အခန်း ၈၉၇
Vol. 60 Ch. 897
အခန်း (၈၉၇) - မဟာသိုင်းပွဲကြီး ပေါက်ကွဲခြင်း
မိစ္ဆာမျိုးနွယ်စု၏ ဝိညာဉ်သုံးပါး ထွက်ပေါ်လာခြင်းသည် သန့်ရှင်းသောဝိညာဉ်ကျောင်းတော်၌ ယွင်ယိုဇီအား လူအများအာရုံစိုက်ရာ ဗဟိုချက်မ ဖြစ်လာစေတော့သည်။
ယွင်ယိုဇီ၏ ဒဏ်ရာများမှာ ကောင်းစွာ မသက်သာသေးသော်လည်း သူ့တွင် အခြားရွေးချယ်စရာ လမ်းမရှိချေ။
“ကျောင်းတော်အုပ်ကြီး . . . သူတို့သုံးယောက်ရဲ့ အရှိန်အဝါတွေက နတ်ဘုရားအသွင်ပြောင်းဘုံ ပထမအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီဗျာ၊ ကျုပ်တို့ ဘယ်လိုလုပ်ရမလဲ”
ဝမ်ကျိုကျုံးက လန့်ဖျပ်တုန်လှုပ်စွာဖြင့် မေးမြန်းလိုက်သည်။
ယင်းကဲ့သို့ ကြီးစိုးသော မိစ္ဆာစွမ်းအားကြီးနှင့် ရင်ဆိုင်ရသောအခါ သူသည် ဘာမှမတတ်နိုင်တော့ဘဲ အားကိုးရာမဲ့ ဖြစ်နေ၏။
ယွင်ယိုဇီသည် တစ်စုံတစ်ရာ ပြန်လည် ဖြေကြားခြင်းမပြုဘဲ ဆိတ်ဆိတ်သာ နေသည်၊ အကြောင်းကတော့ သူကိုယ်တိုင်ပင် မည်သို့ပြုလုပ်ရမည်ကို မတွေးတတ်တော့သောကြောင့်ပင်။
“ပထမအဆင့် ကျင့်ကြံသူ သုံးယောက်တောင်လား၊ မိစ္ဆာမျိုးနွယ်စုရဲ့ အင်အားက တကယ်ပဲ ဒီလောက်တောင် ကြောက်စရာကောင်းတာလား” ဟု လျိုချင်းယန်သည် တစ်ကိုယ်လုံး ဆတ်ဆတ်တုန်နေ၏။
“အမှောင်မိစ္ဆာ ကျားသစ်နဲ့ မီးတောက်နဂါးတို့ အတူတူ ပူးပေါင်းရင်တောင် အနိုင်ရဖို့ ခဲယဉ်းလိမ့်မယ် ထင်တယ်နော်”
ယီထျန်းချင်းက မျက်နှာတစ်ပြင်လုံး ဖြူဖပ်ဖြူရော် ဖြစ်လျက် ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။
“ဒီလေဟာနယ် တစ်ခုလုံးကို သူတို့က ပိတ်ဆို့ထားလိုက်ပြီ.. ကျွန်မ ဆွေမျိုးတွေကို အကူအညီ တောင်းဖို့ တားမြစ်ထားသလို ဖြစ်နေတယ်” လင်ရှောင်ရှောင်က ညှိုးငယ်သော မျက်နှာဖြင့် စိုးရိမ်ကြီးစွာ ပြောရှာ၏။
နတ်ဘုရားအသွင်ပြောင်းဘုံရှိ မိစ္ဆာမျိုးနွယ်စုဝင် ဆယ်ဂဏန်းခန့် ရှိနေခြင်းမှာ များစွာ ကြောက်ရွံ့စရာ မရှိသော်လည်း ဤဝိညာဉ်သုံးပါး၏ အစွမ်းကား တခြားစီပင် ဖြစ်သည်။
