← Chapters

အခန်း ၈၉၄

Vol. 60 Ch. 894

အခန်း ၈၉၄

Vol. 60 Ch. 894

အခန်း (၈၉၄) - နတ်ဘုရားဆန်သော ပညာရပ် နောက်တစ်ကြိမ် ထွက်ပေါ်လာခြင်း

"မဟာမိတ် ခေါင်းဆောင်ကြီး... သတိထား..."

မိုဖုန်း (မိစ္ဆာ လေရူး အရှင်သခင်)ထံမှ ပေါက်ကွဲထွက်လာသော လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသည့် ဝိညာဉ်စွမ်းအားကို အာရုံခံမိလိုက်သည့်အခါ ဝမ်ကျိုကျုံး အလောတကြီး အော်ဟစ် သတိပေးလိုက်၏။

"မစိုးရိမ်ပါနဲ့... နန်းတော်သခင် ကိုယ်တိုင်ကလည်း အဋ္ဌမအဆင့် ဆေးပညာရှင် တစ်ယောက်ပဲလေ... သူ့ရဲ့ ဝိညာဉ်စွမ်းအားက သေချာပေါက် အားနည်းနေမှာ မဟုတ်ပါဘူး..."

ထျန်းရှန်းဇီကမူ အံ့သြစရာ ကောင်းလောက်အောင်ပင် အေးဆေးတည်ငြိမ်စွာဖြင့် ဝင်ရောက် ပြောဆိုလိုက်သည်။

ထင်သည့်အတိုင်းပင်

မိုဖုန်း (မိစ္ဆာ လေရူး အရှင်သခင်)၏ ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားကြီးကို ရင်ဆိုင်ရချိန်တွင် ဖုန်းဝူချန်၏ မျက်နှာပေါ်၌ နည်းနည်းလေးမျှ ကြောက်ရွံ့သည့် အရိပ်အယောင် မရှိခဲ့ချေ။ သူ၏ ခန္ဓာကိုယ် အတွင်းမှ ဝိညာဉ်စွမ်းအားကို လျင်မြန်စွာ အသက်သွင်းလိုက်တော့၏။

"အုန်း.."

မျက်တောင်တစ်ခတ် အတွင်းမှာပင် ရက်စက်ကြမ်းကြုတ်သော ဝိညာဉ်စွမ်းအား နှစ်ခု ပြင်းထန်စွာ ဝင်တိုက်မိသွားကြပြီး ပေါက်ကွဲသံ ထွက်ပေါ်လာတော့သည်။ ထိုစွမ်းအားများကြောင့် လေဟာနယ်မှာ ဒေါသတကြီး ရိုက်ခတ်နေသော ရေလှိုင်းကြီးများပမာ ဆူပွက် လှိုင်းထသွားသည်။

"မဟာမိတ် ခေါင်းဆောင်ကြီးရဲ့ ဝိညာဉ်စွမ်းအားက တကယ်ကို ကြောက်စရာကောင်းတာပဲ..."

"သူက အလွယ်တကူပဲ ခုခံနိုင်သွားတာလား..."

"ဖုန်းဝူချန်က ဒီလောက်တောင် အစွမ်းထက်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ... အဋ္ဌမအဆင့် ဆေးပညာရှင် တစ်ယောက်တောင် ဘာမှ မလုပ်နိုင်ဘူးပဲ... ခုနက ထျန်းကုရဲ့ ကြောက်မက်ဖွယ် စွမ်းအားကလည်း သူ့ကို နည်းနည်းလေးမှ မထိခိုက်စေနိုင်ခဲ့ဘူးလေ..."

