အခန်း ၁၄၄၂
Vol. 97 Ch. 1442
အခန်း (၁၄၄၂) လက်တစ်ဖက်တည်းဖြင့် ပေါင်းစပ်တိုက်ခိုက်မှုကို ချေဖျက်ခြင်း
ဘုန်း
ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ရှေ့ဆုံးမှ တစ္ဆေမျိုးနွယ်စုဝင် တစ်ဦးမှာ တိုက်ရိုက် ပေါက်ကွဲထွက်သွားခဲ့သည်။ သူ မသေဆုံးမီ ပြိုင်ဘက် မိစ္ဆာဝိညာဉ်စစ်သည်အပေါ် သူ၏ အပြင်းထန်ဆုံးသော တိုက်ခိုက်မှုကို အသုံးပြုခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။
သို့သော် ထိုသံချပ်ကာ၏ ကာကွယ်မှုအောက်တွင် တိုက်ခိုက်မှုများ အားလုံးမှာ အလွန်တရာ အားနည်းပြီး အချည်းနှီးဖြစ်နေပုံရသည်။ ဒါတွေအားလုံးက အစပဲ ရှိသေးတယ်...
မိစ္ဆာဝိညာဉ် တပ်မတော် အမြောက်အမြားက လူအုပ်ကြီးဆီသို့ ရူးသွပ်စွာ အပြေးအလွှား ဝင်ရောက်လာသောအခါ တစ္ဆေမျိုးနွယ်စုဝင်များ အားလုံး၏ မျက်နှာများမှာ ပြောင်းလဲသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤမိစ္ဆာဝိညာဉ်စစ်သည်များမှာ ကြောက်ရွံ့မှု မရှိ၊ နာကျင်မှုကို မခံစားရဘဲ ရှေ့သို့သာ ဆက်တိုက် တိုးဝင်လာတတ်သဖြင့် သူတို့ကို အကြောက်မက်ဖွယ်အကောင်းဆုံး စစ်သည်တော်များ ဖြစ်လာစေသောကြောင့်ဖြစ်သည်။
နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် သင့် ကျင့်ကြံခြင်းအဆင့်က သူတို့ထက် များစွာ မြင့်မားနေစေကာမူ သင်သည် အကူအညီမဲ့နေနိုင်သေးသည်။ အထူးသဖြင့် တိုက်ခိုက်မှုများက သူတို့၏ သံချပ်ကာကိုပင် ဖောက်ထွင်းနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ခန္ဓာကိုယ်များ ပေါက်ကွဲထွက်သွားသော တုံးတိတိ မြည်သံများက သေလုမျောပါး အော်ဟစ်သံများနှင့် ရောယှက်သွားပြီး လျှို့ဝှက်နယ်မြေ တစ်ခုလုံးတွင် ပဲ့တင်ထပ်နေသော ကြေကွဲဖွယ် တေးသွားတစ်ခုကို ဖန်တီးပေးနေခဲ့သည်။
သတ္တိနည်းသူ အချို့မှာ နောက်ဆုတ်ရန် စတင်နေကြပြီ ဖြစ်သည်။ ဤသည်ကို မြင်သောအခါ ဝေ့ယွီဟွာက မအော်ဟစ်ဘဲ မနေနိုင်ခဲ့ချေ။
"မကြောက်ကြနဲ့၊ ဒီမိစ္ဆာဝိညာဉ်စစ်သည်တွေ အားလုံးကို သတ်ပစ်လိုက်... ဒါဆိုရင် မရဏအရှင်သခင်ရဲ့ လျှို့ဝှက်ချက်က ငါတို့ဟာ ဖြစ်လာလိမ့်မယ်"
ဤစကားက လူအများအပြားကို ပြန်လည် အသက်ဝင် နိုးကြားလာစေခဲ့သည်။ အထူးသဖြင့် အပြစ်ဒဏ်ပေးရာ လောကနယ်ပယ်မှ ခန်းမဆောင်သခင် အချို့မှာ ထိုစကားကို ကြားသောအခါ ကောက်ကျစ်သော အပြုံးများ ပြုံးလာသည်။
