← Chapters

အခန်း ၈၉၂

Vol. 60 Ch. 892

အခန်း ၈၉၂

Vol. 60 Ch. 892

အခန်း (၈၉၂) - မိစ္ဆာ မျိုးနွယ်စု၏ နောက်ခံ အစစ်အမှန်

ဖုန်းဝူချန်၏ ဆေးဖော်စပ်မှု အရှိန်အဟုန်က အလွန်တရာ မြန်ဆန်လွန်းလှပြီး ထျန်းကုထက်ပင် အဆပေါင်းများစွာ ပိုမို မြန်ဆန်နေတော့၏။

ဆေးပေါင်းဖို အတွင်းရှိ ဆေးဖက်ဝင် အပင်များ အားလုံးမှာ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် အရည်ပျော်သွားကြပြီး ဆေးရည်များ အဖြစ်သို့ ပေါင်းစပ်သွားကြရာ မြင်ကွင်း တစ်ခုလုံးမှာ ရုပ်ရှင်ကို အမြန်ရစ်ပြီး ကြည့်နေရသည့်အလား ပင်ဖြစ်တော့သည်။

ဒါက ဆေးဖော်စပ်နေခြင်း မဟုတ်ဘဲ ဖျော်ဖြေပွဲ တစ်ခုကို ပြသနေသည့်အလား ပင်။

"ဆေးလုံး စတင် ဖြစ်တည်နေပြီ... ဆေးလုံး စတင် ဖြစ်တည်နေပြီဟေ့..."

"အရမ်း မြန်တာပဲ... ဒီလောက် ကြောက်စရာကောင်းတဲ့ ဆေးဖော်စပ်တဲ့ အမြန်နှုန်းက တကယ် ရှိနေတာလား..."

"ဆေးရည်တွေကို အခုလေးတင်မှ ထုတ်ယူပြီးတာလေ... ချက်ချင်းကို ဆေးလုံး ဖြစ်တည်ဖို့ စတင်နေပြီပဲ..."

ထိုနေရာရှိ ဆေးပညာရှင် အားလုံးမှာ ကြောင်အမ်းအမ်းဖြင့် ကြည့်နေကြပြီး သူတို့၏ ရင်ထဲတွင် ဧရာမ လှိုင်းလုံးကြီးများ ရိုက်ခတ်နေသည့်အလား ပြင်းထန်စွာ တုန်လှုပ်နေကြတော့၏။ အားလုံးက လုံးဝ ကျောက်ရုပ်များပမာ အေးခဲ တောင့်တင်းသွားကြ၏။

ထိုနေရာရှိ လူတိုင်း... ဆေးပညာရှင် မဟုတ်သော သူများပင်လျှင် ထိုအခိုက်အတန့်၌ အလွန်အမင်း အံ့အားသင့် ထိတ်လန့်နေသော မျက်နှာထားများဖြင့် မယုံကြည်နိုင်စွာ စောင့်ကြည့်နေကြတော့သည်။

အဘယ်ကြောင့်ဆိုသော် ဆေးပေါင်းဖို အတွင်းမှ အလွန်တရာ လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသော အရှိန်အဝါကြီး တစ်ခု ပြန့်ကျဲလာပြီး ဆေးပေါင်းဖို သုံးခုစလုံးမှ တူညီသော အရှိန်အဝါများ ထွက်ပေါ်နေခြင်းကြောင့်ပင် ဖြစ်သည်။

'မဖြစ်ဘူး... သူ့ကို အောင်မြင်အောင် ဆေးဖော်ခွင့် ပြုလို့ မဖြစ်ဘူး...'

