← Chapters

အခန်း ၁၄၄၈

Vol. 97 Ch. 1448

အခန်း ၁၄၄၈

Vol. 97 Ch. 1448

အခန်း (၁၄၄၈) သွားရည်ကျခြင်း

လူအုပ်ကြီးမှာ အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ လူအများအပြားမှာ ထူးဆန်းသော အမူအရာများ ရှိနေကြပြီး သူတို့၏ အကြည့်များ အားလုံးက ရှေ့ဆုံးရှိ ဝေ့လီ ထံသို့ စူးစိုက်ကျရောက်နေကာ ဤအစွမ်းထက် ပုဂ္ဂိုလ်က မည်သို့ တုံ့ပြန်မည်ကို စပ်စုချင်နေကြသည်။

အားလုံးက အစောက မြင်ကွင်းကို မျက်မြင်တွေ့ရှိထားခဲ့ကြသည်။ နတ်မီးတောက် တစ္ဆေ ဧကရာဇ် ကိုတောင် ဖယ်ရှားပစ်နိုင်စွမ်းရှိသော ဝေ့လီက အမျိုးသမီး တစ်ယောက်၏ ရိုက်ထုတ်မှုကြောင့ လွင့်စင်သွားရတာလဲ ဆိုတာကို သူတို့ နားမလည်ခဲ့ကြပေ။ သို့သော်လည်း ဒီကိစ္စက ဒီလောက် အလွယ်တကူနဲ့ ပြီးဆုံးသွားမှာ မဟုတ်ဘူးလို့ သူတို့ တွေးနေခဲ့ကြသည်။

မမျှော်လင့်ဘဲ ဝေ့လီက ဗလာနယ်ထဲမှာ ရပ်နေပြီး သူ၏ မျက်နှာအမူအရာက အဆက်မပြတ် ပြောင်းလဲနေခဲ့သော်လည်း နောက်ထပ် လှုပ်ရှားမှု တစ်စုံတစ်ရာမျှ မပြုလုပ်ခဲ့ချေ။

ဤအရာက လူအများအပြားကို ပို၍ပင် ဆွံ့အ မှင်တက်သွားစေခဲ့သည်။

‘ဖြစ်နိုင်တာက ဝေ့မိသားစုရဲ့ ဒီဘိုးဘေး က ကြောက်နေတာများလား…’’

ဤသံသယက လူတိုင်း၏ နှလုံးသားထဲတွင် ပေါ်ပေါက်လာခဲ့သည်။ ဝေ့လီက အန်းယန် ကို ကြောက်နေတာတော့ သေချာပေါက် မဟုတ်ချေ။ အစောပိုင်းက သူ၏ စည်းချက်ကို နှောင့်ယှက်ခဲ့သော စွမ်းအားကြောင့် သူက ဇဝေဇဝါ ဖြစ်နေရုံ သက်သက်သာဖြစ်သည်။

သို့သော် မကြာမီမှာပင် သူက ကောက်ကျစ်ပြီး ကျောချမ်းဖွယ်ကောင်းသော အပြုံးတစ်ခုကို ပြုံးလာသည်။

"ကောင်းတယ်၊ တကယ့် သူရဲကောင်းမလေးပဲ၊ မင်းကို ငါ တကယ်ပဲ အထင်သေးသွားမိတာ ထင်တယ်"

"ဒါပေမယ့် ဒါလောက်နဲ့ လုံလောက်ပြီလို့ မင်း ထင်နေတာလား၊ နတ်မီးတောက် တစ္ဆေ ဧကရာဇ် က သေသွားပြီ... ပြီးတော့ မင်းတို့ မိန်းမတွေက ငါ့ရဲ့ အောင်ပွဲရ တံဆိပ်တွေ ဖြစ်လာတော့မယ်"

ထိုစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရှန်းရှန်း က ရုတ်တရက် ခုန်ထွက်လာပြီး ဝေ့လီကို ဒေါသတကြီး လက်ညိုးထိုးကာ အော်ဟစ်သည်။

"ရှင့် အဖေ သေတာ၊ ရှင့် မိသားစု တစ်ခုလုံးရဲ့ အဖေ သေတာ၊ ပြီးတော့ ရှင်က လူယုတ်မာကြီး... ရှင့်ရဲ့ စွမ်းအားတွေကလည်း အကုန်ခန်းနေပြီကိုများ၊ ဘယ်လိုလုပ် ဒီလောက် မောက်မာရဲရတာလဲ"