ထိုနေရာရှိ ဆေးပညာရှင် အားလုံးမှာ အလွန်အမင်း အံ့အားသင့် မှင်သက်သွားကြတော့၏။

ယခင်က ဖုန်းဝူချန်ကို အထင်သေးခဲ့ကြသော ကျင့်ကြံသူများမှာ ယခုအခါ ဖုန်းဝူချန်၏ လွှမ်းမိုးဖိနှိပ်နိုင်စွမ်းကြောင့် လုံးဝ လေးစားနေကြတော့သည်။

"တွေ့လား... အဋ္ဌမအဆင့် ဆေးပညာရှင် တစ်ယောက် ဖြစ်တဲ့ ခင်ဗျားကလည်း အဲဒီလောက် အစွမ်းထက်နေတာမှ မဟုတ်တာ..."

ဖုန်းဝူချန်က အေးစက်စက် သရော်ရင်း မေးလိုက်ရာ သူ၏ အထင်သေးမှုက အလွန် ရှင်းလင်း ထင်ရှားလှ၏။

မာနထောင်လွှားလိုက်လေခြင်း။ တကယ့်ကို အလွန်အမင်း မာနထောင်လွှားလွန်းလှ၏။

ဖုန်းဝူချန်သည် မိစ္ဆာ မျိုးနွယ်စုမှ အဋ္ဌမအဆင့် ဆေးပညာရှင်ကိုပင် အရေးတယူ လုပ်ပုံ မရချေ။

မိုဖုန်း (မိစ္ဆာ လေရူး အရှင်သခင်)၏ မျက်နှာအမူအရာ ရုတ်ချည်း အုံ့မှိုင်းလာပြီး အခြားသော မိစ္ဆာ မျိုးနွယ်စုမှ အထွတ်အထိပ် ပညာရှင်များလည်း အလွန်အမင်း အံ့အားသင့်သွားကြတော့၏။ ဖုန်းဝူချန် တစ်ယောက် မိုဖုန်း (မိစ္ဆာ လေရူး အရှင်သခင်)၏ ဝိညာဉ်စွမ်းအားကို ဤမျှ အလွယ်တကူ ခုခံနိုင်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြချေ။

"ဝှစ်... ဝှစ်... ဝှစ်..."

ထိုအခိုက်အတန့်မှာပင် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်၏ နေရာရွှေ့ပြောင်းရေး အခင်းအကျင်း အတွင်းမှ ပုံရိပ် အများအပြား လျှပ်တစ်ပြက် ထွက်ပေါ်လာကြတော့၏။

အသစ် ရောက်ရှိလာသူများမှာ အခြားသူများ မဟုတ်ဘဲ အင်မော်တယ် လက်နက် စံအိမ်၊ ကျန်း မိသားစု၊ ထျန်းတောက် ဂိုဏ်း၊ ပေရွှမ် ဂိုဏ်း၊ ရှင်းယွင် ဂိုဏ်းနှင့် အခြားသော အင်အားကြီး အဖွဲ့အစည်း အသီးသီးမှ အထွတ်အထိပ် ပညာရှင်များပင် ဖြစ်ကြသည်။

"ငါ ထင်ထားတဲ့ အတိုင်းပဲ..."

မိစ္ဆာ မျိုးနွယ်စုမှ အစွမ်းထက် ပညာရှင် ဒါဇင်ပေါင်းများစွာကို မြင်လိုက်ရသည့်အခါ ချီဟွမ်က မျက်မှောင်ကြုတ်လျက် တီးတိုး ရေရွတ်လိုက်၏။

"ကံကောင်းလို့ အချိန်မီ ရောက်လာတာပဲ..."

လျိုချင်းယန်က သက်ပြင်းချရင်း ဆိုလိုက်သည်။

"မဟာမိတ် ခေါင်းဆောင်ကြီး... ဘာဖြစ်သွားသေးပါသလဲ..."

ချီယွမ်က ဖုန်းဝူချန်ကို စိုးရိမ်တကြီး မေးမြန်းလိုက်၏။

"ကျွန်တော် အဆင်ပြေပါတယ်..."

ဖုန်းဝူချန်က အေးဆေးတည်ငြိမ်စွာပင် ပြန်လည် ဖြေကြားလိုက်သည်။

"မိစ္ဆာ မျိုးနွယ်စုက နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်တွေ အများကြီး ရောက်နေတာပါလား..."

