အခန်း ၁၄၄၅
Vol. 97 Ch. 1445
အခန်း (၁၄၄၅) အချိန် အဝေးရောက် ပြည်နှင်ဒဏ် မန္တန်
ထိုစကားကြောင့် ဝေ့လီက ပြောမယ့် စကားတွေကို မြိုချလိုက်ပြီး ရွှယ်အန်းကို စူးရဲစွာ စိုက်ကြည့်ကာ အက်ကွဲနေသော နှုတ်ခမ်းများကို သူ၏ သွေးရောင်လျှာနဲ့ သပ်မိသည်။
"နတ်မီးတောက် တစ္ဆေ ဧကရာဇ်... မင်းက အများကြီးသိလွန်းနေတယ်၊ ပြီးတော့ အများကြီး သိလွန်းတာက မင်းကို ပိုပြီး အန္တရာယ် များစေတယ်၊ ဒီသဘောတရားကို မင်း နားလည်သင့်တယ်လို့ ငါ ထင်တယ်"
သို့သော် ရွှယ်အန်းက အေးစက်စွာ ပြုံးလာသည်။
"ငါ့ကို ခြိမ်းခြောက်နေတာလား"
ဝေ့လီက ခပ်ဖွဖွ ရယ်မောလိုက်သည်။
"မင်းကို ငါက ခြိမ်းခြောက်နေစရာ လိုသေးတယ်လို့ ထင်နေတာလား"
ရွှယ်အန်းက အရေးမစိုက်သလိုဖြင့်
ပြောသည်။
"တတိယ မေးခွန်း... မိစ္ဆာ ချုပ်နှောင်ခြင်း မြို့တော်ကနေ ပြန်ပေးဆွဲခံရတဲ့ ကောင်မလေး ချန်ရှီးရွေ့ အခု ဘယ်မှာလဲ"
ဤအခိုက်အတန့်တွင် ဝေ့လီ၏ အရှိန်အဝါက ဒေါသတကြီး ရိုက်ခတ်နေသော ဒီရေလှိုင်းများအလား ရူးသွပ်စွာ မြင့်တက်လာခဲ့သည်။ ကောင်းကင်နှင့် မြေကြီးကြားတွင် တုန်လှုပ်ဖွယ်ရာ ဧရာမ စွမ်းအားကြီး တစ်ရပ် ပေါ်ထွက်လာခဲ့သည်။ နေ၊ လ နှင့် ကြယ်များ အားလုံး ပုန်းကွယ်သွားကြပြီး အရိပ်အယောင်လေးမျှ မကျန်ဘဲ ပျောက်ကွယ်သွားကြသည်။
ထိုနေရာတွင် ရှိနေသူ အားလုံးမှာ ထိတ်လန့်တကြား နောက်ဆုတ်သွားကြပြီး အားနည်းသူ အချို့မှာ မတ်တတ်မရပ်နိုင်တော့ဘဲ မြေကြီးပေါ်တွင် ဝပ်စင်းကာ အကြောက်တရားဖြင့် တုန်ယင်နေကြသည်။ အပြစ်ဒဏ်ပေး လောကနယ်ပယ်မှ ခန်းမဆောင်သခင် အချို့ပင်လျှင် အဆုံးအစမရှိသော အကြောက်တရားများကို ပြသနေကြသည်။
အေးခဲငရဲ ဧကရာဇ် ချွေ့ဟန်က ညည်းတွားသံ တစ်ဝက်ဖြင့် ပြောလာသည်။
"ဒါက... ဒါက ဘုရင်တစ်ပါးရဲ့ စွမ်းအားပဲ၊ သူက တကယ်ကို အင်မော်တယ် ဘုရင်အဆင့်ရှိတဲ့ အစွမ်းထက် ပုဂ္ဂိုလ်ပဲ"
တစ်ချိန်တည်းမှာပင် ဝေ့လီ၏ ကြောက်မက်ဖွယ်ကောင်းသော ဒီရေလှိုင်းအလား အရှိန်အဝါအောက်တွင် ရွှယ်အန်းမှာ မုန်တိုင်းထဲရှိ သစ်ရွက်တစ်ရွက်အလား အချိန်မရွေး လွင့်စင်သွားမည့်ပုံ ပေါက်နေခဲ့သည်။ သို့တိုင်အောင် ရွှယ်အန်းက ဓားတစ်လက်အလား မားမားမတ်မတ် ရပ်နေပြီး အနည်းငယ်မျှ နောက်ဆုတ်သွားခြင်း မရှိချေ။ ဝေ့လီက ကောက်ကျစ်စွာ ရယ်မောလိုက်သည်။
"နတ်မီးတောက် တစ္ဆေ ဧကရာဇ်... မင်းက ဝင်စွက်ဖက်လွန်းတယ်လို့ မထင်ဘူးလား၊ ကောင်မလေး တစ်ယောက်အကြောင်းတောင် မင်းက မေးနေရသေးတယ်၊ အဲဒါက တန်လို့လား"
