← Chapters

အခန်း ၁၄၄၃

Vol. 97 Ch. 1443

အခန်း ၁၄၄၃

Vol. 97 Ch. 1443

အခန်း (၁၄၄၃) နောက်ဆုံးတော့ လျှို့ဝှက်ချက် ဖော်ထုတ်ခံလိုက်ရပြီ

ရွှယ်အန်းက သာမန်လူမဟုတ်ကြောင်း သူမသိထားခဲ့သော်လည်း ဤမျှထိထူးကဲလိမ့်မည်ဟု သူမဘယ်သောအခါကမျှ မထင်ထားခဲ့ပေ။

‘ အဲ့တာက အပြစ်ဒဏ်ပေးရာ လောကနယ်ပယ်က ခန်းမဆောင်သခင် ရှစ်ဦးရဲ့ ပေါင်းစပ် တိုက်ခိုက်မှုကြီးလေ ပြီးတော့ သူက အဲဒါကို လက်တစ်ဖက်တည်းနဲ့ တကယ်ကြီး ကာကွယ်လိုက်တယ်၊ ဒါက ဘယ်လောက်တောင် အံ့မခန်းနိုင်စရာ ကောင်းတဲ့ စွမ်းအားလဲ’

ပထမဆုံးအကြိမ် မဟုတ်သော်လည်း ဝေ့ချင်းရှောင်းက ထိုမေးခွန်းကို နောက်တစ်ကြိမ် မတွေးဘဲ မနေနိုင်ခဲ့ပေ။

‘သူက ဘယ်သူလဲ’

သို့သော် ကြည့်ရှုသူများထဲတွင် ဤအရာကို အံ့အားအသင့်ဆုံးနှင့် လုံးဝ လက်မခံနိုင်ဆုံးသူ တစ်ယောက် ရှိမည်ဆိုလျှင် ဝေ့မိသားစု၏ သခင်လေး သုံး ဝေ့ယွီဟွာပင် ဖြစ်လိမ့်မည်။ အစပိုင်းတွင် သူက ရွှယ်အန်းကို ကြက်သေသေဖြင့် စိုက်ကြည့်နေခဲ့ပြီး အချိန်အတော်ကြာမှသာ အံ့အားသင့်မှုနှင့် ဒေါသများ ရောယှက်ကာ အော်ဟစ်လာတော့သည်။

"ဒါ မဖြစ်နိုင်ဘူး၊ မင်းက စားဖိုမှူး တစ်ယောက် မဟုတ်ဘူးလား၊ မင်း တကယ်တမ်း ဘယ်သူလဲ"

ထိုမေးခွန်းက ယုံကြည်နိုင်စရာ မရှိလောက်အောင် တုံးလှသည်။

‘ဘာလို့လဲဆိုတော့ လောကကြီးမှာ ဒီလောက် ကြောက်မက်ဖွယ်ကောင်းတဲ့ စားဖိုမှူးမျိုး ဘယ်မှာ ရှိနိုင်မှာလဲ ဒါပေမယ့် ဒါကပဲ ဝေ့ယွီဟွာ လောလောဆယ် ကမောက်ကမ ဖြစ်နေတယ် ဆိုတာကို သက်သေပြနေတယ်…’

ရွှယ်အန်းက ခပ်ဖွဖွ ပြုံးသည်။

"ဘာလို့ လူတိုင်းက ငါ့ကို ဒီမေးခွန်းပဲ မေးချင်နေကြတာလဲ၊ ငါ ထပ်ပြောလိုက်မယ်... ငါ့နာမည်က ရွှယ်အန်း ဒီတစ်ခါတော့ မှတ်မိပြီလား"

ရွှယ်အန်း...