"သာမန် စစ်သည်လေးတွေကများ ငါတို့ရှေ့မှာ မောက်မာရဲတယ်ပေါ့လေ၊ သွားသေလိုက်စမ်း"
အေးခဲငရဲ ဧကရာဇ် ချွေ့ဟန်က ဟိန်းဟောက်ပြီး လူတစ်ယောက်၏ ဝိညာဉ်ကို အေးခဲသွားစေနိုင်လောက်သော အအေးလှိုင်းတစ်ခု လွှမ်းခြုံတိုက်ခတ်သွားခဲ့သည်။ ၎င်း ဖြတ်သန်းသွားသော နေရာတိုင်းတွင် ဤမိစ္ဆာဝိညာဉ်စစ်သည်များ၏ လှုပ်ရှားမှုများမှာ ချက်ချင်း နှေးကွေးသွားပြီး ထိုနေရာ၌ပင် တဖြည်းဖြည်း အေးခဲသွားကြသည်။
လှုပ်ရှားမှု တစ်ချက်တည်းနှင့် မိစ္ဆာဝိညာဉ် တပ်မတော် အားလုံးနီးပါး ရပ်တန့်သွားခဲ့သည်။ ဝေ့ယွီဟွာမှာ အပျော်ဆို့သွားရသည်။
"ခန်းမဆောင်သခင်ချွေ့က တကယ်ကို အစွမ်းထက်တာပဲ"
သို့သော် ထိုအချိန်မှာပင် ဤမိစ္ဆာဝိညာဉ်စစ်သည်များ၏ သံခမောက်အောက်ရှိ တစ္ဆေမီးတောက်များက ရုတ်တရက် တောက်လောင်လာပြီး သံချပ်ကာမှ အလင်းတန်းများ ထုတ်လွှတ်ကာ သူတို့ကို ဖုံးလွှမ်းထားသော ရေခဲများကို လုံးလုံးလျားလျား ကြေမွသွားစေခဲ့သည်။ ချွေ့ဟန်၏ ဂုဏ်ယူဝင့်ကြွားနေသော မျက်နှာအမူအရာမှာ မည်းမှောင်သွားခဲ့သည်။
"ငါ မင်းတို့ကို အထင်သေးသွားခဲ့တာပဲ၊ ဒီနောက်ထပ် လှုပ်ရှားမှုကို ခံကြည့်စမ်း"
ထိုသို့ပြောပြီးနောက် ချွေ့ဟန်က လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ လက်သင်္ကေတတစ်ခု ဖန်တီးလိုက်ပြီး ရှေ့သို့ တွန်းထုတ်လာသည်။
ဘုန်း
မရေမတွက်နိုင်သော ရေခဲ အပိုင်းအစများက ဓားသွားများအလား ရှေ့သို့ ပစ်လွှတ်သွားခဲ့သည်။ ဤမိစ္ဆာဝိညာဉ်စစ်သည်များမှာ ရေခဲဒီရေလှိုင်းထဲတွင် မနည်း မတ်တတ်ရပ်နေရသော်လည်း သူတို့၏ သံချပ်ကာများတွင် အက်ကွဲကြောင်းငယ်လေးများ စတင်ပေါ်လာပြီး နောက်ဆုံးတွင် ကြည်လင်သော အသံတစ်ခုနှင့်အတူ ကြေမွသွားခဲ့သည်။
သံချပ်ကာများ ကြေမွသွားသည်နှင့်အမျှ ဤမိစ္ဆာဝိညာဉ်များမှာ ချက်ချင်း ပျောက်ကွယ်သွားကြတော့သည်။
သို့သော် ချွေ့ဟန်၏ လှုပ်ရှားမှုက အနီးဆုံးရှိ မိစ္ဆာဝိညာဉ်စစ်သည်များကိုသာ ဖယ်ရှားပစ်နိုင်ခဲ့သည်။ အခြားသူများမှာ အတားအဆီးများ ရှိနေသော်လည်း ကြောက်ရွံ့မှုကင်းမဲ့စွာဖြင့် ဆက်လက် ပြေးဝင်လာကြသည်။ ချွေ့ဟန်၏ မျက်နှာအမူအရာမှာ မည်းမှောင်သွားချိန်တွင် သွေးငရဲ ဧကရာဇ် ၏ ကျောချမ်းဖွယ် ရယ်မောသံကို ရုတ်တရက် ကြားလိုက်ရသည်။
