွေးတစ်ကောင်ကဲ့သို့ ဒူးထောက်ကာ ကန်တော့တောင်းပန်ခဲ့ရသည် မဟုတ်ပါလား။
တီ...ဂုဏ်ယူပါသည် အိမ်ရှင်၊ တာဝန်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါပြီ【ကျန်းသခင်လေးကို ရိုက်နှက်ရန်】
မွေထိုင်းလက်ဝှေ့ (ခရိုင်ချန်ပီယံအဆင့်)ကျွမ်းကျင်မှုစာအုပ်ကို ရရှိခဲ့ပြီး စနစ်သိုလှောင်ခန်းထဲသို့ အလိုအလျောက်သိမ်းဆည်းလိုက်ပါပြီ။
ပြုပြင်ရေးစွမ်းအင် ၀ ရရှိသည်။
စနစ်ပြုပြင်မှု ၂.၁% ပြီးစီးသွားပါပြီ။
လင်းယွီရှီး၏ ဦးလေးက ရက်စက်စွာ အော်ဟစ်လိုက်သည်။
“ရွှီအုပ်စုဆိုတာ မြေအောက်လောကကနေ စတင်ပေါ်ပေါက်လာတာကွ အဲဒါ ဘာအဓိပ္ပာယ်လဲဆိုတာ မင်းစဉ်းစားကြည့်စမ်း ပြီးတော့ ကျန်းသခင်လေးရဲ့ အဖေက ရွှီမိသားစုရဲ့ ခေါင်းဆောင်ကြီးရဲ့ အယုံကြည်ရဆုံးလူပဲ။ ကျန်းမိသားစုနဲ့ ရွှီအုပ်စုက ခွဲခြားလို့မရအောင်စည်းလုံးညီညွတ်ပြီး အတူတူ ကြီးပွားတူတူ ဆုတ်ယုတ်မယ့်သူတွေလို့ ပြောလို့ရတယ်။ ဒါကြောင့် ကျန်းမိသားစုရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်အဝါက မင်း စိတ်ကူးယဉ်လို့တောင် မမီဘူး မင်းလို အသိဉာဏ်မရှိတဲ့ အောက်တန်းစားကောင်။”
“အာ... ဒါဆိုရင် ကျွန်တော် ဒီကျန်းသခင်လေးကို ရိုက်လိုက်တော့ သူ့အဖေက ကျွန်တော့်ကို သေချာပေါက် ဒုက္ခလာပေးလိမ့်မယ်ပေါ့ ဟုတ်လား။”
ယဲ့ချန်က ပြုံးလိုက်သည်။
“ဒုက္ခပေးရုံတင်မကဘူး မင်းကို သေအောင် သတ်ပစ်မှာ။”
လင်းယွီရှီး ဦးလေး၏ မျက်လုံးများထဲတွင် မလိုမုန်းထားမှုများနှင့်လှောင်ပြောင်မှုများ ပြည့်နှက်နေသည်။
"မင်း သေခါနီး နောက်ဆုံးစကားတွေ ပြောဖို့ အချိန်နည်းနည်းတော့ ကျန်ပါသေးတယ်။စိတ်မပူပါနဲ့ မင်းသေပြီးရင် ငါတို့က ငါ့ရဲ့ တတိယညီ မိသားစု သုံးယောက်လုံးကို သေချာ ဂရုစိုက်ပေးပါ့မယ်။”
“ဒါက တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတာပဲ။ ကောင်းပြီလေ ကျွန်တော်ပဲ အရင် လက်ဦးမှု ယူလိုက်ပါ့မယ်။”
ယဲ့ချန်က ဖုန်းကို ထုတ်လိုက်သည်။
“ကျွန်တော်က ပြဿနာတက်ရတာကို သိပ်မကြိုက်ဘူး။”