ယီထျန်းချင်း ပြောသကဲ့သို့ပင် အမှောင်မိစ္ဆာ ကျားသစ်သည် အဆင့်တက်၍ ပထမအဆင့်စွမ်းအားကို ရရှိခဲ့သည်ဖြစ်စေ၊ မီးတောက်နဂါးနှင့် ပူးပေါင်းသည်ဖြစ်စေ ထိုပထမအဆင့်ပညာရှင် သုံးဦးကို ဘယ်နည်းနှင့်မျှ မယှဉ်နိုင်ပေ။
ထိုအချိန်၌ အစိုးရိမ်ကြီး စိုးရိမ်နေကြသော လူစုထဲတွင် ဖုန်းဝူချန် တစ်ယောက်သာလျှင် မည်သို့မျှ တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်စွာ ရပ်နေသည်။
“ဒီလောက်နုပျိုတဲ့ အသက်အရွယ်နဲ့ ဆေးဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်လို့ ကျုပ်ဖြင့် ထင်မထားဘူး၊ တကယ်ကို ချီးကျူးလောက်ပါတယ်”
“အတွေးတစ်ချက်တည်းနဲ့ ဆေးလုံးဖော်စပ်တဲ့အတတ်က တကယ့်ကို အံ့ဩစရာပဲ၊ အခုမှပဲ မျက်ဝါးထင်ထင် တွေ့ရတော့တယ်”
“ဒီလောက် ပါရမီထူးရင်တော့ ရှေးက နဂါးနတ်ဆိုးထက်တောင် သာဦးမယ်၊ ဖြစ်နိုင်ရင်တော့ မင်းကို ငါတို့ မိစ္ဆာမျိုးနွယ်စုထဲ ဝင်စေချင်တာပဲ”
အကြီးအကဲ သုံးယောက်တို့သည် ဖုန်းဝူချန်အား အသီးသီး ချီးကျူးလျက် စူးစိုက်ကြည့်ရှုနေကြ၏။
မိစ္ဆာဝိညာဉ်သုံးပါး၏ မျက်နှာများမှာ ပကတိ ငြိမ်သက်လျက်ရှိရာ ရှေ့တွင် တောင်ကြီးပြိုကျစေကာမူ တုန်လှုပ်မည့် လက္ခဏာမရှိချေ။
ထိုသူသုံးဦး ရောက်လာသည်နှင့် မိုဖုန်း (မိစ္ဆာ လေရူး အရှင်သခင်)နှင့် အခြားသူများသည် ရိုသေလေးစားသော အမူအရာဖြင့် ငြိမ်သက်သွားကြလျက် မည်သူမျှ ကြားဖြတ် မပြောရဲကြချေ။
မိုဖုန်း (မိစ္ဆာ လေရူး အရှင်သခင်)သည် ဘာကိုမျှ မကြောက်ဘဲ ရဲတင်းနေခြင်းမှာ ဤဝိညာဉ်သုံးပါး ရှိနေသောကြောင့်ပင်။
မိစ္ဆာမျိုးနွယ်စု၏ ဝိညာဉ်သုံးပါး ရှိနေခြင်းသည် နဂါးမျိုးနွယ်စုတွင် ထိုက်ကျိ အကြီးအကဲ ခြောက်ဦး ရှိနေသကဲ့သို့ပင် အင်အားကြီးမားလှ၏။
“ကျုပ်ကို ဒါလောက် မြှောက်မနေပါနဲ့ဦး” ဖုန်းဝူချန်က ခပ်အေးအေးပင် ပြန်ချေပလိုက်၏။
သူသည် နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ပီပီ လေဟာနယ်ထဲတွင် ရဲရင့်စွာ ရပ်လျက် မည်သည့်နည်းနှင့်မျှ နောက်သို့ မဆုတ်ပေ။
“နန်းတော်သခင် . . . ဒုက္ခ ရောက်ပါပြီ..