ရွှယ်အန်းက တိုးညင်းစွာ ပြောသည်။
"သူမက တန်ပါတယ်၊ ခင်ဗျားကတော့... မတန်ဘူး"
"ဟွန့်"
ဝေ့လီက အေးစက်စွာ နှာခေါင်းရှုံ့လာသည်။
"ဒီလိုဆိုမှတော့ မင်းကို ငါ ပြောပြလိုက်မယ်၊ အဲဒီ ကောင်မလေးက ရှားပါးတဲ့ သွေးကြော စွမ်းရည် တစ်ခုကို အံ့သြစရာကောင်းလောက်အောင် နိုးထလာခဲ့တယ်၊ ဒါကြောင့် မင်း ဘယ်တော့မှ ရှာမတွေ့နိုင်မယ့် နေရာတစ်ခုကို သူမကို ငါ ပို့လိုက်ပြီ၊ စကြဝဠာပေါင်းစုံမှာ အကြောက်မက်ဖွယ်အကောင်းဆုံးနဲ့ အဆိုးညစ်ဆုံး နေရာဖြစ်တဲ့ အမှောင် သန့်စင်သော မြေမြတ်မဟာ ပဲ... ဟားဟားဟား"
ဝေ့လီက ရူးသွပ်စွာ ရယ်မောသည်။ ရွှယ်အန်း၏ အကြည့်များ အေးစက်သွားပြီး တိတ်ဆိတ်စွာ ပြောလိုက်သည်။
"အမှောင် သန့်စင် မြင့်မြတ်မြေ... အမှောင် ပျောက်ဆုံးကောင်းကင်ကိုလား"
ဝေ့လီ၏ ရယ်မောသံမှာ ရုတ်တရက် ရပ်တန့်သွားပြီး ရွှယ်အန်းကို ကြက်သေသေဖြင့် စိုက်ကြည့်လာသည်။
"မင်း... အဲဒီနေရာအကြောင်းကို ဘယ်လို သိတာလဲ"
ရွှယ်အန်းက ပြုံးလိုက်သည်။
"ခင်ဗျားရဲ့ သခင်ကလည်း အဲဒီကနေ လာတာဖြစ်ရမယ်"
"သေလမ်းရှာနေတာပဲ"
ဝေ့လီက အဆုံးတွင် ဒေါသ ပေါက်ကွဲသွားတော့သည်။ အစပိုင်းတွင် သူက ရွှယ်အန်းနှင့် တကယ်ပဲ ပဋိပက္ခ မဖြစ်ချင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်း၏ နတ်မီးတောက်ကို သူက တော်တော်လေး သတိထားမိနေသောကြောင့်ဖြစ်သည်။ သို့သော် ယခုအခါ စကားများ ပြောဆိုပြီးသွားပြီဖြစ်ရာ သူတို့ နှစ်ဦးကြားတွင် သေရေးရှင်ရေး ရန်ငြိုးတစ်ခု ရှိလာပြီဖြစ်ပြီး သဘာဝကျကျပင် ပြန်လည် ပြေလည်နိုင်ရန် လမ်းစ မရှိတော့ချေ။
အထူးသဖြင့် ရွှယ်အန်းက အမှောင် ပျောက်ဆုံး ကောင်းကင်၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်လိုက်သောကြောင့်ဖြစ်သဘ်။ ဤအရာက ဝေ့လီကို ရွှယ်အန်းအပေါ် ပို၍ စိုးရိမ်ထိတ်လန့်သွားစေပြီး သူ့ကို အလျင်အမြန် ဖယ်ရှားပစ်ချင်နေခဲ့သည်။ ထို့ကြောင့် သူက ရွှယ်အန်းကို တစ်ချက်တည်းဖြင့် နှိမ်နင်းရန် ရည်ရွယ်ကာ သူ၏ စွမ်းအားများကို ထုတ်လွှတ်ရန် ဧရာမ ပေးဆပ်မှုများကိုပင် မနှမြောတော့ချေ။
အင်မော်တယ်ဘုရင်တစ်ပါး၏ အစစ်အမှန် စွမ်းအားဆိုတာ မည်သည့်အရာနည်း။ ဥပမာဆိုရလျှင်