ထိုသို့ပြောပြီးနောက် ယဲ့ချန်သည် ထန်ကျိယွမ်ထံသို့ ဖုန်းခေါ်ဆိုလိုက်သည်။
“အစ်ကိုလေး မင်း ကွမ်တာလမ်းမှာ ရှိနေတာလား။ တောက် ခုနက မင်းဖုန်းနဲ့ ငါ့ကို ဆဲသွားတဲ့ ကောင်စုတ် ယဲ့ခွေ ဆိုတဲ့ကောင် ရှိသေးလား။”
ထန်ကျိယွမ်၏ အသံထဲတွင် ရက်စက်ကြမ်းကြုတ်မှုများနှင့် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေသည်။
“ဟုတ်တယ် သူတို့ ဒီမှာ ရှိနေသေးတယ်။”
ယဲ့ချန်က လင်းယွီရှီး၏ ဦးလေးမိသားစုကို သနားစရာသတ္တဝါများကဲ့သို့ ကြည့်ကာပြောလိုက်သည်။
“ကောင်းပြီ အစ်ကိုလေး ငါ အခုပဲ ငါ့လူတွေကို ခေါ်ပြီး လာနေပြီ။ ငါ့ကို ဆဲရဲတယ်ပေါ့။ ငါ သူ့ကို ဒေဝါလီခံစေပြီး မိသားစုပါ ပျက်စီးသွားအောင် လုပ်ပစ်မယ် ဒီနေ့ ဘယ်သူမှ သူ့ကို လာမကယ်နိုင်စေရဘူး။”
“ဒါက ကျွန်တော်နဲ့ မဆိုင်ပါဘူး။ ဒါနဲ့... ရွှီဝေ ရဲ့ ဖုန်းနံပါတ်ကို WeChat ကနေ အခုချက်ချင်း ပို့ပေးပါဦး ကျွန်တော်အခုပဲ လိုအပ်နေလို့ပါ။”
“ရတယ် ငါ အခုပဲ ပို့ပေးလိုက်မယ်။”
ထန်ကျိယွမ်က အပိုအမေးအမြန်းမရှိဘဲ ဖုန်းချသွားခဲ့သည်။
ခန့်မှန်းခြေ စက္ကန့်သုံးဆယ်ခန့်အကြာတွင် ထန်ကျိယွမ်သည် ရွှီဝေ၏ ကိုယ်ပိုင်ဖုန်းနံပါတ်ကို WeChat မှတစ်ဆင့် ယဲ့ချန်ထံသို့ပေးပို့လာခဲ့သည်။
ယဲ့ချန်သည် ရွှီဝေ၏ ဖုန်းနံပါတ်ကို တိုက်ရိုက် ခေါ်ဆိုလိုက်တော့သည်။
တူ... တူ... တူ...
စက္ကန့်အနည်းငယ်အကြာတွင် ဖုန်းကို ကိုင်လိုက်သည်။
“ဒါ... ဒါ ဆရာယဲ့ လားခင်ဗျာ ကျွန်တော် ရွှီဝေ ပါ။ ခုနတင် ဒုတိယသခင်လေးက ဆရာယဲ့ ကျွန်တော့်ဖုန်းနံပါတ် လိုချင်တယ်လို့ ပြောလာလို့ပါ။ ဆရာယဲ့ ဘာများ လိုအပ်လို့လဲခင်ဗျာ။”
ရွှီဝေ၏ အသံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာခဲ့သည်။ အလွန်တရာ ရိုသေကိုင်းညွတ်လှသည်။ စကားပြောရာတွင် အလွန် ဂရုစိုက်ပြီး ရေခဲပြင်ပါးပါးပေါ်တွင် လျှောက်လှမ်းနေရသကဲ့သို့ ရှိနေသည်။
ယဲ့ချန်က အဘိုး၏ အသက်ကို ဆွဲဆန့်ပေးခဲ့သည့် သတင်းမှာ လူကုံထံ အသိုင်းအဝိုင်းလေးအတွင်းတွင် လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။