"ညီအစ်ကိုချွေ့... မင်း သိပ်အဆင်မပြေတဲ့ပုံပဲ၊ ဘယ်လိုလုပ်ရမလဲဆိုတာ ငါ ပြမယ်"
သူက လက်ကို မြှောက်ကာ ဗလာနယ်ဆီသို့ လက်ညိုးထိုးလိုက်သည်။
"သွေးမြူခိုး ဖြတ်သန်းခြင်း"
ထူထပ်သော သွေးမြူခိုးများက ဗလာနယ်အတွင်း၌ နေရာမရွေးမှ ပေါ်ထွက်လာပြီး ရုတ်တရက် ပြန့်နှံ့သွားခဲ့သည်။ ၎င်း ရောက်ရှိသွားသော နေရာများရှိ ဤမိစ္ဆာဝိညာဉ်စစ်သည်များ၏ သံချပ်ကာများမှာ သွေးမြူခိုး၏ စားသုံးယိုယွင်းခြင်းကို ခံရသဖြင့် တရှဲရှဲ အသံများ ထွက်ပေါ်လာပြီး ယခင်က အပြစ်အနာအဆာကင်းသော မျက်နှာပြင်များမှာ မှေးမှိန်သွားခဲ့သည်။
သို့သော် ထိုမျှသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤမိစ္ဆာဝိညာဉ်စစ်သည်များကို ဖျက်ဆီးရန် သွေးမြူခိုး၏ စားသုံးယိုယွင်းခြင်း အပေါ်တွင် လုံးလုံးလျားလျား မှီခိုရမည်ဆိုလျှင် အနည်းဆုံး နံ့သာတိုင်တစ်တိုင် လောင်ကျွမ်းချိန်ခန့် အချိန်ယူရမည် ဖြစ်သောကြောင့်ပင်။ သွေးငရဲ ဧကရာဇ်မှာ အံ့အားသင့်သွားသညိ။
"ငါ့ရဲ့ သွေးမြူခိုး စားသုံးမှုကိုတောင် ခုခံနိုင်တဲ့ ဒါက ဘယ်လို သံချပ်ကာမျိုးလဲ"
ထိုအခါ ချွေ့ဟန်က အော်ဟစ်သည်။
"မင်းတို့ ဘာစောင့်နေကြတာလဲ မြန်မြန်... ဒီမိစ္ဆာဝိညာဉ်စစ်သည်တွေကို ဖျက်ဆီးပစ်ကြ"
ထိုအခါမှသာ အခြားသော ခန်းမဆောင်သခင် များက လှုပ်ရှားလာကြပြီး မိစ္ဆာဝိညာဉ် တပ်မတော် ကို လုံးလုံးလျားလျား သုတ်သင်ရှင်းလင်းရန် ရည်ရွယ်လိုက်ကြသည်။ ခန်းမဆောင်သခင် ဆယ်ဦးထဲတွင် ရုံယန် တစ်ယောက်သာ တွန့်ဆုတ်မှုကို ပြသနေပြီး လှုပ်ရှားခြင်း မရှိခဲ့ချေ။ သို့သော် လူများက ထိုအရာကို လောလောဆယ် အာရုံမစိုက်နေကြချေ။
အဘယ်ကြောင့်ဆိုသော် ခန်းမဆောင်သခင် ရှစ်ဦး၏ ပေါင်းစပ် တိုက်ခိုက်မှုက အလင်းတန်းတစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး ကောင်းကင်နှင့် မြေကြီး အားလုံးကို ဖျက်ဆီးပစ်နိုင်လောက်သော စွမ်းအားကို သယ်ဆောင်ကာ မိစ္ဆာဝိညာဉ် တပ်မတော် ဆီသို့ အပြေးအလွှား ဦးတည်သွားသောကြောင့်ဖြစ်သည်။ ဝေ့ယွီဟွာ၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသော အမူအရာတစ်ခု ရှိနေခဲ့သည်။
ဒီကျန်နေတဲ့ မိစ္ဆာဝိညာဉ် တပ်မတော် ကို ဖျက်ဆီးပြီးတာနဲ့ မရဏအရှင်သခင်ရဲ့ လျှို့ဝှက်ချက်ထဲက အရာအားလုံးက ငါ့ဟာ ဖြစ်လာတော့မယ်...