ရှင်းထျန်းက မျက်မှောင် ပြင်းထန်စွာ ကြုတ်လျက် လေးနက်သော လေသံဖြင့် မှတ်ချက်ချလိုက်၏။

"ရောက်လာတဲ့ သူတွေက ရည်ရွယ်ချက် ကောင်းနဲ့ လာကြတာတော့ မဟုတ်ဘူးပဲ..."

ကျန်းဝူဟန်ကလည်း မျက်မှောင်ကြုတ်ရင်း ဆိုလိုက်သည်။

ဤမျှ များပြားလှသော မိစ္ဆာ မျိုးနွယ်စုမှ အစွမ်းထက် ပညာရှင်များကို မြင်တွေ့ရသဖြင့် သူ၏ ရင်ထဲတွင် အနည်းငယ် ထိတ်လန့်နေမိသည်မှာ အမှန်ပင်။

"ဖုန်းဝူချန်... မင်းကို ငါ ချီးကျူးရမယ်... နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့က ဒီလောက် အချိန်တိုလေး အတွင်းမှာ ဒီလောက်အထိ အင်အားကြီးမားလာတာ တကယ်ကို အံ့မခန်းပဲ... ဒါပေမဲ့ ကောင်းပါတယ်... မင်းတို့ အကုန်လုံး ဒီကို ရောက်နေမှတော့ ငါတို့ အချိန်တွေ အများကြီး သက်သာသွားတာပေါ့..."

မိုချန်ဟွာက မကောင်းဆိုးဝါးဆန်သော အပြုံးဖြင့် ပြောလိုက်၏။

ယွင်ယိုဇီ၏ ဒဏ်ရာများ လုံးဝ မပျောက်ကင်းသေးကြောင်း သိရှိထားသဖြင့် မိုချန်ဟွာက ချီယွမ်နှင့် အခြားသူများကို နည်းနည်းလေးမျှ ကြောက်ရွံ့နေခြင်း မရှိချေ။

အစပိုင်းတွင် မိစ္ဆာ မျိုးနွယ်စုက နတ်ဘုရားဧကရာဇ် နန်းတော်ကို အသုံးပြုကာ တိုက်ခိုက်ရန် ရည်ရွယ်ထားခဲ့သော်လည်း ကံမကောင်းစွာဖြင့် နတ်ဘုရားဧကရာဇ် နန်းတော်က ပေရွှမ် ဂိုဏ်းကို ရင်ဆိုင်ရာတွင် ရှုံးနိမ့်သွားခဲ့၏။ ယခုအခါ မိစ္ဆာ မျိုးနွယ်စုက သူတို့ ကိုယ်တိုင် ဝင်ရောက် စွက်ဖက်ရန် ဆုံးဖြတ်လိုက်ရလေ၏။

"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေစမ်းပါနဲ့... ကျွန်တော်တို့ရဲ့ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကိုလည်း လျှော့မတွက်နဲ့..."

ဖုန်းဝူချန်က နှိမ့်ချခြင်း မရှိ၊ မာနထောင်လွှားခြင်း မရှိသော လေသံဖြင့် တုံ့ပြန်လိုက်ပြီး သူ၏ အေးစက်သော အကြည့်များက မိုချန်ဟွာထံသို့ ဝေ့ကြည့်သွားသည်။

မိစ္ဆာ မျိုးနွယ်စုမှ နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင် ဒါဇင်ပေါင်းများစွာ ရောက်ရှိလာခြင်းက ဖုန်းဝူချန်ကို နည်းနည်းလေးမျှပင် စိုးရိမ်ပူပန်မှု မဖြစ်စေခဲ့ချေ။ ဖုန်းဝူချန်၏ ယုံကြည်မှု အပြည့်ရှိသော အမူအရာကို မြင်လိုက်ရသည့်အခါ အားလုံးက အတော်အတန် စိတ်သက်သာရာ ရသွားကြတော့သည်။

"ခင်ဗျားရဲ့ မျက်နှာထားကို ကြည့်ရတာ... ဘယ်လိုပဲ ဖြစ်ဖြစ် အဆုံးထိ မရောက်မချင်း ကျေနပ်မယ့်ပုံ မပေါ်ဘူးပဲ... တခြား အရည်အချင်းတွေ ရှိသေးရင်လည်း အကုန် ထုတ်သုံးလိုက်စမ်းပါ..."

