← Chapters

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း (၉၁)

ချန်ကောဟွားနှင့် စက်ရုံမှူးယန်တို့ ကိစ္စတစ်ခုအား ဆွေးနွေးနေကြသည့် အချိန်တွင် ခြံဝင်းကြီးအတွင်းသို့ ဧည့်သည်သစ်များ ရောက်ရှိလာသည်။ ထိုဧည့်သည်သစ်များမှာ အခြားသူများမဟုတ်ဘဲ စာရရှိပြီးနောက် ရောက်လာကြသည့် ချင်ထျဲ့နျိုတို့ဇနီးမောင်နှံပင် ဖြစ်သည်။

အသက်ကြီး‌ေနပြီဖြစ်‌‌ေသာ ဇနီးမောင်နှံနှစ်ဦးမှာ ကိုယ်ဝန်ဆောင်ထားရသည့် ချင်ကျင်းယွီအား လာရောက်ကြည့်ရှုရန်အတွက် ချင်ရွာကလေးမှနေ၍ စစ်ကျိုမြို့ဆီသို့ ခရီးဝေးနှင်လာခဲ့ကြခြင်း ဖြစ်သည်။

သူမ၏ ခန္ဓာကိုယ်အား အားဖြည့်ပေးရန် ရည်ရွယ်ချက်ဖြင့် ထိုနှစ်ဦးထဲမှ တစ်ဦးက ကြက်နှင့် ဘဲကို ကိုင်ဆောင်ထားပြီး ကျန်တစ်ဦးကမူ လတ်ဆတ်သော ငါးများကို ကိုင်ဆောင်ထားကြသည်။ ချန်ကောဟွား ပေးထားခဲ့သည့် အရာများနှင့် နှိုင်းယှဉ်လိုက်ပါက ဤအရာများမှာ ပြောပလောက်သည့်အရာများ မဟုတ်ပေ။ သို့သော် လူကြီးစုံတွဲက မြို့ပေါ်အထိ လာရောက်ကြည့်ရှုကြသဖြင့် အိမ်တွင် ကိုယ်ဝန်ကိုစောင့်ရှောက်နေရသော ချင်ကျင်းယွီ၏ စိတ်အစဉ်မှာ အလွန်တရာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည်။ သို့ရာတွင် ထိုအချိန်၌ အရှေ့ဘက်ခြံဝင်းရှိ ယန်မိသားစုအိမ်ဘက်ဆီမှ ရန်ဖြစ်ငြင်းခုံနေသည့် အသံများ ထွက်ပေါ်လာသည်။ ယန်ကျဲ့ချန်နှင့် ယွီလီတို့ ရန်ဖြစ်နေကြခြင်း ဖြစ်သည်။

ယန်ကျဲ့ချန်သည် ပြီးခဲ့သည့်နှစ်ကပင် အိမ်ထောင်ကျခဲ့ပြီး သတို့သမီးမှာ အခြားသူမဟုတ်ဘဲ ယွီဟိုင်ထန်၏ အစ်မဖြစ်သူ ယွီလီပင် ဖြစ်သည်။

ယန်မိသားစုထံသို့ ချွေးမအဖြစ် ဝင်ရောက်လာပြီးနောက်တွင် အမျိုးမျိုးသော ကိစ္စအသေးအမွှားလေးများကြောင့် ယန်ပုကွေ့၏ တွယ်ကပ်ခြင်းကို ခံခဲ့ရသည်။ ထိုရက်ပိုင်းများအတွင်း ယွီလီနှင့် ယန်ကျဲ့ချန်တို့သည် အလွန်တရာ ပြင်းထန်စွာ ရန်ဖြစ်ခဲ့ကြသည်။

ထိုမြင်ကွင်းအား မြင်တွေ့လိုက်ရသောအခါ ချင်ကျင်းယွီ၏ စိတ်ထဲတွင် ရယ်စရာကောင်းသည်ဟု တွေးတောမိလိုက်သည်။

ယခင်က သူမ ချန်ကောဟွားနှင့် လက်ထပ်ခဲ့စဉ်တုန်းက ယန်ကျဲ့ချန်သည် သွယ်ဝိုက်သောနည်းများဖြင့် အတော်လေး လှောင်ပြောင်သရော်ခဲ့ဖူးသည်။ ချန်ကောဟွားလို အရည်အချင်းမရှိသည့် ယောကျာ်းမျိုးနှင့် လက်ထပ်လိုက်ခြင်းကြောင့် နောင်တစ်ချိန်တွင် ချန်မိသားစုမှာ ခွေးနဲ့ဝက်လို အမြဲတမ်း ရန်ဖြစ်နေရလိမ့်မည်ဟု ပြောဆိုခဲ့ဖူးသည်။

သို့သော် ယခုအချိန်တွင်မူ မည်သို့ ရှိနေပါသနည်း။ သူမ၏ ခင်ပွန်းဖြစ်သူမှာ ရာထူးတိုးခြင်း ကြီးပွားချမ်းသာခြင်း အစရှိသည်တို့တွင် မည်သည့်အရာမှ နောက်ကျ ကျန်ရစ်ခဲ့ခြင်း မရှိပေ။ အိမ်ထောင်ရေးဘဝမှာလည်း ပျော်ရွှင်ပြည့်စုံလှသည်။

"သမီး စောစောက လူက ဘယ်သူလဲ"

မြို့ပေါ်မှ လူများအားလုံးသည် အလွန်ပျော်ရွှင်စွာ နေထိုင်ကြရမည်ဟု ချင်ထျဲ့နျိုက ထင်မှတ်ထားသည်။ အနည်းဆုံးတော့ တောရွာများလို ဆူဆူညံညံ ရန်ဖြစ်နေကြမည် မဟုတ်ဟု တွေးထင်ထားသည်။

"ယန်ကျဲ့ချန်တို့အိမ်ပါ၊အရည်အချင်းမရှိဘဲ မိန်းမကိုပဲ ဆဲဆိုတတ်တဲ့ ကောင်စုတ်လေးလေ"

ချင်ကျင်းယွီမှာ သက်ပြင်းတစ်ချက် ချလိုက်ပြီး ယန်မိသားစု၏ ချွေးမဖြစ်သူအပေါ် အတော်လေး စာနာသနားမိသွားသည်။ ယွီလီ ခြံဝင်းကြီးထဲသို့ စတင်ရောက်ရှိလာစဉ်က သူတို့နှစ်ဦး စကားစမြည် ပြောဆိုရာတွင် အတော်လေး အဆင်ပြေသည်ကိုပင် သူမ မှတ်မိနေသေးသည်။

