← Chapters

အခန်း ၈၈၈

Vol. 60 Ch. 888

အခန်း ၈၈၈

Vol. 60 Ch. 888

အခန်း (၈၈၈) - အရှိန်အဟုန်ဖြင့် ရှေ့သို့ တက်လှမ်းခြင်း

တိုက်ကြီးတစ်ခုလုံး၏ အငယ်ဆုံး ပါရမီရှင် ဆေးပညာရှင်...။

ဤမျှ ဂုဏ်သိက္ခာကြီးမားလှသော ဘွဲ့အမည်ကို ပါရမီရှင် ဆေးပညာရှင် အမြောက်အမြားက မက်မောတောင့်တနေကြလေ၏။ ဝမ်ကျိုကျုံး၏ စကားများက ပါရမီရှင်လေးများ၏ တိုက်ခိုက်လိုစိတ်ကို မီးမွှေးပေးလိုက်ရာ တစ်ဦးချင်းစီ၏ သွေးများမှာ တက်ကြွမှုများနှင့်အတူ ဆူပွက်လာတော့၏။

"တိုက်ကြီးတစ်ခုလုံးရဲ့ အငယ်ဆုံး ပါရမီရှင် ဆေးပညာရှင်ဆိုတဲ့ ဘွဲ့က ငါ့အတွက်ပဲ ဖြစ်ရမယ်..."

"အဲဒါ ငါ့အတွက်ပဲ... စောင့်ကြည့်နေလိုက်... ငါ့ရဲ့ အစွမ်းတွေကို မင်းတို့ မြင်ရစေရမယ်..."

"ဟွန့်... ငါတို့က မင်းကို အရှုံးပေးလိမ့်မယ်လို့ ထင်နေတာလား..."

ပါရမီရှင် ဆေးပညာရှင်များသည် ပထမနေရာအတွက် အကြိတ်အနယ် ယှဉ်ပြိုင်လိုစိတ်များ ပြင်းထန်နေကြပြီး ပြိုင်ပွဲမစတင်မီကတည်းက အချင်းချင်း စကားနိုင်လုနေကြတော့၏။

"တိတ်ဆိတ်ကြစမ်း..."

ရှင်းယီ၏ ရုတ်တရက် အော်ဟစ်လိုက်သံကြောင့် ဆေးပညာရှင်များ အားလုံး ထိတ်လန့်သွားပြီး တိတ်ဆိတ်သွားကြရသည်။ ထို့နောက် ဝမ်ကျိုကျုံးက ကြေညာလိုက်၏။

"ဆေးပညာရှင် ပြိုင်ပွဲကို အခုပဲ စတင်ပါပြီ... ခင်ဗျားတို့ရဲ့ နံပါတ်စဉ်တွေအတိုင်း ကွင်းထဲကို ဝင်ရောက်ကြပါ..."

ပါရမီရှင် ဆေးပညာရှင်များသည် တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာကြပြီး အားလုံးက ပထမနေရာကို ရရှိနိုင်မည်ဟု ယုံကြည်ချက်အပြည့် ရှိနေသည့်ဟန် ပေါ်နေတော့၏။ ဤပါရမီရှင်လေးများ၏ စိတ်အားထက်သန်မှုများကို မြင်တွေ့ရသည့်အခါ ဝမ်ကျိုကျုံးနှင့် အခြားသူများက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။ အချို့မှာ မာနထောင်လွှားနေကြသော်လည်း အနည်းဆုံးတော့ ဆေးပညာအပေါ် ထားရှိသော သူတို့၏ စိတ်အားထက်သန်မှုကို မြင်တွေ့နေရသည် လေ။

ပြိုင်ပွဲဝင် သုံးထောင်သည် အဖြူအမဲ နံပါတ်စဉ်များကို ကိုင်ဆောင်ကာ ကွင်းအတွင်းသို့ တစ်ပြိုင်နက်တည်း ဝင်ရောက်လာကြ၏။ ထိုသူများထဲမှ တစ်ထောင့်ငါးရာသာ နောက်တစ်ဆင့်သို့ တက်လှမ်းခွင့် ရရှိလေမည်။ ထိုသုံးထောင်သော လူအုပ်ကြီးထဲတွင် ဖုန်းဝူချန်၏ ပုံရိပ်လည်း ပါဝင်နေ၏။