ဤကောင်မလေး ရှန်းရှန်း ၏ ပါးစပ်မှ ထွက်လာသောကြောင့် လူတိုင်းကို အလွန်တရာ ထူးဆန်းသော ခံစားချက် တစ်ခုဖြင့် ပြည့်နှက်သွားစေခဲ့သည်။

ဤအချိန်တွင် နျန်နျန် က တိုးတိုးလေး မေးသည်။

"အစ်မ... စွမ်းအားတွေ အကုန်ခန်းနေပြီဆိုတာက ဘာအဓိပ္ပါယ်လဲ"

"အဲဒါက ဒီလူမှာ စွမ်းအင်တွေ မရှိတော့ဘူးလို့ ဆိုလိုတာ"

ရှန်းရှန်း က တိုးတိုးလေး ရှင်းပြလပြီးနောက် ဝေ့လီကို မော့ကြည့်သည်။

"လူယုတ်မာကြီး... သမီး ပြောတာ မှန်တယ်မလား"

ဤစကားများကြောင့် ဝေ့လီ၏ မျက်နှာမှာ ရုတ်တရက် မည်းမှောင်သွားပြီး သူ၏ မျက်ခွံများမှာ မထိန်းနိုင်အောင် တဆတ်ဆတ် တုန်ယင်လာခဲ့သည်။ ရှန်းရှန်း ပြောသည့်အတိုင်းပင် ယခုအခါ သူက တကယ်ကို စွမ်းအားများ အကုန်ခန်းနေပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အစောပိုင်းက အချိန် လျှို့ဝှက်နည်းစနစ် ကို အသုံးပြုရန် သူ၏ ကိုယ်ပွားကို အသုံးပြုခဲ့ခြင်းက သူ့ကို ပြိုလဲလုနီးပါး ဖြစ်သွားစေခဲ့ပြီး သူ၏ စွမ်းအားမှာ သူ၏ အထွတ်အထိပ် အချိန်၏ တစ်ရာခိုင်နှုန်းပင် မပြည့်တော့ချေ။

ဤသည်မှာ အန်းယန်က သူ့ကို ခုနက ရိုက်ထုတ်နိုင်ခဲ့တဲ့ အကြောင်းရင်းဖြစ်သည်။ သို့မဟုတ်ပါက အန်းယန် မည်မျှပင် ထူးကဲနေစေကာမူ ဤမျှ ကြီးမားသော အဆင့်ကွာဟချက်ကြီးကို ဖြတ်ကျော်ပြီး သူ့ကို ခြိမ်းခြောက်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ။ သို့သော် ဤလျှို့ဝှက်ချက်ကို သူ တစ်ယောက်တည်းသာ သိရှိထားပြီး ယခုအခါ အသက် ခြောက်နှစ် ခုနစ်နှစ်အရွယ်သာ ရှိသေးသော ဤကောင်မလေးက တစ်ချက်ကြည့်ရုံဖြင့် ၎င်းကို ထိုးဖောက်မြင်သိသွားခြင်းက ဝေ့လီ ကို နက်ရှိုင်းသော အကြောက်တရားဖြင့် သဘာဝကျကျပင် ပြည့်နှက်သွားစေခဲ့သည်။ နျန်နျန် မှာ ဝမ်းသာအားရ လက်ခုပ်မတီးဘဲ မနေနိုင်ခဲ့ချေ။

"အစ်မက အရမ်း တော်တာပဲ"

ထို့နောက် သူမက ဝေ့လီကို အော်ပြောသည်။

"လူယုတ်မာကြီး... ရှင် သေရမယ်လို့ သမီး ပြောသားပဲ၊ အခု ယုံပြီလား"