ဖုန်းဝူချန်က မိုဖုန်း (မိစ္ဆာ လေရူး အရှင်သခင်)ကို အေးစက်စက် လှောင်ပြောင်လိုက်သည်။ မိစ္ဆာ မျိုးနွယ်စု၏ ဒုတိယ အကြီးအကဲကို တိုက်ရိုက် စိန်ခေါ်လိုက်ခြင်း ဖြစ်၏။

"မင်း ဖော်စပ်တဲ့ အဋ္ဌမအဆင့် ဆေးလုံးကလည်း ဒီလောက် အရည်အသွေး မြင့်မမြင့် ဆိုတာ ငါ တကယ် သိချင်နေပြီ..."

ဟု မိုဖုန်း (မိစ္ဆာ လေရူး အရှင်သခင်)က ဒေါသတကြီး ပြန်လည် ဟိန်းဟောက်လိုက်၏။ ဝိညာဉ်စွမ်းအားဖြင့် ဖုန်းဝူချန်ကို သူ ဖိနှိပ်၍ မရခဲ့သလို မိစ္ဆာ မျိုးနွယ်စု၏ အကြီးအကဲ တစ်ဦး အနေဖြင့်လည်း မျက်နှာ ပျက်မခံနိုင်ချေ။

"ခင်ဗျားက ကျွန်တော်နဲ့ ဆေးပညာ ယှဉ်ပြိုင်ချင်တာလား..."

ဖုန်းဝူချန်က အံ့အားသင့်စွာ မေးလိုက်သည်။

"ဘာလဲ... မင်း ကြောက်နေတာလား..."

မိုဖုန်း (မိစ္ဆာ လေရူး အရှင်သခင်)က အေးစက်စက် မေးလိုက်၏။

ဖုန်းဝူချန်က ခေါင်းခါယမ်းရင်း သရော်လိုက်သည်။

"ကြောက်တာ မဟုတ်ပါဘူး... အချိန်ဖြုန်းနေရတယ်လို့ ခံစားရလို့ပါ..."

စကားပြောနေစဉ်မှာပင် ဖုန်းဝူချန်၏ လက်ဝါးပြင်ထက်သို့ အလွန်တရာ တန်ဖိုးကြီးမားလှသော ဆေးဖက်ဝင် အပင် ဒါဇင်ပေါင်းများစွာ လျှပ်တစ်ပြက် ထွက်ပေါ်လာတော့၏။ ၎င်းတို့မှာ အဋ္ဌမအဆင့် ဆေးလုံး ဖော်စပ်ရာတွင် လိုအပ်သော ဆေးဖက်ဝင် အပင်များပင် ဖြစ်သည်။

"အစွမ်းထက်တဲ့ ဆေးပညာ ဆိုတာ ဘာလဲဆိုတာ ခင်ဗျားတို့ မိစ္ဆာ မျိုးနွယ်စုကို ပြသပေးမယ်..."

ဖုန်းဝူချန်က သရော်လိုက်ပြီး သူ၏ မူလ အစစ်အမှန် မီးတောက်ကို အသက်သွင်းလိုက်ရာ ဆေးဖက်ဝင် အပင် ဒါဇင်ပေါင်းများစွာကို ချက်ချင်းပင် ဖုံးလွှမ်းသွားသည်။

"အတွေး တစ်ချက်တည်းနဲ့ ဆေးဖော်စပ်တာပဲ..."