ဆေးလုံးထံမှ ပြန့်ကျဲလာသော အစွမ်းထက် အရှိန်အဝါကို အာရုံခံမိလိုက်သည့်အခါ ထျန်းကု တစ်ယောက် သူ၏ ဆေးလုံးမှာ ဖုန်းဝူချန်၏ ဆေးလုံးကို ယှဉ်နိုင်မည် မဟုတ်ကြောင်း ချက်ချင်း သဘောပေါက်သွားပြီး ဖုန်းဝူချန်၏ ဆေးပေါင်းဖိုကို ဖျက်ဆီးပစ်ရန် ဆုံးဖြတ်လိုက်တော့၏။

ထိုသို့ တွေးတောလိုက်ပြီးနောက် ထျန်းကုက သူ၏ အစွမ်းကုန် အင်အားများကို ရုတ်တရက် အသက်သွင်းလိုက်ရာ လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသော အရှိန်အဝါကြီး တစ်ခု ပေါက်ကွဲထွက်လာတော့သည်။ ထျန်းကျီဘုံ အဋ္ဌမအလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားများ ရူးသွပ်စွာ ပေါက်ကွဲထွက်လာပြီး အနီးနားရှိ ဆေးပေါင်းဖိုများကိုပင် အဝေးသို့ လွင့်စင်သွားစေတော့၏။ ထျန်းကုက အဝေးမှနေ၍ ဖုန်းဝူချန်၏ ဆေးပေါင်းဖိုထံသို့ ရက်စက်ကြမ်းကြုတ်စွာ လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။

"နန်းတော်သခင်... သတိထား... သူက ဆေးပေါင်းဖိုကို ဖျက်ဆီးတော့မယ်..."

ယဲ့ထျန်းဝေ၏ မျက်နှာအမူအရာ ရုတ်ချည်း ဆိုးရွားစွာ ပြောင်းလဲသွားပြီး အလောတကြီး အော်ဟစ် သတိပေးလိုက်၏။

"ဟွန့်... ဒီလောက် လွယ်မယ် ထင်နေတာလား..."

ဖုန်းဝူချန်က အေးစက်စက် နှာမှုတ်လိုက်ပြီး သူ၏ လက်နှစ်ဖက်ကို လျင်မြန်စွာ ပူးကပ်လိုက်ရာ ရက်စက်ကြမ်းကြုတ်သော မူလ စစ်မှန်သည့် စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး အလွန်တရာ အစွမ်းထက်လှသော ထိန်းချုပ်မှု စွမ်းအား တစ်ရပ်ကို ထုတ်လွှတ်လိုက်တော့၏။

"ဘုန်း.."

ဖူး...

မျက်တောင်တစ်ခတ် အတွင်းမှာပင် စွမ်းအား နှစ်ခု ပြင်းထန်စွာ ဝင်တိုက်မိသွားရာ မိုးခြိမ်းသံပမာ ပေါက်ကွဲသံ ထွက်ပေါ်လာပြီး ထျန်းကု၏ မျက်နှာမှာ ရုတ်ချည်း သွေးဆုတ်ကာ ဖြူဖျော့သွားသည်။ သူက သွေးစိမ်းများကို တဝေါဝေါ အန်ထုတ်လိုက်ရပြီး အနောက်သို့ ပေပေါင်း ဒါဇင်ချီ ဆုတ်ခွာသွားရတော့သည်။

ဖုန်းဝူချန်၏ လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသော စွမ်းအားက ထျန်းကု၏ စွမ်းအားကို တိုက်ရိုက် ဝါးမြို ဖျက်ဆီးပစ်လိုက်ပြီး ဆေးပေါင်းဖို သုံးခုကိုမူ နည်းနည်းလေးမျှ ထိခိုက်မှု မရှိစေခဲ့ချေ။

"ဆေးလုံး ဖြစ်တည်အောင် လုပ်နေရင်းနဲ့တောင်... တန်ပြန် တိုက်ခိုက်ဖို့ စွမ်းအားတွေ ထုတ်သုံးနိုင်သေးတာလား..."

ဝမ်ကျိုကျုံးမှာ အလွန်အမင်း အံ့အားသင့်သွားရ၏။

"နန်းတော်သခင်က ဆေးလုံး ဖြစ်တည်နေတဲ့ အရေးကြီး အချိန်မှာ အာရုံခွဲပြီး တိုက်ခိုက်နေတာပဲ... ဆေးပေါင်းဖို ပေါက်ကွဲသွားမှာကို မကြောက်ဘူးလား..."