အကယ်၍ ခန်းမဆောင်သခင် ရှစ်ဦး၏ ပေါင်းစပ် တိုက်ခိုက်မှုက ၁ဆိုလျှင် ယခု ဝေ့လီ၏ တိုက်ခိုက်မှုက ၁၀ဖြစ်လိမ့်မည်။ ထိုသည်တောင်မှ ဝေ့လီ၏ ခန္ဓာကိုယ် အစစ်အမှန်က ဆင်းသက်လာခြင်း မရှိသေးဘဲ သူ၏ ကိုယ်ပွားသာ ရှိနေသေးသောကြောင့် ဖြစ်သည်။
ရွှယ်အန်း ပြန်လည် မွေးဖွားလာပြီးကတည်းက စစ်မှန်သော မသေမျိုး ဘုရင် အဆင့်ရှိ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးနှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်းလည်း ဖြစ်သည်။ အဆုံးအစမရှိသော အနက်ရောင် မီးတောက်များက လွှမ်းမိုးနိုင်သော အင်အားဖြင့် ဖိချလာခဲ့ပြီး ၎င်းတို့ ဖြတ်သန်းသွားသော နေရာများရှိ ယခုလေးတင် ပြန်လည် ပေါင်းစပ်ထားသော အာကာသမှာ နောက်တစ်ကြိမ် ထပ်မံ ဆုတ်ဖြဲခံလိုက်ရသည်။
ပြင်းထန်သော စွမ်းအားများက လျှို့ဝှက်နယ်မြေ တစ်ခုလုံးကိုပင် တုန်လှုပ်သွားစေခဲ့သည်။ လူတိုင်းက မျက်မြင်မရသော ဧရာမ စွမ်းအားတစ်ခု သူတို့ကို ရူးသွပ်စွာ ဆွဲငင်နေသည်ကို ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ဝေ့လီ၏ တိုက်ခိုက်မှုကြောင့် အာကာသက ရူးသွပ်စွာ ယိမ်းထိုးနေသောကြောင့်ဖြစ်သည်။
"အရှင်သခင်"
ဝေ့ချင်းရှောင်းနှင့် ဝမ်မူလင်းတို့ နှစ်ဦးစလုံးက အံ့အားသင့်စွာ အော်ဟစ်ကြသည်။ ရွှယ်အန်း၏ အစစ်အမှန် ကိုယ်ပိုင်အထောက်အထားကို သိရှိပြီးကတည်းက ဝေ့ချင်းရှောင်း၏ နှလုံးသားမှာ ကမောက်ကမ ဖြစ်နေခဲ့သည်။ နတ်မီးတောက် တစ္ဆေ ဧကရာဇ် ဆိုသည်မှာ ဒဏ္ဍာရီလာ ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည်။
ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးက သူမ၏ မောင်ဖြစ်သူ၏ ရောဂါကို ကုသပေးနိုင်သည်ဟု ပြောခဲ့လျှင် သူမ၏ မောင်မှာ သေချာပေါက် ရောဂါပျောက်ကင်းမည် ဖြစ်သည်။ ထို့ကြောင့် ဝေ့လီ၏ ကိုယ်ပိုင်အမှတ်အသားကို ဖော်ထုတ်လိုက်ချိန်တွင် ဝေ့ချင်းရှောင်းက သိပ်ပြီး မခံစားခဲ့ရဘဲ သူမ၏ အာရုံအားလုံးကို ရွှယ်အန်းအပေါ်သို့သာ စူးစိုက်ထားခဲ့သည်။
ရွှယ်အန်းက သူတို့ နှစ်ယောက်၏ အော်ခေါ်သံကို ကြားလိုက်သည့်အလား သူတို့ နှစ်ဦးထံသို့ ခေါင်းလှည့်ကြည့်လိုက်သည်။ လျှပ်တစ်ပြက်သာ ကြည့်လိုက်ခြင်း ဖြစ်သော်လည်း ဝေ့ချင်းရှောင်းက ရွှယ်အန်း၏ မျက်လုံးများထဲရှိ တည်ငြိမ်မှုနှင့် သဘောကျနေမှု အရိပ်အယောင် တစ်ခုကို ခံစားလိုက်ရသည်။
ဟင်... သဘောကျနေတယ် ဟုတ်လား၊ ဒီလို တိုက်ခိုက်မှုမျိုးကို ရင်ဆိုင်နေရတာတောင်... သူက ပြုံးနေတုန်းပဲလား
