← Chapters

အခန်း ၈၈၇

Vol. 60 Ch. 887

အခန်း ၈၈၇

Vol. 60 Ch. 887

အခန်း (၈၈၇) - ဆေးပညာရှင် ပြိုင်ပွဲကြီး

သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် တစ်ခုလုံး ပွဲဆူနေတော့၏။

"အဲဒါ... အဲဒါ သူပဲ..."

သခင်လေးယန်က ဖုန်းဝူချန်ကို ကြည့်ရင်း ထိတ်လန့်တုန်လှုပ်နေပြီး တစ်ကိုယ်လုံးလည်း သိသိသာသာ တုန်ယင်နေတော့၏။

ယန်မိသားစု အနေဖြင့် ဖုန်းဝူချန်ကို ကလဲ့စားမချေရန် ဆုံးဖြတ်ခဲ့ခြင်းက တကယ့်ကို ကံကောင်းလှသည်ဟု သူ တိတ်တဆိတ် တွေးတောနေမိ၏။ မဟုတ်ပါက ယန်မိသားစုမှာ ယခုအချိန်တွင် မြေလှန်ဖျက်ဆီးခံထားရလောက်ပြီ လေ။

ရှုမီချောက်နက်တွင် ဖုန်းဝူချန်နှင့် ပြဿနာဖြစ်ခဲ့ဖူးသော ကျောင်းသားများမှာလည်း ထိတ်လန့်တုန်လှုပ်နေကြပြီး ဖုန်းဝူချန်က သူတို့ကို ကလဲ့စားပြန်ချေမည်ကို အလွန်အမင်း စိုးရိမ်ပူပန်နေကြတော့၏။

"ဘုရားရေ... လူငယ် ဆေးပညာရှင်တွေ ဒီလောက်တောင် များနေတာ... ဒါတွေ အကုန်ပြီးဖို့ ဘယ်လောက်တောင် ကြာမှာလဲ..."

ကျောင်းတော်ဂိတ်တံခါးဝသို့ ဝင်လာပြီး ရင်ပြင်ကြီးကို လှမ်းကြည့်လိုက်သည့် အခိုက်အတန့်မှာပင် ကျန်းကျွင့်လန်နှင့် အဖွဲ့သားများမှာ ကျောက်ရုပ်များပမာ မှင်သက်သွားကြတော့၏။

"ဒီမှာ တိုက်ကြီး တစ်ခုလုံးက လူငယ် ဆေးပညာရှင်တွေ အကုန် ရောက်နေတာလား... နန်းတော်သခင်... ကျွန်တော် အခု ပြိုင်ပွဲကနေ နှုတ်ထွက်လို့ ရသေးလား..."

ယဲ့ထျန်းဝေက ကြောင်အမ်းအမ်းဖြင့် ပြောလိုက်၏။ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူ ဆက်ပြီး မပြိုင်ချင်တော့သည်မှာ အမှန်ပင်။

ဆေးပညာရှင် ပြိုင်ပွဲကြီးသို့ လာရောက်ကြသော ပါရမီရှင်များ၏ အရေအတွက်မှာ လူတိုင်း၏ စိတ်ကူးယဉ် မှန်းဆနိုင်စွမ်းကို ကျော်လွန်နေခဲ့၏။

လူငယ် ဆေးပညာရှင်ပေါင်း တစ်သောင်းကျော် တက်ရောက်လာလေ၏။

၎င်းမှာ ဆေးပညာရှင် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် သူများကိုသာ ရေတွက်ထားခြင်း ဖြစ်၏။ အခြားသော စောင့်ကြည့်သူများနှင့် ဆိုလျှင် အနည်းဆုံး လူငါးသောင်း၊ ခြောက်သောင်းခန့် ရှိနေမည်သာ။