ဖုန်းဝူချန်က လက်တစ်ဖက်တည်းဖြင့် ဆေးဖော်စပ်ရန် ပြင်ဆင်နေသည်ကို မြင်လိုက်ရသည့်အခါ လျိုချင်းယန်နှင့် အခြားသူများ စိတ်လှုပ်ရှားသွားကြတော့သည်။

"ဒုတိယ အကြီးအကဲ... ဂိုဏ်းချုပ် ရှင်းထျန်း... ခင်ဗျားတို့ မဟာမိတ် ခေါင်းဆောင်ကြီးရဲ့ နတ်ဘုရားဆန်တဲ့ ပညာရပ်ကို မြင်ချင်တယ် မဟုတ်လား... သေချာ စောင့်ကြည့်နေကြ..."

ချီယွမ်က ခပ်ရေးရေး ပြုံးရင်း ပြောလိုက်၏။

"နတ်ဘုရားဆန်တဲ့ ပညာရပ်... အတွေး တစ်ချက်တည်းနဲ့ ဆေးဖော်စပ်တာလား..."

ဝမ်ကျိုကျုံးနှင့် အခြားသူများ ချက်ချင်းပင် အံ့အားသင့်သွားကြတော့သည်။

"နတ်ဘုရားဆန်တဲ့ ပညာရပ် ဟုတ်လား..."

ထိုနေရာရှိ လူတိုင်း အပါအဝင် မိစ္ဆာ မျိုးနွယ်စုမှ အစွမ်းထက် ပညာရှင်များ အားလုံးပါ ဇဝေဇဝါ ဖြစ်သွားကြရ၏။

ဖုန်းဝူချန်က ဘယ်လို နတ်ဘုရားဆန်တဲ့ ပညာရပ်ကိုများ ပြသနိုင်မှာမို့လို့လဲ။

"မဟာမိတ် ခေါင်းဆောင်ကြီးဆီမှာ တခြား နတ်ဘုရားဆန်တဲ့ ပညာရပ်တွေ ရှိသေးတာလား... ဘာဖြစ်လို့ ငါ တစ်ခါမှ မကြားဖူးတာလဲ..."

"ငါလည်း မသိဘူး... တစ်ခါမှ မကြားဖူးဘူး... မဟာမိတ် ခေါင်းဆောင်ကြီးက ဆေးဧကရာဇ် ဆိုတဲ့ ဘွဲ့ ရှိတယ် ဆိုတာလောက်ပဲ သိတာ..."

"အဲဒီ နတ်ဘုရားဆန်တဲ့ ပညာရပ် ဆိုတာ တကယ်တမ်း ဘာကြီးလဲ... မြန်မြန်လေး ပြသလိုက်စမ်းပါ..."

လူအုပ်ကြီးမှာ သိချင်စိတ်များ ပြင်းပြနေကြပြီး အားလုံးက မစောင့်နိုင်တော့လောက်အောင် ဖြစ်နေကြတော့၏။ အားလုံး၏ အကြည့်များက ဖုန်းဝူချန်၏ လက်ဝါးပြင်ထက်တွင်သာ စူးစိုက်နေကြတော့သည်။

အလွန်အမင်း အံ့အားသင့် မှင်သက်နေကြသော လူအုပ်ကြီး၏ အကြည့်များ အောက်တွင်ပင် ဖုန်းဝူချန်၏ လက်ဝါးပြင်ထက်ရှိ ဆေးဖက်ဝင် အပင် ဒါဇင်ပေါင်းများစွာမှာ မျက်တောင်တစ်ခတ် အတွင်းမှာပင် ဆေးရည်များ အဖြစ်သို့ ပြောင်းလဲသွားပြီး ဆေးလုံး၏ ပုံသဏ္ဌာန် စတင် ဖြစ်တည်လာတော့၏။

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ပတ်ဝန်းကျင် တစ်ခုလုံး သေမတတ် တိတ်ဆိတ်သွားပြီး လူတိုင်း လုံးဝ ဆွံ့အ မှင်သက်သွားကြ၏။

"..."