နဂါးနတ်ဘုရားနန်းတော်ကို နတ်ဘုရား ဘုရင် နန်းတော်က ရုတ်တရက် လာပြီး တိုက်ခိုက်နေပါတယ်”
ထိုခဏ၌ သန့်ရှင်းသောဝိညာဉ်ကျောင်းတော်၏ နေရာရွှေ့ပြောင်းအခင်းအကျင်းမှ နဂါးနတ်ဘုရားနန်းတော်မှ အစွမ်းထက် စစ်သား တစ်ယောက်သည် အသည်းအသန် ပြေးဝင်လာ၏။
“ဘာပြောတယ်”
ကြားလိုက်ရသည်နှင့် ဖုန်းဝူချန်သည် မျက်နှာတစ်ခုလုံး မည်းခနဲ ဖြစ်သွားကာ အံကို တင်းတင်းကြိတ်မိသည်။
'လိန်ယွင်ခုံး . . . မင်းရဲ့ နတ်ဘုရား ဘုရင် နန်းတော်ကို ငါက အကွက်မဆင်ရသေးဘူး၊ မင်းက ငါ့ကို အရင် လာပြီး ဉာဏ်ဆင်တယ်ပေါ့လေ'
“နတ်ဘုရား ဘုရင် နန်းတော်က ငါတို့နန်းတော်ကို တိုက်တယ် ဟုတ်စ” ဟု နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ဝင်များ အားလုံး မျက်နှာများ ပျက်ကုန်ကြ၏။
အစောင့်သည် တုန်လှုပ်စွာဖြင့် “မှန်ပါတယ် နန်းတော်သခင်၊ အခုချက်ချင်း ပြန်မကယ်ရင်တော့ န်းတော် ပျက်စီးရပါလိမ့်မယ်” ဟု တောင်းပန်တိုးလျှိုးလျက် လျှောက်တင်ရှာ၏။
“တယ်ပြီးတော့လည်း ယုတ်မာကောက်ကျစ်တဲ့ ကောင်တွေပဲ”
လျိုချင်းယန်က ဒေါသထွက်လွန်းသဖြင့် အသံကုန် အော်ဟစ်လိုက်သည်။
“မဟာမိတ်ခေါင်းဆောင် . . . ကျွန်တော် ကျန်းမိသားစုက အစွမ်းထက်တဲ့လူတွေကို ခေါ်ပြီး အခုချက်ချင်း သွားပါ့မယ်” ဟု ကျန်းထျန်းယွင်က တာဝန်ယူကာ နေရာရွှေ့ပြောင်းအခင်းအကျင်းအတွင်းသို့ ပြေးဝင်သွားလေ၏။
“ပထမအကြီးအကဲ . . . ခင်ဗျားလည်း လူတွေကိုခေါ်ပြီး အမြန်ဆုံး သွားကူညီပါ” ချီယွမ်က မျက်နှာကို ခပ်တင်းတင်း ထားလျက် ခပ်ပြတ်ပြတ် အမိန့်ပေးလိုက်၏။
‘ချန်းယန် . . . မင်း အခုချက်ချင်း ပြန်သွား၊ အရေးကြီးရင် မျက်လုံး သုံးလုံး မိစ္ဆာ မျောက်ဝံကြီးကို ခေါ်ပြီး ဒီကောင်တွေကို တစ်ခါတည်း ရှင်းပစ်လိုက်’ ဟု ဖုန်းဝူချန်က စိတ်စွမ်းအင်လှိုင်းဖြင့် လျှို့ဝှက်စွာ မှာကြားလိုက်လေ၏။
လျိုချင်းယန် ဆုတ်ဆိုင်းခြင်းမရှိဘဲ နေရာရွှေ့ပြောင်းအခင်းအကျင်းဆီသို့ ပြေးထွက်သွားသည်။
အစွမ်းထက် ကျင့်ကြံသူ ဆယ်ဂဏန်းခန့်တို့သည် နန်းတော်ကို ကာကွယ်ရန် လျင်မြန်စွာ ပြန်သွားကြသော်လည်း မိစ္ဆာမျိုးနွယ်စုက မတားဆီးချေ။
‘သခင် . . . ကျွန်တော် ဝင်ပြီး တိုက်ခိုက်ရမလား’