ကံကောင်းထောက်မစွာဖြင့် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ဤမျှ လူအုပ်ကြီးကို လက်ခံနိုင်လောက်အောင် ကျယ်ဝန်းလှသဖြင့်သာ တော်တော့၏။ မဟုတ်ပါက မည်သူမျှ ရပ်ရန် နေရာပင် ရှိလိမ့်မည် မဟုတ်ချေ။

ဖုန်းဝူချန် ကိုယ်တိုင်လည်း သူ ထင်ထားသည်ထက် ပို၍ များပြားလှသော လူအုပ်ကြီးကို ကြည့်ရင်း အနည်းငယ် အံ့အားသင့်သွားရသည်။

ဖုန်းဝူချန်၏ ပုံရိပ် ထွက်ပေါ်လာမှုက လူအုပ်ကြီး အတွင်း၌ ယမ်း ပေါက်ကွဲသွားသည့်အလား ဆူညံသွားစေတော့၏။

နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ကြီး ဆိုသည်မှာ တိုက်ကြီး တစ်ခုလုံးတွင် အထွတ်အထိပ် အဆင့်အတန်းကို ကိုယ်စားပြုနေသူ လေ။

"မဟာမိတ် ခေါင်းဆောင်ကြီး..."

ဖုန်းဝူချန် ဖြည်းညင်းစွာ လျှောက်လှမ်းလာစဉ် လူအုပ်ကြီးမှာ အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ဟစ်ကြွေးလိုက်ကြတော့၏။

"ဟွန့်... သူက ဘာများ အရေးပါနေလို့လဲ... ငါ့လောက်တောင် စွမ်းအားရှိမှာ မဟုတ်ပါဘူး... သူ့နောက်ကွယ်မှာ အင်အားကြီးတဲ့ ကျောထောက်နောက်ခံတွေ ရှိလို့သာ ဒီရာထူး ရနေတာ ဖြစ်ရမယ်..."

တစ်စုံတစ်ယောက်က သရော်လှောင်ပြောင်သော လေသံဖြင့် မှတ်ချက်ချလိုက်၏။

"ကြည့်ရတာ အသက် နှစ်ဆယ်ကျော်ပဲ ရှိဦးမယ်... လူပျိုပေါက်တောင် ကောင်းကောင်း မဖြစ်သေးဘူး... ဒါကို မဟာမိတ် ခေါင်းဆောင်ကြီးတဲ့... ဟွန့်... ဘာစွမ်းအားမှ မရှိဘဲနဲ့ လူကြားထဲ ထွက်ပြရဲတာ တကယ့်ကို ရှက်ဖို့ ကောင်းတာပဲ... ဒါပေမဲ့ သူ့နောက်က အမျိုးသမီးလေးကတော့ တကယ့်ကို လှတာပဲ... နည်းပြ ရှန့်ကွမ်းနဲ့တောင် ယှဉ်နိုင်တယ်..."

"အဆင့်အတန်း မြင့်ပြီး ကျောထောက်နောက်ခံ ကောင်းရင်တော့ လှလှပပ အမျိုးသမီးလေးတွေ ရမှာပေါ့..."

"ဒီဖုန်းဝူချန်က မင်းတို့ ပြောသလောက် အားနည်းတဲ့ သူတော့ မဟုတ်လောက်ဘူး... သူက အရမ်းကို လျှို့ဝှက်ဆန်းကြယ်လွန်းတယ်... သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်ကို လုံးဝ ခန့်မှန်းလို့ မရဘူး..."

"အသံလေးတွေ လျှော့ကြပါဦး... ဖုန်းဝူချန်က အရမ်းကို အစွမ်းထက်တယ်လို့ ငါ ကြားဖူးတယ်... သူက ဆေးဧကရာဇ် လို့တောင် အမည်နာမ ကျော်ကြားတာနော်... သူ့ကို သွားပြီး မနှောက်ယှက်မိအောင် သတိထားကြဦး... မဟုတ်ရင် မင်းတို့ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ကနေ အသက်ရှင်လျက် ပြန်မထွက်နိုင်ဘဲ နေမယ်..."