လူတိုင်းက အချင်းချင်း အကြည့်ချင်း ဖလှယ်ကြပြီးနောက် ဤနာမည်ကို အလွန်အမင်း စိမ်းသက်နေသည်ဟု ခံစားရသဖြင့် သူတို့၏ ခေါင်းများကို ခပ်ဖွဖွ ခါရမ်းလိုက်ကြသည်။ ဝေ့ယွီဟွာက အံ့အားသင့်မှုမှ သတိမဝင်သေးဘဲ ဝေဝါးနေသော အမူအရာဖြင့် ရွှယ်အန်းကို စိုက်ကြည့်နေဆဲဖြစ်သည်။

‘ဘာလို့လဲဆိုတော့ ခုနက တိုက်ခိုက်မှု တစ်ချက်က သူ့အတွက် အရမ်းကို ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်သွားခဲ့လို့ပဲ…’

သူသည် နန်းတော်သခင် အဆင့်ရှိ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာဖို့ကို မနည်းကြိုးစား ရုန်းကန်ပြီးမှ ရောက်ရှိခဲ့သည်။ သူ့အသက်အရွယ်နှင့်ဆိုလျှင် အံ့မခန်း အောင်မြင်မှု တစ်ခု ဖြစ်နေသည်။ ထိုသို့ဖြစ်နေလျှင်တောင် အပြစ်ဒဏ်ပေး လောကနယ်ပယ်က ခန်းမဆောင်သခင်များနှင့် ယှဉ်ရင် အများကြီး နောက်ကောက်ကျနေသေးသည်။

ထိုသည်တောင်မှ သူက အတော်လေး စိတ်ကျေနပ်ပြီး ဂုဏ်ယူနေခဲ့သော်လည်း လူတိုင်းရှေ့မှာ ရပ်နေသော အဖြူရောင်ဝတ် ကောင်လေးက ခန်းမဆောင်သခင် ရှစ်ဦး၏ညပေါင်းစပ် တိုက်ခိုက်မှုကို တစ်ယောက်တည်း အလွယ်တကူ ခုခံနိုင်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ချေ။ ထို့အပြင် သူက အားစိုက်ထုတ်စရာပင် မလိုဘဲ တည်ငြိမ်ပြီး အေးအေးလူလူ ရှိနေပုံရသည်။

စွမ်းအား ကွာဟချက်မှာ အနိုင်ကျင့် ဖိနှိပ်ခြင်း မဟုတ်တော့ပဲ သူ့ကို ချက်ချင်း သတ်ပစ်နိုင်လောက်အောင် လုံလောက်နေသည်။

အမြဲတမ်း ဂုဏ်ယူဝင့်ကြွားပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခဲ့သော ဝေ့ယွီဟွာအတွက်ကတော့ သဘာဝကျကျပဲ လက်ခံနိုင်စရာ အကြောင်းမရှိချေ။ ဝေ့ယွီဟွာ တစ်ယောက် သံသယများနှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့မှုထဲ နစ်မွန်းနေချိန်မှာပဲ ခန်းမဆောင်သခင် ရှစ်ဦးကလည်း ရွှယ်အန်းကို စူးစိုက်ကြည့်နေခဲ့ကြပြီး သူတို့၏ မျက်နှာအမူအရာများမှာ ခန့်မှန်းရခက်လောက်အောင် ပြောင်းလဲနေခဲ့သည်။

ထို့နောက် ဧကရာဇ် ချွေ့ဟန်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ရွှယ်အန်းထံသို့ လက်ယှက်ကာ ဂါရဝပြုသည်။

"မိတ်ဆွေ... ငါက အပြစ်ဒဏ်ပေးရာ လောကနယ်ပယ်ရဲ့ အေးခဲငရဲက..."