ချင်ကျင်းယွီ ထိုသို့ပြောဆိုသည်ကို ကြားလိုက်ရသောအခါ ချင်ထျဲ့နျိုမှာ ယန်ကျဲ့ချန်အပေါ် မည်သည့် အကောင်းမြင်စိတ်မျှ မရှိတော့ချေ။

သို့ရာတွင် ချင်ထျဲ့နျိုတို့ဇနီးမောင်နှံနှစ်ဦး ဆက်လက်ပြောဆိုရန် အချိန်ပင် မရလိုက်ပေ။ ယန်ကျဲ့ချန်သည် အိမ်ထဲမှ ထွက်လာသည်။ သူ၏ ရုပ်ရည်သွင်ပြင်မှာ အတော်လေး သန့်ပြန့်ကြည်လင်နေသည်ကို မြင်တွေ့ရသည်။ သို့သော်လည်း ယွီလီမှာမူ သူ၏ဘေးတွင် ရပ်နေရင်း တိတ်ဆိတ်စွာ မျက်ရည်ကျနေသည်။

ချင်ကျင်းယွီတစ်ယောက် ခြံဝင်းထဲ၌ ထိုင်ကာ နေပူဆာလှုံရင်း ပျော်ရွှင်နေသည်ကို တွေ့လိုက်ရပြီး သူမ၏ မိဘများကလည်း အစားအသောက်များ ဆွဲကိုင်ကာ လာရောက်ကြည့်ရှုကြသည်ကို မြင်လိုက်ရသောအခါ ယွီလီ၏ စိတ်ထဲမှ ဝမ်းနည်းကြေကွဲမှုများ ချက်ချင်း ပေါ်ပေါက်လာသည်။

သူမသည် မိမိကိုယ်ကိုယ် ကံမကောင်းလှဟု ခံစားလိုက်ရပြီး ချန်ကောဟွားကဲ့သို့သော ယောကျာ်းကောင်းတစ်ယောက်နှင့် လက်မထပ်ခဲ့ရသည်ကို တွေးတောမိလိုက်သည်။ အမှန်တကယ်တော့ ယွီလီ၏ တောင်းဆိုချက်များမှာ မမြင့်မားလှပေ။

ချန်ကောဟွားကဲ့သို့ ဥစ္စာပေါများပြီး ရုပ်ရည်ချောသည့် သမက်မျိုးနှင့် လက်ထပ်ရန် ဆန္ဒရှိခဲ့ခြင်း မဟုတ်ဘဲ သူမအပေါ် အနည်းငယ် ပို၍ကောင်းမွန်စွာ ဆက်ဆံပေးနိုင်မည့် ယောကျာ်းတစ်ယောက်ကို ရှာဖွေနိုင်ရုံမျှဖြင့် လုံလောက်ပြီ ဖြစ်သည်။

သို့သော် ယခုအချိန်တွင်မူ ထမင်းစားခြင်းကိုပင် ယန်မိသားစုဝင်များ၏ တွယ်ကပ်ခြင်း ခံနေရသည်။ ယခုဆိုလျှင် တစ်နေကုန် ဗိုက်ဆာနေသော်လည်း ထမင်းပင် စားခွင့်မရချေ။ ချင်ဟွိုင်ယွီ၏ နေထိုင်မှုဘဝလောက်ပင် မကောင်းမွန်လှဟု ဆိုနိုင်သည်။

ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွင် သူမသည် ချင်ဟွိုင်ယွီနှင့် မယှဉ်နိုင်သော်ငြား ယွီလီမှာ ချင်ဟွိုင်ယွီအတွက် နှမြောတသ ဖြစ်မိနေသေးသည်။ အဘယ်ကြောင့်ဆိုသော် ယခင်နှစ်များက ချန်ကောဟွားသည် ချင်ဟွိုင်ယွီကို သဘောကျခဲ့ဖူးသော်လည်း ချင်ဟွိုင်ယွီက ဂရုမစိုက်သည့်အပြင် ချက်ချင်းပင် မျက်နှာလွှဲကာ ကျားမိသားစုကို ရွေးချယ်ခဲ့သောကြောင့် ဖြစ်သည်။

ယခုအချိန်တွင် ခြံဝင်းအတွင်း၌ ချင်ဟွိုင်ယွီ ရှိနေသောကြောင့် ယွီလီတစ်ယောက် ထိုမျှလောက်အထိ နောင်တရမနေတော့ချေ။

ယွီလီသည် ချင်ဟွိုင်ယွီအတွက် နှမြောတသ ဖြစ်မိသော်လည်း ချင်ဟွိုင်ယွီမှာ မိမိကိုယ်တိုင် ပြဿနာရှာခဲ့ခြင်း ဖြစ်ကြောင်းကို သူမ သိရှိထားသည်။ယခင်နှစ်များက အိမ်နာမည်တွင် သူမ၏နာမည်ကို ထည့်သွင်းရန် ကြိုးပမ်းခဲ့သည့် လုပ်ရပ်များမှာ ကျားမိသားစု၏ အိမ်ကို မျက်စိကျနေခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားနေသည်။

အဆုံးစွန်ထိ ပြောရမည်ဆိုလျှင် ထိုစဉ်က ကျားမိသားစု၏ အခြေအနေမှာ ကောင်းမွန်သည်ဟု ထင်မြင်ခဲ့ပြီး မိခင်အိုကြီးကလည်း ကူညီပံ့ပိုးပေးနိုင်သေးကာ ချန်ကောဟွားမှာမူ မိဘမရှိဘဲ အလုပ်သင်လုပ်သားတစ်ဦးသာ ဖြစ်နေခဲ့သောကြောင့် ဖြစ်သည်။

ကျားတုန်းရွှီနှင့် နှိုင်းယှဉ်လိုက်ပါက တစ်သက်လုံး ခေါင်းမဖော်နိုင်တော့မည်ကို စိုးရိမ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သို့သော် ချင်ဟွိုင်ယွီတစ်ယောက် ကျားမိသားစုထံသို့ ချွေးမအဖြစ် ဝင်ရောက်သွားပြီးနောက်တွင် ကျားကျန်းရှီ၏ မူလစရိုက်အမှန် ပေါ်‌‌ပေါက်လာခဲ့သည်။ ထို့အပြင် ကျားတုန်းရွှီမှာလည်း လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရမှုကြောင့် အလုပ်ပါ ပြုတ်သွားခဲ့ရသည်။