နံပါတ်စဉ်များကို ကျပန်းနှိုက်ရခြင်း ဖြစ်ရာ အကယ်၍ တတိယအဆင့် ဆေးပညာရှင်တစ်ဦးက ဆဋ္ဌမအဆင့် ဆေးပညာရှင်နှင့် ဆုံတွေ့သွားခဲ့လျှင် ၎င်းမှာ ကံဆိုးမှုဟုသာ ဆိုရမည်။ သို့သော်လည်း ဆေးပညာစိန်ခေါ်မှုတွင် အခွင့်အရေး တစ်ကြိမ်သာ ရရှိမည် ဖြစ်သဖြင့် ရှုံးနိမ့်သွားပြီဟု လုံးဝ တရားသေ မမှတ်ယူနိုင်ချေ။ ဥပမာအားဖြင့် တတိယအဆင့် ဆေးပညာရှင်က ဆေးလုံးဖော်စပ်ရာတွင် အောင်မြင်ပြီး ဆဋ္ဌမအဆင့် ဆေးပညာရှင်က ကျရှုံးသွားခဲ့လျှင် တတိယအဆင့် ဆေးပညာရှင်ကသာ နောက်တစ်ဆင့်သို့ တက်လှမ်းခွင့် ရရှိလေမည်။ အကယ်၍ နှစ်ဦးစလုံး၏ အဆင့်အတန်းမှာ တူညီနေခဲ့လျှင်မူ ဆေးလုံး၏ အနှစ်သာရနှင့် အာနိသင်များကိုသာ ထည့်သွင်းစဉ်းစား ဆုံးဖြတ်သွားမည် ဖြစ်၏။

ထို့ကြောင့် တတိယအဆင့်၊ ဆဋ္ဌမအဆင့် သို့မဟုတ် သတ္တမအဆင့် ဆေးပညာရှင်များအတွက်ပင် ဖိအားများမှာ အလွန်တရာ ကြီးမားလှ၏။ အကယ်၍သာ ကံမကောင်းစွာဖြင့် မိမိထက် အဆင့်နိမ့်သူကို ရှုံးနိမ့်သွားခဲ့လျှင် ၎င်းမှာ အရှက်ရစရာ ကိစ္စကြီး တစ်ခု ဖြစ်မနေပေဘူးလား။ ဒါက လူရွေးပွဲ အဆင့်သာ ရှိသေးသဖြင့် ပါးနပ်သော ဆေးပညာရှင်အချို့မှာ သူတို့ အကျွမ်းကျင်ဆုံးသော ဆေးလုံးများကိုသာ ရွေးချယ်ဖော်စပ်ကြတော့၏။

ပြိုင်ပွဲ စတင်သည်နှင့်တစ်ပြိုင်နက် ပရိသတ်များ အားလုံး တိတ်ဆိတ်သွားကြပြီး အားလုံး၏ အကြည့်များမှာ ကွင်းအတွင်းရှိ ဆေးပညာရှင်များထံသို့သာ စူးစိုက်သွားကြတော့သည်။ ဖုန်းဝူချန်၏ ပြိုင်ဘက်မှာ စတုတ္ထအဆင့် ဆေးပညာရှင်တစ်ဦးသာ ဖြစ်သဖြင့် သူ့အတွက်တော့ မည်သည့် ဖိအားမျှ ရှိမနေချေ။

'ဒီလူက တကယ်တမ်း ဘယ်သူလဲ... ထျန်းရှန်းဇီနဲ့ ဝမ်ကျိုကျုံးတို့တောင် သူ့ကို မမှတ်မိကြတဲ့ပုံပဲ...'