ဝေ့ချင်းရှောင်းမှာ ခဏတာ ဆွံ့အ မှင်တက်သွားခဲ့သည်။ ရွှယ်အန်းက တိုးညင်းစွာ ရေရွတ်သည်။
"အချိန်ကျပြီ"
ထိုသို့ပြောရင်း ရွှယ်အန်းက လက်သင်္ကေတ တစ်ခု ဖန်တီးလိုက်ရာ ဝေ့ချင်းရှောင်း၏ ဘေးတွင် ငတုံးအပြုံးဖြင့် ရပ်နေခဲ့သော ဝေ့ဟောက်ချန်မှာ သူ ရှိနေခဲ့သော နေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ သူ ပြန်လည် ပေါ်လာချိန်တွင် ရွှယ်အန်း၏ အနောက်တွင် ရပ်နေပြီ ဖြစ်သည်။
သူမ၏ မောင်ဖြစ်သူက ရွှယ်အန်း၏ အနောက်တွင် ပေါ်လာသည်ကို မြင်သောအခါ ဝေ့ချင်းရှောင်းက အဆုံးတွင် သတိပြန်ဝင်လာသည်။
"ချန်အာ"
တစ်ချိန်တည်းမှာပင် ဝေ့လီ၏ တိုက်ခိုက်မှုမှာ ရောက်ရှိလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ရွှယ်အန်းက သူ၏ လက်များကို ဖြည်းညင်းစွာ မြှောက်လိုက်ရာ သူ၏ လက်ချောင်းများက ပွင့်အာလာသော ကြာပန်းများအလား ဗလာနယ်ကို အကြိမ်ကြိမ် ခေါက်လိုက်ပြီး လေထဲတွင် ဧရာမ အရွယ်အစားရှိပြီး ရှုပ်ထွေးလှသော ကြာပန်းတစ်ခုကို ချက်ချင်း ဖန်တီးသည်။
ဝေ့လီ၏ တိုက်ခိုက်မှု ရောက်ရှိလာချိန်မှာပင် ကြာပန်းက ပုံပေါ်လာခဲ့သည်။ အာကာသ ဆုတ်ဖြဲခံရသည့် အသံကြားတွင် ရွှယ်အန်းမှာ မီတာ တစ်ရာခန့် နောက်သို့ လွင့်စင်သွားခဲ့သည်။ သို့သော် တစ်ချိန်တည်းမှာပင် ကြ ပန်း ပြီးပြည့်စုံသော မှန်တစ်ချပ်အလား ဝေ့လီ၏ တိုက်ခိုက်မှုကို အခြား လမ်းကြောင်းတစ်ခုဆီသို့ လွှဲပြောင်းပေးလိုက်သည်။
ဘုန်း
ဧရာမ စွမ်းအားကြီးက လေထဲတွင် လွင့်မျောနေသော တံခါးကြီးဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။
အရာအားလုံးကို ဖျက်ဆီးပစ်နိုင်လောက်သော စွမ်းအားအောက်တွင် ဤတံခါးကြီးက အနည်းငယ် တုန်လှုပ်သွားရုံသာ ပြုလုပ်ပြီး ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။
"ရတနာကြီး ပွင့်လာပြီ"
တစ်ယောက်ယောက်က အော်ဟစ်လာသည်။ ဝေ့လီ၏ မျက်နှာအမူအရာလည်း ပြောင်းလဲသွားခဲ့သည်။ ‘ဒီနတ်မီးတောက် တစ္ဆေ ဧကရာဇ်က လျှို့ဝှက် တံခါးကို ဖွင့်ဖို့ သူရဲ့ တိုက်ခိုက်မှုကို တကယ်ကြီး အသုံးပြုလိုက်တာပဲ၊ သူ ဘာလုပ်ဖို့ ကြံနေတာလဲ၊ လျှို့ဝှက်နယ်မြေထဲကို ထွက်ပြေးဖို့ စီစဉ်နေတာလား…’
ဤအတွေးများက သူ့ စိတ်ထဲတွင် လျှပ်တစ်ပြက် ဖြတ်ပြေးသွားချိန်မှာပင် ရွှယ်အန်းက ဝေ့ဟောက်ချန်ကို ဆွဲကိုင်ကာ အသက်ပြင်းပြင်းရှူပြီး အော်ဟစ်သည်။
"ညီလေး... မင်းကို ငါ ပို့ပေးမယ်... သွားတော့"