ထိုအချိန်တွင် ယွီလီသည် ချင်ကျင်းယွီ၏ မိဘနှစ်ပါးက ကြက်မကြီးအား ချက်ပြုတ်ပြင်ဆင်နေသည်ကို မြင်တွေ့လိုက်ရသည်။ ကြက်မကြီးအား သတ်ဖြတ်ကာ အမွှေးများ နုတ်ပြီးနောက် ကလီစာများကိုပါ သန့်စင်အောင် ပြုလုပ်လိုက်ပြီး ရေသန့်ဖြင့် တစ်ကြိမ် ဆေးကြောပြီးနောက်တွင် ဟင်းရည်စတင် ပြုတ်တော့သည်။

ပြင်းရှမွှေးပျံ့လှသော ကြက်သားဟင်းရည်၏ အနံ့အသက်များ ပျံ့နှံ့လာသောအခါ ခြံဝင်းကြီးအတွင်းရှိ လူအများအပြားမှာ သွားရည်ကျလာသည်အထိပင် ဖြစ်လာခဲ့ကြသည်။

ချင်မိခင်က အနည်းငယ် နှမြောတသ ဖြစ်မိနေသည်။ သိထားရမည်မှာ ကြက်မကြီးတစ်ကောင်သည် ကြက်ဖထက် ပိုက်ဆံအနည်းငယ် ပို၍ဈေးကြီးပြီး ခွဲတမ်းလက်မှတ် ရှိနေလျှင်တောင်မှ ဝယ်ယူရန် မလွယ်ကူလှပေ။ အဘယ်ကြောင့်ဆိုသော် မြို့ပေါ်ရှိ အိမ်များတွင် မွေးမြူထားသော ကြက်မကြီးများကိုပင် ကြက်ဥ ဥရန်အတွက် ချန်လှပ်ထားတတ်သောကြောင့် ဖြစ်သည်။

ဤခေတ်ကာလတွင် လူတိုင်းမှာ ဝလင်စွာ မစားသောက်ကြရဘဲ ကြက်ဥဆိုသည်မှာလည်း ရှားပါးသည့်အရာတစ်ခု ဖြစ်နေရာ မည်သူကများ ကြက်ကိုသတ်၍ စားသောက်ရန် ရက်စက်နိုင်မည်နည်း။ ချင်ကျင်းယွီ ကိုယ်ဝန်ရှိနေသည်ကို ထောက်ထားသောကြောင့်သာ တောရွာမှနေ၍ ကြက်မကြီးအား ဖမ်းယူလာခဲ့ခြင်း ဖြစ်သည်။

ကြက်သားဟင်းရည် ပြုတ်၍ပြီးသွားသောအခါ ချင်မိခင်သည် ချင်ကျင်းယွီအတွက် ဟင်းရည်တစ်ပန်းကန် ခပ်ပေးလိုက်သည်။ အပြင်ဘက်တွင် ယွီလီတစ်ယောက် ဒယ်အိုးထဲရှိ ကြက်သားဟင်းရည်ကို ကြည့်ကာ နှုတ်ခမ်းကို မသိမသာ သပ်လိုက်မိသည်။

သူမ ယန်မိသားစုထံသို့ ချွေးမအဖြစ် ဝင်ရောက်လာသည်မှာ အချိန်အတော်ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ယန်မိသားစုအိမ်တွင် ကြက်သားဟင်းရည် တစ်ခွက်ကို တစ်ကြိမ်တစ်ခါမျှ မသောက်ခဲ့ရဖူးချေ။ ယန်မိသားစုဝင်များက အမြဲတမ်း နောင်တစ်ချိန်တွင် ကောင်းမွန်သော နေ့ရက်များကို ဖြတ်သန်းရလိမ့်မည်ဟုသာ ပြောဆိုလေ့ရှိကြသည်။

ထိုအချိန်တွင် ချင်ကျင်းယွီသည် ကြက်သားဟင်းရည်ကို သောက်ရင်း ယန်ကျဲ့ချန်နှင့် စိတ်ကောက်နေသည့် ယွီလီကို မြင်တွေ့လိုက်ရသည်။ ထို့နောက် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ယွီလီမှာလည်း သနားစရာကောင်းလှကာ ခြံဝင်းထဲရှိ တိရစ္ဆာန်တမျှ ဆိုးယုတ်သူများ၏ ဖယ်ကြဉ်ခြင်းကို ခံနေရသည်ပင် ဖြစ်သည်။

တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ကြက်သားဟင်းရည် တစ်ပန်းကန်ကို ထပ်မံခပ်ယူကာ ယွီလီအား ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

ဆာလောင်မွတ်သိပ်နေသော ယွီလီသည် ချင်ကျင်းယွီအား ကျေးဇူးတင်စကား တစ်ခွန်း ဆိုလိုက်သည်။ သိပ်မကြာမီမှာပင် ကြက်သားဟင်းရည်အား တစ်ကျိုက်တည်း သောက်ချလိုက်သည်။

သောက်ပြီးသွားသောအခါ ယွီလီ၏ မျက်နှာပေါ်တွင် သက်တောင့်သက်သာရှိသည့် အမူအရာများ ပေါ်လွင်လာသည်။ ဤသည်မှာ သူမ ခြံဝင်းကြီးထဲတွင် စားဖူးသမျှထဲ၌ အကောင်းဆုံးအရာပင် ဖြစ်သည်။

တစ်ဖက်လူမှာ ဤမျှလောက်အထိ အလွယ်တကူ ကျေနပ်သွားသည်ကို မြင်လိုက်ရသောအခါ ချင်ကျင်းယွီ၏ စိတ်ထဲ အနည်းငယ် စိတ်မကောင်း ဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် ယွီလီ၏ ကိုယ်ပေါ်တွင် ခြံဝင်းကြီးထဲသို့ သူမ စတင်ရောက်ရှိလာစဉ်က အရိပ်အယောင်များကို မြင်တွေ့လိုက်ရသောကြောင့်ဖြစ်ပြီး ခြံဝင်းထဲရှိ ယန်မိသားစုဝင်များ၏ ဖယ်ကြဉ်ခြင်းကို ခံခဲ့ရဖူးသောကြောင့် ဖြစ်သည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် ယောကျာ်းကောင်းတစ်ဦးနှင့် ပေါင်းဖက်ခဲ့ရသောကြောင့် သူမကိုယ်သူမ ဘယ်သောအခါမှ အနစ်နာခံရမည် မဟုတ်ချေ။