ရွှီဝေသည်လည်း ဤအချက်ကို သေချာပေါက် သိရှိထားသည်။
ယဲ့ချန်သည် ထန်မိသားစု၏ ကျေးဇူးရှင်ကြီး ဖြစ်သည်။
ပြီးတော့ ရွှီမိသားစုဆိုသည်မှာ ထန်မိသားစုကို မှီခိုအားထားနေရသည့် လက်အောက်ခံ မိသားစုမျှသာ ဖြစ်သည်။
ထန်မိသားစု အောင်မြင်ပါက ရွှီမိသားစု၏ အနာဂတ်မှာလည်း လမ်းပွင့်လိမ့်မည်ဖြစ်ပြီးထန်မိသားစု ဆုတ်ယုတ်ပါက ရွှီမိသားစုသည်လည်း လျင်မြန်စွာ ပျက်စီးသွားပေလိမ့်မည်။
ထို့ကြောင့်ရွှီမိသားစုတစ်ခုလုံးသည် ယဲ့ချန်ကို အမြင့်ဆုံးအဆင့်အဖြစ် ရိုသေထားကြပြီး အလွန်အမင်း ကျေးဇူးတင်နေကြခြင်းဖြစ်သည်။
အကယ်၍ အခွင့်အရေးရပါက ရွှီမိသားစုသည် ယဲ့ချန်ကို အစွမ်းကုန် အလုပ်အကျွေးပြုရန် အသင့်ရှိနေကြသည်။
ထို့ပြင် ယဲ့ချန်သည် ပြီးခဲ့သည့်အကြိမ် ဟိုတယ်တွင် ရွှီကုန်းကို ချမ်းသာပေးခဲ့သဖြင့် ရွှီဝေသည် စိတ်ထဲမှနေ၍အလွန်အမင်း ကျေးဇူးတင်နေခဲ့သည်။
“ခင်ဗျားတို့ ကုမ္ပဏီမှာ ကျန်း လို့ မျိုးရိုးအမည်ရှိတဲ့ အဆင့်မြင့် အရာရှိတစ်ယောက် ရှိလား။”
ယဲ့ချန်က တိုက်ရိုက်ပင် မေးလိုက်သည်။
“သူ့ရဲ့ သားက ပြထည်သူ့ဆေးရုံရဲ့ အာရုံကြောဌာန ညွှန်ကြားရေးမှူးပဲ။”
“ရှိပါတယ် ဆရာယဲ့ ဆရာ ပြောနေတာ ကျန်းတန်ယွမ် ကို ထင်ပါတယ်။ ကျွန်တော့်ကုမ္ပဏီမှာ ဆယ်စုနှစ်တစ်ခုကျော် နှစ်ပေါင်းများစွာ ရှိနေခဲ့တဲ့သူပါ။ ဆရာယဲ့က ဘာဖြစ်လို့လဲခင်ဗျာ။”
“သူ့ကို ရွှီအုပ်စုထဲကနေ မောင်းထုတ်ပြီး သူ့ရဲ့ ငွေစာရင်းတွေကိုပါ သေသေချာချာ စစ်ဆေးပေးလို့ ရမလား။”
ယဲ့ချန်ကအကျဉ်းချုပ် ပြောလိုက်သည်။
ရွှီဝေသည် တစ်စက္ကန့်မျှပင် မဆိုင်းမတွဘဲ။
“နားလည်ပါပြီ ဆရာယဲ့။ ဆရာ့အမိန့်အတိုင်း ကျွန်တော် ချက်ချင်း လုပ်ဆောင်လိုက်ပါ့မယ်။ အခုပဲ စလုပ်လိုက်ပါ့မယ်။”
“ဆရာယဲ့ ဒါနဲ့... ကျန်းတန်ယွမ်က ဆရာ့ကို ဘာများ စော်ကားမိလို့လဲခင်ဗျာ။”
“သူ့သားက ကျွန်တော့်ကို သတ်မယ်လို့ ခြိမ်းခြောက်နေလို့လေ။”
ယဲ့ချန်က ပြုံးလိုက်သည်။