လူအုပ်ထဲတွင် ဖုန်းဝူချန်၏ ကျင့်ကြံခြင်း အဆင့်ကို အထင်သေးနေကြသူများစွာ ရှိနေပြီး အားလုံးက သူသည် အဆက်အသွယ်များကြောင့်သာ ခေါင်းဆောင် ရာထူးကို ရရှိထားသည်ဟု ထင်မြင်နေကြလေ၏။

နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့က တိုက်ကြီးရှိ အင်အားစု အားလုံးနှင့် မဟာမိတ် ဖွဲ့ထားနိုင်ခြင်း မရှိသလို ဖုန်းဝူချန်ကို ကောင်းကောင်း မသိရှိကြသော ကျင့်ကြံသူများလည်း အများအပြား ရှိနေသေးသဖြင့် မိမိကိုယ်ကိုယ် အထင်ကြီးနေကြသူများစွာ ရှိနေသည်မှာ မဆန်းချေ။

ဖုန်းဝူချန်၏ ကျင့်ကြံခြင်း အဆင့်ဖြင့် ဆိုလျှင် လူအုပ်ထဲမှ သရော်လှောင်ပြောင်သံများကို သဘာဝကျကျ ရှင်းလင်းစွာ ကြားနိုင်စွမ်း ရှိ၏။

သို့သော်လည်း ဖုန်းဝူချန်က ဘာမှ မကြားရသည့်အလား အေးဆေးတည်ငြိမ်စွာပင် လျှောက်လှမ်းနေတော့၏။

ဖုန်းဝူချန် ဖြတ်သန်းသွားသော နေရာတိုင်းရှိ လူတိုင်းက သူ့ကို မဟာမိတ် ခေါင်းဆောင်ကြီးဟု ရိုသေစွာ ခေါ်ဆိုကြသည်။

ဤကဲ့သို့သော အထွတ်အထိပ် အဆင့်အတန်းက လူငယ်ကျင့်ကြံသူ အများအပြားကို မနာလိုဖြစ်စေသလို လှပသော အမျိုးသမီးငယ်များကိုလည်း စွဲမက်စေသည်မှာ အမှန်ပင်။

ဝမ်ကျိုကျုံးနှင့် ထျန်းရှန်းဇီတို့က ဖုန်းဝူချန်နှင့် အဖွဲ့သားများကို နေရာချပေးပြီးနောက် ဆေးပညာရှင် ပြိုင်ပွဲကြီးကို ဆက်လက် ကြီးမှူး ကျင်းပနေကြတော့၏။

ကျယ်ဝန်းလှသော ရင်ပြင်ကြီးပေါ်တွင် ဝမ်ကျိုကျုံးက လူအုပ်ကြီး ငြိမ်သက်သွားစေရန် လက်တစ်ချက် ဝှေ့ယမ်းလိုက်၏။

ဝမ်ကျိုကျုံး၏ အဆင့်အတန်းမှာ အလွန်တရာ မြင့်မားလှသဖြင့် သူ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင် တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။

"သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ရဲ့ ဆေးပညာရှင် ပြိုင်ပွဲကြီးကနေ အားလုံးကို ကြိုဆိုပါတယ်... စည်းကမ်းချက်တွေကိုတော့ အားလုံး သိရှိပြီးသား ဖြစ်မှာပါ... ဆေးလုံးရဲ့ အဆင့်အတန်းပေါ် မူတည်ပြီး အနိုင်အရှုံးကို ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်... စကားအရှည်ကြီး ပြောပြီး အချိန်မဖြုန်းတော့ပါဘူး... ပါရမီရှင် ဆေးပညာရှင်လေးတွေလည်း ဆက်ပြီး မစောင့်နိုင်ကြတော့ဘူး မဟုတ်လား..."