ရှာယွင်ရွှမ်က အလွန်အမင်း ထိတ်လန့်တကြားဖြင့် ရေရွတ်လိုက်ရာ ချွေးသီးချွေးပေါက်များပင် ကျလာတော့၏။

ဆေးဖော်စပ်ခြင်းတွင် အဆင့်တိုင်းက အလွန်တရာ အရေးကြီးလှ၏။ မည်သည့် အဆင့်ကိုမျှ ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘဲ အာရုံစိုက်မှု အပြည့်အဝ ထားရှိရန် လိုအပ်၏။ မဟုတ်ပါက ဆေးပေါင်းဖို ပေါက်ကွဲနိုင်ချေ ရှိပြီး အထူးသဖြင့် အစွမ်းထက်သော ဆေးလုံးများကို ဖော်စပ်ရာတွင် အာရုံလွင့်ပါးရန် လုံးဝ မဖြစ်နိုင်ချေ။

ဤအချက်ကြောင့်ပင် ဝမ်ကျိုကျုံးနှင့် အခြားသူများ အလွန်အမင်း အံ့အားသင့် ထိတ်လန့်နေကြရလေ၏။

"မဖြစ်ဘူး... နန်းတော်သခင်က ဆေးလုံး ဖြစ်တည်အောင် ဆက်လုပ်နေဆဲပဲ... ဆေးဖော်စပ်နေရင်းနဲ့ တစ်ပြိုင်နက်တည်း ထျန်းကုကို တိုက်ခိုက်နေတာပဲ..."

ထျန်းရှန်းဇီက ရုတ်တရက် အော်ဟစ်လိုက်ရာ သူ၏ အိုမင်းသော မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်နေပြီး တစ်ကိုယ်လုံးလည်း ပြင်းထန်စွာ တုန်ယင်နေတော့၏။

'ထျန်းကျီဘုံ အဋ္ဌမအလွှာ ဟုတ်လား...'

အနောက်သို့ ပေပေါင်း ဒါဇင်ချီ ဆုတ်ခွာသွားရသော ထျန်းကုက ဖုန်းဝူချန်ကို အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့စွာဖြင့် စူးစိုက်ကြည့်နေပြီး ရင်တွင်း၌ တိတ်တဆိတ် သုံးသပ်နေမိတော့၏။ 'ဖုန်းဝူချန်က ထျန်းကျီဘုံ သတ္တမအလွှာမှာပဲ ရှိနေတာ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး အဋ္ဌမအလွှာကို ရောက်သွားတာလဲ... ဒါ... ဒါ ဘာတွေ ဖြစ်နေတာလဲ...'

"မင်းရဲ့ ဒီလောက် စွမ်းအားလေးနဲ့ ငါ့ရဲ့ ဆေးပေါင်းဖိုကို ဖျက်ဆီးနိုင်မယ်လို့ ထင်နေတာလား... ဟွန့်..."

ဖုန်းဝူချန်က သရော်လှောင်ပြောင်သော အပြုံးဖြင့် မေးလိုက်ပြီး သူ၏ လက်များက ဆေးလုံး ဖော်စပ်ခြင်း ပြီးစီးလုနီးပါး ဖြစ်နေပြီ ဖြစ်ကြောင်း ပြသနေသည့် လက်ဟန်များ လျင်မြန်စွာ ဖော်နေတော့၏။

ဖုန်းဝူချန်အတွက်တော့ ထျန်းကျီဘုံ အဋ္ဌမအလွှာ၏ စွမ်းအား ဆိုသည်မှာ လုံးဝ အားနည်းလွန်းလှပြီး မည်သည့် ခြိမ်းခြောက်မှုမျှ မဖြစ်စေနိုင်ချေ။