“ဘာ...ကောင်းပါပြီ ဆရာယဲ့ ကျွန်တော် ကျန်းတန်ယွမ်ကို အရာအားလုံး ဆုံးရှုံးသွားအောင် သေချာပေါက်လုပ်ဆောင်ပေးပါ့မယ်။ သူ ထောင်ထဲတောင် ရောက်သွားနိုင်ပါတယ်။ ဒါဟာ သားဆိုးကြောင့် အဖေပါ ပျက်စီးရတဲ့ အဖြစ်ပဲ သူက ကုမ္ပဏီမှာ နှစ်ပေါင်းများစွာ အဆင့်မြင့် ရာထူးယူထားတာဆိုတော့ ကုမ္ပဏီပိုင်ငွေတွေကို သေချာပေါက် ခိုးယူထားတာတွေရှိမှာပဲ။ အရင်ကတော့ ကျွန်တော် မျက်စိမှိတ်ပေးထားခဲ့ပေမဲ့ ဒီတစ်ကြိမ်မှာတော့... စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ချက်ချင်းလွှတ်ပြီး သေသေချာချာ စစ်ဆေးခိုင်းလိုက်ပါ့မယ် ဘယ်လိုမှ ညှာတာမှာ မဟုတ်ဘူး။”
ဖုန်းချသွားခဲ့သည်။
ယဲ့ချန်သည် ရွှီဝေ ပြောလိုသည့် အဓိပ္ပာယ်ကို နားလည်လိုက်သည်။ ယခုတစ်ကြိမ်တွင်မူ ကျန်းသခင်လေး၏ ဖခင်မှာ ဘာပြဿနာမျှ မရှိလျှင်တောင် ပြဿနာအကြီးအကျယ် တက်ပေတော့မည်။
ယဲ့ချန်က ရွှီဝေကို ပြောလိုက်သည့် စကားများကို အခန်းထဲရှိ လူအားလုံး သေသေချာချာ ကြားလိုက်ရသည်။
သို့သော် ရွှီဝေ ပြန်ပြောသည်ကိုမူ သူတို့ မကြားရပေ။
“ဟားဟားဟား ဟားဟားဟား...”
ကျန်းသခင်လေးသည် ပါးစပ်မှ နာကျင်မှုများကိုပင် မေ့လျော့ကာ မြေပြင်ကို ထုရိုက်ရင်း ရူးသွပ်စွာ ရယ်မောတော့သည်။
“ငါ ရယ်ရလွန်းလို့ သေတော့မယ် တကယ်ပဲ ရယ်ချင်ရလို့ သေတော့မယ်။ မင်း ဘယ်သူ့ကို ဖုန်းခေါ်နေတာလဲ။ ရွှီအုပ်စုရဲ့ ဥက္ကဋ္ဌကြီးကိုလား ဟားဟားဟား... မင်း ငါ့အဖေကို ဒုက္ခပေးချင်တယ် ဟုတ်လား.ဟားဟားဟား... ကြည့်ရတာ မင်းက တကယ့်ကို ရူးနေတာပဲ။ ဥက္ကဋ္ဌရွှီနဲ့ ငါ့အဖေကြားက ဆက်ဆံရေးက ဘာလဲဆိုတာ မင်းသိလား အေးအတူပူအမျှ ဒုက္ခတွေကို အတူတူ ကျော်ဖြတ်ခဲ့ကြတဲ့ ညီအစ်ကိုတွေကွ မင်းက ဖုန်းတစ်ကောလ်တည်းနဲ့ ငါ့အဖေကို ရာထူးက ချပစ်နိုင်မယ် ထင်နေတာလား ဟားဟားဟားအရင်တုန်းက လုပ်ငန်းတွေ စလုပ်တုန်းက ငါ့အဖေက ဥက္ကဋ္ဌရွှီအတွက် ဓားချတောင် ခံပေးခဲ့ဖူးတာ မင်း သိလား မင်းက ကိုယ့်ကိုယ်ကိုယ် ဘာထင်နေလို့လဲ ယန်မြို့တော်ရဲ့ ဧကရာဇ်ကြီးလား။"
“ဒီကောင်က စိတ္တဇရောဂါသည်များလား ဘာဖြစ်လို့ လူလိမ်တွေကို ဒီလောက်တောင် ဖုန်းခေါ်ပြနေရတာလဲ။”