ဝမ်ကျိုကျုံးက အားရပါးရ ရယ်မောရင်း ပြောလိုက်၏။

ဆေးပညာရှင် ပြိုင်ပွဲမှာ ရှုံးနိမ့်သူ ထွက်ရမည့် စနစ်ဖြစ်ပြီး အနိုင်ရသူများသာ နောက်တစ်ဆင့်သို့ တက်လှမ်းခွင့် ရမည် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ရှန့်ကွမ်းယွင်ယွင်က ရင်ပြင်ထက်သို့ လျှပ်တစ်ပြက် ရောက်ရှိလာရာ သူမ၏ အလှတရားက လူအုပ်ကြီးကို ရူးသွပ်သွားစေတော့၏။

"သူက တကယ်ကို လှတာပဲ... ငါ့အိမ်က ဇနီးသည်ထက် အဆပေါင်း များစွာ ပိုလှတယ်..."

"နတ်သမီးလေး ဆင်းသက်လာသလိုပဲ... တစ်ချက်ကြည့်လိုက်ရုံနဲ့တင် အသက် ဆယ်နှစ်လောက် ပိုရှည်သွားသလိုပဲကွာ..."

"နည်းပြ ရှန့်ကွမ်းနဲ့ လက်ထပ်ရတဲ့ သူကတော့ တကယ့်ကို ကံကောင်းမှာပဲဟေ..."

လာရောက်သူ အများစုမှာ ရှန့်ကွမ်းယွင်ယွင်ကို ကြည့်ရှုရန် လာခဲ့ကြခြင်း ဖြစ်ပုံ ရသည်။ အားလုံး၏ အကြည့်များမှာ သူမထံတွင်သာ စုစည်းနေတော့၏။

ရှန့်ကွမ်းယွင်ယွင်က သူမ၏ ကောက်ကြောင်းအလှကို ပေါ်လွင်စေသည့် အဝါနုရောင် ဂါဝန်လေးကို ဝတ်ဆင်ထားပြီး သူမ၏ လှပသော မျက်လုံးလေးများမှာလည်း အလွန်တရာ စွဲမက်ဖွယ် ကောင်းလှ၏။ သူမ၏ လှပသော မျက်နှာလေးပေါ်တွင် ခပ်ရေးရေး အပြုံးလေး တစ်ခု ဆင်မြန်းထားရာ မည်သူမျှ မျက်တောင်မခတ်တမ်း ငေးမောနေကြရတော့၏။

သိပ်မကြာမီမှာပင် ရှင်းယီနှင့် အခြားသော နည်းပြများလည်း ရင်ပြင်ထက်သို့ တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြ၏။

"ဆေးပညာရှင် ပြိုင်ပွဲမှာ ပါဝင်မယ့်သူတွေ ဒီကိုလာပြီး စာရင်းပေးသွင်းကြပါ..."

ရှန့်ကွမ်းယွင်ယွင်က နူးညံ့သော အသံလေးဖြင့် မှာကြားလိုက်ရာ သူမ၏ မျက်လုံးလေးများက လူငယ် ဆေးပညာရှင်များကို ဝေ့ကြည့်လိုက်၏။

သူမ၏ စကားသံ အဆုံးမှာပင် ကျောင်းသားများမှာ ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်အထိ ရှေ့သို့ တိုးဝှေ့ ထွက်လာကြတော့၏။

ဘေးမှ စောင့်ကြည့်သူများပင်လျှင် ရှန့်ကွမ်းယွင်ယွင်နှင့် နီးကပ်စွာ ရှိနေနိုင်ရန် ရှေ့သို့ တိုးဝှေ့လာကြသည်မှာ အံ့သြစရာ မဟုတ်ချေ။

"နန်းတော်သခင်... ဒီမှာ ပါရမီရှင်တွေ တကယ်ကို မရှားပါဘူး... ပဉ္စမအဆင့်နဲ့ ဆဋ္ဌမအဆင့် ဆေးပညာရှင်တွေတောင် ရာနဲ့ချီပြီး ရှိနေတာပဲ..."