ဖုန်းဝူချန်၏ အထင်သေးသော စကားများကို ကြားလိုက်ရသည့်အခါ ထျန်းကု၏ မျက်နှာအမူအရာ ပို၍ပို၍ ဆိုးရွားလာပြီး ဒေါသကြောင့် အံ တင်းတင်းကြိတ်ထားရတော့၏။

ဖုန်းဝူချန်၏ စော်ကားမှုများနှင့် သရော်လှောင်ပြောင်မှုများက ထျန်းကုကို လုံးဝ ဒေါသပေါက်ကွဲသွားစေခဲ့၏။

“ဝီ... ဝီ…”

ရုတ်တရက် ထျန်းကု၏ ခန္ဓာကိုယ် အတွင်းမှ အလွန်တရာ ကြီးစိုးသော စွမ်းအားကြီး တစ်ခု ပေါက်ကွဲထွက်လာတော့၏။ သူ၏ တစ်ကိုယ်လုံးတွင် မျက်စိကျိန်းမတတ် တောက်ပသော အနက်ရောင် အလင်းတန်းများ လျှပ်တစ်ပြက် ထွက်ပေါ်လာပြီး ကျောင်းတော် တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။ ကောင်းကင်နှင့် မြေကမ္ဘာကိုပါ တုန်လှုပ်သွားစေမည့် သူ၏ ရူးသွပ်သော အရှိန်အဝါကြီးကြောင့် ရင်ပြင်ထက်ရှိ ဆေးပေါင်းဖို ထောင်ပေါင်းများစွာမှာ လုံးဝ လွင့်စင်ထွက်သွားကြတော့၏။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ထျန်းကု၏ အရှိန်အဝါက ထျန်းကျီဘုံ အဋ္ဌမအလွှာ အထွတ်အထိပ်မှနေ၍ နတ်ဘုရားအသွင်ပြောင်းဘုံ ပထမအလွှာသို့ တိုက်ရိုက် ချိုးဖြတ်သွားခဲ့၏။

ထိုနေရာရှိ ကျင့်ကြံသူများ အားလုံးမှာ ဤလွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသော အရှိန်အဝါကြီးကြောင့် ပြင်းထန်စွာ တုန်လှုပ်သွားကြပြီး ကျင့်ကြံခြင်း အဆင့် နိမ့်ကျသူများမှာ ကြောက်ရွံ့မှုကြောင့် သေးပင် ထွက်ကျလုမတတ် ဖြစ်သွားကြတော့၏။

ကံကောင်းထောက်မစွာဖြင့် ထျန်းကု ထုတ်လွှတ်လိုက်သော ကြောက်မက်ဖွယ် စွမ်းအင်ကြီးကို ဝမ်ကျိုကျုံးနှင့် အခြားသော အစွမ်းထက် ပညာရှင်များက ဝိုင်းဝန်း ကာကွယ်ပေးလိုက်သဖြင့် မည်သူမျှ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြချေ။

"နန်းတော်သခင်... သူ့ရဲ့ အရှိန်အဝါက... မိစ္ဆာ မျိုးနွယ်စုရဲ့ အရှိန်အဝါပဲ..."

ယဲ့ထျန်းဝေက အလွန်အမင်း အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်၏။ ထျန်းကု တစ်ယောက် မိစ္ဆာ မျိုးနွယ်စုမှ ဖြစ်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

"ဒါကြောင့်မို့လို့ ဒီလောက် မာနထောင်လွှားနေတာကိုး... မိစ္ဆာ မျိုးနွယ်စုရဲ့ လူငယ်လေး တစ်ယောက် ဖြစ်နေတာပဲ..."