ဖုန်းဝူချန်က ထိုလျှို့ဝှက်ဆန်းကြယ်သော လူငယ်ကို စေ့စေ့စပ်စပ် ကြည့်ရင်း တိတ်တဆိတ် စဉ်းစားနေမိတော့၏။ ဤမျှ အံ့မခန်းလှသော ဆေးပညာ ပါရမီကို ပိုင်ဆိုင်ထားသူဖြစ်ရာ တိုက်ကြီးတစ်ခုလုံးတွင် နာမည်ကျော်ကြားနေသင့်သော်လည်း မည်သူမျှ မသိရှိကြခြင်းက ဖုန်းဝူချန်ကို ဇဝေဇဝါ ဖြစ်စေသည်မှာ အမှန်ပင်။ ဝမ်ကျိုကျုံး၊ ထျန်းရှန်းဇီနှင့် ဟန်ခွန်းတို့ကဲ့သို့သော အစွမ်းထက် ဆေးပညာရှင်ကြီးများသည်လည်း ထိုလျှို့ဝှက်ဆန်းကြယ်သော လူကို သိချင်စိတ်ဖြင့် စောင့်ကြည့်နေကြတော့၏။

"ဒီကောင်လေးက တကယ်ကို မရိုးရှင်းဘူး... သတ္တမအဆင့် ဆေးပညာရှင် နယ်ပယ်ကို ရောက်နေတာပဲ... ဘယ်သူက ဒီလို ပါရမီရှင်မျိုးကို ပြိုးထောင်ပေးလိုက်တာလဲ..."

ထျန်းရှန်းဇီက လေးနက်သော အမူအရာဖြင့် သိချင်စိတ် ပြင်းပြစွာ မှတ်ချက်ချလိုက်သည်။

"သူ့ရဲ့ အဆင့်က မဟာမိတ် ခေါင်းဆောင်ကြီးနဲ့ အတူတူပဲ... တကယ်ကို မရိုးရှင်းပေမဲ့ တစ်ခါမှ မမြင်ဖူးဘူးပဲ..."

ဝမ်ကျိုကျုံးက ခေါင်းခါယမ်းရင်း ဆိုလိုက်၏။

"လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားကြီး အဖွဲ့အစည်းတစ်ခုခုက ပါရမီရှင်များလား..."

ဟန်ခွန်းက ခန့်မှန်းလိုက်သည်။ ထိုစကားကို ကြားရသည့်အခါ ဝမ်ကျိုကျုံးနှင့် ထျန်းရှန်းဇီတို့က အံ့အားသင့်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ခေါင်းညိတ် ထောက်ခံလိုက်ကြတော့၏။ လျှို့ဝှက်ဆန်းကြယ်သော အင်အားကြီး အဖွဲ့အစည်းတစ်ခုမှ ပါရမီရှင်တစ်ဦးကလွဲ၍ အခြား ဖြစ်နိုင်ခြေကို သူတို့ မတွေ့ရှိကြတော့ချေ။

"ဟေ့ကောင်လေး... မင်း အခုကတည်းက အရှုံးပေးလိုက်တာ ပိုကောင်းမယ်... မင်းရဲ့ ဒီလောက် ပညာလေးနဲ့တော့ ငါ့ကို နိုင်မှာ မဟုတ်ဘူး..."

ကွင်းအတွင်းရှိ အသက် နှစ်ဆယ်ကျော်အရွယ် လူတစ်ဦးက သူ၏ ပြိုင်ဘက်ကို မထီမဲ့မြင် ပြုလျက် သရော်လိုက်၏။ ထိုလူငယ်ကလည်း အေးစက်သော အကြည့်များဖြင့် ပြန်လည် ကြည့်ရှုလိုက်ပြီးနောက် လှောင်ပြောင်လိုက်သည်။

"ဒီလောက် အသက်ကြီးနေပြီကို စတုတ္ထအဆင့် ဆေးပညာရှင်ပဲ ရှိသေးတာ... မင်းလို ညံ့ဖျင်းတဲ့ ပါရမီနဲ့ ဆေးပညာရှင် ပြိုင်ပွဲကို ဝင်ပြိုင်ရဲတာ တကယ်ကို သတ္တိရှိတာပဲ..."