အခြားသော မှူးမတ် မိသားစုများ၏ အသက်ရှူသံများကလည်း မြန်ဆန်လာကြပြီး ရလဒ်များကို သိလိုစိတ်ဖြင့် စစ်မြေပြင်ကို စူးစိုက်ကြည့်နေခဲ့ကြသည်။ သို့သော် ထိုအချိန်မှာပင် မိစ္ဆာဝိညာဉ် တပ်မတော်၏ ရှေ့တွင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
ဤအချိန်တွင် ခန်းမဆောင်သခင် ရှစ်ဦးထံမှ ပေါင်းစပ် တိုက်ခိုက်မှုမှာ ရောက်ရှိလာနေပြီ ဖြစ်သည်။
လူအများအပြားမှာ ထိုပုံရိပ်က မည်သူမည်ဝါ ဖြစ်ကြောင်းကိုပင် မမြင်လိုက်ရချေ။ ဝေ့ချင်းရှောင်းနှင့် ဝမ်မူလင်းတို့သာ အသက်ရှူမှားသွားခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ဗလာနယ်ကို ဖြတ်ကျော်ကာ မြင်ကွင်းထဲသို့ ထွက်ပေါ်လာသော ရွှယ်အန်း ဖြစ်နေသည်။ ရွှယ်အန်း၏ ပုံရိပ်လေး ထွက်ပေါ်လာပြီးနောက် အစွမ်းထက်သော ပေါင်းစပ် တိုက်ခိုက်မှုကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်ကို သူတို့ စောင့်ကြည့်နေရင်း တစ်ကိုယ်လုံး ချမ်းစိမ့်တုန်ယင်သွားသည်ကို ခံစားလိုက်ရသည်။
သူက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊ ဒါက သေလမ်းရှာနေတာ မဟုတ်ဘူးလား...
သို့သော် ထိုအချိန်မှာပင် ရွှယ်အန်းက ခပ်ဖွဖွ ရယ်မောလာသည်။
"အရှိန်အဟုန်ကတော့ အထင်ကြီးလောက်စရာပဲ၊ ဒါပေမယ့် ဘာအနှစ်သာရမှ မရှိတဲ့ အခွံချည်း သက်သက် ခြိမ်းခြောက်မှုပဲ... အကုန်လုံးက ဟန်ရေးပြနေတာချည်းပဲ"
ထိုသို့ပြောရင်း ရွှယ်အန်းက လက်တစ်ဖက်ကို နောက်သို့ပစ်ထားကာ ကျန်လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏ ရင်ဘတ်ဆီသို့ ဖြည်းညင်းစွာ ရောက်ရှိလာစေသည်။
ဘုန်း
၎င်းတို့ နှစ်ခု ဆုံတွေ့သွားသောအခါ နားကွဲမတတ် ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာပြီး အလင်းရောင်၏ တောက်ပမှုမှာ စိုက်ကြည့်ရန်ပင် မျက်စိကျိန်းလွန်းလှသည်။ သို့သော် ဤပေါင်းစပ် စွမ်းအားက မည်မျှပင် အစွမ်းထက်နေစေကာမူ ရွှယ်အန်း၏ လက်ကို ရင်ဆိုင်ရချိန်တွင် ၎င်းသည် ကျော်လွှား၍ မရနိုင်သော အတားအဆီး တစ်ခုကို ဝင်တိုက်မိသွားသကဲ့သို့ ရှေ့သို့ ဆက်မတိုးနိုင်တော့ချေ။
အရှေ့ဘက်မှာ ပိတ်ဆို့ခံထားရသော်လည်း အနောက်ဘက်မှ စွမ်းအားများက ရှေ့သို့ အဆက်မပြတ် တွန်းထိုးနေဆဲ ဖြစ်သည်။ ၎င်းမှာ ရထားတစ်စင်းနှင့် တူနေသည်။ စက်ခေါင်းကို ရွှယ်အန်းက ရပ်တန့်ထားသော်လည်း အနောက်မှ တွဲများက ရှေ့သို့ ဆက်လက် ဒုန်းစိုင်းချီတက်နေသကဲ့သို့ထင်ရသည်။