သူ စကားမဆုံးခင်မှာပဲ ရွှယ်အန်းက စိတ်မရှည်စွာနဲ့ လက်ကို ဝှေ့ယမ်းသည်။

"မိတ်ဆက်နေဖို့ ဒုက္ခမခံပါနဲ့၊ မင်းတို့ကို

ငါ စိတ်မဝင်စားဘူး၊ ငါတို့ အားလုံးက တော်တော်လေး အလုပ်များနေကြတာမို့... လိုရင်းကိုပဲ သွားကြရအောင်"

ဤစကားတွင် ပါဝင်သော မောက်မာမှုက ဧကရာဇ် ချွေ့ဟန်၏ မျက်နှာကို ချက်ချင်း အလွန်အမင်း ကြည့်ရဆိုးသွားစေပြီး အလွန်အမင်း ဒေါသထွက်မှုကြောင့် သူ၏ တစ်ကိုယ်လုံး အနည်းငယ် တုန်ယင်သွားခဲ့သည်။

သူ့အပေါ် မည်သူမှ ထိုသို့အထင်အမြင်သေးမှုမျိုးကို မပြရဲခဲ့ဖူးချေ။

‘ဒီအဖြူရောင်ဝတ် ကောင်လေးကို ငါ အပိုင်းပိုင်း ဆွဲဖြဲပစ်ရမယ်....’

ဧကရာဇ် ချွေ့ဟန်က သူ၏ နှလုံးသားထဲတွင် ဒေါသတကြီး ဖြစ်နေစဉ် ရွှယ်အန်းက မျက်လုံးများကို မြှောက်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒီမရဏအရှင်သခင်ရဲ့ လျှို့ဝှက် ရတနာအတွက် မင်းတို့ အားလုံး ဒီကို ရောက်နေကြတယ် ဆိုတာကို ငါ သိတယ်၊ ဒါပေမယ့် တောင်းပန်ပါတယ်... ဒီရတနာက ငါ့အတွက် အရမ်း အသုံးဝင်နေလို့..."

ရွှယ်အန်းက လက်ကို မြှောက်ကာ သူ၏ အနောက်ရှိ ဧရာမ တံခါးကြီးကို လက်ညိုးထိုးပြပြီး တည်ငြိမ်စွာ ပြောသည်။

"အခုကစပြီး ဒီနေရာက ငါ့ပိုင်နက်ပဲ"

ဤစကားက ပရိသတ်ကြီး တစ်ခုလုံးကို ဧရာမ ဆူညံပွက်လောရိုက်မှုကြီး တစ်ခု ဖြစ်ပေါ်သွားစေခဲ့သည်။ ခန်းမဆောင်သခင် ရှစ်ဦးမှာ ဒေါသထွက်လွန်းသဖြင့် ရယ်မောမိကြသည်။

"ကောင်လေး... မင်းမှာ စွမ်းအား နည်းနည်း ရှိရုံနဲ့ ဒီလောက် မောက်မာလို့ ရပြီလို့ မထင်နဲ့"

သွေးငရဲ ဧကရာဇ် က ကောက်ကျစ်စွာ ပြောသည်။ ရွှယ်အန်းက သူ့ကို မျက်စောင်းထိုးကြည့်လိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည်။

"ငါက ဒီလိုပဲ မောက်မာတယ်၊ အဲဒီတော့ ဘာဖြစ်လဲ"

"မင်း..."

သွေးငရဲ ဧကရာဇ် မှာ ဒေါသကြောင့် သွေးအန်မတတ် ဖြစ်သွားခဲ့သည်။ ထိုအချိန်မှာပင် ဝေ့ယွီဟွာက ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လေသည်။

"ဘာလို့လဲ၊ ဒီရတနာကို ငါ ပထမဆုံး ရှာတွေ့ခဲ့တာ... ပြီးတော့ လူတိုင်းရဲ့ အားထုတ်မှုနဲ့ ငါတို့ အက်ကွဲနေတဲ့ မြေပြင်ကို ပြန်ဖာထေးခဲ့ကြတာ၊ မင်းရဲ့ စကားတစ်ခွန်းတည်းနဲ့ အဲဒါက ဘယ်လိုလုပ် မင်းဟာ ဖြစ်သွားမှာလဲ၊ မင်း ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ... အကျိုးအကြောင်း ဆီလျော်ရမယ်"

