← Chapters

အခန်း ၈၉၁

Vol. 60 Ch. 891

အခန်း ၈၉၁

Vol. 60 Ch. 891

အခန်း (၈၉၁) - လူအုပ်ကြီး တစ်ခုလုံးကို တုန်လှုပ်စေခြင်း

ထိုနေရာရှိ လူတိုင်းမှာ အလွန်အမင်း အံ့အားသင့် ထိတ်လန့်သွားကြပြီး လုံးဝ ဆွံ့အမှင်သက်သွားကြ၏။

ထျန်းကု၏ ဝိညာဉ်စွမ်းအားက အလွန်တရာ ရက်စက်ကြမ်းကြုတ်လှကြောင်းကို ထိုနေရာရှိ ဆေးပညာရှင်တိုင်း ရှင်းလင်းစွာ အာရုံခံမိနေကြ၏။ သို့သော် ထိုမျှ ကြီးစိုးသော ဝိညာဉ်စွမ်းအားက ဖုန်းဝူချန်ကို နည်းနည်းလေးမျှပင် မလှုပ်ခတ်နိုင်ခဲ့ချေ။ ထို့အပြင် ဝင်တိုက်မိသွားသည့် အခိုက်အတန့်မှာပင် လုံးဝ ကြေမွပျက်စီးသွားခဲ့၏။

ဖုန်းဝူချန်၏ ဝိညာဉ်စွမ်းအားက မည်မျှအထိ ကြောက်စရာ ကောင်းနေခဲ့သနည်း။

ဖုန်းဝူချန်က ထိတ်လန့်နေသော ထျန်းကုကို ကြည့်ရင်း အေးစက်စက် သရော်လိုက်၏။

“မင်း အရမ်း ဂုဏ်ယူနေတဲ့ ဝိညာဉ်စွမ်းအား ဆိုတာက... ငါ့ကို နည်းနည်းလေးတောင် ထိခိုက်အောင် မလုပ်နိုင်ဘူးပဲ...”

“...”

ထျန်းကုမှာ ဘာပြောရမှန်း မသိတော့ဘဲ သူ၏ မျက်နှာပေါ်တွင်လည်း တုန်လှုပ်မှုများ အပြည့်အဝ ဖုံးလွှမ်းနေဆဲပင်။

“မင်းရဲ့ တောင်းဆိုချက်ကို ငါက ဘာဖြစ်လို့ လက်ခံလိုက်လဲ သိလား... ဘာဖြစ်လို့လဲဆိုတော့... ငါ့ တစ်ယောက်တည်းကိုတောင် အနိုင်မယူနိုင်ဘူး ဆိုတာ မင်း သိစေချင်လို့ပဲ... တစ်ယောက်တည်းနဲ့ သုံးယောက်ကို ရင်ဆိုင်မယ်ဆိုတာ မင်းအတွက် တကယ်ကို ရှက်စရာ ကောင်းလွန်းတယ်...”

ဖုန်းဝူချန်က လူရွှင်တော် တစ်ယောက်ကို ကြည့်နေသည့်အလား ထျန်းကုကို စူးစိုက်ကြည့်ရင်း လှောင်ပြောင်လိုက်၏။

ထိုစကားကို ကြားရသည့်အခါ ထျန်းကု၏ မျက်နှာအမူအရာမှာ အံ့အားသင့်မှုမှနေ၍ ရက်စက်ကြမ်းကြုတ်မှုသို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။ သူက အံကို တင်းတင်းကြိတ်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်ချင်သည့် အငွေ့အသက်များ လျှပ်တစ်ပြက် ဖြတ်ပြေးသွားသည်။

“မင်းရဲ့ ဆေးပညာနဲ့ဆို မင်းကို ငါက ပြိုင်ဘက် တစ်ယောက်အနေနဲ့တောင် မျက်လုံးထဲ မထည့်ဘူး... ငါ့ရှေ့မှာ လာပြီး မာနထောင်လွှားနေတာ...မင်း အရူး မဖြစ်ပေဘူးလား...”