အဆုံးတွင် ပေါင်းစပ် တိုက်ခိုက်မှုကြီးမှာ အနောက်မှ ပြေးဝင်လာသော ဧရာမ စွမ်းအားကြောင့် ဘဲဥပုံသဏ္ဍာန် အဖြစ်သို့ ဖိညှစ်ခံလိုက်ရပြီး ၎င်း၏ ပြန့်ကားမှု အထွတ်အထိပ်သို့ ရောက်သောအခါ ပြင်းထန်စွာ ပေါက်ကွဲထွက်သွားတော့သည်။
ဘုန်း
အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှု လှိုင်းလုံးကြီး တစ်ခုက လွှမ်းမိုးနိုင်သော အင်အားဖြင့် တိုက်ခတ်သွားပြီး ၎င်း ဖြတ်သန်းသွားသော နေရာတိုင်းတွင် တားဆီး၍ မရနိုင်လောက်အောင် ဖြစ်သွားခဲ့သည်။ ကံဆိုးသော တစ္ဆေမျိုးနွယ်စုဝင် အချို့နှင့် သူတို့၏ တစ္ဆေရထားလုံးများမှာ ပေါက်ကွဲမှု နယ်ပယ် အတွင်းသို့ မတော်တဆ ရောက်ရှိနေခဲ့ကြသည်။
ပုံမှန် အခြေအနေများအောက်တွင် သူတို့ကို အစွမ်းထက်သူများဟု သတ်မှတ်၍ ရနိုင်ပေသည်။
သို့သော် ဤတုန်ခါမှု လှိုင်းလုံးကြီး၏ အရှေ့တွင်မူ အသံတစ်သံမျှပင် ထုတ်ဖော်ရန် အချိန်မရလိုက်ဘဲ အခိုးအငွေ့အဖြစ် ပြောင်းလဲသွားကာ အရိပ်အယောင်လေး တစ်ခုမျှ မကျန်ရစ်ဘဲ ပျောက်ကွယ်သွားတော့သည်။
"ဘယ်လို... ဘယ်လိုလုပ် ဒါက ဖြစ်နိုင်မှာလဲ"
ဤအရာကို မျက်မြင်တွေ့ရှိလိုက်သော တစ္ဆေမျိုးနွယ်စုဝင် အားလုံးမှာ ကြက်သေသေဖြင့် စိုက်ကြည့်နေခဲ့ကြပြီး အထူးသဖြင့် ခန်းမဆောင်သခင် ရှစ်ဦးပင် ဖြစ်သည်။ သူတို့မှာ ဆွံ့အ မှင်တက်နေကြပြီး သူတို့၏ မျက်လုံးများကို မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် ပေါက်ကွဲမှု၏ အကျိုးဆက်များက တဖြည်းဖြည်း လွင့်စင်သွားပြီး မျက်စိကျိန်းမတတ် တောက်ပမှုများမှာ မှေးမှိန်သွားခဲ့သည်။ မြင်ကွင်းကို ထပ်မံ ကြည့်လိုက်သောအခါ ရှင်းလင်းသွားသော ကောင်းကင်ယံတွင် ရွှယ်အန်းက ပြုံးလျက် မတ်တတ်ရပ်နေပြီး သူ၏ အဝတ်အစားများမှာ လေလွင့်နေကာ ဆံပင်တစ်ပင်မျှပင် ရှုပ်ပွသွားခြင်း မရှိချေ။
ထိုတုန်လှုပ်ဖွယ် တိုက်ခိုက်မှုကြီးမှာ သူ၏ မျက်နှာကို ဖြတ်သန်းတိုက်ခတ်သွားသော လေညင်းလေး တစ်ခု သက်သက်မျှသာ ဖြစ်ခဲ့သည့်အလားထင်ရသည်။ ဤမြင်ကွင်းက လူတိုင်းကို ဆွံ့အ မှင်တက်သွားစေပြီး ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။ ရုံယန်ပင် တိုးညင်းစွာ အသက်ရှူမှားသွားခဲ့သည်။
"သူလား"
ဝေ့ချင်းရှောင်းနှင့် ဝမ်မူလင်း တို့ကတော့ အသက်ရှည်ရှည် တစ်ချက် မရှူထုတ်ဘဲ မနေနိုင်ခဲ့ချေ။ အထူးသဖြင့် ဝေ့ချင်းရှောင်း ဖြစ်ပြီး သူမမှာ ချွေးစေးများဖြင့် ရွှဲနှစ်သွားသလို ခံစားလိုက်ရသည်။ သို့သော် သူမ၏ အတွင်းစိတ်ထဲမှ ထိတ်လန့်တုန်လှုပ်မှုမှာ အခြားသူများထက် လျော့နည်းနေခြင်း မရှိချေ။
--