ဤစကားက ကြီးမားလှသော သွေးထိုးလှုံ့ဆော်မှုများဖြင့် ပြည့်နှက်နေပြီး လူအများအပြား၏ မျက်နှာအမူအရာများကို အလွန်အမင်း ရန်လိုလာစေခဲ့သည်။ သို့သော် ရွှယ်အန်းကမူ တုံ့ပြန်သည့်အနေဖြင့် အေးစက်သော အပြုံးတစ်ခုကိုသာ ပြုံးသည်။

"ဘာလို့လဲ ဟုတ်လား၊ ကောင်းပြီလေ... ဘာလို့လဲဆိုတာကို အခု မင်းကို ငါ ပြောပြမယ်"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းက တုန်ခါမှုလှိုင်းကြောင့် သူ၏ အနောက်တွင် ပြန့်ကျဲနေသော မိစ္ဆာဝိညာဉ် တပ်မတော် ကို လှည့်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

"တန်းစီစမ်း"

အမိန့်တစ်ခွန်းတည်းနှင့်ပင် မိစ္ဆာဝိညာဉ်များ၏ မျက်လုံးများထဲရှိ တစ္ဆေမီးတောက်များက ရုတ်တရက် ပြင်းထန်လာပြီး သူတို့၏ သံချပ်ကာများပေါ်ရှိ အက်ကွဲကြောင်းများက အလျင်အမြန် ပြန်လည် ပေါင်းစပ်သွားတော့သည်။ ထို့နောက် သူတို့က အလျင်အမြန် တန်းစီလိုက်ကြပြီး ရွှယ်အန်း၏ အနောက်တွင် အညံ့ခံသည့်အနေဖြင့် ဦးညွှတ်လိုက်ကြသည်။

ဤမြင်ကွင်းက လူတိုင်းကို ဆွံ့အ တိတ်ဆိတ်သွားစေသည်။ ရွှယ်အန်းက အေးစက်စွာ ပြောသည်။

"မြင်လား၊ ဒီရတနာက အစကတည်းက ငါ့ဟာပဲ၊ မင်းက ဘာလို့လဲလို့ မေးနေတာလား"

ဝေ့ယွီဟွာ၏ ပါးစပ်မှာ အဟောင်းသား ပွင့်နေပြီး သူ မျက်မြင်တွေ့ရှိနေရသောအရာကို အစစ်အမှန်ဟု မယုံကြည်နိုင်သည့်အလား သူ၏ လည်ချောင်းထဲမှ တဂွီဂွီ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ‘သူက ဘယ်သူလဲ၊ ဘာလို့ သူက ဒီမိစ္ဆာဝိညာဉ် တပ်မတော် ကို အမိန့်ပေးနိုင်ရတာလဲ…’

ဤအခိုက်အတန့်တွင် ရွှယ်အန်းက တည်ငြိမ်စွာ ပြောသည်။

"ငါက အကျိုးအကြောင်း မဆီလျော်တဲ့ လူတစ်ယောက် မဟုတ်ဘူး၊ အခု မင်းတို့ကို အခွင့်အရေး တစ်ခု ပေးမယ်၊ မင်းတို့က လိမ္မာစွာနဲ့ ထွက်သွားမယ်ဆိုရင် ဘာမှမဖြစ်ခဲ့ဘူးလို့ ငါ ဟန်ဆောင်ပေးနိုင်တယ်၊ မဟုတ်ရင်တော့... လုံးဝ သက်ညှာမှာ မဟုတ်ဘူး"

လုံးဝ သက်ညှာမှာ မဟုတ်ဘူး ဟူသော စကားလုံးများက ဧရာမ သတ်ဖြတ်လိုသည့် အငွေ့အသက် တစ်ခုကို ထုတ်လွှတ်လိုက်ပြီး ပရိသတ်ကြီး တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။ ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသူများမှာ အကြောက်တရားကြောင့် ချက်ချင်း ဒူးထောက်ကျသွားကြပြီး မလှုပ်ရှားနိုင်တော့ချေ။