အကြီးအကဲ မိုဖုန်း (မိစ္ဆာ လေရူး အရှင်သခင်)မှာ ကြက်သေသေသွားပြီး ခန္ဓာကိုယ် တစ်ခုလုံး လုံးဝ တောင့်တင်းသွားသည်။

"ဒါ..."

ထျန်းကုမှာမူ ပို၍ပင် တုန်လှုပ်သွားပြီး မျက်လုံးများပင် ပြူးထွက်နေတော့သည်။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ဖုန်းဝူချန်၏ လက်ဝါးပြင်ထက်တွင် ကြောက်မက်ဖွယ် အရှိန်အဝါများ ရစ်ဝဲနေသော အဋ္ဌမအဆင့် ဆေးလုံးတစ်လုံး ထွက်ပေါ်လာခဲ့၏။

အတွေး တစ်ချက်တည်းဖြင့် ဆေးဖော်စပ်ခြင်း။

“......”

သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် တစ်ခုလုံး လုံးဝကို တိတ်ဆိတ် ငြိမ်သက်နေတော့၏။

အဋ္ဌမအဆင့် ဆေးလုံးထံမှ ကြောက်မက်ဖွယ် အရှိန်အဝါများ ရူးသွပ်စွာ ဖြန့်ကျက်လာတော့သည်။

"ဂျိမ်း ဂျိမ်း"

ကောင်းကင်ယံ အထက်တွင် အနက်ရောင် တိမ်တိုက်ကြီးများ လျင်မြန်စွာ စုစည်းလာပြီး လျှပ်စီးနဂါးကြီးများ အဆက်မပြတ် ဖြတ်သန်း ပြေးလွှားနေကြတော့၏။ အလွန်တရာ အစွမ်းထက်လှသော ဆေးလုံးက မိုးကြိုးကပ်ဘေးကို ဆင့်ခေါ်လိုက်လေ၏။

ရုတ်တရက် ထွက်ပေါ်လာသော မိုးကြိုးကပ်ဘေးကြောင့် ကျောက်ရုပ်များပမာ ဖြစ်နေကြသော လူအုပ်ကြီးမှာ လန့်ထိတ်သွားကြပြီး ကောင်းကင်ယံရှိ ဧရာမ မိုးကြိုးနဂါးကြီးကို မော့ကြည့်လိုက်ကြတော့၏။

လေဟာနယ် အထက်ရှိ ပေထောင်ချီ အနက်ရောင် တိမ်တိုက်ကြီးများ အတွင်းတွင် ကြောက်မက်ဖွယ် လျှပ်စီး စွမ်းအင်များ စုစည်းနေတော့သည်။

"ဂျုန်း ဂျုန်း"

အချိန် အနည်းငယ် ကြာပြီးနောက် သုံးမီတာခန့် တုတ်ခိုင်သော ကြောက်မက်ဖွယ် လျှပ်စီးတန်းကြီး တစ်ခုက ကမ္ဘာမြေကို နှစ်ခြမ်းခွဲပစ်တော့မည့်အလား မိုးခြိမ်းသံများ တဝေါဝေါ ပဲ့တင်ထပ်လျက် ရက်စက်ကြမ်းကြုတ်စွာ ကျဆင်းလာတော့၏။

‘ဂလု…’

ထိုကြောက်မက်ဖွယ် လျှပ်စီးတန်းကြီးကို မြင်လိုက်ရသည့်အခါ လူတိုင်း ထိတ်လန့်တကြား တံတွေးမျိုချလိုက်မိကြပြီး သူတို့၏ မျက်နှာများမှာ ကြောက်ရွံ့မှုကြောင့် ဖြူဖျော့နေကာ ခန္ဓာကိုယ်များလည်း ပြင်းထန်စွာ တုန်ယင်နေကြတော့သည်။

"ဂျုန်း.."