"လူယုတ်မာ... ငါ့ကို အထင်သေးရဲတယ်ပေါ့..."

ထိုလူ၏ မျက်နှာမှာ ဒေါသကြောင့် ပြင်းထန်စွာ တွန့်လိမ်သွားသည်။

...

"မင်းရဲ့ ဆေးဖော်စပ်တဲ့ နည်းပညာက တော်တော်လေး ကျွမ်းကျင်တာပဲ...

အားနည်းတဲ့သူ မဟုတ်ဘူးပဲ..."

လူငယ်တစ်ဦးက မာနထောင်လွှားစွာ ပြောဆိုလိုက်၏။

"မင်းလည်း မဆိုးပါဘူး... မင်းရဲ့ ဝိညာဉ် စွမ်းအားက ငါ့ထက် အများကြီး ပိုစွမ်းပေမဲ့... ငါ သေချာပေါက် အနိုင်ယူပြမယ်..."

နောက်ထပ် လူငယ်တစ်ဦးကလည်း ယုံကြည်ချက်အပြည့်ဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။

"ဟုတ်လို့လား... ငါတော့ အဲဒီလို မထင်ဘူးနော်..."

အေးတိအေးစက်ဖြင့် ရှိနေသော လူငယ်ကလည်း အလားတူပင် ယုံကြည်မှုအပြည့်ဖြင့် ခွန်းတုံ့ပြန်လိုက်၏။

ကွင်းအတွင်းရှိ ဆေးပညာရှင်များသည် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေကြပြီး ဆေးဖော်စပ်နေရင်း တစ်ဖက်နှင့်တစ်ဖက် စကားနိုင်လုနေကြရာ ပြိုင်ပွဲမှာ အလွန်တရာ ပြင်းထန်နေတော့သည်။

"ဘုန်း ဘုန်း"

တစ်နာရီ၏ လေးပုံတစ်ပုံပင် မပြည့်မီသော အချိန်အတွင်းမှာပင် တိတ်ဆိတ်နေသော ရင်ပြင်ကြီးပေါ်၌ ဆေးပေါင်းဖိုများ ပေါက်ကွဲသံများ တစ်ခုပြီးတစ်ခု အဆက်မပြတ် ထွက်ပေါ်လာတော့၏။ ဆေးပေါင်းဖိုများမှ အနက်ရောင် မီးခိုးတန်းလေးများ လွင့်ပျံ့လာတော့သည်။ ဆေးပေါင်းဖို ပေါက်ကွဲသွားသည့် အခိုက်အတန့်မှာပင် သူတို့ အားလုံး ရှုံးနိမ့်သွားပြီဖြစ်ကြောင်း သိလိုက်ကြသဖြင့် သူတို့၏ စိတ်အခြေအနေမှာ အနိမ့်ဆုံးသို့ ကျဆင်းသွားရသည်။

နာရီဝက်ခန့် ကြာပြီးနောက် အချို့မှာ ဆေးလုံးများကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ကြပြီ ဖြစ်သလို အစွမ်းထက်သော ပါရမီရှင် ဆေးပညာရှင် အချို့ကလည်း သူတို့၏ ပြိုင်ဘက်များကို တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူလိုက်ကြ၏။ အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ ဖုန်းဝူချန်သည် သူ၏ ပြိုင်ဘက်များကို အလွယ်တကူပင် ချေမှုန်းကာ အရှိန်အဟုန်ဖြင့် ရှေ့သို့ တက်လှမ်းနေတော့၏။ ပဉ္စမအဆင့်ဖြစ်စေ၊ ဆဋ္ဌမအဆင့်ဖြစ်စေ မည်သည့် ဖိအားမျှ မရှိဘဲ အားလုံးကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့လေ၏။