ဤစကားက ဝေ့လီ ကို လျှပ်စီးကြောင်းတစ်ခုအလား ထိမှန်သွားစေပြီး အစောပိုင်းက သူ့ကို ဇဝေဇဝါ ဖြစ်စေခဲ့သော ထူးဆန်းသည့် စွမ်းအားကို ချက်ချင်း သတိရသွားစေကာ သူက အများကြီး ပိုပြီး နားလည်သွားခဲ့သည်။ ထို့နောက် သူက ရှန်းရှန်း နှင့် နျန်နျန် တို့ကို ပိုမို ပြင်းပြသော စိတ်အားထက်သန်မှုများဖြင့် ကြည့်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် အလွန် ရှေးကျသော အမွေအနှစ် အချို့တွင်သာ မှတ်တမ်းတင်ထားသည့် ဒဏ္ဍာရီတစ်ခုကို သူ ရုတ်တရက် သတိရသွားသောကြောင့်ဖြစ်သည်။ အချို့သော လူများမှာ စကြဝဠာပေါင်းစုံ၏ ကံကြမ္မာ အထောက်အပံ့ကို ရရှိထားပြီး အမျိုးမျိုးသော ပုံစံများဖြင့် ထုတ်ဖော်ပြသနိုင်သည့် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော မွေးရာပါ အရည်အချင်းများ ပါလာတတ်ကြသည်။

ဥပမာအားဖြင့် အချို့မှာ မည်သည့် ကျင့်ကြံခြင်းအဆင့်မျှ မရှိသော သာမန်လူများ ဖြစ်နေနိုင်သော်လည်း စကားတစ်ခွန်းတည်းဖြင့် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကို ဆုံးဖြတ်နိုင်သည်။ သို့မဟုတ်ပါက အရာအားလုံး၏ အနှစ်သာရကို စကားတစ်ခွန်းဖြင့် ခွဲခြားသိမြင်နိုင်ပြီး စိတ်ကူးယဉ် အာရုံများ အားလုံးကို ထိုးဖောက်မြင်သိနိုင်စွမ်း ရှိကြသည်။

ဤအရည်အချင်းများကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများကို စွမ်းအား သို့မဟုတ် ကျင့်ကြံခြင်း အဆင့်ဖြင့် ကာကွယ်၍ မရနိုင်ချေ။ ထိုစဉ်တုန်းက ဝေ့လီက ဒဏ္ဍာရီကို မြင်သည့်အခါ အဓိပ္ပါယ် မရှိဘူးဟု သတ်မှတ်ပြီး ရယ်မောကျော်ဖြတ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူက နှစ်ပေါင်း နှစ်သောင်းကျော် အသက်ရှင်နေထိုင်လာခဲ့သော်လည်း ဤကဲ့သို့သော အရည်အချင်းမျိုး ရှိသူကို တစ်ခါမျှ မတွေ့ဖူးခဲ့သောကြောင့်ဖြစ်သည်။

သို့သော် ယခုအခါ ရှန်းရှန်း နှင့် နျန်နျန် တို့၏ အပြုအမူများက သူ့ကို ဤဒဏ္ဍာရီအား သတိရသွားစေပြီး ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးနှင့် ပေါင်းစပ်လိုက်သောအခါ ဝေ့လီ က ကောက်ချက်ချနိုင်သွားခဲ့သည်။ ဤကောင်မလေး နှစ်ယောက်မှာ သေချာပေါက် ထူးကဲလွန်းလှသည်။

ထိုအတွေးများက ဝေ့လီ ၏ စိတ်ထဲတွင် လျင်မြန်စွာ လျှပ်တစ်ပြက် ဖြတ်ပြေးသွားခဲ့ပြီး သူ၏ အကြည့်များမှာ ပို၍ ပို၍ လောဘကြီးလာခဲ့သည်။ အကယ်၍ သူသာ ဤကောင်မလေး နှစ်ယောက်ကို ဖမ်းဆီးနိုင်မည်ဆိုလျှင် သူ၏ စွမ်းအားမှာ အမြင့်အသစ် တစ်ခုသို့ ရောက်ရှိသွားနိုင်ပေသည်။

ထိုမျှမက သူသာ ဤကဲ့သို့သော အရည်အချင်းမျိုးကို သိမ်းပိုက်နိုင်မည် ဆိုလျှင် သူသည် တူညီသော အဆင့်ရှိသူများကြားတွင် အစွမ်းအထက်ဆုံး ဖြစ်လာလိမ့်မည်။ ဤအတွေးများက ဝေ့လီ၏ မျက်နှာပေါ်တွင် ကျောချမ်းဖွယ်ကောင်းသော အပြုံးတစ်ခုကို တဖြည်းဖြည်း ရေးဆွဲပေးလိုက်သည်။

ထိုအပြုံးကို မြင်သောအခါ ရှန်းရှန်း နှင့် နျန်နျန်တို့မှာ နှလုံးသားထဲတွင် အေးစက်မှုကို မခံစားရဘဲ မနေနိုင်ခဲ့ကြဘဲ အန်းယန် ၏ အနောက်သို့ အလျင်အမြန် ပုန်းသွားကြသည်။