ချင်ကျင်းယွီသည် ယွီလီအား စာနာသနားမိသော်လည်း ကူညီခြင်းမှာ သံယောဇဉ်ကြောင့်ဖြစ်ပြီး မကူညီခြင်းမှာ မိမိ၏ တာဝန်သာဖြစ်ကာ အိမ်၏ အခြေအနေ ကောင်းမွန်လာသည်နှင့် တစ်ဖက်လူအား အမြဲတမ်း အခြေအနေမဲ့ ကူညီထောက်ပံ့နေရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ ခင်ပွန်းဖြစ်သူက ဆန်တစ်ခွက်က ကျေးဇူးဖြစ်ပြီး ဆန်တစ်ပြည်က ရန်သူဖြစ်လာနိုင်သည်ဟူသော အဓိပ္ပာယ်ကို ပြောပြဖူးသောကြောင့်ပင် ဖြစ်သည်။

ထို့အပြင် ဆင်းရဲဒုက္ခခံစားနေရသော လူများမှာလည်း အများအပြား ရှိနေသည်။ ထို့ကြောင့် သူမကိုယ်တိုင်မှာ မယ်တော်သခင်မ မဟုတ်သည့်အတွက် အားလုံးကို လိုက်လံစာနာသနားနေ၍ မရနိုင်ချေ။ မိမိ၏ ဘဝကိုသာ မိမိကိုယ်တိုင် ကောင်းမွန်စွာ ဖြတ်သန်းသွားနိုင်လျှင် လုံလောက်ပြီ ဖြစ်သည်။ ထို့နောက် အိမ်ထဲသို့ ပြန်ဝင်လာသည်။

ချင်ထျဲ့နျိုက ချင်ကျင်းယွီအတွက် ကြက်သားဟင်းရည် နောက်ထပ်တစ်ပန်းကန် ထပ်မံထည့်ပေးလိုက်သည်။

"အဖေ သမီး သုံးပန်းကန်တောင် သောက်ပြီးသွားပြီ ထပ်သောက်ရင် ဗိုက်ကြီးထွက်လာတော့မယ်"

ချင်ကျင်းယွီက ပြုံးယောင်သန်းလျက် ပြောလိုက်သည်။

ချန်ကောဟွားသည် ထိုရက်ပိုင်းများအတွင်း သူမအတွက် အရသာရှိသော အစားအစာများကို အမြဲလိုလို ချက်ပြုတ်ပေးခဲ့ရာ ဤကဲ့သို့ ဆက်လက် စားသောက်နေပါက သူဌေးရောဂါများပင် ရလာတော့မည် ဖြစ်သည်။ သို့သော်လည်း ချင်ထျဲ့နျိုကမူ ချင်ကျင်းယွီအား ဆက်လက်သောက်ရန် အလွန်ပင် လေးနက်စွာ တောင်းဆိုနေသည်။

"ဗိုက်ကြီးလာတာ ကောင်းတာပေါ့၊ အဖေတို့နှစ်ယောက် ဒီကိုလာတာ မင်းရဲ့ ဗိုက်ကြီး မြန်မြန်ထွက်လာတာကို မြင်ချင်လို့ မဟုတ်ဘူးလား"

ချင်ထျဲ့နျိုက ထိုသို့ပြောဆိုသော်လည်း ချင်ကျင်းယွီက မည်သို့ပင်ဆိုစေကာမူ သောက်ရန် ဆန္ဒမရှိတော့ချေ။ ထို့ကြောင့် ချင်မိခင်မှာလည်း တစ်စုံတစ်ရာ ပြောဆိုရန် အဆင်မပြေတော့ပေ။

ဤကြက်သားဟင်းရည်ကို အပြင်ဘက်တွင် ထားရှိပါက အခြားသူများ အလုအယက်လိုချင်ကြမည့် အရာကောင်းတစ်ခု ဖြစ်သော်လည်း မိမိ၏ သမီးဖြစ်သူက မသောက်ချင်‌ဘဲ ဖြစ်နေသည်။ ဇနီးမောင်နှံနှစ်ဦးမှာ တောရွာမှနေ၍ ခရီးဝေးမှ ဖမ်းယူလာခဲ့သည့် ကြက်ဖြစ်ကြောင်းကိုပင် မပြောလိုတော့ချေ၊ သူမကိုယ်တိုင်က စားသောက်ရန် ဆန္ဒမရှိဖြစ်နေသည်။

"သမီး ဒီကြက်သားဟင်းရည်က သမီး ခန္ဓာကိုယ်ကို အားဖြည့်ဖို့အတွက် ကောင်းတဲ့အရာပဲ၊ ဒါကို သောက်လိုက်ရင် ကြက်မကြီးလိုမျိုး ကလေးတွေ အများကြီး မွေးနိုင်လိမ့်မယ်"

ချင်မိခင်က စေတနာရှေ့ထား၍ ဖျောင်းဖျပြောဆိုနေသည်။

သူမ ဤမျှလောက်အထိ အာရုံစိုက်နေရခြင်းမှာ မိမိ၏ သမီးဖြစ်သူ ကိုယ်ဝန်ရှိနေခြင်းကြောင့် ဖြစ်သော်ငြား အလွန်အရေးကြီးသည့် အချက်တစ်ချက်မှာ သူမသည် ချန်ကောဟွားဟူသော ဤသမက်အပေါ် အလွန်တရာ ကျေနပ်သဘောကျနေခြင်းကြောင့်ပင် ဖြစ်သည်။

ထို့ကြောင့် သူမ၏ သမီးဖြစ်သူမှာလည်း ကြိုးစားအားထုတ်ကာ ချန်မိသားစုအတွက် ဝဝဖြိုးဖြိုး ကလေးငယ်လေးများစွာကို မွေးဖွားပေးနိုင်ရန် သူမ မျှော်လင့်နေသည်။

ဤသည်ကပင် ချင်မိသားစုနှင့် အခြားမိသားစုများကြား သိပ်မတူညီသည့် အခြေအနေကို ဖြစ်ပေါ်စေသည်။ အခြားမိသားစုများအတွက်မူ အိမ်ထောင်ပြုသွားသော သမီးဆိုသည်မှာ ပက်ထုတ်လိုက်သော ရေနှင့် တူသည်။ သို့သော်လည်း ချင်ကျင်းယွီ၏ နေရာတွင်မူ အိမ်ထောင်ပြုသွားသော သမီးဖြစ်လျှင်တောင်မှ ကောင်းမွန်စွာ ဆက်ဆံပေးရမည် ဖြစ်သည်။

ထိုအချိန်၌ ချင်ထျဲ့နျိုကလည်း ချင်ကျင်းယွီ၏ အလုပ်ကိစ္စနှင့် ပတ်သက်၍ မေးမြန်းလိုက်သည်။