လင်းယွီရှီး၏ဦးလေးကလည်း ဟားတိုက်ရယ်မောလိုက်သည်။
“စောစောကတင် သူ ဖုန်းဆက်ပြီး ယွမ် ၂ သန်း လွှဲခိုင်းသေးတယ်လေဟားဟားဟား။"
“တကယ့်ကို ဇာတ်လမ်းတွေ ကောင်းကောင်း ခင်းပြနေတာပဲ။”
ဒေါ်လေးကလည်း ရက်စက်လှသော အပြုံးဖြင့် နှာခေါင်းရှုံ့လိုက်သည်။
ယဲ့ချန်၏ လက်ချက်ကြောင့် နှာခေါင်းရိုး ကျိုးသွားသော အကြီးဆုံးဦးလေး၏ သားကြီးသည် မြေပြင်ပေါ်တွင် ထိုင်လျက်ပါးစပ်မှ သွေးများကို သုတ်ရင်း ရက်စက်စွာ ပြုံးလိုက်သည်။
“ကျန်းသခင်လေး ခင်ဗျားအဖေဆီကို ဖုန်းအမြန်ဆက်ပြီး လူတွေအများကြီး ခေါ်လာခိုင်းလိုက်ပါ ပြီးရင် ဒီကောင်စုတ်ကို သတ်ပြီး လက်စားချေလိုက်တော့ ဟားဟားဟား မင်း ငါတို့ကိုရိုက်တယ်ပေါ့ ဒါပေမဲ့ မကြာခင်မှာ မင်းရဲ့ အသက်နဲ့ ပြန်ပေးဆပ်ရလိမ့်မယ်မင်း အခု ကြောက်နေပြီ နောင်တရနေပြီဆိုတာငါသိတယ် ဒါပေမဲ့... အပိုပဲ မင်း သေရလိမ့်မယ် ကျန်းမိသားစုအတွက် မင်းကို သတ်ပစ်ဖို့က အရမ်း လွယ်ကူလွန်းတယ်။”
အကြီးဆုံးနှင့် ဒုတိယဦးလေး မိသားစုမှ လူများသည် ယဲ့ချန်တစ်ယောက် မျက်နှာတစ်ခုလုံး သွေးချင်းချင်းနီလျက် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ကန်တော့တောင်းပန်ပြီး အသက်ဘေးမှ ကယ်တင်ရန် ငိုယိုတောင်းပန်နေမည့် ပုံရိပ်ကို စိတ်ကူးယဉ်နေကြသည်။
သို့သော် ဒုတိယအဒေါ်တစ်ဦးတည်းသာလျှင် စိတ်ထဲမှနေ၍ မကောင်းသော အငွေ့အသက်များကို ခံစားနေရပြီး စိုးရိမ်ပူပန်မှုများမြင့်တက်လာခဲ့သည်။ သူမသည် စောစောကတင် ယွမ် ၂ သန်း တကယ်ကြီး လက်ခံရရှိခဲ့သော်လည်း မိသားစုဝင်များကို ပြောပြရန် အချိန်မရသေးပေ။
‘မဖြစ်နိုင်တာ လုံးဝ မဖြစ်နိုင်ဘူး။ အဲဒီကောင်စုတ်က ဒီလောက်အထိ အာဏာမရှိနိုင်ပါဘူး... ကျန်းသခင်လေးရဲ့ အဖေက ရွှီအုပ်စုရဲ့ အရာရှိကြီးတစ်ယောက်လေ။ ဖုန်းတစ်ချက်တည်းနဲ့ ပြုတ်ကျသွားဖို့ဆိုတာ မဖြစ်နိုင်ဘူး... ငါ စိုးရိမ်လွန်နေတာ နေမှာပါ။ ကြောက်မနေနဲ့ မကြောက်နဲ့။
’
“မင်း တကယ် အရည်အချင်းရှိတယ်ဆိုရင် ငါ့အမေကိုပါ အလုပ်ဖြုတ်ပစ်ဖို့ ဖုန်းဆက်လိုက်ပါဦးလား...”