ထိုနေရာရှိ လူတိုင်းမှာ ဖုန်းဝူချန်၏ ကြီးစိုးသော ဆေးပညာအဆင့်ကို မြင်တွေ့ရသဖြင့် အလွန်အမင်း အံ့အားသင့်နေကြတော့၏။ သို့သော်လည်း ဖုန်းဝူချန်၏ ဝိညာဉ် စွမ်းအားမှာ အလွန်တရာ အစွမ်းထက်ကြောင်းမှလွဲ၍ မည်သည့် ဆေးပညာရှင်မျှ သူ၏ တကယ့် အဆင့်အတန်းကို ဖောက်ထွင်း မမြင်နိုင်ကြချေ။ မဟာမိတ်အဖွဲ့မှ လူများမှာမူ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်အားပေးနေကြရာ ပြိုင်ပွဲကွင်း တစ်ခုလုံး အုန်းအုန်း ကြွက်ကြွက် ဖြစ်နေတော့သည်။

ဖုန်းဝူချန်အပြင် ပဉ္စမအဆင့်နှင့် ဆဋ္ဌမအဆင့် ပါရမီရှင် ဆေးပညာရှင် အများအပြားလည်း နောက်ဆုံးအဆင့်သို့ တိုက်ရိုက် ရောက်ရှိလာကြ၏။ သို့သော်လည်း ဖုန်းဝူချန်က ထိုသူများကို သိပ်ပြီး ဂရုမစိုက်ချေ။ သူ အလေးအနက်ထားသည်မှာ ထိုလျှို့ဝှက်ဆန်းကြယ်သော သတ္တမအဆင့် ဆေးပညာရှင်သာ ဖြစ်၏။

လေးနာရီခန့် ကြာမြင့်သော ပြိုင်ပွဲများအပြီးတွင် ဆေးပညာရှင် ပေါင်းသောင်းချီထဲမှ ရှစ်ဦးသာ ကျန်ရှိတော့၏။ သောင်းနှင့်ချီသော ဆေးပညာရှင်များထဲမှ ထူးချွန်ထွက်ပေါ်လာရန်မှာ အလွန်တရာ ခက်ခဲလွန်းလှ၏။ ကျန်ရှိနေသော ရှစ်ဦးမှာ နဂါးနတ်ဘုရား နန်းတော်မှ ဖုန်းဝူချန်နှင့် ယဲ့ထျန်းဝေ၊ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ လီမုရှီနှင့် ယန်ယွင်ချင်း၊ ပေရွှမ် ဂိုဏ်း၏ ဂိုဏ်းချုပ် ရှင်းယွင်ထျန်း၊ ရှင်းယွင် ဂိုဏ်း၏ တပည့်ကြီး မိုထျန်းဟဲ၊ အင်မော်တယ် လက်နက် စံအိမ်မှ ပါရမီရှင် ဆေးပညာရှင် လိန်မုယွင်နှင့် နောက်ဆုံးတစ်ဦးမှာ လျှို့ဝှက်ဆန်းကြယ်သော လူသား ထျန်းကုတို့ ဖြစ်ကြသည်။

"မဟာမိတ် ခေါင်းဆောင်ကြီး... ထျန်းကုရဲ့ ဝိညာဉ် စွမ်းအားက အလွန်တရာ အစွမ်းထက်တာပဲ... သူက တကယ်တမ်း ဘယ်သူလဲ..."

လိန်မုယွင်က သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။ ဖုန်းဝူချန်က ခေါင်းခါယမ်းရင်း ဖြေကြားလိုက်သည်။

"ငါလည်း မသိဘူး... သူ့ကို ရင်ဆိုင်ရရင်တော့ သေချာ ဂရုစိုက်ဖို့ပဲ လိုတာပါ..."