ဖုန်းဝူချန်က ဆက်လက် လှောင်ပြောင်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် မထီမဲ့မြင် ပြုမှုများ ပြည့်နှက်နေတော့၏။

ထျန်းကု၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာမှာ ဒေါသကြောင့် နီရဲလာပြီး သူ၏ အဆုတ်များပင် ပေါက်ကွဲထွက်တော့မည့်အလား ခံစားနေရသည်။ သူ၏ မျက်လုံးများမှ ဒေါသမီးများပင် ထွက်ပေါ်လာတော့မည့်အလား ပင်။ ထျန်းကုမှာ အလွန်အမင်း ဒေါသထွက်နေပြီး ဖုန်းဝူချန်ကို လက်ဗလာဖြင့်ပင် တစ်စစီ ဆုတ်ဖြဲပစ်ချင်နေတော့၏။

“မင်းလို မာနကြီးတဲ့ အရူးတွေကို ဖိနှိပ်ရတာကိုပဲ ငါက သဘောကျတာ... ပြီးတော့ ငါ့ကို သတ်ချင်နေပေမဲ့ ဘာမှ လုပ်လို့မရတဲ့ မင်းရဲ့ ရုပ်ကို ကြည့်ရတာ ပိုပြီးတောင် သဘောကျသေးတယ်...”

ဖုန်းဝူချန်က ထပ်မံ လှောင်ပြောင်လိုက်ပြန်သည်။

“ဖုန်းဝူချန်...”

ထျန်းကု၏ မျက်နှာမှာ ရက်စက်ကြမ်းကြုတ်နေပြီး သူ၏ သွေးကြောများပင် ထောင်ထနေတော့၏။ ကောင်းကင်ယံကို ထိုးဖောက်သွားမည့် သတ်ဖြတ်ချင်သည့် အငွေ့အသက်ကြီး ရူးသွပ်စွာ ပေါက်ကွဲထွက်လာပြီး သူ၏ ဝိညာဉ်စွမ်းအားများလည်း ထပ်မံ ပေါက်ကွဲထွက်လာပြန်သည်။

“ဟွန့်...”

ဖုန်းဝူချန်က လေးနက်စွာ နှာမှုတ်လိုက်ပြီးနောက် သူ၏ ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားများက ညှာတာမှု ကင်းမဲ့စွာဖြင့် ရှေ့သို့ တဟုန်ထိုး တိုက်ခတ်သွားသည်။

“ဖူး…”

နောက်တစ်စက္ကန့်တွင် ဖုန်းဝူချန်၏ လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသော ဝိညာဉ်စွမ်းအား အောက်၌ ထျန်းကု၏ ဝိညာဉ်စွမ်းအားမှာ အလွန်အမင်း အားနည်းလွန်းနေပြီး သူလည်း နောက်တစ်ကြိမ် သွေးစိမ်းများ အန်ထုတ်လိုက်ရသည်အထိ တုန်လှုပ်သွားရတော့သည်။

“တကယ်ကို လွန်လွန်းနေပြီ...”

ထျန်းကုမှာ အလွန်အမင်း ဒေါသထွက်နေပြီး သူ၏ မျက်နှာပေါ်တွင် ပူလောင်သော နာကျင်မှု တစ်ခုကို အဆက်မပြတ် ခံစားနေရတော့၏။

ထျန်းကု ကိုယ်တိုင်က တစ်ယောက်တည်းနှင့် သုံးယောက်ကို ရင်ဆိုင်မည်ဟု မာနထောင်လွှားစွာ ကြွေးကြော်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင်မူ သူက ဖုန်းဝူချန်၏ ညှာတာမှု ကင်းမဲ့စွာ ဖိနှိပ်ခြင်းကို ခံနေရပြီး ၎င်းမှာ သူ့ကို မျက်နှာဖြတ်ရိုက်လိုက်သည်နှင့် အတူတူပင်။

“အစ်ကိုဖုန်း... သူ့ကို သေချာ ပညာပေးလိုက်ပါ... သူ ထပ်ပြီး မာနထောင်လွှားရဲသေးလား ကြည့်ရသေးတာပေါ့...”