"မေမေ၊ အဲဒီ လူယုတ်မာကြီးရဲ့ အကြည့်က အရမ်း ကြောက်စရာ ကောင်းတယ်"

အန်းယန် က သူတို့ကို ညင်သာစွာ နှစ်သိမ့်ပေးသည်။

"မကြောက်ကြနဲ့၊ မေမေ ရှိတယ်"

ဤအခိုက်အတန့်တွင် ဝေ့လီ က ခပ်ဖွဖွ ရယ်မောလိုက်ပြီးနောက် တိတ်တဆိတ် ခြေတစ်ဝက်ခန့် နောက်ဆုတ်ကာ အေးစက်စွာ ပြောသည်။

"ဒီလူတွေကို ဝိုင်းထားလိုက်၊ သူတို့ ဘယ်လောက် အကြာကြီး တောင့်ခံနိုင်မလဲ ဆိုတာ ငါ ကြည့်ချင်တယ်"

ရှန်းရှန်းနှင့် နျန်နျန်တို့အပေါ် သူ၏ လောဘကြီးမှုက ဝေ့လီကို နည်းဗျူဟာများ ပြောင်းလဲသွားစေခဲ့ပြီး အတင်းအဓမ္မ မတိုက်ခိုက်တော့ဘဲ ဤဝိုင်းရံထားသည့် နည်းလမ်းကို အသုံးပြုကာ အန်းယန် နှင့် အခြားသူများကို အညံ့ခံရန် အတင်းအကျပ် ဖိအားပေးရန် ဆုံးဖြတ်လိုက်သည်။

သူ အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ဝေ့မိသားစုဝင်များနှင့် တစ္ဆေလောကနယ်ပယ်မှ မှူးမတ် အများအပြားက ရှေ့သို့ တိုးလာကြပြီး အန်းယန် နှင့် သူမ၏ အဖွဲ့ကို တင်းကျပ်စွာ ဝိုင်းရံထားလိုက်ကြသည်။ အပြစ်ဒဏ်ပေး လောကနယ်ပယ်မှ ခန်းမဆောင်သခင် များမှာမူ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ၎င်းတွင် ပါဝင်ကြသည်။

သူ၏ စွမ်းအားများ မည်မျှပင် ကျဆင်းသွားစေကာမူ ဝေ့လီမှာ စစ်မှန်အင်မော်တယ်ဘုရင်အဆင့်ရှိ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေဆဲဖြစ်ပြီး သူတို့ ရန်စနိုင်သည့် လူမျိုး မဟုတ်ချေ။ မျက်တောင်တစ်ခတ် အတွင်းမှာပင် အန်းယန်တို့မှာ ဝိုင်းရံခံလိုက်ရတော့သည်။ ဝေ့လီက အတွင်းမှနေ၍ ကြီးကြပ်နေပြီး တစ္ဆေရထားလုံး တစ်စီးပေါ်တွင် သက်သောင့်သက်သာ လဲလျောင်းကာ သူ၏ စွမ်းအားများကို ဖြည်းညင်းစွာ ပြန်လည် ဖြည့်တင်းနေရင်း အေးစက်စွာ ပြုံးသည်။

သူ၏ စွမ်းအားများ အနည်းငယ် ထပ်မံ ပြန်လည် ပြည့်ဝလာသည်နှင့် တစ်ပြိုင်နက် ဤအမျိုးသမီးများ အားလုံးက သူ၏ အကျဉ်းသားများ ဖြစ်လာကြလိမ့်မည်။ တစ်ချိန်တည်းမှာပင် အန်းယန် နှင့် သူမ၏ အဖွဲ့မှာလည်း သူတို့ ဝိုင်းရံခံထားရမှုကြားတွင် အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့ကြသည်။ ကျန်းရှောင်ယွီနှင့် ဟွီယင်းတို့မှာ ဒဏ်ရာရထားပြီး ဖြစ်သဖြင့် အန်းယန် က သူတို့ကို တိုးညင်းစွာ ပြောလိုက်သည်။

"ယင်းအာ... ရှောင်ယွီ... နင်တို့ နှစ်ယောက် မှော်ရတနာ စံအိမ်ထဲ အရင် ပြန်ဝင်သွားကြ၊ ဒီနေရာကို ငါ တစ်ယောက်တည်း စောင့်နေမယ်"