ခန်းမဆောင်သခင် အချို့ပင်လျှင် သူတို့၏ နှလုံးသားများ အေးစက်သွားသည်ကို ခံစားလိုက်ရပြီး အနည်းငယ် မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ကြချေ။ ဝမ်မူလင်းက လင်းလက်နေသော မျက်လုံးများဖြင့် ကြည့်နေခဲ့ပြီး သူရဲကောင်းများကို အမိန့်ပေးနေသည့် ရွှယ်အန်း၏ လွှမ်းမိုးနိုင်သော ဟန်ပန်မှာ အလွန်တရာ အထင်ကြီးလောက်စရာ ကောင်းသည်ဟု ထင်မြင်နေခဲ့သည်။

လူအများအပြားက မလိုလားသော အမူအရာများကို ပြသခဲ့ကြသော်လည်း သူတို့က ခေါင်းငုံ့ကာ ထွက်ခွာရန် စဉ်းစားရုံသာ တတ်နိုင်ကြတော့သည်။

ဘာပဲဖြစ်ဖြစ် စွမ်းအား ကွာဟချက်က ကြီးမားလွန်းလှပြီး သူတို့ ဖီဆန်လို့ မရနိုင်လောက်အောင် ကြီးမားနေသောကြောင့်ဖြစ်သည်။ သို့သော် ဝေ့ယွီဟွာမှာ စိုးရိမ်ပူပန်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူ့ကို ဤရတနာဆီသို့ လမ်းပြပေးခဲ့သူအား ၎င်းကို အပြည့်အဝ သိမ်းပိုက်ပါမည်ဟု သူ ကတိပေးထားခဲ့သောကြောင့်ပင်။ အကယ်၍ သူသာ ကျရှုံးခဲ့မည်ဆိုလျှင် ထိုပုဂ္ဂိုလ်၏ စိတ်ကူးယဉ်၍တောင် မရနိုင်လောက်သော နည်းလမ်းများကို တွေးမိရုံဖြင့် ဝေ့ယွီဟွာ ကို တုန်ချမ်းသွားစေခဲ့သည်။ ထို့ကြောင့် သူက မအော်ဟစ်ဘဲ မနေနိုင်ခဲ့ချေ။

"ငါ မယုံဘူး၊ မင်းက အရှက်မရှိတဲ့ လျှို့ဝှက်နည်းစနစ် တစ်ခုခုကို သုံးထားတာ ဖြစ်ရမယ်၊ သူ့ကို မယုံကြနဲ့၊ အားလုံးပဲ... သူက ငါတို့ အားလုံးကို တကယ်ပဲ ကိုင်တွယ်နိုင်လိမ့်မယ်လို့ ငါ မယုံဘူး"

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရွှယ်အန်း၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင် တစ်ချက် ပေါ်လာပြီး မျက်မြင်မရသော စွမ်းအားတစ်ခုက ဝေ့ယွီဟွာဆီသို့ ချက်ချင်း ဖိချသွားတော့သည်။

"ဟွာအာ"

ဝေ့ကျင်းလုံက သူ၏ သားဖြစ်သူကို ကယ်တင်ရန် လက်လှမ်းရင်း အော်ဟစ်လိုက်သည်။ သို့သော် နောက်ကျသွားခဲ့သည်။ ဝေ့ယွီဟွာမှာ ညည်းတွားသံ တစ်ချက်ပင် မထွက်နိုင်မီ ခုခံ၍ မရနိုင်သော စွမ်းအားကြောင့် လေထဲတွင် သွေးတန်းတစ်ခု ကျန်ရစ်ကာ အဝေးသို့ လွင့်စင်သွားတော့သည်။

ရွှယ်အန်းက လှုပ်ရှားခြင်းပင် မရှိဘဲ တိတ်ဆိတ်စွာ ကြည့်နေခဲ့ပြီး ဝေ့ယွီဟွာက သူ့ကိုယ်သူ မနည်းပြန်ထိန်းကာ ရပ်တန့်နိုင်ချိန်ရောက်မှသာ စကားဆက်ပြောသည်။

"ဘာလဲ၊ အခုချိန်ထိ မင်းက ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ပြသဖို့ ငြင်းဆန်နေတုန်းပဲလား"

ဒါက ဘာအဓိပ္ပါယ်လဲ၊ သူက ဘာအကြောင်းကို ပြောနေတာလဲ...