“ဝီ…”

ဖုန်းဝူချန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ် ရွှေရောင် စွမ်းအင် အလင်းတန်း တစ်ခု ပစ်ထွက်သွားပြီး ကျဆင်းလာသော မိုးကြိုးကပ်ဘေးကို လုံးဝ ကြေမွ ပျက်စီးသွားစေတော့၏။

မိုးကြိုးကပ်ဘေး ပျက်စီးသွားပြီး အဋ္ဌမအဆင့် ဆေးလုံးလည်း အောင်မြင်စွာ ဖော်စပ်ပြီးစီးသွားခဲ့၏။

သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် တစ်ခုလုံး တိတ်ဆိတ်နေဆဲ ဖြစ်ပြီး လူတိုင်း၏ မျက်နှာများပေါ်တွင် အံ့အားသင့်မှုနှင့် ကြောက်ရွံ့မှုများ ရောယှက်နေတော့၏။

"အတွေး တစ်ချက်တည်းနဲ့ ဆေးဖော်စပ်တာပါလား..."

အချိန် မည်မျှ ကြာသွားသည် မသိ၊ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်၏ နန်းဆောင် အတွင်းပိုင်းမှ အလွန်အမင်း အံ့အားသင့်နေသော အိုမင်းသည့် အသံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာတော့သည်။

"ဆေးဧကရာဇ်ရဲ့ နယ်ပယ်ပါလား... ဒဏ္ဍာရီထဲက ဆေးဧကရာဇ်ရဲ့ နယ်ပယ်ပဲ... မဟာမိတ် ခေါင်းဆောင်ကြီးက တကယ်ကို ဆေးဧကရာဇ် နယ်ပယ်ကို ရောက်နေတာပဲ..."

ဝမ်ကျိုကျုံးမှာ အလွန်အမင်း တုန်လှုပ်သွားပြီး သူ၏ တည်ငြိမ်မှုများ အားလုံး လုံးဝ ပျောက်ကွယ်သွားခဲ့၏။

“အတွေး တစ်ချက်တည်းနဲ့ ဆေးဖော်စပ်တာပါလား... အတိတ်က နဂါး နတ်ဆိုးနတ်ဘုရားရဲ့ နတ်ဘုရား ပညာရပ်ပဲ…”

အကြီးအကဲ မိုဖုန်း (မိစ္ဆာ လေရူး အရှင်သခင်)ကလည်း မနေနိုင်ဘဲ အံ့ဩတကြီး ရေရွတ်လိုက်မိတော့၏။

"အတွေး တစ်ချက်တည်းနဲ့ ဆေးဖော်စပ်တာ... ဒါက... ဆေးဧကရာဇ်ရဲ့ နယ်ပယ်ပဲ... ဖုန်းဝူချန်က တကယ်ပဲ ဆေးဧကရာဇ် နယ်ပယ်ကို ရောက်နေတာလား..."

ထျန်းကုက မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်ရာ သူ၏ ရင်ထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်နေသည့်အလား အံ့အားသင့်မှုများသာ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေတော့၏။

လူအုပ်ကြီး၏ အမြင်တွင်မူ ဖုန်းဝူချန်က ယဲ့ထျန်းဝေနှင့် ယန်ယွင်ချင်းတို့ကို ထိန်းချုပ်ပြီး သတ္တမအဆင့် ဆေးလုံး သုံးလုံးကို တစ်ပြိုင်နက်တည်း ဖော်စပ်နိုင်ခဲ့ခြင်းကပင် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသော တည်ရှိမှု တစ်ခု ဖြစ်နေခဲ့၏။

ယခု ဤနတ်ဘုရားဆန်သည့် ပညာရပ်ကို ထပ်မံ ပြသလိုက်ခြင်းက ဆေးပညာရှင်များ အပေါ် သူတို့၏ နားလည်ထားမှု အားလုံးကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်လေ၏။

အတွေး တစ်ချက်တည်းဖြင့် ဆေးဖော်စပ်ခြင်း။ နတ်ဘုရား တစ်ပါး၏ တည်ရှိမှုပင် ဖြစ်တော့သည်။

All Chapters