ဟွီယင်းက ပြတ်သားစွာ ခေါင်းခါရမ်းသည်။

"မရပါဘူး၊ အစ် ယန်... စိတ်မပူပါနဲ့! ကျွန်မ အဆင်ပြေပါတယ်"

ကျန်းရှောင်ယွီကလည်း သူမ၏ လက်တံများ အားလုံး ကျိုးပဲ့နေသော်ငြား ရွှင်လန်းစွာ ပြောလာသည်။

"ဟုတ်တယ်... ဒဏ်ရာ နည်းနည်းလောက်ကတော့ ဘာမှမဟုတ်ပါဘူး၊ အရင်တုန်းက ကျွန်မကိုယ်တိုင်တောင် ကျွန်မရဲ့ လက်တံတွေကို ဆွဲဖြုတ်ပြီး စားခဲ့သေးတာပဲ"

ပြုံးနေသော ဤကောင်မလေး နှစ်ယောက်ကို ကြည့်ရင်း အန်းယန်၏ အကြည့်များ နူးညံ့သွားပြီး ခပ်ဖွဖွ ခေါင်းညိတ်သည်။

"ကောင်းပြီလေ၊ ဒါဆိုရင် ငါတို့ အတူတူ ဒီမှာ စောင့်နေကြတာပေါ့"

ဤအချိန်တွင် ရှန်းရှန်း နှင့် နျန်နျန် တို့က တိုးတိုးလေး မေးကြသည်။

"မေမေ... ဖေဖေ ဘယ်တော့ ပြန်လာမှာလဲ"

အန်းယန်က ဗလာနယ်ထဲရှိ ထိုကောက်ကြောင်းလေးကို နက်ရှိုင်းစွာ တစ်ချက်ကြည့်လိုက်ပြီး တိုးညင်းစွာ ပြေားသည်။

"သူ မကြာခင် ပြန်လာတော့မှာပါ"

အန်းယန်က ဘယ်သောအခါမျှ ထိတ်လန့်တုန်လှုပ်ခြင်း မရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်းက ဘယ်ကိုမှ မထွက်သွားခဲ့ဘဲ အကြောင်းရင်း တစ်ခုခုကြောင့် လောလောဆယ် ပြန်မလာနိုင်သေးခြင်း သက်သက်သာ ဖြစ်ကြောင်းကို သူမ ရှင်းလင်းစွာ ခံစားနေရသောကြောင့်ဖြစ်သည်။ အစောပိုင်းက သူမကို ကာကွယ်ပေးခဲ့သော ဓားဆန္ဒ က သက်သေဖြစ်သည်။ ထို့ကြောင့် အန်းယန် က ဤနေရာတွင် တည်ငြိမ်စွာ စောင့်ဆိုင်းနေခဲ့သည်။

သူမ၏ ယောကျ်ားက ဘေးကင်းကင်းနှင့် သေချာပေါက် ပြန်လာလိမ့်မည်ဟု သူမ ယုံကြည်နေခဲ့သညိ။ အခြေအနေများ အကျပ်အတည်း ဖြစ်နေချိန်မှာပဲ ဤနေရာမှာ ဖြစ်ပျက်နေသမျှ အရာအားလုံးက အလယ်ပိုင်း တစ္ဆေလောကနယ်ပယ် တစ်ခုလုံးဆီကို ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းဖြငိ့ ပျံ့နှံ့သွားတော့သည်။

ဝေ့မိသားစုရဲ့ ဘိုးဘေး ပေါ်ထွက်လာမှု၊ ပျောက်ကွယ်နေတာ ကြာပြီဖြစ်တဲ့ နတ်မီးတောက် တစ္ဆေ ဧကရာဇ် ပြန်ရောက်လာခြင်း၊ မရဏအရှင်သခင် ရဲ့ လျှို့ဝှက် ရတနာ ပွင့်လာမှု...

ပေါက်ကွဲအားပြင်းလှသော သတင်းများက အလယ်ပိုင်း တစ္ဆေလောကနယ်ပယ် တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပြီး မုန်တိုင်းတစ်ခု၏ အမြန်နှုန်းဖြင့် အပြင်ဘက်သို့ စတင် ပျံ့နှံ့သွားတော့သည်။

--

All Chapters