ထိုသို့ပြောရင်း သူက ဝေ့ဟောက်ချန်ကို ဘောလုံးတစ်လုံး ပစ်လိုက်သကဲ့သို့ အဟဟလေး ပွင့်နေသော လျှို့ဝှက် တံခါးထဲသို့ ပစ်သွင်းလိုက်သည်။
ဘုန်း
ဝေ့ဟောက်ချန်၏ ပုံရိပ်က တံခါးနောက်ကွယ်တွင် ပျောက်ကွယ်သွားသောအခါ လျှို့ဝှက် တံခါးကြီးမှာ ပြန်လည် ပိတ်သွားတော့သည်။
"မဟုတ်ဘူး"
သွေးများ ဖုံးလွှမ်းနေသော မျက်နှာဖြင့် ဝေ့ယွီဟွာက အော်ဟစ်လိုက်ပြီး ဝေ့လီကို လှမ်းအော်သည်။
"ဘိုးဘေး... ဒီကောင် အထဲကို ပစ်သွင်းလိုက်တာက မိသားစုထဲက ငတုံးတစ်ယောက်ပါ၊ တကယ်လို့ သူသာ မရဏအရှင်သခင်ရဲ့ အမွေအနှစ်ကို ရသွားရင် အကုန်လုံး ပြီးသွားလိမ့်မယ်"
ဤအခိုက်အတန့်တွင် ဝေ့လီမှာလည်း ဒေါသထွက်လွန်းသဖြင့် မီးခိုးများပင် ထွက်လုမတတ် ဖြစ်နေခဲ့သည်။ မရဏအရှင်သခင်၏ အမွေအနှစ် ကြောင့်သာမက အဓိကအားဖြင့် သူ အသုံးချခံလိုက်ရသည်ဟု ခံစားလိုက်ရသောကြောင့်ဖြစ်သည်။
ထို့အပြင် သူ၏ လက်ရှိ စွမ်းအားများကို အချိန်အကြာကြီး ဆက်လက် ထိန်းသိမ်းထားနိုင်မည် မဟုတ်ကြောင်းကို သူ ခံစားမိသဖြင့် ဒေါသတကြီး အော်ဟစ်လာသည်။
"ရွှယ်အန်း... ဒါက မင်းဘာသာ သေလမ်းရှာတာပဲ"
ထိုသို့ပြောပြီးနောက် ဝေ့လီက ရှုပ်ထွေးသော လက်သင်္ကေတတစ်ခု ဖန်တီးလိုက်သည်။
"အချိန်"
ဘုန်း
ပတ်ဝန်းကျင်ရှိ အရာအားလုံးက ရုတ်တရက် အေးခဲသွားပြီး နေရာအနှံ့ ရှိနေသော အလင်းရောင်များပင်လျှင် လေထဲတွင် ရပ်တန့်သွားကြသည်။
ရွှယ်အန်းမှာလည်း သက်ရောက်မှု ခံလိုက်ရပုံရပြီး အနည်းငယ် ဝေဝါးနေသည့် အမူအရာကို ပြသနေခဲ့သည်။
ဤအခိုက်အတန့်တွင် ဝေ့လီ၏ မျက်နှာပေါ်၌ ကောက်ကျစ်ပြီး ဝမ်းမြောက်နေသော အပြုံးတစ်ခု ပေါ်လာကာ ကောင်းကင်ဘုံ နတ်ဘုရား တစ်ပါးအလား ဖြည်းညင်းစွာ ရွတ်ဆိုသည်။
"မဟာ ပြည်နှင်ဒဏ် နည်းစနစ်"
စကားလုံးများက အမှန်တကယ် ဖြစ်လာခဲ့သည်။ အမှောင်ကျပြီး လျှို့ဝှက်ဆန်းကြယ်သော ရောင်ခြည်တစ်ခုက ရွှယ်အန်း၏ ခေါင်းပေါ်သို့ ချက်ချင်း ကျဆင်းလာပြီး သူ့ကို လုံးလုံးလျားလျား လွှမ်းခြုံသွားတော့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ကောင်းကင်ယံထက်တွင် မတ်တတ်ရပ်နေသော ရွှယ်အန်း၏ ပုံရိပ် အများစုမှာ ပျောက်ကွယ်သွားခဲ့ပြီး မြင်ကွင်းထဲတွင် အားနည်းသော ကောက်ကြောင်းလေး တစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။
ယိမ်းယိုင်နေပြီး အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်အလား ထင်ရသည်။
--