ကျန်းသခင်လေးကရယ်မောလိုက်ရာ သူ၏ ဖူးရောင်နေသော ပါးပြင်များကြောင့် ပုံစံမှာ အလွန် ရယ်စရာကောင်းနေခဲ့သည်။
“သေချာနားထောင်စမ်း ငါ့အမေက ရှအုပ်စုရဲ့ စွမ်းအားအရင်းအမြစ်ဌာနရဲ့ အကြီးအကဲပဲ သူမ နာမည်က ကျိုးချိုင်ယွမ်တဲ့ ဟားဟားဟား။”
“ဖူးးးး”
ယဲ့ချန် မအောင့်နိုင်ဘဲ ရယ်မောလိုက်ပြီး လက်ဖျောက်တစ်ချက် တီးလိုက်သည်။
“မင်းရဲ့ အကြံဉာဏ်က တကယ်ကိုဆန်းသစ်တယ်။ အဖေကိုတင် ဒုက္ခပေးရုံတင်မကဘဲ အမေကိုပါ ဆွဲချချင်သေးတာပဲ။ ငါ့မှာသာ မင်းလို သားမျိုးရှိရင် ငါ မင်းကိုအစောကြီးကတည်းက သတ်ပစ်လိုက်ပြီ။”
မြက်ပင်ကို အမြစ်က မတူးရင် နွေဦးရောက်ရင် ပြန်ပေါက်လာလိမ့်မည်။
ယဲ့ချန်သည် ရှယန်နန် ဆီသို့ တိုက်ရိုက် ဖုန်းခေါ်ဆိုလိုက်တော့သည်။
ဖုန်းဝင်သွားခဲ့သည်။
“ဆရာကြီး”
ရှာယန်နန်သည် ယနေ့တွင် စိတ်အခြေအနေ အလွန်ကောင်းမွန်ပုံရပြီး သူမ၏ အသံမှာ တက်ကြွပြီး ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။
“ဆရာကြီးက ကျွန်မဆီကို ကိုယ်တိုင် ဖုန်းဆက်လာတာလား။ ကျွန်မ တကယ်ပဲဂုဏ်ယူမိပါတယ်။”
“ယန်နန် ငါ့ကို အကူအညီတစ်ခုလောက် ပေးလို့ ရမလား။”
ယဲ့ချန်က တည်ငြိမ်စွာ မေးလိုက်သည်။
“ဆရာကြီးက ဒီလောက်အထိ တည်တည်တံ့တံ့ ပြောလာတော့ ကျွန်မတောင် အနေရခက်သွားပြီ။”
“ဘာကိစ္စလဲဟင် ဆရာကြီး အမိန့်ရှိပါ။”
“မင်းတို့ကုမ္ပဏီမှာ ကျိုးချိုင်ယွမ် ဆိုတဲ့ စွမ်းအားအရင်းအမြစ် မန်နေဂျာတစ်ယောက် ရှိလား။”
“ဟုတ်ကဲ့ ရှိပါတယ် ဌာနမှူးကျိုး။ သူ ခုနတင် ကျွန်မရုံးခန်းထဲကနေ ထွက်သွားတာပဲ။ ဘာဖြစ်လို့လဲဟင်။ သူ့ကို ရှာစရာ ရှိလို့လား။”
“ယန်နန် သူ့ကို အခုချက်ချင်း အလုပ်ဖြုတ်ပစ်ပြီး သူ့ရဲ့ ငွေစာရင်းတွေကိုပါ သေသေချာချာ စစ်ဆေးပေးလို့ ရမလား။
” ယဲ့ချန်က တောင်းဆိုလိုက်သည်။
“သူ့သားက ငါ့ကို သတ်မယ်လို့ ခြိမ်းခြောက်နေလို့လေ။ ဒီလို သားမျိုးကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ မိခင်ကလည်း... သိပ်ပြီး လူကောင်းတစ်ယောက် ဖြစ်မနေနိုင်ဘူးလေ။”