လျိုချင်းယန်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။

“ဟုတ်တယ်... နန်းတော်သခင်... သူ့ကို သေချာ ပညာပေးလိုက်ပါ... ကောင်းကင်ရဲ့ အထက်မှာ နောက်ထပ် ကောင်းကင် ရှိသေးတယ် ဆိုတာကို သူ့ကို ပြသလိုက်စမ်းပါ...”

“ဒီကောင်က တကယ်ကို ကိုယ့်သေတွင်း ကိုယ်တူးတာပဲ... နန်းတော်သခင်ရဲ့ အရှေ့မှာ လာပြီး မာနထောင်လွှားနေတာ... အခုတော့ ခါးသီးတဲ့ အသီးကို စားရပြီပေါ့...”

“ခံလိုက်စမ်း... ဒါက မာနကြီးတဲ့ အကျိုးဆက်ပဲ...”

နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့မှ လူတိုင်းမှာ အလွန်အမင်း အားရကျေနပ်သွားကြပြီး ဖုန်းဝူချန်က မာနကြီးသော ထျန်းကုကို သေချာ ပညာပေးသည်ကို အားလုံးက မြင်တွေ့ချင်နေကြတော့၏။

ဆေးပညာရှင် ပြိုင်ပွဲ မစတင်ရသေးမီမှာပင် ထျန်းကု တစ်ယောက် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့၏။ ၎င်းက သူ၏ ဆေးဖော်စပ်မှု အပေါ်တွင် သေချာပေါက် သက်ရောက်မှု ရှိမည်သာ ဖြစ်၏။

“ဝိညာဉ်စွမ်းအားပိုင်းမှာတော့ မင်း အရမ်း အားနည်းလွန်းတယ်... ဆေးဖော်စပ်တဲ့ အပိုင်းကို သွားကြတာပေါ့... မင်း အစွမ်းအထက်ဆုံး ဆေးလုံးကို ဖော်စပ်လိုက်စမ်းပါ... အဲဒါ ဘယ်လောက်တောင် အမှိုက်ဆန်လဲ ဆိုတာ ကြည့်ရသေးတာပေါ့...”

ဖုန်းဝူချန်က နောက်တစ်ကြိမ် လှောင်ပြောင်လိုက်ပြန်သည်။

ထျန်းကုမှာ ဒေါသကြောင့် ပေါက်ကွဲထွက်တော့မည့် အလား ဖြစ်နေတော့၏။

ဖုန်းဝူချန်က အဋ္ဌမအဆင့် ဆေးပညာရှင် တစ်ယောက် ဖြစ်ကြောင်း သိထားသည့်တိုင် ထျန်းကုကတော့ နည်းနည်းလေးမျှ ကြောက်ရွံ့ခြင်း မရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဆေးပညာရှင် ပြိုင်ပွဲက ဆေးလုံး၏ အရည်အသွေးနှင့် အာနိသင်များ အပေါ်တွင် မူတည်၍ ဆုံးဖြတ်မည် ဖြစ်ပြီး အခွင့်အရေး တစ်ကြိမ်သာ ရရှိမည်ပင်။

အဋ္ဌမအဆင့် ဆေးလုံး ဖော်စပ်ရန်မှာ သတ္တမအဆင့် ဆေးလုံးထက် အများကြီး ပိုမို ခက်ခဲလွန်းလှ၏။ အကယ်၍ ဖုန်းဝူချန်သာ ကျရှုံးသွားခဲ့လျှင် သူ ရှုံးနိမ့်သွားမည်သာ။ ထို့အပြင် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က အဋ္ဌမအဆင့် ဆေးလုံးအတွက် လိုအပ်သော ဆေးဖက်ဝင် အပင်များကို ထောက်ပံ့မပေးထားချေ။

ဆိုလိုသည်မှာ ဖုန်းဝူချန်သည် အဋ္ဌမအဆင့် ဆေးပညာရှင် တစ်ယောက် ဖြစ်နေသည့်တိုင် သတ္တမအဆင့် ဆေးလုံးကိုသာ ဖော်စပ်နိုင်မည်။ ယခင်က ထျန်းကု ဖော်စပ်ခဲ့သော သတ္တမအဆင့် ဆေးလုံး၏ အရည်အသွေးမှာ အလွန်တရာ မြင့်မားကြောင်း လူတိုင်း မြင်တွေ့ခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် ထျန်းကု၏ စွမ်းရည်ဖြင့် ဖုန်းဝူချန်ကို သေချာပေါက် ရှုံးနိမ့်မည်ဟု မဆိုနိုင်ချေ။ ထျန်းကု ကိုယ်တိုင်လည်း ဖုန်းဝူချန်ကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက် ရှိနေ၏။