ဖုန်းဝူချန်က အေးစက်စက် ရယ်မောလိုက်၏။ အနည်းငယ် အံ့အားသင့်သွားသော်လည်း သူကတော့ နည်းနည်းလေးမျှ ကြောက်ရွံ့နေခြင်း မရှိချေ။

အမှန်တကယ်ပင်။ ထျန်းကုသည် မိစ္ဆာ မျိုးနွယ်စုမှ လူငယ်တစ်ဦး ဖြစ်ပြီး မိစ္ဆာ ဆေးပညာရှင်များ အားလုံးထဲတွင် အံ့မခန်း ဆေးပညာ ပါရမီကို ပိုင်ဆိုင်ထားသော ထိပ်တန်း ပါရမီရှင် တစ်ဦးပင် ဖြစ်သည်။

ထျန်းကုထံမှ ပေါက်ကွဲထွက်လာသော အရှိန်အဝါမှာ မကောင်းဆိုးဝါးဆန်ပြီး အရိုးထဲထိ စိမ့်ဝင်သွားမတတ် အေးစက်လှ၏။

မျက်တောင်တစ်ခတ် အတွင်း အဆင့် နှစ်ဆင့်တိတိ ချိုးဖြတ်သွားနိုင်ခြင်းက ထျန်းကုသည် ထိပ်တန်း ကျင့်ကြံခြင်း ပါရမီရှင် တစ်ဦးလည်း ဖြစ်ကြောင်း ရှင်းလင်းစွာ ပြသနေသည်။ သူ၏ မွေးရာပါ ပါရမီမှာ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ မည်သည့် ကျောင်းသားထက်မဆို သာလွန်နေ၏။

"မိစ္ဆာ မျိုးနွယ်စုက လူတွေပါလား..."

ဝမ်ကျိုကျုံးနှင့် အခြားသော အထွတ်အထိပ် ပညာရှင်များ မျက်မှောင်ကြုတ်လိုက်ကြ၏။

အင်အားကြီး အဖွဲ့အစည်း အသီးသီးမှ အစွမ်းထက် ပညာရှင်များ အားလုံး သတိဝီရိယ အပြည့် ရှိနေကြတော့သည်။ ထျန်းကု၏ ထွက်ပေါ်လာမှုက အမှောင်ထဲတွင် အခြားသော မိစ္ဆာ မျိုးနွယ်စုမှ အစွမ်းထက် ပညာရှင်များ လျှို့ဝှက် ပုန်းကွယ်နေကြောင်း ရှင်းလင်းစွာ ညွှန်ပြနေသည် လေ။

"သူက တကယ်ပဲ မိစ္ဆာ မျိုးနွယ်စုက လူ တစ်ယောက် ဖြစ်နေတာလား..."

လျိုချင်းယန်နှင့် အခြားသူများလည်း အလွန်အမင်း အံ့အားသင့် ထိတ်လန့်နေကြတော့၏။

"မိစ္ဆာ မျိုးနွယ်စုက လူတစ်ယောက်က တိုက်ကြီးရဲ့ ဆေးပညာရှင် ပြိုင်ပွဲကြီးမှာ ဝင်ရောက် ယှဉ်ပြိုင်ရဲတယ်ပေါ့... သူက တကယ်ကို ရဲတင်းလွန်းတာပဲ..."

လင်းယိုက မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။

'ဟေ့ကောင်လေး... သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ကို မိစ္ဆာ မျိုးနွယ်စုက ဝိုင်းရံထားပြီ ဆိုတာ... နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့က အစွမ်းထက် ပညာရှင်တွေကို ဘာဖြစ်လို့ အကြောင်းမကြားရသေးတာလဲ...'

ရုတ်တရက် လျိုချင်းယန်၏ စိတ်အာရုံ အတွင်း၌ မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံကြီး၏ ဒေါသတကြီး ဟိန်းဟောက်သံ ထွက်ပေါ်လာတော့၏။

"ဘာ..."

လျိုချင်းယန်၏ မျက်နှာအမူအရာ ရုတ်ချည်း ဆိုးရွားစွာ ပြောင်းလဲသွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်တော့သည်။

"ဒုက္ခပဲ..."

"ဟွမ်ယန်... ချီဟွမ်... လွမ်ရှန်... ပေတိုယန်... နန်ကုန်းကျန်း... နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့က အင်အားစု အသီးသီးဆီ အခုချက်ချင်း သတင်း သွားပို့ကြ... မြန်မြန်..."