“ဟမ် ဒီလောက်တောင် အတင့်ရဲတယ်ပေါ့။”
ရှယန်နန်လည်း ဒေါသထွက်သွားခဲ့သည်။
“ဆရာကြီး ကျွန်မက ပုံမှန်ဆိုအလုပ်လုပ်တဲ့နေရာမှာ အလွန် မျှတပြီး ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို အလုပ်ထဲ ဆွဲမသွင်းတတ်ပါဘူး။ ဒါပေမဲ့ ဆရာကြီးကိုယ်တိုင် ပြောလာပြီဆိုမှတော့ ကျွန်မ ဒီတစ်ကြိမ်တော့ ချွင်းချက်အနေနဲ့ လုပ်ပေးပါ့မယ်။ ရပါတယ် ကျွန်မ သူ့ကို အခုချက်ချင်း အလုပ်ဖြုတ်ပစ်လိုက်ပါ့မယ်။”
“ကျေးဇူးပါ ယန်နန်။ နောက်တစ်ခါကျရင် ငါ မင်းကို စိတ်ဝိညာဉ် တည်ငြိမ်စေတဲ့ ကုထုံးတစ်ခု ကောင်းကောင်း လုပ်ပေးပါ့မယ်။”
ယဲ့ချန်က ပြုံးရင်း ပြောလိုက်သည်။
“သွားပါ...”
ဖုန်းချသွားခဲ့သည်။
“ဟားဟားဟား... ယန်နန် ဟုတ်လား။ မင်း ရှအုပ်စုရဲ့ သခင်မ ရှယန်နန် ဆီကို ဖုန်းဆက်နေတာလို့တော့ မပြောနဲ့ဦး...”
ကျန်းသခင်လေးက ရယ်မော၍မဆုံး ဖြစ်နေသည်။
“ဥက္ကဋ္ဌရှဆိုတာ ရှမိသားစုရဲ့ ရတနာလေးပဲကွ။ သူမက အလွန်လှပရုံတင်မကဘဲ စီးပွားရေးအမြင်မှာလည်း အလွန်ထူးချွန်တဲ့သူ။ သူမရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ပြည်တွင်း စီးပွားရေးလောကမှာ အံ့ဖွယ်တွေအဖြစ် သတ်မှတ်ခြင်းခံရပြီး Time မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာတောင် ဖော်ပြခံခဲ့ရတဲ့သူ ဟားဟားဟား... မင်းက သူမဆီ ဖုန်းဆက်နေတာ ဟုတ်လား အိပ်မက်မက်နေတာလား။”
အသက် ၃၀ ကျော်ရှိပြီဖြစ်သော ကျန်းသခင်လေးသည် မိန်းမလိုက်စားသူတစ်ဦးဖြစ်ပြီး မိန်းကလေးပေါင်းများစွာနှင့် ပတ်သက်ဖူးသော်လည်း ရှယန်နန်ကိုမူ ဘယ်သောအခါမျှ ထိပါးရန် မရဲပေ။
သူမ၏ မိခင်ဖြစ်သူကြောင့် အချို့သော ပွဲလမ်းသဘင်များတွင် ရှယန်နန်နှင့် တွေ့ဆုံဖူးသော်လည်း စကားပြောရန်ပင် အဆင့်မမီခဲ့ပေ။