“ဟီးဟီး... အစ်ကိုဖုန်းက ဒေါသထွက်ပြီ ဆိုရင် ဘယ်သူ့ထက်မဆို ပိုကြောက်ဖို့ ကောင်းတယ်... ထျန်းကုကို ဝိညာဉ်စွမ်းအားပိုင်းမှာတင် မကဘဲ ဆေးဖော်စပ်တဲ့ အပိုင်းမှာပါ ဖိနှိပ်ချင်နေတာပဲ... ထျန်းကု ချက်ချင်း ရှုံးသွားတာကို ငါ တကယ် မြင်ချင်နေပြီ... သူ ဒေါသထွက်လွန်းလို့ အဆက်မပြတ် သွေးအန်လာမလားပဲ...”

လျိုချင်းယန်က လှောင်ပြုံးဖြင့် မှတ်ချက်ချလိုက်၏။

“အင်း.. ငါလည်း တကယ့်ကို မျှော်လင့်နေတာ...”

ကျန်းကျွင့်လန်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။

ယခုအခါတွင် ဖုန်းဝူချန်က ထျန်းကု၏ တောင်းဆိုချက်ကို အဘယ်ကြောင့် လက်ခံခဲ့သနည်း ဆိုသည်ကို သူတို့ အားလုံး သဘောပေါက်သွားကြ၏။

၎င်းမှာ ထျန်းကုကို ပြင်းပြင်းထန်ထန် ဖိနှိပ်ပြီး ညှာတာမှု ကင်းမဲ့စွာဖြင့် ခြေအောက်တွင် နင်းချေကာ ပြန်လည် နာလန်ထူနိုင်မည့် အခွင့်အရေး လုံးဝ မပေးရန် အတွက်ပင် ဖြစ်သည်။

"ဘုန်း.."

ထျန်းကုက သူ၏ ရင်တွင်းမှ ဒေါသများကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး မူလ အစစ်အမှန် မီးတောက်ကို အသက်သွင်းကာ ဆေးပေါင်းဖို အတွင်းသို့ ထည့်လိုက်၏။ ထို့နောက် သူ၏ ဝိညာဉ်စွမ်းအားများကို အစွမ်းကုန် အသက်သွင်းလိုက်ပြီး တန်ဖိုးကြီး ဆေးဖက်ဝင် အပင်များကို ဆေးပေါင်းဖို အတွင်းသို့ လျင်မြန်စွာ ထည့်သွင်းလိုက်တော့သည်။

ဆေးဖက်ဝင် အပင်များကို မီးကင်ခြင်း၊ မီးရှိန်ကို ထိန်းချုပ်ခြင်းနှင့် အနှစ်သာရများကို ထုတ်ယူခြင်း စသည့် လုပ်ငန်းစဉ်များ အားလုံးကို တစ်ဆက်တည်း ပြုလုပ်သွားရာ သူ၏ ဆေးပညာ ပါရမီကို အပြည့်အဝ ထုတ်ဖော် ပြသနေလေ၏။

ပတ်ဝန်းကျင် တစ်ခုလုံး နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်ပြီး လူတိုင်းက ထျန်းကု ဆေးဖော်စပ်နေသည်ကို စောင့်ကြည့်နေကြတော့၏။ သူ၏ ကြီးစိုးသော ဆေးပညာ စွမ်းရည်က ထိုနေရာရှိ အစွမ်းထက် ဆေးပညာရှင် အများအပြားကို တိတ်ဆိတ်စွာ ချီးကျူးသွားစေတော့သည်။

နာရီဝက်ပင် မပြည့်မီသော အချိန်အတွင်းမှာပင် ထျန်းကုက ဒဏ်ရာရထားသည့်တိုင် အလွန်တရာ အစွမ်းထက်သော သတ္တမအဆင့် ဆေးလုံးတစ်လုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့၏။