ချန်ကောဟွားမှာ အလွန်တရာ အလားအလာကောင်းသည်ဟု ဆိုသော်ငြား ကလေးရလာပါက ဝန်ထုပ်ဝန်ပိုးများလည်း အနည်းငယ် ပိုများလာမည်ဖြစ်ရာ သမက်ကောင်းကိုသာ အမြဲတမ်း အလုပ်လုပ်ခိုင်းနေ၍ မဖြစ်နိုင်ပေ။ ထို့ကြောင့် မိမိ၏ သမီးဖြစ်သူတွင်လည်း အလုပ်တစ်ခု ရှိလာနိုင်ရန် သူ မျှော်လင့်နေသည်။ ဤအလုပ်သည် ချန်ကောဟွား၏ လုပ်ငန်းကိုပါ အထောက်အကူပြုနိုင်လျှင် အကောင်းဆုံးပင် ဖြစ်သည်။

အခန်း (၉၂)

ချင်ထျဲ့နျိုတို့ ဇနီးမောင်နှံက ကြက်သားဟင်းရည် ပြုတ်နေချိန်၌ ခြံဝင်းကြီးအတွင်းရှိ အဒေါ်ကြီးအချို့ကလည်း စကားစမြည် ပြောဆိုနေကြသည်။

"ငါတို့ခြံဝင်းထဲမှာတော့ ချင်ကျင်းယွီက ကံအကောင်းဆုံးပဲ၊ သူ အခု ဖြတ်သန်းနေရတဲ့ ဘဝက ဘယ်လောက်တောင် ကောင်းသလဲဆိုတာ ကြည့်လိုက်ဦး၊ကိုယ်ဝန်ဆောင်ထားတာကို ကောင်းကောင်းစား ကောင်းကောင်းသောက်ရတဲ့အပြင် ပြုစုစောင့်ရှောက်ပေးမယ့်သူလည်း ရှိသေးတယ်၊အရင်ခေတ်က သူဌေးကြီးတွေရဲ့ ဘဝတောင် ဒီလောက် သက်တောင့်သက်သာ မရှိလောက်ဘူး"

"ဟုတ်ပါ့၊ငါတောင် နောင်တရလို့ သေတော့မယ်၊ အဲ့ဒီနှစ်က ချန်ကောဟွားက ချင်ဟွိုင်ယွီကို လက်ထပ်ဖို့ လုပ်တာ မအောင်မြင်ခဲ့ဘူး၊ ငါသာ နည်းနည်းပါးပါး ပါးနပ်ပြီး ကိုယ့်သမီးကို ချန်ကောဟွားနဲ့ မိတ်ဆက်ပေးခဲ့မယ်ဆိုရင် အခုချိန်ဆို ငါလည်း စည်းစိမ်တွေ အများကြီး ခံစားနေရလောက်ပြီ"

"ဒီလိုကံ မပါလာရင်လည်း မပါလာတာပဲပေါ့လေ"

"အဲဒီလိုလည်း မပြောနဲ့၊ချန်ကောဟွားက ဒီလောက် အရည်အချင်းရှိလိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ၊နှစ်အနည်းငယ်လေးအတွင်းမှာပဲ ရာထူးတက်တဲ့အပြင် ခေါင်းဆောင်ကြီးတွေရဲ့ အသိအမှတ်ပြုတာကိုပါ ခံရတယ်လေ"

"အရင်က ငါက ချန်ကောဟွားရဲ့ နောက်ခံရာဇဝင်က ပြဿနာရှိတယ်လို့ ထင်နေခဲ့တာ၊အခုတော့ လုံခြုံရေးဌာနနဲ့ စက်ရုံခေါင်းဆောင်တွေရဲ့ အာမခံချက် နှစ်ထပ်ကွမ်းရထားတော့ ချန်ကောဟွားက လုံးဝကို ပြဿနာ မရှိနိုင်တော့ဘူး"

"တကယ့်ကို လောကဓံရဲ့ အလှည့်အပြောင်းတွေချည်းပဲ၊ချန်ကောဟွားကို အားလုံးက အထင်သေးခဲ့ကြတာကိုး"

"နောင်တအရဆုံးသူကို ပြောရမယ်ဆိုရင်တော့ အဲဒါက သေချာပေါက် ချင်ဟွိုင်ယွီပဲ၊ သူဌေးကတော်ဘဝကို မလိုချင်လို့ ပစ်ထားတာက ထားလိုက်ပါတော့၊ကျားကျန်းရှီတို့ သားအမိနဲ့ ပေါင်းပြီးတော့တောင် သူများကို သေလုမတတ် စော်ကားခဲ့သေးတယ်"

"ချန်ကောဟွားက ဒီထက်ပိုပြီး အရည်အချင်းတွေ ရှိလာတဲ့အခါကျရင် သူ နောက်နောင် ဘယ်လိုလုပ်မလဲဆိုတာ ကြည့်ရသေးတာပေါ့"

အိမ်နီးချင်းများ စကားစမြည် ပြောဆိုနေကြသည့် အချိန်အတွင်းတွင်ပင် အချိန်များမှာလည်း တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ထိုအချိန်တွင် ချန်ကောဟွားသည်လည်း အလုပ်ဆင်းကာ အိမ်သို့ ပြန်ရောက်လာသည်။

အိမ်သို့ ပြန်ရောက်လာသောအခါ ချန်မိသားစုအိမ်၌ ဤမျှလောက် စည်ကားနေခြင်းမှာ ရှားပါးသည်ဟု တွေးလိုက်သည်။မိသားစုဝင် လေးယောက်အပြင် သက်ရှိသွေးသားလေး တစ်ခုလည်း ရှိနေသည်။ မျိုးဆက်သုံးဆက် တစ်အိမ်တည်း၌ အတူတကွ ရှိနေခြင်းမှာ ရှားပါးသော အခြေအနေတစ်ရပ်ဟုပင် ဆိုနိုင်သည်။

စားပွဲပေါ်တွင်လည်း ဟင်းလျာများစွာ ရှိနေပြီး ငါးများ၊ ဘဲများ အစရှိသည့် ဟင်းကောင်းများ ပါဝင်ကာ နှစ်သစ်ကူးပွဲတော် ကျင်းပနေသည်ဟု ဆိုလျှင်ပင် အလွန်အကျွံ ဖြစ်မည်မဟုတ်ပေ။