လျိုချင်းယန်က အလောတကြီး အော်ဟစ် အမိန့်ပေးလိုက်ရာ ကြီးမားသော အန္တရာယ်ကြီး တစ်ခု ကျရောက်လာတော့မည် ဖြစ်ကြောင်း သဘောပေါက်သွားသည်။

"မိစ္ဆာ မျိုးနွယ်စုကများ..."

ချီဟွမ်၏ မျက်နှာမှာ အနည်းငယ် သွေးဆုတ်သွားတော့သည်။ အင်ပါယာ၏ အထူးစစ်သည်တော် ခေါင်းဆောင် တစ်ယောက် အနေဖြင့် နှစ်ပေါင်းများစွာ စစ်တိုက်ခဲ့သော အတွေ့အကြုံများက ဘာတွေ ဖြစ်လာတော့မည်နည်း ဆိုသည်ကို သူ့ကို ကြိုတင် ခန့်မှန်းနိုင်စေခဲ့လေ၏။

လင်ရှောင်ရှောင်က သူမ၏ သွေးမျိုးဆက် စွမ်းအားများကို အသက်သွင်းကာ မျိုးနွယ်စုမှ အစွမ်းထက် ပညာရှင်များကို ဆင့်ခေါ်ရန် ချက်ချင်း ကြိုးစားလိုက်သော်လည်း အရာအားလုံး နောက်ကျသွားခဲ့ပြီ ဖြစ်ကြောင်း သတိပြုမိသွားသည်။

"လေဟာနယ် တစ်ခုလုံး ပိတ်ဆို့ခံလိုက်ရပြီ..."

လင်ရှောင်ရှောင်က အလောတကြီး အော်ဟစ်လိုက်ရာ သူမ၏ လှပသော မျက်နှာလေးပေါ်တွင် ထိတ်လန့်မှုများ ပြည့်နှက်လာတော့သည်။

လျိုချင်းယန်နှင့် အဖွဲ့သားများက လျှပ်တစ်ပြက် နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုကာ နေရာရွှေ့ပြောင်းရေး အခင်းအကျင်းဆီသို့ ချက်ချင်း ပြေးထွက်သွားကြ၏။ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့မှ အင်အားကြီး အဖွဲ့အစည်း အသီးသီးရှိ အထွတ်အထိပ် ပညာရှင်များ အားလုံးကို အမြန်ဆုံး အကြောင်းကြားရန် လိုအပ်၏။

"ဖုန်းဝူချန်... မင်း ဆေးလုံးကို အောင်မြင်အောင် ဖော်စပ်နိုင်မှာ မဟုတ်ဘူး..."

ထျန်းကုက ရေခဲတမျှ အေးစက်စွာ ပြောလိုက်ရာ သူ၏ အသံမှာ ယခင်ကနှင့် လုံးဝ မတူညီတော့ဘဲ မိစ္ဆာ မျိုးနွယ်စု၏ ဝိသေသလက္ခဏာ တစ်ခု ဖြစ်သော ဩရှရှ အသံ ဖြစ်နေတော့၏။

စကားပြောနေစဉ်မှာပင် ထျန်းကု၏ လက်ဝါးပြင်ထက်သို့ ကြီးစိုးသော အနက်ရောင် စွမ်းအင်များ စုစည်းလာပြီး နည်းနည်းလေးမျှ တုံ့ဆိုင်းမနေဘဲ အနက်ရောင် လက်ဝါးရိပ်ကြီး တစ်ခု အဖြစ် ဖုန်းဝူချန်နှင့် အခြား နှစ်ယောက်ထံသို့ ရက်စက်ကြမ်းကြုတ်စွာ ရိုက်ချလိုက်တော့သည်။

"မင်းက တကယ်ကို ရဲတင်းလွန်းတာပဲ..."