မီးတောက်နဂါး၏ အသံသည် စိတ်စွမ်းအင်မှတစ်ဆင့် ပေါ်ထွက်လာ၏။
‘အခုတော့ မလိုသေးဘူး၊ မျက်လုံး သုံးလုံး မိစ္ဆာ မျောက်ဝံကြီး ရှိရင် လုံလောက်တယ်၊ မိစ္ဆာဝိညာဉ်သုံးပါးဟာ မင်းရှိနေတာကို သိပြီးဖြစ်ရမယ်၊ မင်းရဲ့ အခြေအနေကို လုံးဝ ထုတ်မပြနဲ့ဦး’
‘ကျွန်တော် မကူညီရင် သခင် တစ်ယောက်တည်း သူတို့ကို ဘယ်လို ရင်ဆိုင်မလဲ’ ဟု မီးတောက်နဂါးက စိုးရိမ်စိတ်ဖြင့် ပြန်၍ မေးမြန်းသည်။
‘ငါ့မှာ နည်းလမ်းရှိတယ်’
ထို့နောက် ဖုန်းဝူချန်က အေးစက်လှသော မျက်လုံးများဖြင့် မိစ္ဆာဝိညာဉ်သုံးပါးကို ကြည့်လျက်
“တိုက်ချင်ရင်လည်း လာခဲ့ကြစမ်းပါ၊ ငါ့အချိန်ကို လာပြီး မဖြုန်းနဲ့”
စကားအဆုံး၌ သူ၏ လက်ဝါးပေါ်တွင် ကိုးထပ် ကောင်းကင် ချန်ခွင်းမျှော်စင်ကလေး အသင့်ပေါ်လာပြီး..အမှောင်မိစ္ဆာ ကျားသစ်ကြီးကို အချိန်မရွေး ခေါ်ထုတ်ရန် ပြင်ဆင်ထားလိုက်၏။
ယွင်ယိုဇီ၊ ရှင်းထျန်း၊ ချီယွမ်နှင့် အခြား ထိပ်သီးစွမ်းအားရှင် အားလုံးတို့သည်လည်း သေမြေကြီး ရှင်ရွှေထီး သဘောဖြင့် တိုက်ခိုက်ရန် အသင့်ရှိနေကြ၏။
မိစ္ဆာမျိုးနွယ်စုကို ရင်ဆိုင်ရသည့်အခါ သေလူကဲ့သို့ အသက်ကို စွန့်၍ တိုက်ခိုက်ရန်မှတစ်ပါး အခြားလမ်း မရှိချေ။
“မီးတောက်နဂါး . . . မင်း ရှိနေတာ ငါတို့ သိပြီးသားပဲ၊ အပြင်ကို ထွက်ခဲ့စမ်း” ဟု မိစ္ဆာဝိညာဉ်သုံးပါးထဲမှ တစ်ဦးက တည်ငြိမ်စွာ အမိန့်ပေးလိုက်၏။
“မီးတောက်နဂါး…”
မိုဖုန်း (မိစ္ဆာ လေရူး အရှင်သခင်)နှင့် အခြား စွမ်းအားရှင်များမှာ မျက်နှာများ ပျက်ကုန်ကြ၏။
“မီးတောက်နဂါး ဟုတ်လား”
ယွင်ယိုဇီနှင့် ရှင်းထျန်းတို့သည်လည်း အံ့အားသင့်ကာ အချင်းချင်း ကြည့်ရှုလျက် ရှိကြ၏။
“အဲဒါ နဂါးမျိုးနွယ်စုက အစွမ်းထက် ပညာရှင်ကြီးပါ”
ချီယွမ်က ရှင်းပြလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ယွင်ယိုဇီတို့မှာ မဟာမိတ်အဖွဲ့ထဲသို့ ဝင်ကာစဖြစ်၍ မီးတောက်နဂါးရှိသည်ကို မသိကြသောကြောင့်ပါ။
“နဂါးမျိုးနွယ်စုလား”
ယွင်ယိုဇီ၏ အိုမင်းသော မျက်နှာမှာ တုန်လှုပ်သွားလျက် စိတ်လှုပ်ရှားသော အရောင်များပင် သန်းလာတော့၏။