သို့သော် ချန်ကောဟွားသည် အသက်ကြီး‌ေန‌ေသာ ဇ‌နီးမောင်နှံနှစ်ဦး တောရွာမှ ယူဆောင်လာခဲ့သည့် ဘဲများနှင့် လတ်ဆတ်သော ငါးများအပေါ်သို့ အကြည့်ရောက်သွားသည်။ ၎င်းတို့မှာ မသေသေးသည့်အတွက် လယ်ယာစိုက်ပျိုးရေးနယ်မြေထဲတွင် မွေးမြူထားနိုင်ပြီး နောင်တစ်ချိန်တွင် ကြက်၊ ဘဲနှင့်ငါးများကို စား၍ကုန်နိုင်မည်ပင် မဟုတ်တော့ချေ။

ညစာကို စားသောက်ပြီးသွားသောအခါ လူကြီးဇနီးမောင်နှံနှစ်ဦးမှာ မိမိတို့၏ သမီးဖြစ်သူ နေထိုင်ရသည်မှာ အလွန်ကောင်းမွန်နေသည်ကို မြင်တွေ့ရသဖြင့် ပစ္စည်းများကို ချထားခဲ့ပြီးနောက် တောရွာသို့ ပြန်သွားခဲ့ကြသည်။

ချန်ကောဟွားက သက်ကြီးရွယ်အိုနှစ်ဦးအား ဘတ်စ်ကားပေါ်သို့ လိုက်လံပို့ဆောင်ပေးခဲ့ပြီး အိမ်သို့ ပြန်ရောက်လာသောအခါ ချင်ကျင်းယွီတစ်ယောက် စားပွဲပေါ်ရှိ ကျန်ရစ်နေသော ဟင်းလျာများကို ကြည့်ကာ စိတ်ပူပန်နေသည်ကို မြင်လိုက်ရသည်။

ယနေ့တွင် ဟင်းလျာများစွာ ချက်ပြုတ်ထားခဲ့သော်လည်း လူလေးယောက် စားသောက်ရာတွင် ကုန်အောင် မစားဖြစ်ခဲ့ကြသဖြင့် များစွာ ကျန်ရစ်နေခဲ့ခြင်း ဖြစ်သည်။

"ဒီကျန်နေတဲ့ ဟင်းတွေကို တခြားလူတွေကို နည်းနည်းပါးပါး ပေးလိုက်‌၊စားလို့မကုန်ရင်လည်း အလဟဿ ဖြစ်သွားမှာပဲ"

ချန်ကောဟွားက တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ချင်ကျင်းယွီအား ပြောလိုက်သည်။

သိမ်းဆည်းထားနိုင်သည့် စနစ်နယ်မြေ ရှိနေသည်ဟု ဆိုသော်လည်း ပစ္စည်းများမှာ သုံး၍မကုန်နိုင်လောက်အောင် များပြားလှသဖြင့် ဤကျန်ရစ်နေသော ထမင်းနှင့် ဟင်းများကို အမှန်တကယ် ဆက်စားနေရန် မလိုအပ်တော့ချေ။

ထို့အပြင် အကဲခတ်တတ်သူ တစ်ဦးကသာ တွေ့ရှိသွားပါက ဤမျှ အချိန်ကြာမြင့်စွာ စားသောက်နေသည့်တိုင်အောင် အဘယ်ကြောင့် မပုပ်သိုးရသနည်း ဆိုသည်ကို ရှင်းပြနိုင်ရန် အလွန်ပင် ခဲယဉ်းသွားနိုင်သည်။ အိမ်တွင် ရေခဲသေတ္တာတစ်လုံး ရှိနေမည်ဆိုပါက ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။ သို့သော်လည်း ဤခေတ်ကာလတွင် ရေခဲသေတ္တာများကို ရောင်းချခြင်း မရှိသေးပေ။ ရေခဲသေတ္တာ ဝယ်ယူနိုင်သည့် နေရာမှာ ဟောင်ကောင်တွင်သာ ရှိသည်။

အကယ်၍ ဟောင်ကောင်တွင် ဝယ်ယူခွင့်ကို ရရှိထားမည်ဆိုပါက နောင်တစ်ချိန်၌ ဟောင်ကောင်သို့သွား၍ ရေခဲသေတ္တာ တစ်လုံးကို ယူဆောင်လာကာ သုံးစွဲနိုင်မည် ဖြစ်သည်။

ချင်ကျင်းယွီက ကျန်ရစ်နေသော ထမင်းနှင့် ဟင်းအချို့ကို ယွီလီထံသို့ ယူဆောင်သွားပေးလိုက်သောအခါ ယွီလီ၏ မျက်နှာထက်တွင် ပျော်ရွှင်မှုများက ပန်းပွင့်များအလား လန်းဆန်းသွားသည်။ သူမအတွက် ချင်ကျင်းယွီ ပေးလာသည့် ကျန်ရစ်နေသော ဟင်းလျာများမှာ ပမာဏ လုံလောက်ရုံသာမက အဆီအနှစ်များလည်း အတော်လေး များပြားနေသည်။

ယန်ကျဲ့ချန်မှာလည်း ချင်ကျင်းယွီ၏ ရက်ရောလှသော လုပ်ရပ်ကြောင့် အံ့သြမင်တက်သွားခဲ့ရသည်။

ချန်ကောဟွား၏ နေထိုင်မှုဘဝမှာ သက်တောင့်သက်သာ ရှိလှသည်ကို အားလုံးက သိထားကြသော်လည်း ယခုကဲ့သို့ ငါးတွေရော ကြက်တွေရော ရှိနေခြင်းမှာ ကြီးကျယ်ခမ်းနားလွန်း‌ေနသည်။

"ယွီလီရေ မြန်မြန်လုပ်၊ ဟင်းတွေကို စားပွဲပေါ် တင်လိုက်"

ယန်ကျဲ့ချန်က သွားရည်များ ယိုကျလျက် တိုက်တွန်းလိုက်သည်။

"ဟွန့်၊ကျင်းယွီက ငါ့ကို ပေးတာလို့ ပြောသွားတာနော်၊နင်တို့ ယန်မိသားစုကို ပေးတာ မဟုတ်ဘူး"

ယွီလီက ကျန်ရစ်နေသော ဟင်းပန်းကန်များကို ကိုင်ဆောင်လျက် ကိုယ်ကို လှည့်လိုက်ပြီး သူတို့အား တူချခွင့် လုံးဝ မပေးချေ။

ဤတစ်ကြိမ်တွင်မူ ယန်ကျဲ့ချန်သည် မိမိ၏ ဇနီးဖြစ်သူမှာ ဒေါသထွက်နေဆဲဖြစ်ကြောင်း သိရှိသွားသဖြင့် များများစားစား မပြောဆိုတော့ချေ။ မည်သို့ပင်ဆိုစေကာမူ အရင်က သူမကို ထမင်းမစားရဟု သူ အမှန်တကယ် အပြစ်ပေးထားခြင်းပင် ဖြစ်သည်။