ရှင်းယွင်ထျန်းက မျက်မှောင်ကြုတ်လျက် ဆိုလိုက်၏။

"ဒီလူက တကယ်ကို ရက်စက်တာပဲ... ဆေးပညာရှင် ပြိုင်ပွဲမှာ သူ့ရဲ့ ဝိညာဉ် စွမ်းအားကို သုံးပြီး ပြိုင်ဘက်တွေကို ဒဏ်ရာအပြင်းအထန် ရအောင် တိုက်ရိုက် တိုက်ခိုက်တာ... ဆေးဖော်စပ်ဖို့ အခွင့်အရေးတောင် မပေးဘူး..."

"အကယ်၍ ငါသာ သူ့ကို ရင်ဆိုင်ရမယ်ဆိုရင်တော့ တန်းပြီး အရှုံးပေးလိုက်မယ်... ဘာပဲဖြစ်ဖြစ် ငါ သူ့ကို နိုင်မှာ မဟုတ်ဘူးလေ..."

ယဲ့ထျန်းဝေက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။ အရှုံးပေးလိုက်ခြင်းက ပို၍ ပါးနပ်သော ရွေးချယ်မှုပင် ဖြစ်၏။

နောက်တစ်ဆင့်မှာ ရှစ်ဦးမှ လေးဦးသို့ ရွေးချယ်မည့် အဆင့် ဖြစ်၏။ ဝမ်ကျိုကျုံးက ကြေညာလိုက်သည်နှင့် ဖုန်းဝူချန် အပါအဝင် ရှစ်ဦးလုံး ကွင်းအတွင်းသို့ ဝင်ရောက်လာကြတော့သည်။

"ဖုန်းဝူချန်... မင်း ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်... မင်း ငါနဲ့ မဆုံတာ အကောင်းဆုံးပဲ... မဟုတ်ရင်တော့ မင်း ရှေ့ဆုံး သုံးယောက် စာရင်းထဲတောင် ပါမှာ မဟုတ်ဘူး..."

ရင်ပြင်ထက်သို့ လှမ်းတက်လာစဉ် ထျန်းကုက ဖုန်းဝူချန်ကို ရုတ်တရက် လှမ်းပြောလိုက်ရာ သူ၏ နှုတ်ခမ်းထောင့်များတွင် လှောင်ပြောင်သော အေးစက်စက် အပြုံးတစ်ခု ပေါ်လာတော့၏။ ထိုစကားကို ကြားရသည့်အခါ ဖုန်းဝူချန်က မေးလိုက်သည်။

"မင်း ဘယ်သူလဲ..."

"ငါ့ကို အနိုင်ယူနိုင်ရင်တော့ ပြောပြပေးမှာပေါ့..."

ထျန်းကုက မာနထောင်လွှားစွာ ပြောဆိုလိုက်ပြီး လူတိုင်းကို အထင်သေးသည့်ဟန် ပြသနေတော့၏။

"မဟာမိတ် ခေါင်းဆောင်ကြီးကတော့ ခင်ဗျားကို အလွယ်တကူ အနိုင်ယူသွားမှာပါ... ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေစမ်းနဲ့..."

ရှင်းယွင်ထျန်းက ထျန်းကု၏ အထင်သေးသော အမူအရာကို မနှစ်မြို့သဖြင့် အေးစက်စက် ဝင်ပြောလိုက်၏။

"အိုး... ဟုတ်လို့လား... ကြည့်ကြသေးတာပေါ့..."

ထျန်းကုက ပခုံးတွန့်ပြလိုက်ရာ သူ၏ အမူအရာမှာ အလွန်တရာ ထောင်လွှားနေတော့၏။

"မောက်မာလိုက်တာ..."

ယဲ့ထျန်းဝေက ဒေါသကြောင့် အံကို တင်းတင်းကြိတ်လိုက်ပြီး ထိုလူကို ပါးရိုက်ပစ်ချင်စိတ်များပင် ပေါက်လာတော့သည်။

"ငါက မောက်မာနိုင်တဲ့ အရည်အချင်း ရှိလို့ မောက်မာတာကွ..."

ထျန်းကုက ခပ်အေးအေးပင် သရော်လိုက်ရာ သူ၏ အမူအရာမှာ လုံးဝကို မာနထောင်လွှားနေတော့၏။

All Chapters