လူအုပ်ကြီးမှာ ဇဝေဇဝါဖြစ်နေသော အမူအရာများကို မပြသဘဲ မနေနိုင်ခဲ့ကြချေ။ ထို့နောက် ဗလာနယ်မှနေ၍ ခပ်ဖွဖွ သက်ပြင်းချသံ တစ်ခု ထွက်ပေါ်လာပြီးနောက် အလွန်အမင်း အေးစက်သော အသံတစ်သံက ပြောသည်။

"နတ်မီးတောက် တစ္ဆေ ဧကရာဇ်... မင်းနဲ့ ထိပ်တိုက် မတွေ့ရအောင် ငါ အမြဲတမ်း ကြိုးစားရှောင်ရှားနေခဲ့တာ၊ ဒါပေမယ့် ငါ့ကို ထွက်လာအောင် မင်းက ဆက်တိုက် ဖိအားပေးနေတယ်... ဘာလို့ ဒီလောက်တောင် အတင်းအကျပ် လုပ်နေရတာလဲ"

‘နတ်မီးတောက် တစ္ဆေ ဧကရာဇ်လား…’

ဤစကားလုံးများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ဒေါသများဖြင့် ပြည့်နှက်နေခဲ့သော ခန်းမဆောင်သခင်များ အပါအဝင် ဤနာမည်ကို ကြားလိုက်ရသောအခါ အကြောက်တရားများကို ပြသလာကြသည်။

၎င်းမှာ သတ္တိကြောင်မှု မဟုတ်ချေ။ တစ်ချိန်က လောကကြီးကို လွှမ်းမိုးခဲ့ပြီး မရဏအရှင်သခင်နှင့် ညီမျှသော စွမ်းအားကို ပိုင်ဆိုင်ထားခဲ့သည့် ဤ နတ်မီးတောက် တစ္ဆေ ဧကရာဇ် ၌ အလွန် ကြီးမားလှသော ဂုဏ်သတင်း ရှိနေသောကြောင့်ဖြစ်သည်။ မည်မျှပင် ကြီးမားသနည်းဆိုလျှင် ယခုအချိန်အထိ သူက လူအများအပြား၏ နှလုံးသားထဲတွင် အကြောက်မက်ဖွယ်အကောင်းဆုံး အိပ်မက်ဆိုးနှင့် တားမြစ်ချက် တစ်ခုဖြစ်နေသည်။

‘ဒီအဖြူရောင်ဝတ် လူငယ်လေးက ပျောက်ကွယ်သွားတာ ကြာပြီဖြစ်တဲ့ နတ်မီးတောက် တစ္ဆေ ဧကရာဇ် တကယ်ပဲ ဖြစ်နေတာလား…’

လူတိုင်းအကြည့်က ရွှယ်အန်းဆီသို့ စူးစိုက်ကျရောက်လာသည်။ ရွှယ်အန်း၏ နှုတ်ခမ်းများက အေးစက်သော အပြုံးတစ်ခုအဖြစ် အနည်းငယ် ကွေးတက်သွားခဲ့သည်။

"ငါသာ မင်းကို ဖိအားမပေးခဲ့ရင်... ကျောချမ်းဖွယ် ငရဲတွေထဲမှာ ကမောက်ကမ ဖြစ်မှုတွေကို ဖန်တီးနေတဲ့ မင်းလိုလူက ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ပြသဖို့ ဘယ်လိုလုပ် ဆန္ဒရှိပါ့မလဲ၊ ငါပြောတာ မှန်တယ်မလား..."

"ဝေ့မိသားစုရဲ့ ဘိုးဘေး”

--

All Chapters