ယခု ချန်မိသားစုမှ ပေးလာသည့် ကျန်ရစ်နေသော ထမင်းများကို သူ အမှန်တကယ်ပင် ဝင်ရောက်စွက်ဖက်ပြောဆိုခွင့် မရှိပေ။ သို့သော် အချောင်မနှိုက်ရဟု ဆိုသော်လည်း ယနေ့ ဖြစ်ပျက်ခဲ့သည့် ကိစ္စက သူ့အား သတိပေးချက်တစ်ခု ရရှိစေသည်။

ထိုအရာမှာ နောင်တစ်ချိန်တွင် ချန်ကောဟွားတို့ ဇနီးမောင်နှံနှင့် ဆက်ဆံရေးကို သေချာပေါက် ကောင်းမွန်အောင် တည်ဆောက်ထားရမည် ဟူသောအချက်ပင် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူတို့ ယန်မိသားစုတွင် အချောင်မနှိုက်နိုင်ခြင်းသည်ပင် အရှုံးပေါ်ခြင်း တစ်မျိုး ဖြစ်သည်။

ရိုးရှင်းလှသော ညစာစားပွဲ တစ်ခုတွင်ပင် တွယ်ကပ်မှုများ ပြည့်နှက်နေနိုင်သည်။ ဤသည်က ခြံဝင်းကြီးအတွင်းရှိ လူတို့၏ စိတ်နှလုံးကို ခန့်မှန်းရခက်ခဲကြောင်းကို သွယ်ဝိုက်သောနည်းဖြင့် ဖော်ပြနေခြင်းပင် ဖြစ်သည်။

သို့သော် ချန်ကောဟွားတွင် စနစ်ရှိနေပြီး စနစ်၏ အကူအညီဖြင့် သူ၏ နေထိုင်မှုဘဝမှာ ပို၍ပင် သက်တောင့်သက်သာ ရှိလာခဲ့ရာ လူအများအပြားကို မနာလိုဖြစ်စေသည်မှာ အမှန်ပင် ဖြစ်သည်။ သူ့အိမ်ဆီမှ အချောင်နှိုက်လိုသူများမှာလည်း ပို၍ပို၍ များပြားလာသည်။

ချန်ကောဟွားသည် ထိုတိရစ္ဆာန်တမျှ ဆိုးယုတ်သူများ၏ အကြောင်းကို ရှင်းလင်းစွာ သိမြင်ထားပြီးဖြစ်ရာ ၎င်းတို့နှင့် ပတ်သက်ဆက်နွှယ်လိုခြင်း မရှိချေ။

ယခုအခါ ချင်ကျင်းယွီမှာ ကိုယ်ဝန်ရှိနေပြီဖြစ်ပြီး ကလေးမွေးဖွားလာမည့် အချိန်ကို စောင့်ဆိုင်းရင်း သူ၏ လုပ်ငန်းခွင်မှာလည်း နောက်ထပ် ခြေလှမ်းတစ်ရပ်သို့ တက်လှမ်းနိုင်မည်ဖြစ်ရာ နေ့ရက်များမှာ ပို၍ပင် မျှော်လင့်ချက်များ ရှိလာပေသည်။ ထိုအချိန်သို့ ရောက်လာပါက ခြံဝင်းကြီးထဲမှပင် ပြောင်းရွှေ့သွားနိုင်မည် ဖြစ်သည်။

သို့သော် ထို့မတိုင်မီတွင် ဤတိရစ္ဆာန်တမျှ ဆိုးယုတ်သူများအား မိမိအပေါ်သို့ အကြံအစည်များ ကြံစည်ခဲ့ခြင်းအတွက် သေချာပေါက် နောင်တရသွားစေရမည် ဖြစ်သည်။

"ယောကျာ်းရေ ကလေးမွေးလာရင် ဘယ်လိုနာမည် ပေးရင်ကောင်းမလဲ"

ချင်ကျင်းယွီက ချန်ကောဟွား၏ လက်မောင်းပေါ်တွင် အိပ်စက်ရင်း မျက်နှာပေါ်၌ အပြုံးများ ပြည့်နှက်လျက် ပြောလိုက်သည်။

"ဘယ်လိုနာမည်ပေးမလဲ"

ချန်ကောဟွားမှာ ကြောင်အမ်းသွားသည်။ ကလေးအား နာမည်ပေးမည့် ကိစ္စနှင့် ပတ်သက်၍ သူ အမှန်တကယ်ပင် မစဉ်းစားမိခဲ့ဖူးချေ။ သို့သော် ယခုအခါတွင် ကလေး၏ မိခင်ဖြစ်သူကပင် မေးမြန်းလာပြီဖြစ်ရာ သူက ဖခင်တစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရမည် ဖြစ်သည်။

"ယောကျာ်းလေးဆိုရင်တော့ ချန်ဖန်လို့ ပေးရအောင်၊ဘဝကို ရိုးရိုးရှင်းရှင်းလေး ဖြတ်သန်းရင်း ငါတို့ သားအဖနှစ်ယောက်က မင်းကို အတူတူ ပြုစုစောင့်ရှောက်ပေးလို့ ရတာပေါ့"

"မိန်းကလေးဆိုရင်တော့ ချန်ဖျင်အန်းလို့ ပေးမယ်၊ မင်းတို့ သားအမိနှစ်ယောက်ကို ဒီတစ်သက်လုံး အေးအေးချမ်းချမ်းနဲ့ ဘေးကင်းလုံခြုံအောင် ငါက ပြုစုစောင့်ရှောက်ပေးမယ်"

ကလေးအား နာမည်ပေးခြင်း ကိစ္စကပင် ချန်ကောဟွား၏ နှုတ်ဖျား၌ ချစ်စကားများ ဖြစ်လာစေသည်။ ဤသည်က ချင်ကျင်းယွီ၏ မျက်နှာထက်တွင် ပျော်ရွှင်မှုကြောင့် နီမြန်းသွားစေခဲ့ပြီး ချန်ကောဟွားနှင့် လက်ထပ်နိုင်ခဲ့ခြင်းမှာ ဤဘဝတွင် အမှန်ကန်ဆုံးသော ရွေးချယ်မှုဖြစ်သည်ဟုသာ သူမ ခံစားလိုက်ရသည်။

ဤသို့ဖြင့် သူတို့နှစ်ဦးသည်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားခဲ့ကြပြီး တစ်ညတာလုံး အိပ်မက်လှလှ မက်ခဲ့ကြသည်။