သူသည် ရှယန်နန်ကို ပတ်သက်ရန် စိတ်ကူးပင် မယဉ်ဝံ့ပေ။ သူမသည် မြင့်မြတ်လွန်းပြီး လက်လှမ်းမမီနိုင်သော အဆင့်အတန်းရှိသူဖြစ်ရာ သူနှင့် မည်သို့မျှ မထိုက်တန်ကြောင်း ကောင်းကောင်းသိသည်။
သို့သော်လည်း သူ့ရှေ့ရှိ ဤကောင်စုတ်က ရှယန်နန်ကို သိရုံတင်မကဘဲ ယန်နန် ဟု ရင်းရင်းနှီးနှီး ခေါ်ဆိုနေသည် ဟုတ်လား။
“စောင့်ကြည့်လိုက်ပါဦး၊ မင်းရဲ့ မိဘတွေဆီက ဖုန်းမကြာခင် ဝင်လာလိမ့်မယ်။”
ယဲ့ချန်က လှောင်ပြောင်သော အပြုံးဖြင့် ပြောလိုက်သည်။
“ဟားဟားဟား... ကောင်းပြီလေ။"
ကျန်းသခင်လေးမှာ ရယ်လွန်းသဖြင့် ချောင်းဆိုးလာခဲ့သည်။
ဒါက ဘယ်လို အဓိပ္ပာယ်မရှိတဲ့ ဖုန်းခေါ်ဆိုမှုလဲ။
သို့သော်လည်း ကွက်တိ ထိုအခိုက်အတန့်တွင်ပင်။
ကျန်းသခင်လေး၏ ဖုန်း သံစဉ် တုန်ခါလျက် မြည်လာခဲ့တော့သည်။
ဒါဟာ ရုတ်တရက်ဆန်ပြီး ထူးဆန်းလွန်းလှသလို တိုက်ဆိုင်လွန်းလှသည်။ ချက်ချင်းပင် အခန်းထဲရှိ ကျန်းသခင်လေးအပါအဝင် လူအားလုံး၏ မျက်နှာပေါ်မှ အပြုံးများမှာ အေးခဲသွားခဲ့ကြသည်။
ယဲ့ချန်ကမူ အေးဆေးစွာ ထိုင်ချလိုက်ပြီး စီးကရက်တစ်လိပ်ကို မီးညှိကာ ကျေနပ်စွာ သောက်နေတော့သည်။
“ဒါ... ဒါက ဖုန်းတစ်ကောလ် ဝင်လာရုံပါပဲ တိုက်ဆိုင်မှုတစ်ခုသက်သက်ပါ။ ငါ တစ်နေ့ကို ဖုန်းကောလ်ပေါင်း ဒါဇင်နဲ့ချီ၊ ရာနဲ့ချီလက်ခံရရှိနေတာပဲလေ။ မင်းတို့က ဘာလို့ ဒီလောက်တောင် ပျာယာခတ်နေကြတာလဲ။”
ကျန်းသခင်လေးက ဖုန်းကိုထုတ်ပြီး ခေါ်ဆိုသူ၏ အမည် ကို ကြည့်လိုက်ရာ ချက်ချင်းပင် ကျောရိုးတစ်ခုလုံး အေးစိမ့်သွားခဲ့။
သူ့ဖခင်ဖြစ်သူ ကျန်းတန်ယွမ် ဆီက ခေါ်ဆိုနေခြင်း ဖြစ်သည်။
“မဖြစ်နိုင်တာ ဘယ်လိုတိုက်ဆိုင်မှုမျိုးလဲ ငါ့အဖေက အချိန်ကိုက် ဖုန်းဆက်လာတာပဲ သူ့ဘက်မှာ ဘာပြဿနာမှ ရှိမနေနိုင်ပါဘူး။ သူက အမြဲတမ်း စိတ်ချရတဲ့သူပဲ။ ငါ့အဖေက အရမ်း စိတ်ချရပါတယ်။”
ကျန်းသခင်လေးသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ဖုန်းကို လက်ခံဖြေကြားလိုက်တော့သည်။