ယခုအကြိမ်တွင် ထျန်းကု ဖော်စပ်လိုက်သည်မှာ သတ္တမအဆင့် ထျန်းရွှမ် ချင်းရွှီ ဆေးလုံး ဖြစ်၏။ ထိုဆေးလုံးမှာ ကျင့်ကြံခြင်း အဆင့်ကို မြှင့်တင်ပေးနိုင်သော ကြောက်မက်ဖွယ် အာနိသင်ကို ပိုင်ဆိုင်ထားပြီး ထျန်းကျီဘုံ ပညာရှင် တစ်ဦးကို အဆင့်တစ်ဆင့် တက်လှမ်းသွားစေရန် ကူညီပေးနိုင်စွမ်း ရှိသည်။

“ထျန်းရွှမ် ချင်းရွှီ ဆေးလုံးပါလား... ဒီဆေးလုံးက ခုနက သတ္တမအဆင့် ဆေးလုံးထက်တောင် အရည်အသွေး ပိုမြင့်နေသေးတယ်...”

“ပါရမီရှင် ဆေးပညာရှင် ဖြစ်ဖို့ တကယ်ကို ထိုက်တန်ပါတယ်... ဒီလောက် အရည်အသွေး မြင့်တဲ့ ထျန်းရွှမ် ချင်းရွှီ ဆေးလုံးကို ဖော်စပ်နိုင်တယ် ဆိုတာ...”

ဆေးလုံး၏ အလွန်တရာ မြင့်မားလှသော အရည်အသွေးကြောင့် ဝမ်ကျိုကျုံးနှင့် ထျန်းရှန်းဇီတို့ အပါအဝင် လူအများအပြား အံ့အားသင့်ကာ

ချီးကျူးလိုက်ကြတော့၏။

ထိုနေရာရှိ ထျန်းကျီဘုံ ပညာရှင် အများအပြားမှာလည်း လောဘရိပ် မျက်လုံးများဖြင့် ကြည့်နေကြပြီး ရှေ့သို့ ပြေးထွက်ကာ လုယူချင်စိတ်များပင် ပေါက်လာကြတော့သည်။

ထျန်းကု၏ အလွန်တရာ မြင့်မားလှသော ဆေးပညာ စွမ်းရည်က သူ့ကို လူငယ်လေး တစ်ယောက်နှင့် မတူစေဘဲ အတွေ့အကြုံ ရင့်ကျက်ပြီး ပါးနပ်သော သက်တမ်းရင့် သမားအိုကြီး တစ်ဦးနှင့် ပို၍ တူညီနေစေတော့၏။

“ဖုန်းဝူချန်... မင်း အလှည့် ရောက်ပြီ... မင်းက ဘယ်လို ဆေးလုံးမျိုး ဖော်စပ်နိုင်မလဲ ဆိုတာ ကြည့်ကြသေးတာပေါ့...”

ထျန်းကုက အဆိပ်ပြင်းသော လေသံဖြင့် ပြောလိုက်ရာ သူ၏ အကြည့်များက ဖုန်းဝူချန်ထံသို့ ရက်စက်စွာ ဝေ့ကြည့်သွားသည်။ အလွန်တရာ အစွမ်းထက်သော သတ္တမအဆင့် ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်ခဲ့သဖြင့် ထျန်းကု တစ်ယောက် နောက်ဆုံးတော့ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့၏။

ထိုစကားကို ကြားရသည့်အခါ ဖုန်းဝူချန်က မထီမဲ့မြင် ပြုလျက် ပြောလိုက်သည်။

“ဒီလို အမှိုက် ဆေးလုံးလေးက မင်းကို ဂုဏ်ယူစရာတွေ ဖြစ်စေခဲ့တာလား...”

“မင်း...”

ထျန်းကုမှာ ဒေါသကြောင့် တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်သွားသည်။ ဤမျှ အစွမ်းထက်သော ဆေးလုံးကိုပင် ဖုန်းဝူချန်က အမှိုက်ဟု သတ်မှတ်လိမ့်မည်ဟု ထျန်းကု လုံးဝ ထင်မှတ်မထားခဲ့ချေ။

"ရှဲ..."