နောက်တစ်နေ့ မိုးလင်းလာသောအခါ ချန်ကောဟွား မျက်လုံးများ ဖွင့်လိုက်သည်နှင့် ချင်ကျင်းယွီမှာ မိမိ၏ အနားတွင် မရှိတော့ကြောင်းကို တွေ့လိုက်ရသည်။

သူ အိပ်ရာမှ ထလာပြီးနောက် ချင်ကျင်းယွီမှာ စောစောထကာ မနက်စာ ချက်ပြုတ်ပြင်ဆင်ပြီးနေပြီ ဖြစ်ကြောင်းကို တွေ့လိုက်ရသည်။ မျက်နှာသစ် သွားတိုက်ပြီးနောက် သူတို့နှစ်ဦးသည်လည်း စတင် စားသောက်လိုက်ကြသည်။

မနက်စာ စားသောက်ပြီးသွားသောအခါ ချန်ကောဟွားသည် စက်ဘီးပေါ်သို့ တက်ခွလိုက်ပြီး စက်ရုံရှိရာ အရပ်ဆီသို့ အပြေးအလွှား ထွက်ခွာသွားသည်။

ယနေ့တွင် ဝယ်ယူရေး လုပ်ငန်းစဉ် အသစ်များ စီစဉ်ရန် ရှိနေသေးရာ ဌာနမှူးတစ်ဦးအနေဖြင့် မိမိကိုယ်တိုင် တိကျသော လုပ်ငန်းစဉ်များကို သေချာစွာ စီစဉ်ပေးရမည် ဖြစ်သည်။

စက်ရုံသို့ ရောက်ရှိလာသည်နှင့် အလုပ်သမားများမှာ အသံကျယ်လောင်စွာဖြင့် ဆွေးနွေးပြောဆိုနေကြပြီး ပတ်ဝန်းကျင် အရပ်လေးမျက်နှာလုံး၌ သတင်းများ ပျံ့နှံ့နေသည်။

မနေ့က ချန်ကောဟွား တစ်ကြိမ်တည်းနှင့် ကြက်ဥ အလုံးတစ်ထောင်နှင့် ကြက်အကောင်အချို့ကို ဝယ်ယူနိုင်ခဲ့သည့် ကိစ္စရပ်မှာ စက်ရုံအတွင်း၌ သတင်းပျံ့နှံ့သွားခဲ့ခြင်းပင် ဖြစ်သည်။ လူအုပ်ကြီးထဲရှိ ချင်ဟွိုင်ယွီ၏ မျက်နှာမှာ ကြည့်ကောင်းမနေခဲ့ချေ။

ချန်ကောဟွားသည် စက်ရုံတွင် အလုပ်လုပ်ကိုင်စဉ်ကပင် အတော်လေး ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့၏။ ယခု ဝယ်ယူရေးဌာနသို့ ဝင်ရောက်သွားသောအခါ၌လည်း ဤမျှလောက် ကြီးမားလှသော ဝယ်ယူနိုင်စွမ်းကို ပြသနိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ဤသို့ ကြည့်မည်ဆိုပါက ချန်ကောဟွား၏ အရည်အချင်းကို လူအများအပြားက အထင်သေးခဲ့ကြခြင်းပင် ဖြစ်သည်။ ချင်ဟွိုင်ယွီသည်လည်း ထိုနည်းတူပင် ဖြစ်သည်။

သူမသည် ချန်ကောဟွား၏ အကြောင်းကို သဘာဝအားဖြင့် အလွန်နားလည်ထားသည်။ သို့သော် မထင်မှတ်ထားသည်မှာ ရုတ်တရက်ဆိုသလိုပင် တစ်ဖက်လူ၏ အကြောင်းကို သူမ လုံးဝ နားလည်မထားကြောင်း တွေ့ရှိလိုက်ရခြင်းပင် ဖြစ်သည်။

"ချန်ကောဟွား နင် ဒီလောက် အရည်အချင်းရှိနေတာကို ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားခဲ့ရတာလဲ"

ချင်ဟွိုင်ယွီ၏ စိတ်အစဉ်၌ မကျေမချမ်း ဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် အရင်က ချန်ကောဟွားသည် မိမိ၏ အရည်အချင်းများကို သေချာပေါက် ဖုံးကွယ်ထားသည်ဟု သူမ ယုံကြည်ထားသောကြောင့်ပင် ဖြစ်သည်။

အကယ်၍ ထိုနှစ်က လူကြီးချင်း စကားပြောဆိုရာ၌ ချန်ကောဟွားကသာ ရှင်းလင်း ပြတ်သားစွာ ပြောဆိုခဲ့ပြီး သူမကို ရရှိရန် အစွမ်းကုန် ကြိုးစားခဲ့မည်ဆိုပါက သူမက ကျားတုန်းရွှီနှင့် အတင်းအကျပ် လက်ထပ်ခဲ့ရမည် မဟုတ်ပေ။ အကယ်၍ ကျားမိသားစုထံသို့ ချွေးမအဖြစ် ဝင်ရောက်ခဲ့ခြင်း မရှိပါက ဤသို့သော နေ့ရက်မျိုးကို မည်သို့ ကြုံတွေ့ရနိုင်မည်နည်း။

ထိုနှစ်က ချန်ကောဟွားသည် သူမအား လက်ထပ်မည်ဟု ကျိန်တွယ်ပြောဆိုခဲ့သော်လည်း ရလဒ်အနေဖြင့် အိမ်နာမည်တွင် သူမ၏ နာမည်ကို ထည့်သွင်းရန် ဆန္ဒမရှိခဲ့သည့်အပြင် မိမိ၏ အရည်အချင်းများကိုလည်း အမြဲတမ်း ဖုံးကွယ်ထားသည်။ ဤသည်က မိမိကို မှားယွင်းသောသူထံ အပ်နှင်းမိစေရန် ဒုက္ခပေးခဲ့ခြင်းပင်ဖြစ်‌ကြောင်း တွေးတောနေမိသည်။

ချင်ဟွိုင်ယွီ၏ စိတ်ထဲတွင် ပို၍ ဒေါသထွက်လာသည်။ ချန်ကောဟွားက ထင်ပေါ်ကျော်ကြားလာပြီး လူအများ၏ ချီးမွမ်းမြှောက်စားမှုကို ပို၍ ခံရလေလေ သူမ၏ စိတ်နှလုံးထဲတွင် ပို၍ မညီမမျှ ဖြစ်လာလေလေပင် ဖြစ်သည်။

နင် ဒီလောက် အရည်အချင်းရှိနေတာကို အဲဒီနှစ်က ဘာဖြစ်လို့ ထုတ်မပြခဲ့ရတာလဲ

All Chapters