“ဒုက္ခပါပဲ . . . သူတို့က မီးတောက်နဂါးကြီး ရှိတာကို ရိပ်မိသွားကြပြီ”
ယဲ့ထျန်းဝေက မျက်မှောင်ကြုတ်လျက် ပြောရှာ၏။
“အကြီးအကဲ မီးလျှံ နဂါးနဲ့ မီးလျှံ ဝိညာဉ်တို့ကလည်း ဝိညာဉ်ခန္ဓာ ပြန်ပြီး မရကြသေးဘူး၊ ဘယ်လိုလုပ်ရမလဲ မသိဘူး” ပေတိုယန်လည်း အသည်းအသန် ပူပန်နေမိ၏။
ထိုခဏ၌ လေဟာနယ်အထက်တွင် မီးတောက်နဂါး၏ ပုံသဏ္ဌာန်သည် ဟင်းလင်းပြင်မှ ဘွားခနဲ ပေါ်လာလေရာ၊ သူ၏ မျက်နှာမှာ တစ်စုံတစ်ရာ ထိတ်လန့်ခြင်းမရှိဘဲ တည်ငြိမ်လျက် ရှိနေသည်ကို တွေ့ရ၏။
“မီးတောက်နဂါး . . . မင်း ဘာသဘောလဲ” ဟု မိစ္ဆာဝိညာဉ်ထဲမှ တစ်ဦးက မျက်မှောင်ကြုတ်လျက် အလိုမကျစွာ မေးမြန်းလိုက်၏။
မီးတောက်နဂါးသည် ဖုန်းဝူချန်၏ နောက်နားတွင် ရပ်လျက် ရှိနေခြင်း ဖြစ်သည်။
ဒါဟာ မိစ္ဆာမျိုးနွယ်စုကို သူက ဖုန်းဝူချန်ဘက်က ဖြစ်တယ်ဆိုတာ ပြလိုက်တာ မဟုတ်ပါလား။
မီးတောက်နဂါးက ရှေ့သို့ ဖြည်းညင်းစွာ ခြေလှမ်းလှမ်းလျက် ခပ်ပြုံးပြုံး မျက်နှာပေးဖြင့် . . .
“ဘာသဘောမှ မဟုတ်ပါဘူး၊ ငါက ပျင်းပျင်းရှိတာနဲ့ လာပြီး ကြည့်တာပါ၊ မင်းတို့ ကိစ္စမှာ ငါ ဝင်ပြီး မစွက်ဖက်ပါဘူး”
မီးတောက်နဂါး၏ စကားကြောင့် ပရိသတ်အားလုံးပင် အံ့ဩကာ မျက်နှာများ ပြောင်းလဲသွားကြ၏။
သူက တကယ်ပဲ ပွဲကြည့်ရုံသက်သက် လာတာ ဟုတ်စ။
“ဒါ ဘယ်လိုဖြစ်တာလဲ” ဟု ယွင်ယိုဇီက ချီယွမ်အား ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။
“ဒါကတော့ . . .” ချီယွမ်နှင့် ကျန်းဝူချန်တို့မှာလည်း အဓိပ္ပာယ်ကို နားမလည်နိုင်ဘဲ ရှိနေကြ၏။
“မီးတောက်နဂါးက နန်းတော်သခင်ကို မသိဘူးလား၊ အရင်တစ်ခါက ကျုပ်တို့ကို ကူညီခဲ့သေးတယ်၊ အခုကျမှ ဘာဖြစ်လို့ . . .”
ကျန်းဝူဖုန်းက နားမလည်နိုင်စွာ ရေရွတ်မိသည်။
မီးတောက်နဂါးက ဝင်ရောက်ကူညီခြင်း မပြုဟု သိရသောအခါ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ဝင် စွမ်းအားရှင်အားလုံးတို့သည် ချက်ချင်းပင် စိုးရိမ်ကြောင့်ကြ ဖြစ်လာကြတော့၏။
“တိုက်ခိုက်ကြစမ်း . . . ခုခံတဲ့လူမှန်သမျှကို တစ်ယောက်မှ မညှာနဲ့၊ အပြတ် ရှင်းပစ်လိုက်ကြ” မိစ္ဆာဝိညာဉ်သုံးပါးထဲမှ တစ်ဦးက အေးစက်စွာ အမိန့်ပေးလိုက်သည်။
“သတ်ကြဟေ့ . . .”