အပြာရောင် မီးတောက် တစ်ခုကို ဆေးပေါင်းဖို အတွင်းသို့ ထည့်လိုက်ခြင်းပင်။

ဆေးဧကရာဇ် စတင် ဆေးဖော်စပ်လေပြီ။

ထိုအခိုက်အတန့်တွင် လူတိုင်း၏ အကြည့်များက ဖုန်းဝူချန်ထံသို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားကြတော့သည်။

တစ်ချိန်တည်းမှာပင် ဖုန်းဝူချန်က သူ၏ ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ယဲ့ထျန်းဝေနှင့် ယန်ယွင်ချင်းတို့ကို ထိန်းချုပ်လိုက်၏။ သူတို့၏ လှုပ်ရှားမှုများက ဖုန်းဝူချန်၏ လှုပ်ရှားမှုများနှင့် တသဝေမတိမ်း တူညီနေတော့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ပတ်ဝန်းကျင် တစ်ခုလုံး ချက်ချင်း ဆူညံသွားသည်။

“မဟာမိတ် ခေါင်းဆောင်ကြီးက ယဲ့ထျန်းဝေနဲ့ ယန်ယွင်ချင်းတို့ကို ထိန်းချုပ်ပြီး သတ္တမအဆင့် ဆေးလုံးတွေ ဖော်စပ်ခိုင်းနေတာလား...”

“ဒါက ဘယ်လို ဆေးဖော်စပ်တဲ့ နည်းစနစ်မျိုးလဲ... ကိုယ်တိုင်လည်း ဆေးဖော်စပ်ရင်းနဲ့ တခြားသူတွေကိုလည်း တစ်ပြိုင်နက်တည်း ဆေးဖော်စပ်အောင် ထိန်းချုပ်ထားနိုင်တာလား...”

“သတ္တမအဆင့် ဆေးလုံးတွေကို တစ်ပြိုင်နက်တည်း ဖော်စပ်နေတာလား... အမြန်နှုန်းကလည်း တကယ်ကို မြန်လွန်းတယ်... ဆေးဖက်ဝင် အပင်တွေရဲ့ အနှစ်သာရတွေတောင် ပျံ့နှံ့လာနေပြီပဲ...”

ပတ်ဝန်းကျင် တစ်ခုလုံး အံ့ဩတကြီး အော်ဟစ်သံများဖြင့် ပြည့်နှက်သွားပြီး လူတိုင်း၏ မျက်နှာများပေါ်တွင် အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုများ အပြည့်အဝ ဖုံးလွှမ်းသွားသည်။

ဖုန်းဝူချန်၏ ဆေးဖော်စပ်မှု အရှိန်အဟုန်က အလွန်တရာ အံ့မခန်း ဖြစ်လွန်းလှပြီး အခြားသူများကိုပါ တစ်ပြိုင်နက်တည်း ထိန်းချုပ်ကာ ဆေးဖော်စပ်ခိုင်းနိုင်စွမ်း ရှိခြင်းက ထိုနေရာရှိ မည်သူမျှ တစ်ခါမှ မကြားဖူးခဲ့သော ကြောက်မက်ဖွယ် နတ်ဘုရားဆန်သည့် ပညာရပ် တစ်ခုပင် ဖြစ်တော့သည်။

သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ အကြီးအကဲများမှာ လုံးဝ ဆွံ့အ မှင်သက်သွားကြပြီး ဖုန်းဝူချန်၏ အထွတ်အထိပ် ဆေးပညာ စွမ်းရည်ကို နောက်ဆုံးတော့ မျက်မြင်တွေ့ရှိလိုက်ရ၏။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

ထျန်းကုမှာလည်း ကြောင်အမ်းအမ်းဖြင့် စောင့်ကြည့်နေမိပြီး သူ၏ ရင်ထဲတွင် အလွန်အမင်း တုန်လှုပ်နေတော့၏။ ဖုန်းဝူချန်က ဤမျှ ကြီးစိုးသော ဆေးပညာကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေရလေ၏။

All Chapters