ဝမ်ကျိုကျုံးက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ဝင်ရောက် တားဆီးရန် ပြင်ဆင်လိုက်၏။

"ဝမ်ကျိုကျုံး... လူငယ်လေးတွေ အချင်းချင်း ယှဉ်ပြိုင်နေတာကို မင်းက ဘာဖြစ်လို့ ဝင်ပါချင်နေရတာလဲ..."

ထိုအခိုက်အတန့်မှာပင် အိုမင်းသော အသံ တစ်ခု ထွက်ပေါ်လာပြီး လွှမ်းမိုးဖိနှိပ်နိုင်စွမ်း အပြည့်ရှိသော ကြောက်မက်ဖွယ် အရှိန်အဝါကြီး တစ်ခုက သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် တစ်ခုလုံးကို မျက်တောင်တစ်ခတ် အတွင်းမှာပင် လွှမ်းခြုံသွားရာ လူတိုင်းမှာ လုံးဝ အားနည်းသွားသည့်အလား ခံစားလိုက်ကြရတော့၏။

"နတ်ဘုရားအသွင်ပြောင်းဘုံ သတ္တမအလွှာပါလား..."

ဝမ်ကျိုကျုံးနှင့် အခြားသူများ၏ မျက်နှာအမူအရာများ ရုတ်ချည်း ဆိုးရွားစွာ ပြောင်းလဲသွားပြီး မည်သူမျှ မလှုပ်ရှားရဲကြတော့ချေ။

ထိုကြောက်မက်ဖွယ် အရှိန်အဝါကြီးကြောင့် ထိုနေရာရှိ လူတိုင်း အလွန်အမင်း ထိတ်လန့် ပြာယာခတ်သွားကြတော့သည်။

"မိစ္ဆာ မျိုးနွယ်စုရဲ့ တတိယ အကြီးအကဲပါလား..."

ဖုန်းဝူချန်၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားပြီး သူက တစ်စုံတစ်ခုကို ကြိုတင် ခန့်မှန်းမိသွားသည့်ဟန် ပေါ်နေတော့၏။

"နန်းတော်သခင်..."

ယဲ့ထျန်းဝေက အလွန်အမင်း ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး သူတို့ထံသို့ ရက်စက်ကြမ်းကြုတ်စွာ ကျဆင်းလာနေသော အနက်ရောင် လက်ဝါးရိပ်ကြီးကို ကြောက်ရွံ့မှု အပြည့်ဖြင့် မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်နေတော့သည်။

ယန်ယွင်ချင်းမှာလည်း ဝိညာဉ်ပင် လွင့်ထွက်မတတ် ကြောက်လန့်သွားပြီး ဘာပြောရမှန်းပင် မသိတော့ချေ။

ဖုန်းဝူချန်၏ လက်များက လျင်မြန်စွာ ရွေ့လျားနေဆဲ ဖြစ်ပြီး ယဲ့ထျန်းဝေနှင့် ယန်ယွင်ချင်းတို့ကို ထိန်းချုပ်ကာ ဆေးပေါင်းဖိုများကို ဆက်လက် ထိန်းသိမ်းထားရင်း ဆေးဖော်စပ်နေဆဲပင်။

ယဲ့ထျန်းဝေနှင့် ယန်ယွင်ချင်းတို့မှာ အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့နေကြတော့၏။ အခုချိန်က ဘယ်လို အခြေအနေကြီးလဲ။ ဖုန်းဝူချန်က ဘာလို့ ဆေးဆက်ဖော်နေသေးတာလဲ။

"နန်းတော်သခင်... နောက်ကျသွားပြီ..."

ယဲ့ထျန်းဝေက အသည်းအသန် အော်ဟစ်လိုက်တော့သည်။

သူ၏ စကားသံ အဆုံးမှာပင် ကြောက်မက်ဖွယ် အနက်ရောင် လက်ဝါးရိပ်ကြီးက မိုးခြိမ်းသံပမာ ကျဆင်းလာခဲ့ပြီး ဖုန်းဝူချန်အတွက် ရှောင်တိမ်းရန် လုံးဝ အချိန်မရှိတော့ချေ။

All Chapters