မိစ္ဆာမျိုးနွယ်စုဝင် တစ်သောင်းကျော်သော စွမ်းအားရှင်တို့သည် ဒေါသတကြီး ဟစ်အော်ကြလျက် သူတို့၏ ကြီးစိုးသော မိစ္ဆာစွမ်းအားများကို ထုတ်ဖော်ကာ လူသတ် အငွေ့အသက်ဖြင့် တစ်ဟုန်ထိုး တက်လာကြ၏။
“ဖုန်းဝူချန်ကို မရရအောင် ဖမ်းကြစမ်း” မိုဖုန်း (မိစ္ဆာ လေရူး အရှင်သခင်)က အသံကုန် အော်ဟစ်ကာ အမိန့်ပေးလိုက်သည်။
“နားထောင်ကြစမ်း နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ဝင်တို့ . . . ကျုပ်တို့ကို မိစ္ဆာမျိုးနွယ်စုက အထင်မသေးစေနဲ့၊ ချေမှုန်းကြ”
ဖုန်းဝူချန်က ကြွေးကြော်လိုက်ရာ သူ၏ အစွမ်းထက်သော အရှိန်အဝါသည် တစ်ကိုယ်လုံး လွှမ်းခြုံသွားသည်။
ယွင်ယိုဇီ၊ ချီယွမ်နှင့် အခြား နတ်ဘုရားအသွင်ပြောင်းဘုံ ကျင့်ကြံသူအားလုံးတို့သည်လည်း ရှေ့သို့ တစ်ပြိုင်နက် ခုန်ထွက်လျက် တိုက်ခိုက်ကြတော့သည်။
မဟာ တိုက်ပွဲကြီး ပေါက်ကွဲတော့သည်။
ဖုန်းဝူချန်သည် လေထဲသို့ လက်လှမ်းလိုက်ရာ နဂါးနတ်ဘုရားဓား ပျံဝဲလာ၏။ ဓားနှင့်အတူ သူ၏ အရှိန်အဝါသည် ယခင်ကထက် ဆယ်ဆမျှ ပိုမိုမြင့်မားသွားသည်။
“အမှောင်မိစ္ဆာ ကျားသစ်ကြီး . . . အပြင်ကို ထွက်ခဲ့ပါ”
ဖုန်းဝူချန်က ဟိန်းဟောက်လိုက်လေ၏။
“ဝူး . . .”
မြေကမ္ဘာ တစ်ခုလုံး သိမ့်သိမ့်တုန်သွားစေလောက်သော သားရဲဟောက်သံ ပေါ်ထွက်လာပြီးနောက် အနက်ရောင် အရိပ်ကြီး တစ်ခု ကိုးထပ် ချန်ခွင်း မျှော်စင်ထဲမှ ထွက်ပေါ်လာသည်။
၎င်းသားရဲဟောက်သံကြောင့် သန့်ရှင်းသော ဝိညာဉ်ကျောင်းတော်မှ ကျောင်းသားများနှင့် ဆေးပညာရှင် အများအပြားတို့သည် လိပ်ပြာလွင့်မတတ် ထိတ်လန့်တုန်လှုပ်ကုန်ကြရ၏။
ရှေးဦး ကမ္ဘာဦးခေတ်၏ ကြောက်စရာကောင်းသော စွမ်းအားလှိုင်းများသည် ပတ်ဝန်းကျင်တစ်ခုလုံးကို ရိုက်ခတ်လျက် ရှိနေတော့သည်။
အမှောင်မိစ္ဆာ ကျားသစ်ကြီးက ကောင်းကင်သို့ မော်၍ ကြွေးကြော်လိုက်သည်။
“ရှေးဦး ကမ္ဘာဦးခေတ်ရဲ့ ပထမဆုံး သားရဲကြီး . . . အမှောင်မိစ္ဆာ ကျားသစ်”
ကြီးစိုးသော အရှိန်အဝါသည် နတ်ဘုရားအသွင်ပြောင်းဘုံ ပထမအဆင့် အထွတ်အထိပ်အား လျှပ်တစ်ပြက်အတွင်း ထွင်းဖောက်သွားပြီးလျှင် တစ်ခဏချင်း၌ပင် လူ အသွင် ပြောင်းလဲသွားတော့၏။