ယဲ့ထျန်းဝေက အံ့ဩတကြီး ရေရွတ်လိုက်၏။ တိုက်ကြီးပေါ်တွင် ဤမျှလောက် များပြားလှသော ဆေးပညာရှင်များ ရှိနေလိမ့်မည်ဟု သူ တစ်ခါမျှ မသိခဲ့ချေ။

သေချာသည်မှာ ထိုပဉ္စမအဆင့်နှင့် ဆဋ္ဌမအဆင့် ဆေးပညာရှင် အများစုမှာ အသက် (၂၇) ၊ (၂၈) ဝန်းကျင်တွင် ရှိနေကြပြီး ငယ်ရွယ်သော ဆေးပညာရှင် အများစုမှာမူ တတိယအဆင့် ၊ စတုတ္ထအဆင့်များသာ ဖြစ်ကြသည်။

လူအုပ်ကြီးက စာရင်းသွင်းရန် တိုးဝှေ့နေကြသော်လည်း အေးဆေးတည်ငြိမ်စွာ ရပ်နေသော လူတစ်ဦး ရှိနေခဲ့၏။ သူ၏ ထက်မြက်သော အကြည့်များက ဖုန်းဝူချန်ထံသို့ပင် ဝေ့ကြည့်သွားသေးသည်။

'သတ္တမအဆင့် ဆေးပညာရှင် ပါလား...'

ရုတ်တရက် ထက်မြက်သော အကြည့်တစ်ခု ရောက်ရှိလာရာ ဖုန်းဝူချန်က စူးရှသော အမြင်အာရုံဖြင့် ချက်ချင်း သတိပြုမိသွားပြီး ရင်ထဲတွင် အနည်းငယ် အံ့အားသင့်သွား၏။

ဖုန်းဝူချန်က ထိုလူ၏ မျက်လုံးများကို စူးစိုက်ကြည့်လိုက်သည့်အခါ ထိုလူက အေးစက်စက် ပြုံးလိုက်ပြီးမှ ရင်ပြင်ထက်သို့ စာရင်းသွင်းရန် အေးအေးဆေးဆေး ထွက်ခွာသွားတော့သည်။

ဖုန်းဝူချန်က မျက်မှောင် အနည်းငယ် ကြုတ်လျက် တီးတိုး ရေရွတ်လိုက်၏။

'ဒီလူက သူ့ စွမ်းအားတွေကို အနက်ရှိုင်းဆုံး ဖုံးကွယ်ထားတာပဲ... သတ္တမအဆင့် ဆေးပညာရှင် တစ်ယောက် ဖြစ်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ... သူ ဘယ်သူလဲ... သူ့ရဲ့ အရှိန်အဝါက တစ်ခုခု ထူးဆန်းနေသလိုပဲ...'

"အစ်ကိုကြီးဖုန်း... ဘာဖြစ်လို့လဲဟင်..."

လင်ရှောင်ရှောင်က ဖုန်းဝူချန်၏ အကြည့်အတိုင်း လိုက်ကြည့်ရင်း မေးလိုက်၏။

"ဘာမှ မဟုတ်ပါဘူး..."

ဖုန်းဝူချန်က ခေါင်း အနည်းငယ် ခါယမ်းပြလိုက်ပြီးနောက် စာရင်းသွင်းရန် ရှေ့သို့ ထွက်လာခဲ့သည်။

ဝမ်ကျိုကျုံးကို ဆေးပညာရှင် ပြိုင်ပွဲတွင် ပါဝင်မည်ဟု ကတိပေးထားခဲ့ပြီ ဖြစ်ရာ ဖုန်းဝူချန် အနေဖြင့်လည်း စာရင်းသွင်းရမည်သာ ဖြစ်၏။

'ဆေးဧကရာဇ်ရဲ့ နယ်ပယ်ကို ငါ ကိုယ်တိုင် မျက်မြင်တွေ့ရတော့မယ်ပေါ့...'

ဖုန်းဝူချန် ရင်ပြင်ထက်သို့ ထွက်လာသည်ကို မြင်လိုက်ရသည့်အခါ ဝမ်ကျိုကျုံး၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ တောက်ပလာတော့၏။ ဖုန်းဝူချန်၏ ဆေးဖော်စပ်ပုံကို မြင်တွေ့ရရန် သူ နောက်ထပ် ဆက်မစောင့်နိုင်တော့ချေ။

ဟွမ်ကျိ၊ ယန်ရွှမ်ထုံနှင့် အခြားသော အကြီးအကဲများ အားလုံးလည်း စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေကြတော့၏။

ဖုန်းဝူချန်၏ ဆေးဧကရာဇ် ဆိုသော ဘွဲ့အမည်ကို သိရှိထားသူတိုင်းမှာ ဤအခိုက်အတန့်တွင် အလွန်အမင်း စိတ်လှုပ်ရှား ရင်ခုန်နေကြသည်မှာ အမှန်ပင်။

လူဦးရေ အလွန်အမင်း များပြားလှသဖြင့် စာရင်းသွင်းရန် တန်းစီရုံတင် တစ်နာရီခန့် အချိန်ကုန်သွားခဲ့၏။

"ဆေးပညာရှင် ပြိုင်ပွဲကြီး မစတင်မီ... ပါဝင်ယှဉ်ပြိုင်မယ့် ဆေးပညာရှင်တိုင်းက အဆင့်သုံး ဆေးလုံးတစ်လုံးကို ဖော်စပ်ပြီး အရည်အချင်း ရှိကြောင်း သက်သေပြရပါမယ်... ကျောင်းတော်ကနေ ဆေးပေါင်းဖို သုံးထောင် ပြင်ဆင်ပေးထားပါတယ်... ခင်ဗျားတို့မှာ အခွင့်အရေး တစ်ကြိမ်ပဲ ရှိတာမို့... အလေးအနက်ထားပြီး ကြိုးစားကြဖို့ မျှော်လင့်ပါတယ်... အခု ပြိုင်ပွဲကို စတင်လိုက်ပါပြီ..."

ထျန်းရှန်းဇီက ကြေညာလိုက်၏။

"ပထမဆုံး လူသုံးထောင်... ရှေ့ထွက်ခဲ့ပြီး ဆေးဖော်စပ်ကြ..."

ရှင်းယီက အမိန့်ပေးလိုက်သည်။

ထင်သည့်အတိုင်းပင် ပထမ အဆင့်တွင် ဆေးပညာရှင် ရာပေါင်းများစွာမှာ ဆေးဖော်စပ်ရန် ကျရှုံးခြင်း ၊ အရည်အချင်း မပြည့်မီခြင်းတို့ကြောင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ကြရတော့၏။

ပါဝင်ယှဉ်ပြိုင်သူ အားလုံးကို စစ်ဆေးပြီးချိန်တွင် လူ တစ်ထောင်ကျော်မှာ အရည်အချင်း မပြည့်မီသဖြင့် နှုတ်ထွက်ခဲ့ကြရသည်။

ထို့နောက် ဝမ်ကျိုကျုံးက ရင်ပြင်ထက်သို့ လျှပ်တစ်ပြက် ရောက်ရှိလာပြီး အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်၏။

"ဆေးပညာရှင် ပြိုင်ပွဲကြီး အခုပဲ စတင်ပါပြီ... အနိုင်ရတဲ့ သူတွေက နောက်တစ်ဆင့် တက်လှမ်းနိုင်မှာ ဖြစ်ပြီး ရှုံးနိမ့်တဲ့ သူတွေကတော့ ထွက်ခွာသွားကြရမှာပါ... နောက်ဆုံးမှာတော့ တိုက်ကြီးရဲ့ အငယ်ဆုံး ပါရမီရှင် ဆေးပညာရှင်ကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်…”

All Chapters